Monday, June 3, 2013

၈၈ မျိုးဆက်တွေ ဖတ်ဖို့ -----


by Aung Moe Win (Notes) on Monday, June 3, 2013 at 11:28pm
သမိုင်းတွေဖတ်ခဲ့ဘူးသည်။ လွတ်လပ်ရေးအတွက် အတူတူတိုက်ပွဲဝင်ခဲ့ကြတဲ့ရဲဘော်တွေ အချင်းချင်း သတ်ကြဖြတ်ကြ၊
အာဏာရသွားတဲ့ နိုင်ငံရေးသမားတွေကလည်း လုပ်ဖေါ်ကိုင်ဘက် သူငယ်ချင်းတွေကို ဖမ်းဆီးထောင်ချ ခဲ့ကြတာတွေ။
ငယ်ငယ်တုံးကတော့ နားမလည်ခဲ့။ ဘာဖြစ်လို့ အချင်းချင်းတွေအပေါ် ဒီလောက်ထိ လုပ်ခဲ့ကြတာလဲ လို့ ----
ဒါပေမဲ့ နိုင်ငံရေးအသက် (၂၅) နှစ်ကျော် ဖြတ်သန်းခဲ့အပြီးမှာတော့ အရာအားလုံးကို သဘောပေါက်စပြုလာတယ်။
" ငွေ၊ အာဏာ၊ အန္တရာယ်များသော ကစားပွဲများ"
လူသတ်မှုကို ကျူးလွန်စေတဲ့ လုံလောက်သော အကြောင်းအရာများဖြစ်တယ် တဲ့။

စိတ်ရောဂါတစွန်းတစနိုင်ငံရေး


လွတ်လပ်ရေးရပြီးတဲ့နောက် အုပ်စုတစုက အနိုင်ရသွားပြီး အာဏာယစ်မူး အချင်းချင်းတွေအပေါ်ပြန်ချ ဆိုတာလည်း လူ့သဘောသဘာဝပဲလေ လို့ တွေးလို့ရပါသည်။ အာဏာရှင်တွေပြုတ်ကျသွားလို့ လွတ်လပ်ပွင့်လင်းတဲ့ ကမ္ဘာတခုမှာ ' ငါလုပ်ခဲ့တာကွာ" လို့ ဟစ်ကြွေးမော်ကြွားနေမယ် ဆိုရင်လည်း နားလည်လို့ရသေးသည်။
ခုတော့ ၂၀၀၈ အခြေခံဥပဒေကြီးကို သစ္စာဆိုထားတယ်။
စစ်အစိုးရက သူတို့ခင်းထားတဲ့ လမ်းပြမြေပုံပေါ်ကနေ တစက်မှ မလျော့။
ဒီမိုကရေစီလှုပ်ရှားမှုကြီးက မိုးထဲလေထဲ ဘာဖြစ်မယ်မှန်းမသိ၊ လူမှုရေးနိုင်ငံရေး ပြဿနာတွေက သောင်းခြောက်ထောင်၊
"ကျနော်တို့ကို ကျောသပ်ဆက်ဆံနေတယ်" ဆိုပါတယ် ဆိုတဲ့စကားကို ကျောင်းသားခေါင်းဆောင်တယောက်က ဆိုခဲ့တယ်။
ဒီလို အခြေအနေကြီး အောက်မှာ ကိုယ်က အောင်မြင်သူတွေလို တလွှားလွှားလုပ်ပြ၊ ဘဝမေ့၊
ကိုယ်နိမ့်ပါးနေစဉ်က ကူညီထောက်ခံခဲ့သူတွေ အပေါ်မှာ ဖုတ်ဖက်ခါထပြီး  မာန်တက် နေကြတာတွေကို မြင်ရတော့ စိတ်မကောင်းစရာပဲ။
"အတ္တအမှောင်ထဲမှာ မပွင့်လင်းရဲကြသူများ" တဲ့လေ။
သံသရာအဆက်ဆက် မိုက်မဲစွာ တွယ်ဖက်ကြပေရော့။



ရဲဘော်ရဲဘက်လား ၊ မဆလ လက်သစ်လား

ကိုမင်းကိုနိုင် နှင့် ကိုကိုကြီးတို့  အမေရိကားကို အလည်ရောက်လာတော့ သူတို့ရဲ့ စကားတွေကို နားထောင်ကြည့်မိသည်။
ပြောသာပြောရတာ ပြည်တွင်းက သတင်းတွေက ကျနော်တို့ဆီမှာ ရပြီးသား။ ရှစ်လေးလုံးအုပ်စုတွေက လွန်ခဲ့တဲ့ အနှစ် (၂၀) ကျော်ကာလတုံးကနှင့် သိတ်မထူးခြား။
အုပ်စုလိုက် အုပ်စုလိုက် အားပြိုင်နေကြသည်။
NED၊ OSI အပါအဝင် နိုင်ငံတကာ ဒိုနာတွေဆီမှ ရသည့်ငွေကြေးများ၊ ရှုပ်ထွေးပွေလိမ်နေသည့် အသံများ၊ အန်ဂျီအို လိုသွားမလား၊ ပါတီတခုထောင်မလား---- စသော စသော
ရိုက်ခပ်မှုများကို နေ့စဉ်နှင့်အမျှ ကြားနေရပေမဲ့ ကိုယ့်ဘဝနှင့်ကိုယ်၊ သူ့ဘဝနှင့် သူ ကိုယ့်ဘဝနှင့်ကိုယ် ဆိုတော့ သိတ်စိတ်မဝင်စား။ သို့သော်--- စိုက်တဲ့ အတိုင်းသိမ်းရိတ်ကြရမည်။

ကိုမင်းကိုနိုင်ကတော့ အနုပညာ သမား မို့လို့တူပါရဲ့။ သူ့အဖြေမှာ နည်းနည်းရှင်းနေတဲ့အချက်ကို တွေ့ရသည်။ သူက အာဏာရှင်စံနစ် ပြုတ်ကျရေးအတွက် မဟာမိတ် တပ်ပေါင်းစုတွေဖွဲ့၊ မဟာဗျူဟာချကြမယ် ဆိုရင်လည်း သူမပါဘူး လို့ ဆိုသည်။ ဘာမှ ငြင်းခုန်စရာမရှိပါ။ သူ့ရဲ့ ငြိမ်းချမ်းစွာရွေးချယ်မှုကို ရိုးသားမှုတခုအဖြစ်သာ နားလည်ပေးလိုက်သည်။ နိုင်ငံရေးဆက်လုပ်မည့်သူက နိုင်ငံရေးမူဝါဒတွေအပေါ်မှာ ခိုင်ခိုင်မာမာရပ်ဖို့လိုသည်။ မဟာမိတ်အဖွဲ့တွေနဲ့ ဆွေးနွေးညှိနှိုင်းဖို့လိုသည်။ အောင်မြင်သည့် မဟာဗျူဟာတရပ်ကို ဖေါ်ဆောင်နိုင်ဖို့အတွက် နိုင်ငံရေးသမားများနှင့် ဒူးတိုက်ငြင်းခုန်ရမည်။ အနုပညာသမားတယောက်ကလည်း သူ့စိတ်ကူးထဲမှာ နေနိုင်သည်။ တကိုယ်တော်ဖန်တီးလို့ရသည်။ နိုင်ငံရေးဘဝနဲ့ အနုပညာသမားဘဝက တခါတလေ ဆန့်ကျင်ဘက်ဆီကို တိတိကျကျ ဦးတည်ကြတယ်။ ဘဝဆိုတာ ဘာကိုမှ စာချုပ်ချုပ်ထားသည့်အရာမဟုတ်။ အနှောင်အဖွဲ့တွေကို ကျနော်ကလည်း ကြိုက်သူမဟုတ်။

သူနဲ့အတူတူပါလာတဲ့ ကိုကိုကြီး ကတော့ ထောင်မကျခင်ကာလဆီက ပုံစံအတိုင်း ယိမ်းနွဲ့နေသည်။
ဖို့ဒ်ဝင်းအစည်းအဝေးပျက်သွားတော့ ၈၈၈၈ အရေးတော်ပုံကြီးမှာ ဦးဆောင် ပါဝင်ခဲ့တဲ့ လုပ်ဖေါ်ကိုင်ဘက်တွေက  ကိုကိုကြီးနဲ့ ဖုံးဆက်မေးကြတယ်။
အောင်ဒင်က နောက်ကွယ်ကနေ မရိုးမသားဝါဒဖြန့်နေချိန်မှာ ကိုကိုကြီးကတော့ ပင်ပမ်းလို့မတွေ့တာပါတဲ့။ ဒါပေမဲ့ အမှတ်မထင်သူပြောလိုက်သည့် စကားစုတစုက ကျောင်းသားတွေကို စိတ်ထိခိုက်စေသည်။ " ခင်ဗျားတို့ နေ့လည်တုံးက ပြည်သူတွေနဲ့တွေ့တဲ့ပွဲကို မလာကြဘူးလား " တဲ့။
" သူ့ကို မေးစရာရှိရင် အောက်ကနေ စာရွက်နဲ့ရေး မေးလို့ရတာပဲ " တဲ့။

အိုး-- မိုင်ဂေါ့ လို့ ကျနော့နှုတ်က ခပ်တိုးတိုးငြီးလိုက်မိသည်။
အနာဂတ်အတွက် စိုးရိမ်သွားမိတယ်။ တကယ်တော့ ကျနော်တို့က ကိုယ့်ဘဝနှင့်ကိုယ်။ မည်သည့်အရာကိုမှ တွေ့ချင်လွန်း၊ စားချင်လွန်းသူတွေမဟုတ်၊ နှစ်ဘက်လုံးက သဘောတူခဲ့လို့ ခရီးရှည်တွေကို ထွက်လာခဲ့ကြတာမို့လား။ ဘာရယ်မဟုတ် အတိတ်တုံးက အရိပ်တွေက ကျနော့ဘေးမှာ ထိုင်နေသည့် အရေးတော်ပုံကျောင်းသားတွေရဲ့ အမှတ်သညာမှာ မှတ်မှတ်ထင်ထင်ပြန်ရောက်လာသည်။ ရန်ကုန်ခရိုင်ကျောင်းသား သမဂ္ဂကျောင်းသား ခေါင်းဆောင်တဦးဖြစ်ခဲ့သူ ကိုသန်းဝင်း ( ဖလော်ရီဒါ ) က စက်တင်ဘာ (၁၈) ရက် အာဏာမသိမ်းခင် နေ့လည်ပိုင်းဆီက အဖြစ်အပျက်တွေကို ပြောပြသည်။
ထိုတုံးက နိုင်ငံရေး ခေါင်းဆောင် (၅) ယောက် ရဲ့ မညီညွတ်မှုကြောင့် ကျောင်းသားအားလုံး ခေါင်းချင်းရိုက်ပြီး ကြားဖြတ်အစိုးရဖွဲ့ဖို့ လုပ်နေချိန်၊ ကျောင်းသားအဖွဲ့တွေတင်သာမက လူထုလူတန်းစားပေါင်းစုံ၊သမဂ္ဂအသီးသီးမှ ကိုယ်စားလှယ်တွေ စုစည်းကြသည်။ ကိုကိုကြီးတယောက် အစည်းအဝေးကို တက်ခွင့်မပြုဖို့အတွက် တချို့က ကန့်ကွက်ကြသည်။ ရကသ ကိုသန်းဝင်းက ကျောင်းသားချင်း သံသယဖြစ်တာမကောင်းပါဘူး လို့ နားချပြီး ကိုကိုကြီးကို အစည်းအဝေးတက်စေခဲ့သည်။ သို့သော် ဘာမှမကြာလိုက်၊ ညနေပိုင်းမှာ စစ်အာဏာသိမ်းခြင်းကို ခံလိုက်ကြရသည်။
ခုတော့ လွမ်းစရာတွေ အမှတ်ရစရာတွေအစား အတိတ်မေ့ရောဂါတခုရဲ့ တုန့်ပြန်မှုအောက်မှာ လူတွေ ဒဏ်ရာနှင့်သွေးတိတ်ဖို့ ကြိုးစားနေကြသည်။



မုန်တိုင်းထန်သောနှစ်များ

တကယ်တော့ ၁၉၉၀ နှစ်ကာလတွေက တိုက်ပွဲအပြင်းထန်ဆုံးကာလဖြစ်လိမ့်မည်။ ရွေးကောက်ပွဲနီးလာသည်နှင့်အမျှ ကျနော်တို့ကြားက အတွေးအခေါ်အယူအဆတွေကလည်း စူးစူးဝါးဝါးထိပ်တိုက်တွေ့လာကြသည်။ ရန်ကုန် ဗကသ အုပ်စု က နှစ်စကွဲထွက်သွားပြီ။ ကိုကိုကြီး ရဲ့ ဗကသ နှင့် အောက်ဗမာပြည် ဗကသ ဆိုပြီး နှစ်စုကွဲသွားသည်။ အောက်ဗမာပြည် ဗကသ အုပ်စုကလည်း ကိုကိုကြီးသည် စတိတ်မန့်တွေသာထုတ်ပြီး ဘာမှမလုပ်၊ တိုက်ပွဲမဖေါ်နိုင်သည့် ကိုကိုကြီးကြောင့် အောက်ဗမာပြည် ဗကသ ကို ဖွဲ့ရတာ ဟု ဆိုသည်။ ဘာပဲဖြစ်ဖြစ် မန္တလေးမှာ ဗဟိုပြုသည့် ဗကသ အထက်ဗမာပြည်ဆီသို့ ရန်ကုန်ဗကသ အုပ်စု နှစ်စု လုံး ရောက်ခဲ့ဘူးကြသည်။ မြတောင်၊ မစိုးရိမ်ကျောင်းတိုက်တွေမှာ အနာဂတ်အတွက် ဆွေးနွေးငြင်းခုန်ခဲ့ကြသည်။ ရွေးကောက်ပွဲတွေကို ဖြတ်သန်းလိုက်ကြသည်။ ကျောင်းတွေပြန်ဖွင့်ခဲ့သည်။ ကျောင်းသားတွေ ငှက်ဖျားတော နှင့် အကျဉ်းထောင်ဆီမှာ အသက်တွေစတေးနေရချိန်။ ကျနော်တို့တတွေ စာသင်ခန်းတွေမှာ မပျော်ကြ။ စာသင်နေရတာကို အပြစ်တခု လို ခံစားနေကြရသည်။ နိုင်ငံတကာမှ ဒေါ်အောင်ဆန်းစုကို နိုဘယ်ငြိမ်းချမ်းရေးဆုပေးလိုက်သည့် အချိန်မှာတော့ ကျနော်တို့တတွေ စာသင်ခန်းတွေကို ကျောခိုင်းနှုတ်ဆက်လိုက်ကြပြီး ထောက်ခံဆန္ဒပြပွဲတွေကို ရန်ကုန်တက္ကသိုလ် နှင့် ရန်ကုန်စက်မှုတက္ကသိုလ်တွေမှာ ကျင်းပခဲ့ကြသည်။ ထိုတုံးက နိုင်ငံရေးနှင့်ပတ်သက်ခဲ့ဘူးသော ကျောင်းသားတချို့က သူတို့နှင့် ထိုဆန္ဒပြပွဲ ဘာမှ မဆိုင်ကြောင်း သက်သေပြသည့်အနေဖြင့် ထောက်လှမ်းရေးမှ ဖွင့်ထားသည့် လက်ဘက်ရည်ဆိုင်ရှေ့မှာ တနေကုန်သွားထိုင်ပြကြသည်။ သို့သော် မရ။ စစ်ထောက်လှမ်းရေးက နိုဘယ်ငြိမ်းချမ်းရေးလှုပ်ရှားမှုမှာ တကယ်ပါဝင်ခဲ့သူတွေရော၊ မပါဝင်ခဲ့သူတွေရော သိမ်းကြုံးပြီး ကျောင်းသား တော်တော်များများကို ဖမ်းဆီးထောင်ချလိုက်သည်။ များလိုက်သည့် နှစ်တွေ၊ ထောင်ဒဏ် (၁၅) နှစ် မှာ အနှစ် (၂၀) ထိကျကုန်ကြသည်။ ကိုကိုကြီးလည်း ထိုသို့ပြစ်ဒဏ်ချခံရသည့်ကျောင်းသားတွေထဲမှာ တယောက်အပါအဝင် ဖြစ်ခဲ့သည်။


ဘယ်လိုအကြောင်းကြောင်းကြောင့် ထောင်တွေကျခဲ့ကျခဲ့။ ဖက်ဆစ် အကျဉ်းထောင်ထဲမှာ ဖြတ်သန်းခဲ့ရ၊ ဘဝတွေစတေးခဲ့ရတဲ့ လုပ်ဖေါ်ကိုင်ဘက်တွေကို သေကံမရောက် ကံမပျောက်ပြန်တွေ့ကြတာ ဝမ်းသာသည်။ နှစ်ကာလသက်တမ်းကြလာသည်နှင့်အမျှ လူတွေလည်း ရင့်ကျက်လာလောက်ပြီ။ ကိုယ့်ဆီကို ရောက်လာတဲ့အခါ နွေးနွေးထွေးထွေးဧည့်ခံမည်။ မတွေ့ခဲ့ရသော နှစ်ကာလတွေမှာ ဒဏ်ရာတွေနှင့် မီးခပ်ကြည့်ကြပြီး အနာဂတ်အတွက် အိပ်မက်မက်ကြမည်။
သို့သော် ----  ခင်ဗျားတို့ နေ့လည်က ပွဲမှာ လာပြီးမေးလို့ရတာပဲ ဆိုသည့် စကားလုံးတွေက သူတို့ နှလုံးသားတွေကို အဆိပ်သင့်စေခဲ့သည်။
အော်--- ဒီလိုလား တဲ့။ သက်ပြင်းချယုံမှ တပါး ဘာမှမပြောနိုင်ကြတော့။
လက်ရေတပြင်တည်း နှလုံးချင်းအပ်ဖို့ အစီအစဉ်မရှိသည့် လူတယောက်ကို မည်သူကမှ ရည်းစားစာပေးဖို့ စိတ်မဝင်စား။ လင်းဆွဲတွေ လို အိပ်တန်းတက်နေသည့် လူတွေအောက်မှာ ထူးအိမ်သင်ရဲ့ သီချင်းတပုဒ်ကို ကြားနေမိသည်။
အို-- ညီလေး ရေ ***  မြစ်တခုမှာ ရေနှစ်ခါ ***မစီးဆင်းနိုင်တာ မင်းသိပါကွာ--- ***



အဆိပ်ပင်ရေလောင်းနေသူများ

တကယ်တော့ ကျနော်တို့ဘဝတွေက ခြားသွားပြီ။ တယောက်ဘဝကို တယောက် ကိုယ်ချင်းမစာနိုင်သည့် တကိုယ်ကောင်းဆန်မှုတွေက ရောဂါတခုလို အမြစ်တွယ်လာသည်။
တချို့က ပရောဂျက်တင်ထားသူချင်း ကျောခြင်းကပ်ထားသည့် ခြံခပ်နိုင်ငံရေးထဲမှာ အနာဂတ်အတွက် လုံခြုံစိတ်ချနိုင်သည့် ရင်းနှီးမြှုပ်နှံမှု ကို လုပ်ကြသည်။ ကွန်ယက်တွေကို လျှို့ဝှက်ဖွဲ့ကြည်။ တချို့က ထောင်ဒဏ်နှစ်ရှည်တွေကျခဲ့ကြပေမဲ့ ပြင်ပကမ္ဘာကို ရောက်လာတော့လည်း တခြားလူတွေလို ဘာအခွင့်အရေးမှ မရကြ။ ပိုမိုကြပ်တည်းသည့် စီးပွားရေး၊ လူမှုရေးအခက်အခဲတွေကို ရင်ဆိုင်လိုက်ကြရသည်။ အခွင့်အရေးတွေက ရဲဘော်ရဲဘက်စိတ် ဆိုသည့် အရာကို မေ့ပစ်လိုက်တော့ နာကျင်စွာခံစားရသူတွေရဲ့ အသံတွေက တစထက်တစလျှံတက်လာသည်။

" ငွေ ဆိုတာ သက်ရှိဖြစ်ပြီး လူဆိုတာ သက်မဲ့ ဖြစ်တယ် " ဆိုသည့် ကဗျာလေးကို သတိယမိသည်။   အရှေ့ဥရောပမှာ အရောင်တော်လှန်ရေးတွေ ဆုတ်ကပ် ရောက်သွားချိန်မှာ ကျနော်တို့ရဲ့ မိတ်ဆွေတွေက အရောင်တော်လှန်ရေးတွေရဲ့ အစ၊ အန်ဂျီအိုတွေနဲ့ ကိုယ်ရောင်ကိုယ်ဝါတောက်ပ နေတဲ့ ကာလတခုကို ဖြတ်ဖို့ ကြိုးစားနေဆဲ။ ဒီလိုနဲ့ အာဏာရှင်တွေသာ လက်ဦးခဲ့ပြန်သည်။ အနီရောင်တိမ်တိုက်တွေရဲ့ နေ့ခင်းပိုင်းမှာ  နေဝင်စောခဲ့သည်။



ဂီတသေ နေ့ရက်များ

ဝိညာဉ်မဲ့သော နိုင်ငံရေးသမား ဆိုတာ မြစ်သေတခုပေါ်မှာ လှေလှော်ဖို့ကြိုးစားနေတဲ့  အကန်းတယောက် လိုပါပဲ တဲ့။
တကယ်တော့ နိုင်ငံရေးခေါင်းဆောင်တချို့က လူရည်လည်သည်။ သူ့ကို မဲပေးမည့် တရားမဝင် အလုပ်သမားတွေကို တွေ့ကောင်းတွေ့နိုင်သည်။ ကြင်နာတတ်ဟန်ပြကောင်းပြမည်။ စီးပွားရေးသမားတွေနှင့် လက်ချင်းချိတ်ပြီး " ခင်ဗျားတို့လို လူမျိုးတွေ တိုင်းပြည်ထူထောင်ရေးအတွက် လိုတယ်လေဗျာ"  ဆိုသည့် စကားတွေကို လူကြီးလူကောင်းတယောက်လိုပြောမည်။ အင်အားကြီးနိုင်ငံတွေရဲ့ ထောက်ခံမှုကို ရဖို့အတွက် သင်္ကေတ ဆန်သည့် အဟောအပြောတွေကို တခါတလေ လွှင့်ထုတ်မည်။ သို့သော် သူတို့ကို မူဝါဒရေးရာအရ ခိုင်ခိုင်မာမာ အန်တု ဆွေးနွေးမည့် ခေတ်ပြိုင်နိုင်ငံရေးသမားတွေ ၊ လုပ်ဖေါ်ကိုင်ဘက်တွေကို တွေ့ဖို့ အချိန်မပေးနိုင်။ ဒါတွေက စီးပွားရေးလုပ်နေချိန်မှာ အနှောက်အရှက်ပေးမည့် အရာတွေဖြစ်သည်။
လက်ခုပ်သံတွေကြားနေရသည်။ ဆုတံဆိပ်တွေ အန်ကျလာသည်။လူတွေက အတိတ်မေ့ရောဂါကို နှစ်နှစ်သက်သက်မွေးမြူလာကြသည်။
အာရှပစ္စဖိတ်ဒေသဆီမှာ စစ်ရဲ့ အငွေ့အသက်တွေမြင်နေရသည်။
ဒီမိုကရေစီနှင့် ရုပ်သေးပွဲကြားမှာ ဇာတ်ကွက်အသစ်တွေရောက်လာသည်။
စစ်ဘုရင်ကစားပွဲပေါ်မှာတော့ ဘုရင်မကို ကာကွယ်မည့် စစ်သည်တော်တွေ တဖြည်းဖြည်းနည်းပါးလာခဲ့သည်။
တကယ်တော့
လူတွေက တခါတလေ မိုးတိမ်တွေလို တရွေ့ရွေ့ လွင့်ပြေးနေဆဲ ။
ကမ်းပါးပြိုနေတဲ့ ညအောက်မှာ ငှက်တွေ---
ဒရောသောပါး အိပ်တန်းတက်ဖို့ အုပ်စုဖွဲ့ ပျံသန်းနေဆဲ
" လူမျိုးတမျိုး ပျက်သုဉ်း၊ ဆုံးရှုံးတဲ့အကြောင်းကို ရိုက်ပြ ခဲ့တဲ့ အော်စကာ ဆုပါဗျာ -- ဒီ ဆု အတွက် ကျနော် ဘယ်လို ဂုဏ်ယူကြောင်းပြောပြဖို့ စကားရှာမရအောင်ပါပဲ" တဲ့

ရုပ်ရှင်မင်းသား၊ ဒါရိုက်တာ တဦးဖြစ်သူ ကယ်ဗင်ကော်စနာ ရဲ့ " ဝံပုလွေများနှင့် ကခုန်ခြင်း " ( Dance with Wolves ) ရုပ်ရှင်ဇာတ်သိမ်းပိုင်းလေးဆီက အော်ဟစ်သံတွေကို ကြားနေမိသည်။ နံရံတွေဆီက အထပ်ထပ် ပဲ့တင်ထပ်လာသည့် အသံများ---
ဝံပုလွေတွေ နဲ့ ကခုန်ခဲ့တဲ့ကောင်လေးရေ --- မင်းကို ငါတို့ မမေ့ပါဘူး
ဝံပုလွေတွေ နဲ့ ကခုန်ခဲ့တဲ့ ကောင်လေးရေ --- မင်းကို ငါတို့ မမေ့ပါဘူး ----- တဲ့။

ဂျွန်လရဲ့ မိုးစက်မှုန်တွေက လွန်ခဲ့တဲ့ အနှစ် (၂၀) ကျော်တုံးကလို တဖွဲဖွဲကျနေတုံးပဲလား။
ကံကော်အိပ်မက်ခြေရာတွေထဲမှာ ချစ်သူကို မပေးခဲ့တဲ့ ပန်းခြောက်လေးတွေ
လွှင့်တင်ခဲ့တဲ့ ခွပ်ဒေါင်းအလံလေးတွေ
ဒဏ်ရာနဲ့ စေးစေးထန်းထန်းပွေ့ဖက် အသက်ဆက်ဖို့ ကြိုးစားနေခဲ့ကြသည်။
ခုတော့ ---- ရင်ထဲမှာ မကောင်း။
အဝေးပြေးလမ်းမကြီးပေါ်မှာ လူတွေ လမ်းဆုံလမ်းခွတခုပေါ် ရောက်နေကြပြီ။
မိုးတိတ်သွားပြီ ဆိုရင်ဖြင့်
ကိုယ့်ခရီးကို ကိုယ်ဆက်ကြရလိမ့်မည်။

အောင်မိုးဝင်း

No comments: