မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။
သမိုင်းစာမျက်နှာက ဒဏ်ရာများ
(၁)
သမိုင်းစာမျက်နှာမှာ
ရှက်စရာ အထုပ်အပိုးတွေနဲ့
ဂုပ်ကျိုးအောင် ထမ်းခဲ့ရ
ဘယ်လမ်းကလျှောက်
ဘယ်တံခါးပေါက်ကို ဝင်ပြီး
ဘယ်ပလ္လင် ဘယ်လိုဆောက်ရပါ့
စိတ်ချောက်ချား နေခဲ့ပြီ။
(၂)
အမှန်တရား အမှန်တရားနဲ့
အသံသာကြားရ
ဘယ်နားကမှန်း ငါမသိ
တုံးပိတဲ့ဖား မြှုံးမိတဲ့ငါးပမာ
ရုန်းကြည့်တဲ့အားလဲ
နုံးချိလို့ သွားရော့ထင့်။
တရားတွေပျောက်
အမှားတွေ ဖောက်သနဲ့
ကျားကြောက်လို့ ရှင်ကြီးကိုး
ရှင်ကြီး ကျားထက်ဆိုးသည့်နှယ်
အမျိုးမျိုးကြုံ
အဆိုးမျိုး စုံခဲ့ပြီ။
မနုဿ ဘုံပေမို့
ဒုက္ခတွေ စုံရော့သလားကွယ်ရို့။
(၃)
တယောက်နဲ့ အများ
တယောက်က ဓါးနဲ့မို့
အများက အရာမဝင်တာ
အာဏာရှင်စံနစ်ပဲ။
ဒီအာဏာရှင်စနစ်ဆိုးကို
ငါရှိမခိုးနိုင်။
လက်နက်တကားကား
ရက်စက်သလား မမေးနဲ့
တို့သွေးများ ချောင်းစီးလို့
မြောင်ကြီး မြောင်းငယ်ဖောက်ကြတယ်။
ကောက်ကျစ်ယုတ်မာတဲ့ နှလုံးယုတ်ကို
ထုံးသုတ်လို့ ဖြူမတဲ့လား။
လိမ်လုံးညာလုံးတွေကို ငါ အင်မတန်မုန်းတယ်
ငါအရှုံးမပေးနိုင်။
စစ်အာဏာရှင်သေနတ်ကို ကြောက်လို့
ငါတို့ လက်မြှောက်ရရင်
ဖောက်ပြန်သူတွေ ရာသက်ရှည်ပြီး
တို့နိုင်ငံ အသက်သေလိမ့်မယ်။
ကမ္ဘာမြေပေါ်က ကွယ်ပျောက်ပြီး
တို့တတွေ ငရဲရောက်လိမ့်မယ်။
အရူးငပေါက်တွေကို
ဒူးမထောက်ကြနဲ့ဟေ့။
ခွပ်ဒေါင်းအလံကို ကိုင်စွဲပြီး
ရဲရဲကြီးေ၇ှ့တက်ရင်
သင်းတို့တတွေ သွေးပျက်မယ်။
ရှေ့တက်ကြဟေ့
တလက်မမျှ နောက်မဆုတ်ကြနဲ့
အဓမ္မသမား လူရမ်းကားတွေကို
လားလားမျှ လက်မမြှောက်နဲ့။
(၄)
လက်နက်နဲ့ လူသား
လူသားက လက်နက်ကို အရှုံးပွဲနဲ့
ဘုံးဘုံး လဲရရင်
သမိုင်းစာမျက်နှာမှာ
အရိုင်း ဒဏ်ရာတွေပါရော့မယ်
အမှန်ဟာအင်အား
အချိုဟာ ဘယ်တော့မှ မခါး
အမှန်ဟာ ဘယ်တော့မှ မမှား
တရားသည်သာ ဓါး
ကိုယ့်အားကို ယုံကြည်
ဒီမိုကရေစီ တံခါးဖွင့်ရင်း
တရားနှင့်စောင့်မယ်။ ။
ဒီဇင်ဘာလ၊ ၂၆ ရက်၊ ၁၉၈၈။
တင်မိုး
No comments:
Post a Comment