Wednesday, January 9, 2013

လူစီးရထားမိုင်းခွဲမှု ခရီးသည်တွဲကို ပစ်မှတ်ထားလုပ်ဆောင်ဟုဆို

ကချင်ပြည်နယ် ဟိုပင်တွင် ပေါက်ကွဲမှုဖြစ်ပွား၊ ရဲဝန်ထမ်း ၁ ဦး သေဆုံး

နန်းမြနဒီ DVB ၁၀ ဇန်န၀ါရီလ ၂၀၁၃ ( ကြာသပတေးနေ့ )

ကချင်ပြည်နယ် ဟိုပင်မြို့နယ်နဲ့ နမ့်ခွင့်ဘူတာကြား ကြာကြီးကွင်းရွာနားမှာ မနေ့ည ၁၀ နာရီကျော်က ပေါက်ကွဲမှုတခုဖြစ်ပွားခဲ့ပြီး နဘား- မြစ်ကြီးနားကို သွားတဲ့ ကုန်တင်ရထား အမှတ် ၄၉ ကို ထိမှန်တဲ့အတွက် ရဲဝန်ထမ်း ၁ ဦး သေဆုံးခဲ့ပါတယ်။

“ဟိုပင်နဲ့ မြစ်ကြီးနားသွားတဲ့ နဘားခေါင်းပြန်ဆိုတဲ့ ရထား ၅ တွဲ တွဲချော်တယ်။ ပါလာတဲ့ ရဲတပ်သား ကိုမြင့်နိုင်သေသွားတယ်။ ဒဏ်ရာရစာရင်း အတိအကျ မသိဘူး။ စက်ခေါင်းရဲ့ အနောက် ၃ တွဲမြောက်က စကွဲတာ။ အဲမှာ လူစီးတွဲပါလာတယ်လေ အဲကစကွဲတာပေါ့။ ”

ရထားလာတဲ့အချိန် မိုင်တိုင်အမှတ် ၆၅၄ နားမှာ ကွက်တိ ပေါက်ကွဲခဲ့တာလို့ ရထားဝန်ထမ်းနဲ့ ဒေသခံတွေ ခန့်မှန်းပြောဆိုကြပါတယ်။

ဟိုပင်မြို့အနီးမှာ ပစ်ခတ်မှုတွေ မရှိခဲ့ပေမယ့်လည်း အစိုးရတပ်ဘက်က ပစ်ခတ်ခြောက်လှန့်တာတွေ လုပ်လေ့ရှိတဲ့အတွက် မြို့နယ်ထဲလှုပ်ရှားနေတဲ့ ကေအိုင်အေနဲ့ တိုက်ပွဲ အချိန်မရွေးဖြစ်မှာကို စိုးရိမ်ပြီး ဒေသခံတွေဟာ ည ၇ နာရီ နောက်ပိုင်း အပြင်ထွက်သူ မရှိသလောက်ဘဲလို့ ဒေသခံက ဆိုပါတယ်။

ဒီပေါက်ကွဲမှုနဲ့ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒု-၀န်ကြီး ဦးရဲထွဋ်ကလည်း ဇန်န၀ါရီ ၉ ရက်နေ့ မနက် ၅ နာရီ ၁၅ မိနစ်က နဘားဘူတာကနေ ထွက်ခွာလာတဲ့ နဘား-မြစ်ကြီးနား အမှတ် ၄၉ အဆန်ရထားဟာ ည ၁၀ နာရီ ၅ မိနစ်မှာ မိုင်းခွဲတိုက်ခိုက်ခံရပြီး လူစီးတွဲ ၂ တွဲ ၊ တိရစ္ဆာန်တင် ကုန်တင်တွဲ ၂ တွဲ နဲ့ ကုန်စုံတင်တွဲ ၁ တွဲ လမ်းချော်ခဲ့တယ်။ အစောင့်ရဲတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးပြီး ခရီးသည် ၂ ဦး ဒဏ်ရာရတယ်လို့ သူရဲ့ ဖေ့စ်ဘုတ်အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

အခုလပိုင်းအတွင်း ကချင်ပြည်နယ်ထဲ ပြေးဆွဲနေတဲ့ မီးရထားတွေ မကြာခဏ ဗုံးခွဲ တိုက်ခိုက်ခံရပြီး ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၁ ရက်နေ့က မိုးညှင်းမြို့နယ် နမ္မားဘူတာအနီး ဗုံးခွဲမှုမှာ ရထားမောင်းသူ ၁ ဦးနဲ့ ခရီးသည် ၁ ဦး ဒဏ်ရာရခဲ့တယ်။

၂၀၁၂ ခု ဒီဇင်ဘာ ၂၆ ရက်နေ့ ညမှာလည်း မိုးညှင်းဘူတာအနီး အုတ်ကျင်းရပ်ကွက်ထဲက ရထားသံလမ်းပေါ်မှာ ဗုံးပေါက်ကွဲပြီး ရထားလမ်းပျက်စီးကာ ကုန်တင်ရထားခရီးစဉ် နှောင့်နှေးခဲ့ပါတယ်။
 
 
လူစီးရထားမိုင်းခွဲမှု ခရီးသည်တွဲကို ပစ်မှတ်ထားလုပ်ဆောင်ဟုဆို
Thursday, 10 January 2013

ဟိုပင်ဘူတာအနီး ယမန်နေ့ည၁၀နာရီ မိနစ်၂၀အချိန်က နဘား- မြစ်ကြီးနားသို့ ပြေးဆွဲနေသော အမှတ်(၄၉)အဆန် လူစီးလော်ကယ် ရထားမိုင်းခွဲခံရမှုတွင် လူစီးတွဲကို ပစ်မှတ်ထားကာ အဝေးထိန်းစနစ်ဖြင့် ဖောက်ခွဲခြင်းဖြစ်ကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့နှင့် ဟိုပင်ဘူတာထံမှစုံစမ်းသိရှိရသည်

ယင်းမိုင်းခွဲမှုကို ကေအိုင်အေ တပ်ရင်း ၅က လုပ်ဆောင်ခြင်းဖြစ်ပြီး ခေါင်းတွဲ ကိုလွှတ်ပေးပြီး လူစီးတွဲကို ပစ်မှတ်ထားကာ ဖောက်ခွဲခြင်းဖြစ်ကြောင်း၊ ရထား ကြမ်းခင်းပွင့်ထွက်သွားပြီး ရထားလုံခြုံရေးအဖြစ် လိုက်ပါလာသော တပ်စု- ၃မှ ရဲတပ်သားမြင့်နိုင်မှာ ရထားကြိတ်ခံရကာ သေဆုံးသွားကြောင်း၊ ခရီးသည် လေးဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့ပြီး လူစီးတွဲ နှစ်တွဲ အပါအ၀င် ငါးတွဲ တိမ်းမှောက်သွားကြောင်း ၎င်းးတို့ထံမှသိရသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ကေအိုင်အေဘက်သို့ ဆက်သွယ်မေးမြန်း၍ မရသေးပေ။
THE VOICE WEEKLY JOURNAL

No comments: