Monday, October 15, 2012

ပူတာအိုဒေသခံများ စားစရာဆန်မရှိဖြစ်နေ


ကချင်ပြည်နယ် ပူတာအိုမြို့တွင် 
ဆန်ပြတ်လပ်မှုနှင့်အတူ အခြားကုန်

ပစ္စည်းများမှာလည်း ဈေးနှုန်း အဆမ

တန်မြင့်တက်လျှက်ရှိသောကြောင့် 


 ဒေသခံများမှာစားဝတ်နေရေးအခက်
အခဲကြုံတွေ့နေရသည်။
 
အခုအခါ ပူတာအိုမြို့ပေါ်တွင် ဆန်ရောင်းမည့်ဈေးသည်များ မရှိကြောင်း၊ယခင် ဆန်တစ်ပြည်လျှင် ကျပ်(၁၀၀၀)၀န်းကျင်ရှိ ဆန်များအား လက်ရှိအချိန်တွင် မြို့နယ်အုပ်ရေးမှူးရုံးက ဆန်နို့ဆီနှစ်ဘူးခွဲလျှင် ငွေ(၅၀၀)ကျပ်ဖြင့် ဆန်အရည်အတွက် အနည်းငယ်သာ ရောင်းချပေးနေခြင်းဖြစ်သည်။
 
ထိုသို့ရောင်းချပေးနေသော်လည်း ပူတာအိုဒေသခံများမှာ ၀ယ်ယူစာသုံးနိုင်ခြင်းမရှိကြပေ။
 
အုပ်ချုပ်ရေးမှူးရုံးကနေ ဆန်နို့ဆီနှစ်ဘူးခွဲကို ငါးရာနဲ့ရောင်းတယ်။ ဒါတောင် လိုချင်သလောက်မရဘူး၊ ဒီကလူတွေက အလုပ်အကိုင်မရှိတော့ ပုံမှန်ဝယ်မစားနိုင်ကြဘူး ဟု ပူတာအိုမှ NLDပါတီက ဦးရောစီက ပြောသည်။

လာမည့် နိုဝင်ဘာလ(၁၀)ရက်နောက်ပိုင်းတွင် ကောက်သစ်များ စတင်ပေါ်တော့မည်ဖြစ်ပြီး နိုဝင်ဘာလ အတွင်း၌ ဆန်အတွက် ပူပင်စရာမလိုတော့ကြောင်း ပူတာအိုမြို့ခံတစ်ဦးက ဆိုသည်။
 
အစိုးရစစ်တပ်နှင့်KIAတို့အကြား စစ်ပွဲများဖြစ်ပွားလျှက်ရှိပြီး မြစ်ကြီးနားနှင့်ပူတာအိုအကြား ဆက်သွယ်ထားသော လမ်းတံတားများ မိုင်းခွဲဖျက်ဆီးခံလိုက်ခြင်းကြောင့် ကုန်ပစ္စည်းများသယ်ယူ ပို့ဆောင်မှုပြုလုပ်မရရှိခြင်းကြောင့် ကုန်ဈေးနှုန်းများမြင့်တက်ရ ခြင်းဖြစ်သည်ဟု ဒေသခံများကဆိုသည်။
 
မြစ်ကြီးနားနှင့် ပူတာအိုအကြား ကုန်ဆက်သွယ်မှု မရှိခြင်းကြောင့် ပူတာအိုရှိ ကုန်ပစ္စည်းဆိုင်များမှာ တစ်ဆိုင်နှင့်တစ်ဆိုင်ဈေးနှုန်း များမတူပဲ ဈေးနှုန်းများ မြင့်တက်လျက်ရှိနေခြင်းဖြစ်သည်။
 
ပူတာအိုတွင် မြေပဲဆီများအသုံးမပြုနိုင်ခြင်းကြောင့် မြေပဲဆီဈေးကွက်မရှိပဲ မုံညှင်းဆီ(၁)ပိသာလျှင် ကျပ်(၃၀၀၀)နှုန်း ရှိပြီး၊ဆား ငါးဆယ်သားတစ်ထုပ်လျင်(၁၀၀၀)ကျပ်၊ ကြက်ဥသုံးလုံးလျင်(၁၀၀၀)နှင့် အချို့ဆိုင်များ၌ ကြက်ဥတစ်လုံးလျှင် (၅၀၀)ကျပ်အထိ ရောင်းချလျှက်ရှိကြောင်း သိရှိရသည်။

ရောင်းတာကလည်း တစ်ဆိုင်နှင့်တစ်ဆိုင်မတူဘူး၊ ကြက်ဥဆိုတစ်ချို့ဆိုင်က တစ်လုံးငါးရာရောင်းတဲ့ဆိုင် ရှိသလို တစ်ထောင်ဖိုးသုံးလုံး ရောင်းတဲ့ဆိုင်လည်းရှိတယ်၊ ဆီဆိုရင် မြေပဲဆီဆို ၀ယ်မစားနိုင်ကြဘူး၊ မုံညှင်းဆီပဲ စားကြတာ ဟု ကိုလမိုင်းဇော်အောင်က ပြောသည်။
 
ပူတာအိုတွင် ယခင်က ဘိလပ်မြေ တစ်အိတ်လျှင် ကျပ် (၁၅၀၀၀)၀န်းကျင်ရှိခဲ့ရာမှ လက်ရှိတွင် ဘိလပ်မြေတစ်အိတ်လျှင် ကျပ်(၃၅၀၀၀)နှင့်(၃၈၀၀၀)အကြား ရောင်းချလျှက်ရှိပြီး သွပ်(၆)ပေ အပါး တစ်ချပ်လျှင် ကျပ်(၄၅၀၀)မှ(၅၀၀၀)အထိ   ဈေးအမျိုးမျိုးနှင့် ရောင်းချလျှက်ရှိသည်။
 
 “ဘိလပ်မြေတစ်အိတ်ကို သုံးသောင်းရှစ်ထောင်အထိကို ရောင်းလာတယ်၊ ခြောက်ပေသွပ်အပါးတစ်ချပ်ကို ငါးထောင်ပေးရတယ်ဟု ဦးရောစီက ဆက်ပြောသည်။
 
ကချင်ပြည်နယ်တွင် (၁၇)နှစ်ကြာ အပစ်အခတ်ရပ်စဲခဲ့သော ကေအိုင်ကေနှင့် မြန်မာစစ်တပ်အကြား စစ်ပွဲများပြန်လည်ဖြစ်ပွားခဲ့သည်မှာ ၂၀၁၁ခုနစ် ဇွန်လ(၉)ရက်ကတည်းကဖြစ်ပြီး ယခုအခါ တစ်နှစ်နှင့် လေးလကြာမြင့်လာပြီ ဖြစ်သည်။

မြစ်မခမီ ဒီယာ

No comments: