Wednesday, January 16, 2013

ဦးပိုင်ဟာ ဘာလဲ၊ ဘယ်လဲ......

အခုလက်ရှိ မြန်မာနိုင်ငံရဲ့ စီးပွားရေး လုပ်ငန်းမှန်သမျှကို လက်ဝါးကြီးအုပ်ထားတဲ့ ဦးပိုင်နဲ့ ပါတ်သက်လို့ လူအများရဲ့ သဘောထားတွေ၊ မှတ်ချက်တွေ၊ ဝေဖန်ချက်တွေ ပေါ်ထွက်လာပါပီ….. ဦးပိုင်နဲ့ ပါတ်သက်လို့ သိရသမျှ လုပ်ငန်းအများစုမှာ ပါဝင်ပါတ်သက်နေတာကို တွေ့ရပါတယ်…. အခုနောက်ဆုံး ၀မ်ပေါင်နဲ့ လက်ပန်းတောင်းတောင် ကိစ္စမှာလည်း ဦးပိုင်နဲ့ လက်ပန်းတောင်းတောင်ဟာ ရှယ်ယာအဖြစ် တွဲဘက် လုပ်ကိုင်နေတယ် ဆိုတာ သိရပါတယ်…..


ဒါဆိုရင် ဦးပိုင်ရဲ့ ရည်ရွယ်ချက်က ဘာလဲ၊ အများရဲ့ အပြောအရတော့ တပ်မတော်က အကြောင်းအမျိုးမျိုးကြောင့် အငြိမ်းစား ယူသွားတဲ့သူတွေအတွက် ထောက်ပံ့နိုင်ရန် ရည်ရွယ်ပါတယ်တဲ့…. ဒါဖြင့်ရင် တကယ်အငြိမ်းစား ယူသွားတဲ့ တပ်မတော်သားတွေရဲ့ ဘ၀အာမခံချက်ကို ဦးပိုင် ဖြည့်စည်းနိုင်ပီလား မေးစရာ ရှိပါတယ်….

ဦးပိုင်ဟာ ဘာလဲ၊ ဘယ်လဲ......

ဦးပိုင်နဲ့ ပါတ်သက်လို့ လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ တပ်မတော်သား တစ်ယောက်ကလည်း ဒီလိုရှင်းပြပါတယ်…. ဦးပိုင်ရဲ့အဓိကရည်ရွယ်ချက်က ကာကွယ်ရေးဘတ်ဂျက်ကသုံးလို့ မရတဲ့ အသုံးစားရိတ်များအတွက် ဝင်ငွေရှာဖွေဖို့ပါ…. ဦးပိုင်ရဲ့ အဓိကရှယ်ယာအများစုဟာ တပ်မတော် တပ်ရင်း များ ရဲ့ တပ်ရင်းရံပုံငွေ တစ်နည်းပြောရရင် အောက်ခြေ တပ်မတော်သားများရဲ့ ငွေ ကနေအချိုးကျ ထည့်ဝင်ထားတာဖြစ်ပါတယ်……. နှစ်စဉ် ထည့်ဝင်ငွေအလိုက် အမြတ်ရှယ်ယာ ပြန်ထုတ်ပေးပါတယ်…. အဲဒီငွေနဲ့ပဲ တပ်တွေက မိသားစု ထောက်ပံ့တာတွေ ကျောင်းဝတ်စုံ ပေးတာ ဗလာစာအုပ်ပေးတာ စတာတွေလုပ်ရပါတယ် ခြုံပြီးပြောရင် ဦးပိုင်ဟာ တပ်ရင်းတပ်ဖွဲ့ အများစုပိုင်သော အဖွဲ့ ဖြစ်ပြီး အများစုဟာ မိသားစုများသက်သာချောင်ချိရေးအတွက် ဦးပိုင်အမြတ်ငွေကို ယခင်ကရော ယခုပါမှီခိုနေရကြောင်း လို့ ဆိုပါတယ်….. သို့သော် ဦးပိုင်ဟာ တကယ်ပဲ ဆင်းရဲ မွဲတေနေတဲ့ တပ်ရင်းတပ်ဖွဲ့တွေကို ထောက်ပံ့နိုင်ရဲ့လား မေးစရာ ဖြစ်လာပါတယ်….

အခုလက်ရှိမှာ ဦးပိုင် အနေနဲ့ မြန်မာနိုင်ငံရဲ့ ကဏ္ဍအစုံမှာ ရင်းနှီးမြှုပ်နှံမှုကို လက်ရှိ လုပ်ကိုင်နေပါတယ်…. သို့သော် တပ်မတော်သားများကို လုံလောက်စွာ ထောက်ပံ့နေခြင်း မရှိပဲ လူပုဂ္ဂိုလ် တစ်ချို့တွေအတွက်သာ အကျိုးဖြစ်ထွန်းနေတာ သိသာလာပါတယ်…. ထို့အတူပင် ဒီမိုကရေစီ နိုင်ငံ ဖြစ်လာချိန်မှာ ထိုကဲ့သို့ နိုင်ငံတော်ရဲ့ ရိက္ခာစားနေရမယ့်၊ နိုင်ငံတော် ငွေကြေးပိုင်းနဲ့ သက်ဆိုင်ခြင်း မရှိတဲ့ ၀န်ကြီးဌာန တစ်ခုဟာ ကိုယ်ပိုင်စီးပွားရေးနဲ့ ရပ်တည်နေတာဟာ အများထောက်ကွက် ဖြစ်လာမှာ ဖြစ်သလို လက်ခံနိုင်စရာလည်း အကြောင်းမရှိပါဘူး…. ဒီအတွက် ဦးပိုင်ကို Reform လုပ်ရန် လိုအပ်ပါတယ်…. ထိုကဲ့သို့ Reform လုပ်ရာမှာ တပ်မတော်အတွက်သာ မဟုတ်ပဲ အစိုးရတစ်ရပ်ရဲ့ ၀င်ငွေတွေကို ရှာဖွေပေးရာ ဌာနကြီး တစ်ခုဖြစ်စေဖို့ ပြန်လည် တည်ဆောက် ယူရပါလိမ့်မယ်….

ဦးပိုင်နဲ့ အလားတူ အစိုးရပိုင် ကုမ္ပဏီတွေ နိုင်ငံတကာမှာ ရှိသလား....


ထိုကဲ့သို့ လုပ်မယ်ဆိုရင် နမူနာ ကြည့်စရာအနေနဲ့ စင်္ကာပူနိုင်ငံရဲ့ တီးမားဆက် Holdings ရှိပါတယ်…. တီမားဆက် အဖွဲ့ကို စင်္ကာပူနိုင်ငံ လွတ်လပ်ရေးရပြီး ၁၉၇၄ မှာ ဖွဲ့စည်းခဲ့ပါတယ်…. အခုလက်ရှိမှာ ဘဏ္ဍာရေး ၀န်ကြီးဌာနက တာဝန်ယူပါတယ်… အခုလက်ရှိ ကမ္ဘာကျော် စင်္ကာပူ လေကြောင်းလိုင်း၊ Singapore Telecommunications၊ Keppel Corporation၊ Neptune Orient Lines နဲ့ ST Engineering တို့ဟာ တီမားဆက်ရဲ့ လက်အောက်မှာ ရှိပါတယ်…. ST Engineering အနေနဲ့ စင်္ကာပူ စစ်တပ်ကို လက်နက်ထောက်ပံ့ခြင်းများကို အဓိက လုပ်ဆောင်ခဲ့ပြီး လက်နက်ထုတ်လုပ် ရောင်းချမှုများလည်း လုပ်ဆောင်ပါတယ်….

တီးမားဆက်နဲ့ မြန်မာပြည်က ဦးပိုင်နဲ့ တူညီတာတွေကတော့ အစိုးရက ပိုင်ဆိုင်တဲ့ အဖွဲ့အစည်း တစ်ခုဖြစ်ခြင်း၊ အစိုးရ ထိပ်ပိုင်း တာဝန်ရှိသူများနဲ့ ဆက်နွယ်နေသော သူများက ဦးဆောင်နေသော အဖွဲ့အစည်း ဖြစ်ခြင်း၊ စင်္ကာပူ စစ်တပ်အတွက် လိုအပ်သည့် လက်နက်များ ထောက်ပံ့ပေးနေခြင်း အစရှိတာတွေ ဖြစ်ပါတယ်… မတူညီတာတွေကတော့ အများကြီးဖြစ်ပါတယ်… ဒီအထဲကနေမှ နှစ်ခုကို ထုတ်နှုတ်တင်ပြရရင် တီးမားဆက်ဟာ စင်္ကာပူ တစ်နိုင်ငံလုံးအတွက် ငွေကြေးရှာဖွေနေခြင်းနဲ့ ပွင့်လင်း မြင်သာမှုနဲ့ တာဝန်ယူမှုများပဲ ဖြစ်ပါတယ်…. ဒီနေရာမှာ အခွင့်သင့်လို့ တီမားဆက်ရဲ့ အထွေထွေ ရင်းနှီးမြှုပ်နှံမှု မဟာဗျူဟာတွေထဲက အဓိက အာဘော် ၄ ခုကို ပြောရမယ်ဆိုရင် စီးပွားရေးကို ပြုပြင်ပြောင်းလဲခြင်း၊ လူလတ်တန်းစားများ ဖွံ့ဖြိုးတိုးတက်ရေး၊ အားသာချက်များကို နက်နက်ရှိုင်းရှိုင်း နှိုင်းယှဉ်လေ့လာခြင်းနဲ့ စီးပွားရေးလောကမှာ အောင်မြင်နေသူများနဲ့ ပူးပေါင်းလုပ်ဆောင်ခြင်း ဆိုတဲ့ အချက်တွေပါပဲ….


တီမားဆက် တာဝါရဲ့ မြင်ကွင်း....

တီမားဆက်ရဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကတော့ တစ်နိုင်ငံလုံးရဲ့ ဘဏ်နှင့် ငွေရေးကြေးရေး ဆိုင်ရာ လုပ်ငန်းတွေ၊ အိမ် ခြံမြေ ရောင်းဝယ်ရေးနဲ့ ဆိုင်တာတွေ၊ ထောက်ပံ့ပို့ဆောင်ရေးနဲ့ ခရီးသွားလာမှု၊ ပို့ဆောင်ရေးတွေ၊ နိုင်ငံအတွက် အခြေခံ အဆောက်အအုံနဲ့ ပါတ်သက်တာတွေ၊ ဆက်သွယ်ရေးနဲ့ မီဒီယာကဏ္ဍ၊ ဇီဝသိပ္ပံနဲ့ ကျန်းမာရေး စောင့်လျှောက်မှုတွေ၊ စာသင်ကြားခြင်း ဆိုင်ရာတွေ၊ အလှကုန်ပစ္စည်းများနဲ့ လူမှုနေထိုင်မှုပုံစံတွေ၊ အင်ဂျင်နီယာနဲ့ ဆိုင်တဲ့ကိစ္စတွေနဲ့ နည်းပညာရပ်ပိုင်းတွေ၊ နောက်ဆုံး စွမ်းအင်နဲ့ သဘာဝအရင်းအမြစ်များနဲ့ ဆိုင်တဲ့နေရာတွေအပြင် အပေါ်မှာ ရေးခဲ့တဲ့ လက်နက် ထုတ်လုပ်ခြင်းများနဲ့ ရောင်းချခြင်းများမှာပါ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားပါတယ်...... အခုလက်ရှိ မြန်မာနိုင်ငံရဲ့ ဦးပိုင်ရဲ့ နေရာအများစုမှာ စိုးမိုးချုပ်ကိုင် ထားသလိုပဲ သဘောသဘာဝ အခြေခံအားဖြင့်သာ တူညီပါတယ်…

တီမားဆက်ဟာ စင်္ကာပူနိုင်ငံသားတွေကို ဘယ်လို အကျိုးပြုနိုင်နေလဲ....

သို့သော် ထိုကဲ့သို့ အစိုးရလူကြီးပိုင်းများ ပါဝင်ထားခြင်း၊ နိုင်ငံရဲ့ စီးပွားရေး လုပ်ငန်းအများစုကို တီမားဆက်က လက်ဝါးကြီးအုပ် လုပ်ကိုင်နေသဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ နောက်လန်သွားလား ပိုမိုတိုးတက်လာသလား လေ့လာကြည့်မယ်ဆိုရင် ကွာခြားမှုတွေ သိလာနိုင်မှာ ဖြစ်ပါတယ်…. ကျွန်တော်တို့ အဓိက လေ့လာရမှာသည် နိုင်ငံပိုင် အဖွဲ့အစည်းခြင်း အတူတူ၊ လုပ်ငန်းအများစုကို လက်ဝါးကြီး အုပ်တာခြင်း အတူတူ စင်္ကာပူက တီမားဆက်ဟာ ဘာလို့အောင်မြင်နေလဲ၊ သူ့နိုင်ငံသားတွေကို အကျိုးပြုနေလည်း ဒါကိုလည်း ထည့်သွင်းစဉ်းစားရမှာပါပဲ... တီမားဆက် ကနေ စင်္ကာပူ နိုင်ငံအတွက်သာမက သူ့နိုင်ငံသူ နိုင်ငံသား အများစုအတွက်ပါ အတောက်အပံ့တွေ ဖြစ်ခဲ့တာ အများကြီးပါ…..


စင်္ကာပူက နိုင်ငံသားများ ခရီးသွားလာရာမှာ အများဆုံး အားထားရတဲ့ MRT ဘူတာရုံ တစ်ခုရဲ့  မြင်ကွင်း....

စင်္ကာပူမှာ အခုလက်ရှိ ပြေးဆွဲနေတဲ့ မြေပေါ်၊ မြေအောက်၊ မိုးပျံ ရထားလမ်းတွေဟာ တီးမားဆက်ရဲ့ အမြတ်ငွေတွေကနေ တည်ဆောက်သွားတာ ဖြစ်ပါတယ်….. သူ့နိုင်ငံရဲ့ ပြည်သူ ပြည်သားတွေ အဆင့်မြင့်မြင့်နေထိုင်ဖို့ HDB လို့ခေါ်တဲ့ အဆင့်မြင့် လူနေတိုက်ခန်းတွေကို အရစ်ကျ စနစ်နဲ့ ရောင်းချနိုင်အောင်လည်း လုပ်ကိုင်နိုင်ခဲ့ပါတယ်…. ထို့အတူပဲ စင်္ကာပူနိုင်ငံရဲ့ စစ်တပ်ကို ကမ္ဘာ့အဆင့်မှီအောင် မြှင့်တင်နိုင်တဲ့အပြင်၊ နိုင်ငံတကာ ဈေးကွက်ကို လက်နက်တင်ပို့ ရောင်းချနိုင်တဲ့အထိပါ အောင်မြင်ခဲ့တာဟာ တီမားဆက်ကြောင့်ပါပဲ…. ဒီနေရာမှာ တစ်ခုပြောချင်တာက စစ်တပ်အတွက် လက်နက်တွေဟာ ပြည်ပကပဲ မှီခိုနေလို့ မရပါဘူး….. ကိုယ့်နိုင်ငံအတွင်းမှာ အဆင့်မှီမှီ ထုတ်လုပ်နိုင်ဖို့လည်း ကြိုးစားရမှာ ဖြစ်ပါတယ်… ထိုမှတဆင့် နိုင်ငံတကာကို ရောင်းချနိုင်တဲ့အထိကို မြှင့်တင်ယူရမှာလည်း ဖြစ်ပါတယ်… သို့ဖြစ်တဲ့အတွက် Research များများလုပ်ရန် လိုအပ်ပါတယ်…. Research လုပ်ရန်လည်း ငွေကြေးအင်အား တောင့်တင်းရန် လိုအပ်ပြန်ပါတယ်…..


စင်္ကာပူ ပြည်သူများ အဆင့်မြင့်မြင့်နေထိုင်ရန် ဆောက်လုပ်ထားတဲ့ HDB များရဲ့ မြင်ကွင်း....

သို့ဖြစ်တဲ့အတွက် နိုင်ငံကို ဦးဆောင်သူများအနေနဲ့ သေခြာ စနစ်တကျ စဉ်းစားဖို့ လိုလာပါပီ…. နိုင်ငံရဲ့ စီးပွားရေးကို မောင်းနှင်နိုင်ဖို့ သေခြာ ကျနစွာ သုံးသပ် စဉ်းစားဆင်ခြင် ဆုံးဖြတ်ရန် အချိန်တန်ပါပီ….. ယခုလက်ရှိ မြန်မာနိုင်ငံရဲ့ ဦးပိုင်ဟာ လက်တစ်ဆုပ်စာ လူတစ်စုအတွက်သာ အကျိုးဖြစ်ထွန်းနေတာကို ပြုပြင်ရန် အချိန်တန်ပါပီ….. မြန်မာနိုင်ငံရဲ့ ဦးပိုင်နဲ့ တီမားဆက် ကွာခြားမှုကတော့ ခေါင်းဆောင်နိုင်တဲ့ နေရာမှာ ရှိနေသူတွေ ဖြစ်ပါတယ်…. လက်ရှိ မြန်မာနိုင်ငံ ဦးပိုင်မှာ အရေးကြီးနေရာမှာ တာဝန်ယူထားသူများဟာ ယခင် အစိုးရ အဆက်ဆက်က ၀န်ကြီးများ၊ ဗိုလ်ချုပ်များရဲ့ သားသမီးတွေ အများစု ဖြစ်နေတာပါပဲ….. ဆန်ဆိုတာကို ဆန်အိုးထဲက လာတယ်ဆိုတဲ့ အသိမျိုး၊ မတောင့်မတ မကြောင့်မကျ နေခဲ့တဲ့ သူတွေက ကြီးစိုး အုပ်ချုပ်နေတယ် ဆိုရင်လည်း မမှားပါဘူး….

တီးမားဆက် အောင်မြင်မှုဟာ အရည်အချင်းရှိသူတွေကို ထိုက်တန်တဲ့ နေရာပေးမှုကြောင့်လား......

စစ်အစိုးရ အုပ်စိုးချိန်မှာ ဦးပိုင်ဟာ အများထက် အခွင့်အရေးပိုရခဲ့ပေမယ့် ယခုလို ဒီမိုကရေစီ နိုင်ငံတော်သို့ ဦးတည်သွားနေချိန်မှာ ဦးပိုင်ဟာ သီးခြား အခွင့်အရေးမရနိုင်ပဲ အများတန်းတူသာ သွားရမှာဖြစ်ပါတယ်…. ထို့အတူပင် ဦးပိုင်ဟာ တပ်မတော်အတွက် ငွေကြေး ရှာဖွေခြင်း ဖြစ်နေမယ့်အစား တစ်နိုင်ငံလုံးရဲ့ ပြည်သူလူထုအတွက် ဖြစ်အောင် ပြောင်းလဲရမှာ ဖြစ်ပါတယ်…. ထိုသို့ ပြောင်းလဲရာမှာလည်း ပွင့်လင်းမြင်သာမှု၊ မှန်ကန်သော လုပ်ထုံးလုပ်နည်းများနဲ့ လုပ်ကိုင်ပီး ပြည်သူအတွက် ရှေ့တန်းကို ဦးစားပေးထားတဲ့ အဖွဲ့အစည်းအဖြစ် ပြည်သူတွေနဲ့ ဖွဲ့စည်းရမှာ ဖြစ်ပါတယ်…. သို့မှသာ နိုင်ငံအတွက် လုံလောက်တဲ့ အလုပ်အကိုင် အခွင့်အလမ်းများလည်း ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်… ဒီနေရာမှာ အဆိုပါ အဖွဲ့ကြီးရဲ့ အဓိကကျတဲ့ ခေါင်းကြီးပိုင်းတွေမှာ အမှန်တကယ် ခေါင်းဆောင်နိုင်စွမ်း ရှိသူတွေနဲ့ ကွပ်ကွဲသွားရမှာ ဖြစ်ပါတယ်….

ဒီနေရာမှာ တီမားဆက်ကို အုပ်ချုပ်ပီး စီးပွားရေး တိုးတက်အောင် မောင်းနှင်သွားသူတွေဟာ စစ်သားများ၊ လက်ရှိ အစိုးရ တာဝန်ယူထားသူများ မဟုတ်ပဲ MBA ဘွဲ့ရပြီးသူများ၊ DBA ဘွဲ့ရပြီးသူများက အဓိက မောင်းနှင်သွားတာပဲ ဖြစ်ပါတယ်…. ထို့အတူ လိုအပ်လာရင် နိုင်ငံတကာ အဖွဲ့အစည်းကြီးများနဲ့ ပေါင်းစည်းခြင်း၊ အမှန်တကယ် တော်သော တတ်သော တိုင်းတစ်ပါးမှ ပညာရှင်များကို ခန့်အပ်ပီး ဆောင်ရွက်စေခြင်း စသည်တို့က တီမားဆက်အတွက် စင်္ကာပူနိုင်ငံသားတွေအပေါ် အလုပ်အကိုင် အခွင့်အလမ်းများအပြင် လူနေထိုင်မှု အဆင့်အတန်းမြင့်မားရေးကိုပါ ဆောင်ရွက်နိုင်ရန် လုံလောက်တဲ့ ငွေကြေးတွေ ရှာဖွေပေးနိုင်နေပါတယ်……



ဦးပိုင်ကို ဘာဆက်လုပ်သင့်ပီလဲ...

ဒါဆိုရင်တော့ နိုင်ငံတော် တာဝန်ရှိသူများ၊ အဓိက မောင်းနှင်နိုင်မယ့် နေရာမှာ ရှိနေသူများဟာ ဦးပိုင်ကို တီမားဆက်လို တိုင်းပြည်အတွက် အကျိုးရှိရှိဖြစ်အောင် ပြန်လည် Reform လုပ်ရန် လိုအပ်နေပါတယ်…. သို့မဟုတ်ပဲ ဒီအတိုင်းပဲ ဆက်ထားမယ် ဆိုပါက လူတစ်စုအတွက် အကျိုးအမြတ်ကိုသာ ဦးတည်ရှာဖွေနေပြီး နိုင်ငံအတွက် ထိုက်သင့်သော အခွန်ငွေများ မပေးဆောင်ခြင်း၊ မလျော်သြဇာ သုံးခြင်း၊ စီးပွားရေးကို နားမလည်သူများ ဦးဆောင်နေသဖြင့် မလိုလားအပ်သော ဆုံရှုံးမှုများကို ဖန်တီယူနေခြင်း အစရှိတာတွေကို လုပ်ကိုင်နေတဲ့ အဖွဲ့အစည်းဖြစ်တဲ့အတွက် ဆက်လက်ထားရှိရန် မသင့်တော်ပါဘူး….. ဒါကြောင့်မို့ ဦးပိုင်ကို ဖျက်သိမ်းမလား (သို့မဟုတ်) နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် အကျိုးရှိရှိနဲ့ လုပ်ကိုင်နိုင်မယ့် နိုင်ငံတကာ Holding အဖွဲ့အစည်းများကဲ့သို့ စနစ်တကျနဲ့ ပွင့်လင်းမြင်သာစွာ ပြောင်းလဲပြီး Win Win Situation အနေဖြင့် ဆက်သွားမလား တာဝန်ရှိသူများ ဆုံးဖြတ်နိုင်ပါစေ……

မှတ်ချက် ။      ။ ပညာရှင်အဆင့် အရေးအသားမဟုတ်ပဲ ၀ါသနာရှင်တစ်ယောက်ရဲ့ အမြင်ဖြစ်ပါတယ်၊ လိုအပ်ချက်များ၊ အမှားများ ပါရှိသွားပါ ထောက်ပြပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်....

  James Mint ဖေ့စ်ဘွတ်စာမျက်နှာမှ.....

No comments: