Friday, November 16, 2012

အာဆီယံထိပ်သီးအစည်းအဝေးတွင် ဒေသတွင်းနိုင်ငံများအတွက် အရေးပါသော အောင်မြင်မှု မှတ်တိုင်နှစ်တိုင် စိုက်ထူနိုင်ဖွယ်ရှိ



ဖနွမ်းပင်၊ နိုဝင်ဘာ ၁၇
အာဆီယံနိုင်ငံခေါင်းဆောင်များသည် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့၌ နိုဝင်ဘာ ၁၈ မှ ၂၀ ရက်နေ့ထိ သုံးရက်ကြာ တွေ့ဆုံဆွေးနွေးမည်ဖြစ်ရာ ထိုဆွေးနွေးပွဲမှ ဒေသတွင်းနိုင်ငံများအတွက် အရေးကြီးသော အဓိက သဘောတူညီချက်နှစ်ရပ် ထွက်ပေါ်လာနိုင်ခြေရှိကြောင်း သိရသည်။

ပထမတစ်ချက်မှာ အာဆီယံ လူ့အခွင့်အရေးကြေညာချက်စာတန်း ထုတ်ပြန်ရေးဖြစ်သည်။

ဒုတိယတစ်ချက်မှာ အာဆီယံဆယ်နိုင်ငံနှင့် ဒေသတွင်း ခြောက်နိုင်ငံတို့၏ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (RCEP) ထူထောင်နိုင်ရေး သဘောတူညီချက်ဖြစ်သည်။ ဒေသတွင်းခြောက်နိုင်ငံတွင် ဩစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်နှင့် တောင်ကိုရီးယားတို့ ပါဝင်သည်။

အာဆီယံလူ့အခွင့်အရေးကြေညာချက်စာတန်း သဘောတူထုတ်ပြန်နိုင်ပါက အာဆီယံခေါင်းဆောင်များအနေဖြင့် ဒေသတွင်း လူ့အခွင့်အရေး ကာကွယ်ပေးမှုများ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်လာမည်ဖြစ်သလို၊ ဒီမိုကရေစီဖွံ့ဖြိုးရေး၊ ဥပဒေကောင်းများ ပိုမိုအားကောင်းလာရေး၊ အုပ်ချုပ်ရေးစနစ်ကောင်းများ ပိုမိုဖော်ဆောင်နိုင်ရေး တိုးမြှင့်ပူးပေါင်းဆောင်ရွက်နိုင်လာမည်ဖြစ်သည်။

၂၀၁၅ အာဆီယံ အသိုက်အ၀န်း ရည်မှန်းချက်အရ ၂၀၁၅ အမီ အဖွဲ့ဝင်နိုင်ငံများအချင်းချင်း လူမှုစီးပွား အဆင့်အတန်း အနိမ့် အမြင့်ချင်း အလွန်အမင်းမကွာဟအောင် ကြိုးပမ်းရမည်ဖြစ်ရာ သုံးနှစ်သာ လိုတော့သောကြောင့် ယခုနှစ် အာဆီယံထိပ်သီးအစည်းအဝေးသည် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများကို အလေးပေး ဆွေးနွေးကြဖွယ်ရှိသည်။
အာဆီယံခေါင်းဆောင်များအနေဖြင့် ကမ္ဘာ့စီးပွားရေး အလားအလာ၊ ကမ္ဘာ့နိုင်ငံများနှင့် အပြန်အလှန်ကုန်သွယ်ရေး၊ ဒေသတွင်း လုံခြုံရေး၊ လူ့အခွင့်အရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှု အရေးများကိုပါ ထည့်သွင်းဆွေးနွေးကြမည်ဖြစ်ကြောင်းလည်း သိရသည်။

အာဆီယံနိုင်ငံအချို့နှင့် တရုတ်နိုင်ငံအကြား ဖြစ်ပွားလျက်ရှိသော တောင်တရုတ်ပင်လယ် ရေပိုင်နက်အငြင်းပွားမှုအရေးကိုလည်း ယခု အစည်းအဝေးတွင် ထည့်သွင်းဆွေးနွေးဖွယ်ရှိကြောင်း သိရသည်။ အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို နိုဝင်ဘာ ၁၈ မှ ၂၀ ရက်နေ့ထိ သုံးရက်ကြာ ကျင်းပမည်ဖြစ်သည်။

၂၀၁၃ ခုနှစ် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် ဘရူနိုင်းနိုင်ငံက ဆောင်ရွက်ရမည်ဖြစ်သည်။
Source: Channel News Asia

No comments: