Monday, October 22, 2012

သူနိုင် ကိုယ်နိုင် စကားနိုင်လုကြသောအခါ


by Ye Htut on Monday, October 22, 2012 at 5:53pm ·

အမေရိကန်သမ္မတရွေးကောက်ပွဲတွင် သမ္မတလောင်းနှစ်ဦးကြားစကားစစ်ထိုးပွဲ Debate တွေက အလွန်အရေးကြီးသည်။ အထူးသဖြင့် မည်သူ့ကို မဲပေးမည်ကို မဆုံးဖြတ်ရသေးသော၊ ပါတီစွဲမရှိသောမဲဆန္ဒရှင်တွေက  စကားစစ်ထိုးပွဲကနေပြီး သမ္မတလောင်းများ၏ အရည်အချင်းကို ဆုံးဖြတ်ကြခြင်းဖြစ်သည်။ ထို့ကြောင့် သမ္မတလောင်းတွေကလည်း အတွေ့အကြုံ ရင့်ကျက်နေသော နိုင်ငံရေးသမားများပီပီ အချက်အလက်တွေ၊ အထောက်အထားတွေနဲ့ ပြိုင်ဘက် သမ္မတလောင်း၏ မူဝါ ဒတွေ၊ သဘောထားတွေကို ဝေဖန်ထောက်ပြကြသည်။ မိမိမူဝါဒက ဘာတွေကောင်းတယ်ဆိုတာကို သက်သေပြကြ သည်။ သို့သော် သမ္မတလောင်းတွေ ပြောသမျှ အားလုံးမှန်ပါရဲ့လား။ အမေရိကန်နိုင်ငံက ဘက်မလိုက်သောအဖွဲ့အစည်း တစ်ခုဖြစ်သည့် Fact Check Organization က အောက်တိုဘာလ ၁၆ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် သမ္မတအိုဘားမားနှင့် ပြိုင်ဘက် ပြည်နယ်အုပ်ချုပ်ရေးမှူး မစ်ရွန်နေ တို့ ၏ စကားစစ်ထိုးပွဲမှာ ပြောခဲ့သောအချက်အလက်များကို မှန်၊ မမှန် ပြန်လည်စိစစ်ခဲ့သည့်တွေ့ရှိချက်များက စိတ်ဝင်စားစရာဖြစ်သောကြောင့် ဘာသာပြန်ဆိုမျှဝေဖော်ပြလိုက်ရပါသည်။

v  မစ်ရွန်မီက စက်တင်ဘာ ၁၁ ရက်နေ့ လစ်ဗျားရှိအမေရိကန်ကောင်စစ်ဝန်ရုံးတိုက်ခိုက်မှုအစပိုင်းတွင် သမ္မတ အိုဘားမားက အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုဟု ထုတ်ဖော်ပြောရန် ပျက်ကွက်ခဲ့သည်ဟု စွတ်စွဲခဲ့သည်။ အိုဘားမားက သူပြောခဲ့တယ်၊ မယုံရင် မိန့်ခွန်းကို ပြန်ဖတ်ကြည့်ပါဟု ဆိုသည်။ တကယ်တော့ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက်နေ့တွင် အိုဘားမားက အကြမ်းဖက်လုပ်ရပ် act of terror ဟုပြောသော်လည်း အကြမ်းဖက် သမားများ၏ တိုက်ခိုက်မှု terrorist attack ဟု မပြောခဲ့ပါ။

v  အိုဘားမားက မစ်ရွန်နေသည်အာရီဇိုးနားပြည်နယ်က ( အခြေချနေထိုင်သူများအပေါ် ခွဲခြားဆက်ဆံရာရောက် သည့် ) အငြင်းပွားဖွယ်လူဝင်မှုကြီးကြပ်ရေးဥပဒေကို တစ်နိုင်ငံလုံးအတွက် စံပြဖြစ်သည်ဟု ပြောဆိုခဲ့ကြောင်း စွတ်စွဲခဲ့သည်။ အမှန်မှာ မစ်ရွန်နေက အလုပ်သမားများနှင့်ပတ်သက်သည့်အခြားဥပဒေတစ်ခုကို ရည်ညွှန်းပြော ဆိုခဲ့ခြင်းသာဖြစ်သည်။

v  အိုဘားမာက မစ်ရွန်နေသည် လေအားလျှပ်စစ်ကဏ္ဍတွင် ပေါ်ပေါက်လာခဲ့သော အလုပ်အကိုင်အခွင့်အလမ်းများ ဆိုသည်မှာ စိတ်ကူးယဉ်သက်သက်သာဖြစ်သည်ဟု ပြောဆိုခဲ့ကြောင်းစွတ်စွဲခဲ့သည်။ တကယ်တော့ မစ်ရွန်နေ က  လေရဟတ်များ၊ ဆိုလာပြားများက အထောက်အကူပေးနေသည့် စီးပွားရေးကို မျှော်မှန်းကြည့်ရန် ဟု ပြောခဲ့ သည်။ အိုဘားမားပြောသလို မဟုတ်။

v  မစ်ရွန်နေက သူ့အနေဖြင့် ချမ်းသာကြွယ်ဝသူများထံမှာ အခွန်လျှော့ကောက်ရန်ရည်ရွယ်ချက်မရှိပါဟု ဆိုခဲ့ သည်။ လက်တွေ့တွင် ရီပတ်ဘလီကင်ပါတီတွင်းမဲဆွယ်ပွဲများ၌ ပြောခဲ့စဉ်က နိုင်ငံ၏ ၀င်ငွေအကောင်းဆုံး သူများသည် အခွန်သက်သာခွင့်ရလိမ့်မည်ဟု ပါရှိခဲ့သည်။

v  မစ်ရွန်နေက အိုဘာမားလက်ထက်တွင် တိုးတက်လာသည့် ပြည်ထောင်စုအစိုးဘတ်ဂျက်လိုငွေပြမှုကြောင့်  လူလတ်တန်းစားများအနေဖြင့် တစ်နှစ်လျှင် ဒေါ်လာလေးထောင်ပိုပြီး အခွန်ပေးရမည်ဟု လတ်တလောလေ့လာ ဆန်းစစ်မှုများအရတွေ့ရသည်ဟု ဆိုသည်။ ထိုအချက်မှာလည်း မှားယွင်းနေသည်။

v  မစ်ရွန်နေက အိုဘားမားအစိုးရလက်ထက်တွင် စီးပွားရေးကျဆင်းမှုကြောင့် အမျိုးသမီး ငါးသိန်းရှစ်သောင်း ကျော် အလုပ်လက်မဲ့ဖြစ်ခဲ့ရသည်ဟု စွတ်စွဲခဲ့သည်။ ကိန်းဂဏန်းအမှန်မှာ ကိုးသောင်းရှစ်ထောင်ခန့်သာဖြစ်သည်။

v  မစ်ရွန်နေက အိုဘားမားဆောင်ရွက်ပေးခဲ့သည့် ကားကုမ္ပဏီများ၏ ကြွေးမြီပြန်ဆပ်ရေးအစီအစဉ်သည် သူ့အကြံ ပြုချက်များအတိုင်းလိုက်လုပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ အမှန်မှာ မစ်ရွန်နေ အကြံပြုခဲ့သည့် အစီအစဉ်နှင့် အိုဘားမား၏ အစီအစဉ်မှာ အသေးစိတ်ပိုင်းတွင်တူညီမှုမရှိပါ။

v  အိုဘားမားက သူ့အနေဖြင့် ၀င်ငွေကောင်းသူများအပေါ် အခွန်တိုးကောက်မှုမပြုခဲ့ပါဟု ထောက်ပြခဲ့သည်။ လက်တွေ့တွင် အိုဘားမားသည့် ထိုသူများထံမှ အခွန်တိုးကောက်သည့်အစီအစဉ်နှစ်ခုကို လက်မှတ်ထိုးပေးခဲ့ ပြီး ဖြစ်သည်။

v  မစ်ရွန်နေက  အိုဘားမားသည် ကနေဒါမှ အမေရိကန်နိုင်ငံကို ဖြတ်သန်းသွယ်တန်းမည့် Keystone XL pipeline စီမံကိန်းကို ဆက်မလုပ်ရန်ဆုံးဖြတ်ခဲ့သည်ဟု စွတ်စွဲခဲ့သည်။ လက်တွေ့တွင် ထိုပိုက်လိုင်းစီမံကိန်းနှင့် ပတ်သက် ပြီးအပြီးသတ်ဆုံးဖြတ်ရခြင်းမရှိသေးပါ။

v  မစ်ရွန်နေက အိုဘားမား၏ စွမ်းအင်မူဝါဒကြောင့် အိမ်ထောင်စုတစ်စုလျှင် တစ်နှစ်အတွက် ဓာတ်ဆီဖိုးဒေါ်လာ နှစ်ထောင်  ပိုမိုကုန်ကျခဲ့သည်ဟုစွတ်စွဲခဲ့သည်။ လက်တွေ့တွင် အိုဘားမားတာဝန်မယူမီ ၂၀၀၈ ခုနှစ် တွင် ရှိခဲ့ သည့် ဓာတ်ဆီဈေးသည်တစ်ဂါလံ ၄.၁ ဒေါ်လာရှိပြီး ယခုအချိန်တွင် ၃.၉၁ ဒေါ်လာသာရှိတော့သဖြင့် ထိုစွတ်စွဲ ချက်မှာလည်း မှားယွင်းနေသည်။

v  မစ်ရွန်နေက အိုဘားမားလက်ထက်တွင် ဘတ်ဂျက်လိုငွေပြမှုသည် နှစ်ဆတိုးလာခဲ့သည်ဟု ဆိုသည်။ ထိုအချက် မှာလည်းမှားယွင်းသည်။ အိုဘားမားရာထူးလက်ခံချိန်က ဘတ်ဂျက်လိုငွေသည် ၁.၂ ထရီလီယံရှိပြီး ယခုအချိန် တွင် ၁.၄ ထရီလီယံရှိကာ အမြင့်ဆုံးစံချိန်သို့ရောက်ခဲ့သော်လည်း အိုဘားမားလက်ထက်တွင်နှစ်ဆတိုးလာခြင်း မဟုတ်ပါ။အိုဘားမားအနေဖြင့်၂၀၀၉ခုနှစ် နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် ဘတ်ဂျက်လိုငွေပြမှုကို လေးနှစ် အတွင်း ထက်ဝက်လျှော့ချမည်ဟု ပြောခဲ့သော်လည်း လက်တွေ့ဆောင်ရွက်နိုင်ခြင်းမရှိခြင်းသာဖြစ်သည်။

ရဲထွဋ်

No comments: