Wednesday, June 26, 2013

အမျိုးဘာသာ သာသနာထိန်းသိမ်းစောင့်ရှောက်ရေး သြဝါဒခံယူပွဲ သံဃာတော်အပါး ၅၀၀ တက်ရောက်မည်




ရန်ကုန်၊ ဇွန် ၂၅

အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး သြဝါဒ ခံယူပွဲနှင့် ဦးဆောင်ဆရာတော်များ တွေ့ဆုံ ညှိနှိုင်းပွဲကို ဇွန်လ ၂၇ရက်နေ့တွင် အင်းစိန်မြို့နယ် အောင်ဆန်း မြို့ရှိ တောရ တပ်ဦး ကျောင်းတိုက် တွင် နိုင်ငံအနှံ့မှ သံဃာတော် အပါး ၅၀၀ဖြင့် ကျင်းပပြုလုပ်သွားဖြစ်ကြောင်း အခမ်းအနား ဖြစ်မြောက်ရေး ကော်မတီမှ စီမံခန့်ခွဲရေး တာဝန်ခံ ဆရာတော် အရှင်စန္ဒာသီရိက The Voice သို့ မိန့်ကြားသည်။

အောင်ဆန်း ဆရာတော်ဘုရားကြီးဘဒ္ဒန္တသဒ္ဓမ္မ ကိတ္တိသာရ အဂ္ဂမဟာကမ္မဋ္ဌာန စရိယ သီတင်းသုံး နေထိုင်သည့် အဆိုပါ ကျောင်းတိုက် တွင် နံနက် ၉နာရီမှ စတင်ကာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

အဆိုပါ အခမ်းအနားတွင် မြန်မာနိုင်ငံတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခများကို ထပ်မံ မဖြစ်ပွားစေရန် ဗုဒ္ဓ၏ နည်းလမ်းဖြင့် အတတ်နိုင်ဆုံး ထိန်းသိမ်း ကာကွယ်ရန်၊ နိုင်ငံတွင်းရှိ တိုင်းရင်းသား လူမျိုးပေါင်းစုံ ညီညွတ်စွာ စည်းကမ်းတကျ အတူအကွ ယှဉ်တွဲ နေထိုင်နိုင်ရန်၊ အမျိုးဘာသာသာသနာ ကို ကာကွယ်စောင့်ရှောက်ရန် ခေါင်းစဉ် သုံးခုကို အခမ်းအနား တွင် ဆွေးနွေးမည်ဖြစ်ကြောင်း ယင်းကော်မတီထံမှ သိရသည်။

ပြင်ပတွင် ကောလာဟလများ ဖြစ်ပေါ်နေသည့် အမျိုးစောင့် ဥပဒေနှင့် ပတ်သက်သည့် ဆွေးနွေးပွဲနှင့် နိုင်ငံခြား မီဒီယာတစ်ခု၏ ဗုဒ္ဓသာသနာတော် ကို ညှိုးနွမ်းစေရန် ဖော်ပြထားသည့် ကိစ္စနှင့် ပတ်သက်၍ ပြုလုပ် သည့် ဆွေးနွေးပွဲ မဟုတ်ဘဲ ယခု အခမ်းအနား ဖြစ်မြောက်ရန် လွန်ခဲ့သည့် နှစ်လခန့်မှစ၍ အခမ်းအနားဖြစ်မြောက်အောင် စတင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော် ကြွရောက်လာသည့် သံဃာတော်များက အဆိုပါကိစ္စကို ထည့်သွင်း ဆွေးနွေးပါက သံဃာ အများစု၏ အဆုံးအဖြတ်ပေါ် မူတည်ကာ ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဆရာတော် အရှင်စန္ဒာသီရိက မိန့်ကြားသည်။

အရှင် ဝီရသူပုံကို မျက်နှာဖုံးတင်ကာ တိုင်းမ် မဂ္ဂဇင်းတွင် The Face of Buddhist Terror အမည်ဖြင့် ဆောင်းပါးကို ရေးသားသော ဆောင်းပါးရှင် fHannah Beech ကို ယင်းအခမ်းအနားသို့ ဖိတ်ကြားထားသည် ဆိုသည့် သတင်းများ ထွက်ပေါ်နေသည့်အပေါ် ဆရာတော် စန္ဒာသီရိက ၎င်းကို ဖိတ်ကြားထားခြင်းမရှိကြောင်း၊ သံဃာတော်များအပြင် မီဒီယာများကို ဖိတ်စာဖြင့် ဖိတ်ကြားထားပြီး အခြား မည်သူ တစ်ဦးတစ်ယောက်ကိုမျှ ဖိတ်ကြားထားခြင်း မရှိသကဲ့သို့ တက်ရောက်ပါကလည်း တားမြစ်မည် မဟုတ်ကြောင်း မိန့်ကြားသည်။

No comments: