Sunday, June 23, 2013

ရေနက်ဆိပ်ကမ်း

အီတာလျံ-ထိုင်းကို ပထမဆုံး တရားစွဲရန် ရေဖြူ ဒေသခံတဦး စီစဉ်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

တနင်္သာရီတိုင်း၊ ထားဝယ်မှ ထိုင်းနိုင်ငံ၊ ကန်ချနပူရီသို့ လမ်းမကြီး ဖောက်လုပ်ခြင်းကြောင့် ထိခိုက်နစ်နာမှုများ အတွက် ထိုင်းဆောက်လုပ်ရေး ကုမ္ပဏီ အီတာလျံ-ထိုင်း (ITD) ကို ပထမဆုံး အကြိမ်အဖြစ် ရေဖြူမြို့နယ်
ဒေသခံတဦးက တရားစွဲဆိုရန် စီစဉ်နေကြောင်း ထားဝယ် စောင့်ကြည့်ရေးအဖွဲ့မှတဆင့် သိရသည်။

ရေဖြူမြို့နယ်၊ တလိုင်းယာ ကျေးရွာအုပ်စု ဧရိယာအတွင်းရှိ ကြေးတိုင်ပြင် ကွင်းအမှတ် 9.SSO ဦးပိုင်အမှတ် လ.၆၃၃ ဥယျာဉ်ခြံမြေကို ဖြတ်သန်းကာ ထားဝယ်-ကန်ချနပူရီ လမ်းကို ဖောက်လုပ်ခြင်းကြောင့် နှစ်ရှည်ပင်များ ပျက်စီးခြင်း၊ ချောင်းငယ်များ ပိတ်မိခြင်း၊ မိုးရာသီတွင် ရေဝပ်ပြီး အပင်များ ပျက်စီးခြင်းတို့ ကြုံတွေ့နေရသည်ဟု တရားစွဲဆိုမည့် ရေဖြူမြို့နယ်မှ ဥယျာဉ်ခြံပိုင်ရှင် ဦးဝင်းလွင်ဦးက ပြောသည်။

“အီတာလျံ-ထိုင်းရုံးကို သွားပြီး ပြောတာ နှစ်ကြိမ်ရှိပြီ။ ဘာမှ အရေးတယူ မရှိဘူး။ နေ့ရွှေ့ ညရွှေ့ပဲ လုပ်နေတယ်။ ဒါကြောင့် လမ်းဖောက်တဲ့ တာဝန်ခံ အင်ဂျင်နီယာကို တရားစွဲမယ်” ဟု ၎င်းက ပြောသည်။

ထိုင်းကုမ္ပဏီများကြောင့် ထိခိုက်နစ်နာရမှုများကို အချက်အလက် အခိုင်အမာဖြင့် တင်ပြလျှင် ထိုင်း အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အနေဖြင့် ထိုင်း ကုမ္ပဏီကိုသာမက ထိုင်းအစိုးရကိုပါ တရားစွဲနိုင်ကြောင်း ယင်း
ကော်မရှင်၏ စီမံခန့်ခွဲမှု ဒါရိုက်တာ နီရင် ပီတက်ဝချရာ က ထားဝယ် ဒေသခံများနှင့် ဇွန်လ ၉ ရက်နေ့က
တွေ့ဆုံစဉ် ပြောကြားခဲ့ပြီးနောက် ပထမဆုံးအနေနှင့် ဒေသခံတဦးက ထိုင်းအကြီးဆုံး ဆောက်လုပ်ရေး ကုမ္ပဏီကို တရားစွဲဆိုရန် စီစဉ်လာခြင်း ဖြစ်သည်။

ဦးဝင်းလွင်ဦး မှာ ITD က ဖောက်လုပ်ထားသည့် လမ်းကြောင့် ဥယျာဉ်ခြံ ၂ ဧက ကျော် ဆုံးရှုံးခဲ့ရသည်ဟု ဆိုသည်။

၂၀၁၂ခုနှစ်တွင် တလိုင်းယာ ကျေးရွာအုပ်စု ဧရိယာအတွင်း ITD ကုမ္ပဏီမှ ဖောက်လုပ်သည့် လမ်းပိုင်းတနေရာ
ဖြစ်သည့် ၂၁ ကီလိုမီတာမှ ၃၈ ကီလိုမီတာ အကြား လမ်းအူကြောင်း ဖောက်လုပ်ရာမှ ဥယျာဉ်ခြံ ထိခိုက်သူများ ကို လျော်ကြေးပေးရာတွင် သဘောတူညီမှု မရှိခဲ့သူ ဦးဝင်လွင်ဦး အပါအဝင် ၁၄ ဦးရှိခဲ့သည်ဟု ခုံသမာဓိအဖွဲ့သို့ ဥယျာဉ်ခြံရှင်များ တင်ပြထားသော စာအရ သိရသည်။

တရားစွဲဆိုနိုင်ရန် ဇွန်လ ၂၁ ရက်နေ့တွင် ရေဖြူမြို့နယ် ရဲတပ်ဖွဲ့စခန်းကို သွားရောက် တိုင်ကြားခဲ့ပြီး လာမည့် သီတင်းပတ်တွင် တရားရုံးနှင့် တိုင်ပင်ကာ အမှုတည်ဆောက်မည်ဟု သိရသည်။

ထားဝယ်-ကန်ချနပူရီလမ်း  ၃၅ ကီလိုမီတာ အနီးရှိ ခြံဧရိယာကို ဖြတ်ဖောက်ထားသည့် လမ်းအူကြောင်း နှစ်နေရာ အား ဇွန်လ ၁၈ ရက်နေ့တွင် ခြံစည်းရိုး ခတ်ထားခဲ့သော်လည်း ITD ကုမ္ပဏီက ခြံစည်းရိုးအား ဖယ်ရှားခဲ့ကြောင်း ဦးဝင်းလွင်ဦး က ပြောသည်။

၎င်းပိုင် ဥယျာဉ်ခြံ ၃၅ ဧက ဝန်းကျင်တွင် ရာဘာပင်နှင့် ကွမ်းသီးပင်များကို ၂၀၀၆-၂၀၀၇ ခုနှစ်မှ စတင် စိုက်ပျိုးထားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။




ထားဝယ်ပြည်သူများ၏ အခက်အခဲကို သမ္မတထံ တိုင်ကြား

  • Written by  ထားဝယ်သားလေး
ထားဝယ်ပြည်သူများ၏ အခက်အခဲကို သမ္မတထံ တိုင်ကြား
သို့

ဦးသိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အကြောင်းအရာ။။ ထားဝယ်ခရိုင်၊ အညာဖျား ရေအား လျှပ်စစ် စီမံကိန်းရေကာတာ လုပ်ငန်းများကြောင့် ဒေသခံ ပြည်သူများ ဘေးဒုက္ခမှ လွတ်မြောက်၍ သောက ကင်းဝေးစွာ နေထိုင် ရှင်သန်နိုင်ရေး အတွက် ကာကွယ်ပေးပါရန် လျှောက်ထားခြင်း။
အထက်ပါအကြောင်းအရာပါ ကိစ္စများကြောင့် တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်မြို့နယ်၊ အညာဖျားကျေးရွာ အုပ်စုရှိ အညာဖျားကျေးရွာ၊ ဒါးသွေးကျောက်ကျေးရွာ၊ ဆိပ်ချောင်း၊ ညောင်ချောင်း ၊ဥယျဉ်ကြီးရွာများနှင့် အိမ်ခြေလေးရာခန့်၊ ဥယျဉ်ခြံ မြေဧကပေါင်း တစ်သောင်းကျော်နှင့် လူဦးရေပေါင်း နှစ်ထောင်ခန့် စသည့်တို့ရေလွှမ်းမိုး နစ်မြုပ်မည့် အန္တရာယ်နှင့် ရင်ဆိုင် နေရပါသည်။ ရာဘာ၊ သီဟို၊ဆီအုန်း ကဲ့သို့ နှစ်ရှည် စိုက်ပျိုး သီးနှံများ အပြင် စပါး၊ ကွမ်းသီး၊ဒူးရင်းသီး၊ ဒညင်း၊ မရမ်း၊ သံပုရာ၊ ငှက်ပျော၊ မင်းဂွတ် ၊ကြက်မောက်၊ နာနတ်၊စုံပဒတ်၊ ကွမ်းရွက်၊ ငရုတ်၊ ဖာလာ၊ တောင်ထန်း၊ သင်္ဘောနှင့် တောတောင်ထဲ ပေါက်ရောက်နေသော ၀ါးကြီး၊ ၀ါးလတ်၊ ၀ါးငယ်များနှင့် ဟင်းသီးဟင်းရွက်များ၊ သားငှက် တိရိစ္ဆာန်များပါ ပြည့်စုံသော နေရာဖြစ်ပါသည်။
သဘာဝမြေ အနေအထားနှင့် မြေသြဇာ အထူး ကောင်းမွန်သော ဒေသဖြစ်သောကြောင့် ကွမ်းသီး၊ ဒူးရင်းစသောသီးနှံများမှာ အခြားဒေသများနှင့် မတူ အရည်အသွေး၊ အနံ့ အရသာနှင့်ပိုမိုပြည့်စုံ ကောင်းမွန်ပါသည်။ ထားဝယ် တစ်ခရိုင်လုံးတွင်ပင် ရှားပါးလှသောနေရာဖြစ်ပါသည်။
သားရဲ တိရိစ္တာန်များ၊ သစ်တော၊သစ်ပင်၊ သတ္တု စသော သဘာဝ အရင်းအမြစ်များ ပြည့်စုံသော နေရာဖြစ်ပါသည်။ ကွမ်းသီး တစ်မျိုးတည်းကိုပင် တစ်နှစ် ရရှိသည့် တန်ဖိုးမှာ သိန်းပေါင်း (၂)သိန်းကျော်ခန့် ဖြစ်ပါသည်။ (တွက်နည်း-တစ်ဧက ကွမ်းသီးပင်ရေ အနည်းဆုံး (၆၃၀)နှုန်း x တစ်ပင် တစ်နှစ် ၂.၅ ပိဿာ x တစ်ပိဿာ(၂၂၀၀ကျပ်) x ဒေသရှိ ဧက (၉၀၀၀) အနက် အခြားစိုက်ပင် ဧကမပါ ကွမ်းသီးခန့်မှန်းဧက (၆၃၀၀) ၏တစ်နှစ်ဝင်ငွေ =ကျပ်၂၁၈၂၉၅၀၀၀၀၀ သိန်း) အခြား စိုက်ပျိုး သီးနှံများမှ ရရှိဝင်ငွေများမပါသေးပါ။ မိမိတို့ဒေသတွင် နေထိုင် သူများ သာမက ပါတ်ဝန်းကျင်ဒေသများကပါအဆိုပါ ဥယျဉ်ခြံများအား မှီခို အားထားနေရပါသည်။ ရေကာတာဆောက်လုပ်၍ ဥယျဉ်များ ရေမြုပ် ဆုံးရှုံးရပါက မိမိတို့ အတွက် များစွာနစ်နာစေမည် ဖြစ်သည်။
မိမိတို့ဒေသတွင် နေထိုင်သူများမှာ အဆိုပါ ဥယျဉ်ခြံမြေများ ဘိုးစဉ်ဘောင်ဆက်မှ ယခု လက်ထက် အထိ စိုက်ပျိုးကာ လုံးလုံး မှီခိုနေရပြီး ဘ၀တစ်သက်စာ အတွက်ပါဖူလုံစေပါသည်။ သားသမီးများ နောင်ရေး အတွက်လည်း ဘ၀ ရပ်တည်နေထိုင်ရ န်အာမခံချက် ပြုနိုင်ပါသည်။ ဥယျဉ်ခြံများမှ အကျိုးဖြင့် ရပ်ရွာအတွင်း ဘာသာရေး၊လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး ကဏ္ဍများလည်း တိုးတက်လာပါသည်။ ရေကာတာသည်ခြင်ကြောင့်ဖြစ်သော ရောဂါနှင့် အခြား ကူးစက်ရောဂါများ၊ ၀မ်းရောဂါ၊ အရေပြားအောက်တွင် အဖုများဖြစ်ပြီး နောက်ဆုံး မျက်စိ ကွယ်သည်အထိ ဖြစ်စေသော ရောဂါများ ဖြစ်စေနိုင်ပါသည်။
သစ်တောများ ပြုန်းတီး ရေမြုပ် သွားခြင်းနှင့် အတူရှားပါးသားရဲ တိရိစ္တာန်များပါ မျိုးသုန်းပျောက်ကွယ်သွား နိုင်ပါသည်။ ရေကာတာ အောက်ပိုင်း ဒေသများမှာ ရေစီးရေလာ နည်းပြီး နှုန်းများမြေဆီများ မရရှိသဖြင့်စိုက်ပျိုးရေး ထိခိုက်နိုင်ပါသည်။ မိမိတို့ ဒေသမှာ မိုးများသော ဒေသဖြစ်သည့် အပြင် သစ်တောများ ပြုန်းတီးမှုကြာင့် ရေစီးအား လွန်ကဲပြီး အကြောင်းမတော်၍ ရေကာတာ ကျိုးပေါက်ပါက ပြည်သူအများရေလွှမ်းမိုးမှု ဘေးဒုက္ခနှင့် ကြုံတွေ့ရနိုင်ပါသည်။
ပြောင်းရွှေ့ရပါကမူလ အခြေအနေ မပျက် ပြန်လည် တည်ဆောက်ရန် မည်သို့မှ မဖြစ်နိုင်တော့ပါ။ မိမိတို့ကျေးရွာများတွင် နေထိုင်သူများမှာ မိမိတို့ ဘိုးဘေးများ လက်ထက် ကတည်းက တည်ထောင်နေထိုင် လာခဲ့သော မြေသြဇာအထူးကောင်း၍ သီးနှံများဖြစ်ထွန်းသော နေရာမှပြောင်းရွှေ့ရမည်ကို လုံးဝ မလိုလားပါ။ မူရင်းနေရာမှ အခြားသို့ပြောင်းရွှေ့ရခြင်းမှာ မိမိတို့ အတွက် ကောင်းကျိုးထက် ဆိုးကျိုးများကိုသာ ဖြစ်စေမည်ဖြစ်ပါသည်။ ရေကာတာမှ ရရှိမည့် အကျိုးအမြတ်မှာ ယခုလက်ရှိ နေထိုင်သူများ၏ ဆုံးရှုံးမှုများနှင့် မကာမိအောင် နစ်နာမှုများ လှပါသည်။ ယခုထိပင် ရေကာတာ စီမံကိန်း ဖော်ဆောင်နေသူများသည် ဒေသခံရွာသူ၊ ရွာသားများကိုဆိုးကြောင်း၊ ကောင်းကြောင်း စသည်များ အသိပး ညှိုနှိုင်းပြောကြားခြင်းမရှိသေးပါ။
သို့ဖြစ်ပါ၍ မိမိတို့ ဒေသခံများ စိတ်နှလုံး ထိခိုက် ခံစားနေရသော ဘေးမှ လွတ်မြောက်၍ သောကကင်းစွာ မိမိတို့နေရာတွင် ဆက်လက် ရှင်သန်နေရန်စဉ်းစား ဆုံးဖြတ်ပေးနိုင်ပါရန် ရိုသေလေးစားစွာဖြင့်သနားခံ လျှောက်ထား အပ်ပါသည်။ မိမိတို့ ရပ်သူ၊ ရွာသားများ၏ လက်မှတ်များ၊မိမိတို့ ဒေသတွင် သဘာဝ ပေါက်ရောက်သော သဘာဝဆေးပင်များ၊ညာဖျားချောင်းအတွင်းရှိ ငါးအမျိုးအမည်၊ အလေ့ကျပေါက်ရောက်သော ပန်းများနှင့်သီးပင်စားပင်များ၊ သစ်အမျိုးစား၊ တောရိုင်းတိရိစ္ဆာန်စာရင်း၊သတ္တုစာရင်းတို့ကို ပူးတွဲပါအတိုင်း တင်ပြအပ်ပါသည်။

မိတ္တူကို

(၁)။ ပါတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန
(၂)။ အမှတ်(၁) ၊ (၂) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန
(၃)။ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် ၊ နေပြည်တော်
(၄)။ ၀န်ကြီးချုပ် ( တနင်္သာရီတိုင်းဒေသကြီး)
(၅)။ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး
(၆)။ စီမံကိန်းနှင့် စီးပွားရေး ၀န်ကြီးဌာန ( တနင်္သာရီတိုင်းဒေသကြီး )
(၇)။ တိုင်းရင်းသားရေးရာဝန်ကြီး ( တနင်္သာရီတိုင်းဒေသကြီး)
(၈)။ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ( ထားဝယ်ခရိုင်)
(၉)။ လွှတ်တော် ကိုယ်စားလှယ်များ
(၁၀)။ နိုင်ငံရေးပါတီများ
(၁၁)။ လူမှုရေး အသင်းအဖွဲ့များ
(၁၂)။ Delco CO.ltd
(၁၃)။ Myanmar Nature Energy Wave CO.ltd
(၁၄)။ သတင်းမီဒီယာများ
(၁၅)။ လက်ခံ

ထားဝယ်မြို့နယ်အနီး DELCO ကုမ္ပဏီက အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသော အညာဖျား ရေကာတာ စီမံကိန်းနှင့် ပတ်သတ်၍ ရွာသူရွာသား ၃၀၀၀ ခန့်မှ သူတို့၏ နစ်နာမှုများကို သမ္မတဆီ လက်မှတ်ရေးထိုးပေးပို့လိုက်ပါတယ်။ သမ္မဆီတင်လိုက်သောစာကို ပူးတွဲပါဖိုင်တွင် ကြည့်ရှုနိုင်ပါတယ်။ အဆိုပါ ကိစ္စရပ်အား အသေးစိတ် သိရှိလိုပါက အောက်ပါ ဖုန်းနံပါတ်များကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။

အညာဖျား ကျေးရွာ သို့ ဆက်သွယ်ရန်ဖုန်း
၀၉၄၉၈၅၁၉၇၉
၀၉၈၇၄၂၀၂၃
၀၉၈၇၅၂၁၉၆
ဦးခင်ကြည် ( အညာဖျား အုပ်ချူပ်ရေးမှုး)
ဦးမြင့်အောင် ( ကျေးရွာ ကော်မတီဝင် )

ဆိတ်ချောင်းကျေးရွာသို့ ဆက်သွယ်ရန် ဖုန်း
၀၉၈၇၄၂၀၂၃
စောအယ်လ်လင် ( ကျေးရွာ ကော်မတီဝင်)

ညောင်ချောင်းသို့ ဆက်သွယ်ရန်ဖုန်း
၀၉၄၉၃၄၂၅၁၈
စောခင်ထူး ( ကျေးရွာ ကော်မတီဝင် )



ဒါးသွေးကျောက် သို့ ဆက်သွယ်ရန်ဖုန်း
 ၀၉၄၉၈၅၁၉၇၉
 ဆရာ စောဖိုးစူး ( ကျေးရွာ ကော်မတီ နာယက )
 စောတေးဇံ ( အုပ်ချူပ်ရေးမှုး )

ဦးဝင်းဦး ( Delco ကုမ္ပဏီ ဒါရိုက်တာ )
၀၉ ၅၂၃၂၇၆၁



ရေနက်ဆိပ်ကမ်းမှ ဆုံးရှုံးနစ်နာမှုများ ဖေါ်ထုတ်ပေးရန် နိုင်ငံတော်အားတောင်းဆို

  • Written by  ထားဝယ်သားလေး
ရေနက်ဆိပ်ကမ်းကြောင့် တံငါသည် ကျေးရွာ တချို့ ပျက်စီးခဲ့ ရေနက်ဆိပ်ကမ်းကြောင့် တံငါသည် ကျေးရွာ တချို့ ပျက်စီးခဲ့ (ဓါတ်ပုံ - Dawei watch)
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်ရှိ ဒေသခံများအား ထားဝယ် ရေနက် ဆိပ်ကမ်း စီမံကိန်းကြောင့် နစ်နာနေရမှု များအား တရားမျှတစွာ ဖေါ်ထုတ်သင့်ကြောင်း နဘူးလယ်ကျေးရွာ အုပ်စုများမှ ဒေသခံများက တောင်းဆိုနေကြောင်း နစ်နာ ဆုံးရှုံးခဲ့ရသူ ဒေသခံ တစ်ဦးက ဆိုပါသည်။
“ ကျနော်တို့ နဘူးလယ်မှာက သိရသလောက် မြေဧက နှစ်သောင်းကျော် နစ်နာ ဆုံးရှုံးခဲ့ပါတယ်။ ထိုင်း ITD ကုမဏီကို ရောင်းစားကြတာပါ။ တနင်္သာရီတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးမြတ်ကို အပါအ၀င် ပြည်ထောင်စု ၀န်ကြီး ဦးဘုန်းဆွေက အစ ဒေသခံတွေရဲ့ မြေတွေကို လက်ညိုးထိုး ရောင်းစားခဲ့တယ်လေ။ လျှော်ကြေးပေးမယ် ဆိုတာလည်း တချို့ က ရတယ်။ ဒါပေမဲ့ သိန်းတရာတန်တဲ့ မြေကို (၁၀) သိန်းဘဲ ပေးတယ်ဆိုတော့ ဆိုးလွန်းပါတယ်” ဟု ဆိုပါသည်။
ထို့အပြင် ရေဖြူမြို့နယ်ထဲမှ ဘ၀ါကျေးရွာ၏ လေပံတောင်သစ်တော ကြိုးဝိုင်းကို အကြောင်းပြုပြီး ဧကပေါင်း ရာချီပြီး ဒေသခံမြေများအား ရောင်းစားခြင်း။ မယင်းကြီးတောင် ကျေးရွာ သစ်တောအား ကတုံးပြောင်အောင် ခုတ်ပြီး ဒေသခံများ၏ ရေပေါက်ပိတ်မှု အခက်အခဲများ။ ကြိုးဝိုင်းမြေ၊ သစ်တောမြေ၊ စားကျက်မြေ ဧကပေါင်း (၁၈၀၀၀) ဧကအား ITD ကုမဏီသို့ ရောင်းချရာတွင် ဒေသခံမြေ မြောက်များစွာ ဆုံးရှုံးခဲ့ရပါသည်။
မူးဒူးကျေးရွာမှ ဒေသခံ ဓနိတောများ၊ ပန်းတင်အင်း ကျေးရွာ အုပ်စု ငပိတက်ငယ် ကျေးရွာခွဲမှ ဗျက်နီချောင်းဝ တံခါသည် ကျေးရွာ ဖျက်သိမ်းခဲ့ရမှု နှင့် စီမံကိန်းကြောင့် နစ်နာမှု ပေါင်းများစွာ ရှိခဲ့သည်ဟု ဆိုပါသည်။
ITD ကုမဏီသည် မိမိတို့ ၀ယ်ထားသော မြေများအား လမ်းဖေါက် မြေညှိခဲ့ကြသဖြင့် နဘုလယ် ဘ၀ါ ကျေးရွာ အုပ်စုနှင့် ပြသနာ ဖြစ်ခဲ့ဘူးပါသည်။ ထိုကိစ္စကို တနင်္သာရီတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးမြတ်ကိုအားရွာသားများမှ အကြောင်းကြားသဖြင့် ၀န်ကြီးချူပ်မှချက်ချင်း ဆောင်ရွက်ပေးမည်ဟု ပြောသော်လည်း အကြောင်း မထူးခဲ့ပေ။
ဤသို့ကြောင့် အခြေအနေမဲ့ ဖြစ်သွားခဲ့သော ဒေသခံများ အတွက် နိုင်ငံတော်မှ ၀ိုင်းဝန်း ဖြေရှင်းပေးစေလိုကြောင်း၊ တိုင်းအစိုးရနှင့် ပြည်ထောင်စု ၀န်ကြီးတို့သည် လျှော်ကြေးပေးမည်ဟု ဆိုသော်လည်း တကယ် နစ်နာသူများ လက်ခံ ရရှိခြင်း မရှိသည့် အပြင်၊ လျှော်ကြေးများသည် အဆတရာမျှ မတန်တဆ နည်းပါး လွန်းသည်ဟု ဆိုပါသည်။
ထို့အပြင် စီမံကိန်းကြောင့် သဘာဝ တောတောင်များ ပျက်စီးနေသဖြင့် ရေရှားမှု၊ ခြံမြေ စိုက်ပျိုးမှုများ၊ ဒီရေတောနှင့် တံငါသည် ကျေးရွာများ ထိခိုက် ပျက်စီးခဲ့ရပါသည်။ ဤကိစ္စများ ပြန်လည် စီစစ်ပေးပါရန် တနင်္သာရီတိုင်း ရေဖြူ၊ လောင်းလုံမြို့နယ်မှ ဒေသခံများက တောင်းဆို နေကြသည်ဟု ဆိုပါသည်။

No comments: