Tuesday, June 04, 2013
ရေးသားသူ- သာဘန်း
ရှစ်လေးလုံး
...
ဒီမိုကရေစီ ပြည်သူ့အရေးတော်ပုံကြီး၏ ရလဒ်အဖြစ် တစ်ပါတီအာဏာရှင်စနစ်
ပျက်သုန်းပြီး တစ်ပြည်လုံးတွင် ပါတီစုံနိုင်ငံရေးစနစ် ပေါ်ထွန်းလာခဲ့သည်။
သွေးချင်းသားချင်း ညီနောင်ရင်းများဖြစ်သော တိုင်းရင်းသားလူမျိုးများသည်
ပြည်နယ်ခုနစ်ခုနှင့်တကွ အချို့တိုင်းဒေသကြီးများတွင်
တိုင်းရင်းသားလူမျိုးစုများသည် မိမိတို့လူမျိုးအလိုက်
နိုင်ငံရေးပါတီအဖွဲ့အစည်းများ ထူထောင်ပြီး လူမျိုးများ၏ ဘ၀တံခွန်သဏ္ဍာန်ကို
မြင့်မားစွာ လွှင့်ထူလာကြသည်။ တိုင်းရင်းသားလူမျိုးများ၊ နိုင်ငံရေးပါတီ
အဖွဲ့အစည်းများသည် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ နိုင်ငံရေးအရ တန်းတူရေး၊
ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေး၊ စစ်မှန်သောပြည်ထောင်စု (Federal Union)
ထူထောင်ရေး၊ ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးတို့ကို
အခြေခံမူဝါဒလမ်းစဉ်အဖြစ် ချမှတ်ထားခဲ့ကြသည်။
တိုင်းရင်းသားအဖွဲ့ချုပ်
တိုင်းရင်းသားလူမျိုးများ နိုင်ငံရေးပါတီများ၊ လူ့အဖွဲ့အစည်းများသည်
နစ်နာချက်များ၊ ခံစားချက်များ ရည်မှန်းဦးတည်ချက်များ တူညီနေကြသည်ကို
တွေ့မြင်ကြရသည်။ ထိုအချက်များအပေါ် မူတည်၍ ပထမဆုံးဦးဆုံးအကြိမ်
ပဏာမညှိနှိုင်း ဆွေးနွေးပွဲကို ၁၉၈၈ ခုနှစ် နိုဝင်ဘာလ တတိယအပတ်တွင်
ပြုလုပ်ခဲ့ကာ နောက်ထပ်သုံးကြိမ်ပြုလုပ်ပြီးေ
နာက် ၁၉၈၉ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်၌ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ
ဒီမိုကရေစီအဖွဲ့ချုပ် အမည်ဖြင့် တိုင်းရင်းသားလူမျိုးများ
နိုင်ငံရေးတပ်ပေါင်းစုတစ်ရပ်ကို ဖွဲ့စည်းနိုင်ခဲ့သည်။ ထိုအဖွဲ့ချုပ်တွင်
ပြည်နယ်ခုနှစ်ခုမှ တိုင်းရင်းသားများနှင့် လူမျိုးစုငယ်များပါဝင်ပြီး
အဖွဲ့(၁၈)ဖွဲ့ဖြင့် စတင်ကာ နောက်ပိုင်းတွင်(၂၅)ဖွဲ့ပါဝင်လာခဲ့သည်။
တန်းတူရေး
ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ
ဒီမိုကရေစီအဖွဲ့ချုပ် (UNLD) စတင်ထူထောင်စဉ်မှအစ တိုင်းရင်းသားလူမျိုးများ
ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ နိုင်ငံရေးအရ တန်းတူရေးနှင့်
ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး၊ စစ်မှန်သော ပြည်ထောင်စုစနစ် တည်ဆောက်ရေး၊
ပြည်နယ်တစ်ခုစီ၏ သီးခြားကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များကို
ပြည်နယ်တစ်ခုစီအတွင်းရှိ လူမျိုးများနှင့် လူမျိုးစုများ၏
အကျိုးစီးပွားနှင့်တကွ ပြည်ထောင်စုတစ်ခုလုံး၏ အကျိုးစီးပွားမထိခိုက်အောင်
ထိန်းသိမ်းရေးကို ပူးပေါင်းဆောင်ရွက်ရန်၊ ပြည်တွင်းငြိမ်းချမ်းရေး
ကြိုးပမ်းရန် စသဖြင့် လုပ်ငန်းစဉ် ၁၂ ချက် ချမှတ်ပြီး ဆောင်ရွက်ခဲ့သည်။
ထိုလုပ်ငန်းစဉ်များချမှတ်ပြီး ဆောင်ရွက်နေဆဲ ၁၉၉၂ ခုနှစ်တွင်
အဖွဲ့ချုပ်ဖျက်ဆီးခံခဲ့ရသည်။ သို့သော်လည်း ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (SNLD)မှာ ဖျက်သိမ်းခြင်း မခံရ၍ တိုင်းရင်းသားမဟာမိတ်များအဖွဲ့(UNA)အမည်ဖြင့် ဆက်လက်လှုပ်ရှားလျက်ရှိသည်။
ပြည်နယ်သစ်
ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်၏ အဓိကရည်ရွယ်ချက်မှာ ပြည်ထောင်စုဖွား တိုင်းရင်းသားလူမျိုးများအားလုံး၊
လူမျိုးစုများ၊ လူမျိုးနွယ်စုအားလုံး ရရှိခံစားထိုက်သော
ဒီမိုကရေစီရေးနှင့် တန်းတူအခွင့်အရေးများ အပြည့်အ၀ခံစားနိုင်ရန်
ပြည်ထောင်စုကြီးတွင် ပြည်နယ်များအပြင် ကိုယ်ပိုင်အုပ်ချုပ်ရဒေသနှင့်
တိုင်းများ၊ အမျိုးသားနယ်မြေများ သတ်မှတ်ပြဋ္ဌာန်းရန် မူဝါဒရှိခဲ့သည်။
ယနေ့အချိန်အခါတွင် မြန်မာနိုင်ငံ၌ ပြည်နယ်သစ်ဖွဲ့စည်းရန်
ဂုဏ်အင်္ဂါပြည်စုံသော လူမျိုးများရှိနေသည်။ ထိုညီနောင်တိုင်းရင်းသားလူမျိုးများတို့ ရသင့်ရထိုက်သော အခွင့်အရေးမဆုံးရှုံးမနစ်နာစေရန် ပြည်နယ်သစ်ဖွဲ့စည်းရေးကိုလည်း ခံယူထားသည်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်
၂၀၀၈ ခုနှစ် “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ”
အခန်း(၂) နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံ ပုဒ်မတွင် (စစ်ကိုင်းတိုင်းရှိ
လေရှီးမြို့နယ်၊ လဟယ်မြို့နယ်နှင့် နန်ယွန်မြို့နယ်တို့ကို စုစည်းပြီး
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (ခ) ရှမ်းပြည်နယ်ရှိ
ရွာငံမြို့နယ်နှင့် ပင်းတယမြို့နယ်တို့ကို စုစည်းပြီး
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (ဂ)ရှမ်းပြည်နယ်ရှိ ဟိုပုန်းမြို့နယ်၊
ဆီဆိုင်မြို့နယ်နှင့် ပင်လောင်းမြို့နယ်တို့ကို စုစည်းပြီး
ပအိုဝ့်အုပ်ချုပ်ခွင့်ရဒေသ (ဃ) ရှမ်းပြည်နယ်ရှိ နမ့်ဆန်မြို့နယ်နှင်
မန်တုံမြို့နယ်တို့ကို စုစည်းပြီး ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ (င) ရှမ်းပြည်နယ်ရှိ ကုန်းကြမ်းမြို့နယ်နှင့် လောင်ကိုင်မြို့နယ်တို့ကို စုစည်းပြီး ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ၊(စ)
ရှမ်းပြည်နယ်ရှိ ဟိုပန့်မြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင်မြို့နယ်၊
နားဖန်းမြို့နယ်၊ မက်မန်းမြို့နယ်နှင့် ပန်ဆန်း(ပန်းခမ်း) မြို့နယ်
ခြောက်မြို့နယ်တို့ကို ခရိုင်နှစ်ခရိုင်ဖွဲ့ပြီး
“၀”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟူ၍ ဖွဲ့စည်းပေးထားသည်။
ထို့သို့ ၂၀၀၈ ခုနှစ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသော ဥပဒေ၊ ပုဒ်မအရ
နိုင်ငံတော်နယ်နိမိတ်ကို ပြင်ဆင်သတ်မှတ်ရန် တိုင်းဒေသကြီး(သို့မဟုတ်)
ပြည်နယ်နယ်နိမိတ်ကို လိုအပ်သလို ပြင်ဆင်သတ်မှတ်ခြင်းတို့ကို
ခွင့်ပြုထားသည်။
“၀”လူမျိုးဆန္ဒ
ယခုအခါ “၀”လူမျိုးများက မြို့နယ်ခြောက်မြို့နယ်ကို ခရိုင်နှစ်ခုဖွဲ့ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ်
သတ်မှတ်ထားသည်ကို မြို့နယ်အချို့တိုးချဲ့ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ
ပြည်နယ်အဖြစ် လိုလားတင်ပြလျက်ရှိသည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများအဖြစ် ရရှိထားသော နာဂလူမျိုးအပါအ၀င် အခြားတိုင်းရင်းသားမျိုးနွယ်များကလည်း
မြို့နယ်များတိုးချဲ့ရေးကို လိုလားဆန္ဒပြင်းပြနေကြသည်။ ကယားပြည်နယ်
(ကရင်နီပြည်နယ်)ရှိ ကယန်းလူမျိုးတို့ကလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် ဆန္ဒဖော်ထုတ် လိုလားနေကြသည်။
လိုလားချက်
ပြည်နယ်သစ်များ ဖွဲ့စည်းရေးနှင့် ပြည်နယ်နယ်နိမိတ်သတ်မှတ်ရေးတွင်
ပြည်ထောင်စုအဖွဲ့ဝင်တို့၏ သီးခြားပြဿနာတစ်ခုအဖြစ် မိမိတို့၏
ကိုယ်ပိုင်ထင်ရှားချက်အတိုင်း နေလိုသည့်ဆန္ဒရှိကြောင်း လူမျိုး၏ လူဦးရေ
ထက်ဝက်ကျော်က ဆန္ဒပြုရန်လိုအပ်သည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ
နယ်မြေများဖွဲ့စည်းရန် “၀” ပလောင်(တအာင်း)၊ ဓနု၊ ကိုးကန့်၊ ပအိုဝ်း၊ ကယန်း၊
နာဂ စသည့် ပြည်ထောင်စုဖွား တိုင်းရင်းသားညီနောင်ရင်းများ၏ ဆန္ဒကို
ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်(တိုင်းရင်းသားနိုင်ငံရေး တပ်ပေါင်းစု) စတင်ဖွဲ့စည်းစဉ်က သတ်မှတ်သဘောတူထားပြီး အကောင်အထည်ဖော်ရန် လိုလားခဲ့သည်။
တိုင်းနှင့်ပြည်နယ်
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများနှင့်
ပတ်သက်၍ လုပ်ဆောင်ရန်အချက်များကို ဖော်ပြထားသောပုဒ်မများ ရှိသည်။ သို့သော်
တိုင်းကြီးခုနစ်တိုင်းနှင့် ပြည်နယ်ခုနစ်ပြည်နယ်ဟူ၍
တန်းတူဖော်ပြထားခြင်းမှာ တိုင်းရင်းသားများလိုလားသည့် လူမျိုးကို အခြေခံသော
ပြည်နယ်များဖြစ်ရေးဆိုသော သဘောထားနှင့် ကိုက်ညီခြင်းမရှိ၊ ဗမာတစ်ကျပ်၊
တိုင်းရင်းသားတစ်ကျပ်ဟူသော မူမဟုတ်ဘဲ ဗမာခုနစ်ကျပ် တိုင်းရင်းသားခုနစ်မျိုး
တစ်ကျပ်စီ (ခုနစ်ကျပ်) မူဖြစ်နေသည်။
ခေါင်းနှင့်ပန်း
ဒီမိုကရေစီရေးနှင့်အတူ တိုင်းရင်းသားများ နိုင်ငံရေးတန်းတူ
အခွင့်အရေးရရှိရေးဟူသော ငွေဒင်္ဂါးတစ်ပြား၏ ခေါင်းနှင့်ပန်းပမာ တစ်စိတ်တည်း
တစ်ဝမ်းတည်းဖြစ်သော ဖွဲ့စည်းပုံအခြေခံဥပေဒ (၂၀၀၈ခုနှစ်)ကို ပြန်လည်ပြုပြင်
ရေးဆွဲရန် တိုင်းရင်းသားနိုင်ငံရေးပါတီများက တောင်းဆိုနေခြင်းဖြစ်သည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အခြေခံမူများပါ
အချက်အလက်အချို့နှင့်တကွ အခန်းကဏ္ဍ အများအပြားတွင် လက်ခံနိုင်ရန် ခဲယဉ်းသည့်
အချက်များပါဝင်သည်ဆိုကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအ၀င်
နိုင်ငံရေးပါတီများကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရန်
ဆန္ဒထုတ်ဖော်နေကြသည်။ စစ်မှန်သော ဒီမိုကရေစီနိုင်ငံတော် တည်ထောင်မည်ဆိုလျှင်
ပြည်သူအများက လိုလားသော ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ရှိရမည်ဖြစ်ပေသည်။
သို့မှသာလျှင် တိုင်းရင်းသားပြည်သူအားလုံး ဆန္ဒနှင့်ညီသော ငြိမ်းချမ်းသည့်
ပြည်ထောင်စုမြန်မာနိုင်ငံကြီးကို ချီတက်နိုင်မည်ဟု ခံယူပါသည်။
ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
7Day News Journal
No comments:
Post a Comment