မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။
ထားဝယ်ဆိပ်ကမ်းအိပ်မက် ထိုင်းတို့စွန့်လွှတ်သင့်
ပြီးခဲ့သည့်လအတွင်း ထိုင်းဝန်ကြီးချုပ် ယင်လပ်ခ်ရှင်နာဝပ်
ဂျပန်နိုင်ငံသို့ သွားရောက်ခဲ့ပြီး ချက်ချင်းဆိုသလိုပင် ဂျပန်ဝန် ကြီးချုပ်
မြန်မာနိုင်ငံသို့ လာရောက်သော ရှေ့ဆင့်နောက်ဆင့် ခရီးစဉ်များမှနေ၍
ထားဝယ်ဆိပ်ကမ်းစီမံကိန်းအတွက် ဂျပန်ရင်းနှီးမြှုပ်နှံမှုများ
လာရောက်တော့မည်မဟုတ်ခြင်းကို တစ်ကြိမ်တည်းနှင့်အပြီး
အချက်ပြလိုက်ခြင်းလည်းဖြစ်ပါသည်။
ယခုအချိန်သည် ထားဝယ်မှ
ထွက်ခွာရန် အချိန်ပင်ဖြစ်သည်။ ထိုင်းအာဏာပိုင်တို့သည့် နိုင်ငံတွင်း၌ပင်
အခြားသော အလှည့်အပြောင်းဖြစ်မည့် ဆိပ်ကမ်းသစ်တည်ဆောက်ရေးနည်းဗျူဟာ တစ်ခုကို
ရှာဖွေရန် လိုအပ်နေပါသည်။
အချိန်တိုင်းလိုပင် ဂျပန်တို့ထံမှ
မဟုတ်ဘဲ ထိုင်းအစိုးရထံမှ ပုံစံအမျိုးမျိုးဖြင့် သတင်းကောင်းများ
အများအပြားရှိနေသည်။ ပြီးခဲ့သည့်အပတ်က အာရှ၏ အနာဂတ်ဆိုင်ရာ
နိုင်ငံတကာကွန်ဖရင့်တစ်ခုကို တက်ရောက်ရန်အတွက် တိုကျိုသို့ မစ္စယင်လပ်
သွားရောက်ခဲ့သည့် ထိုခရီးစဉ်အတွင်းနှင့် ခရီးစဉ်နောက်တွင်
ဝန်ကြီးချုပ်နှင့် ၀န်ကြီးအဖွဲ့ဝင်များသည် ဂျပန်စီးပွားရေးလုပ်ငန်းများက
ထားဝယ်စီမံကိန်းကို စိတ်ဝင်စားနေခဲ့ကြောင်း ၊ ထိုင်း၏ ကြီးမားလှသည့်
အခြေခံအဆောက်အအုံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ၊ ရေလွှမ်းမိုးမှုတားဆီးရေး
စီမံကိန်းများကိုလည်း စိတ်ဝင်စားနေပါကြောင်း
အခိုင်အမာအတည်ပြုလျက်ရှိခဲ့သည်။ သို့ သော် မီဒီယာပိုင်းကမူ
ထားဝယ်စီမံကိန်းကို ဂျပန်ရင်းနှီးမြှုပ်နှံသူတို့ မျက်စိကျခြင်းရှိ၊
မရှိကို ထိရောက်စွာ သက်သေမပြနိုင်ခဲ့ပါ။ ထို့ကြောင့်
ထိုင်းအစိုးရခေါင်းဆောင်များက ထားဝယ်အကြောင်းပြောသမျှမှာ
တစ်ဖက်သတ်အမြင်ဖြင့် သတင်းပေးပို့မှုများသာဖြစ်နေတော့သည်။ အမှန်တော့
ထားဝယ်မှာ တဖြည်းဖြည်းချင်း သေဆုံးနေပြီး သီလ၀ါစီမံကိန်းကသာ
တကယ့်ထားဝယ်ကဲ့သို့ဖြစ်နေပါသည်။
နှစ်ပေါင်း ၃၆ နှစ်အတွင်း
မြန်မာသို့ ပထမဆုံးလာရောက်ခဲ့သည့် ဂျပန်ဝန်ကြီးချုပ်ဖြစ်ခဲ့သော မစ္စတာအာဘေး၏
ခရီးစဉ်သည် ထိုင်းကို အမှန်တကယ် ထိုးနှက်ချက်ဖြစ်ခဲ့ပါသည်။ ဂျပန်သည်
မြန်မာသို့ ထောက်ပံ့မှုအသစ်များ၊ သက်သာသော အတိုးနှုန်းနှင့်ချေး
ငွေများအပြင် ယခင် အကြွေးဟောင်းများကိုလည်း ဒေါ်လာဘီလီယံနှင့်ချီ၍
လျှော်ပစ်ခဲ့ရာ ဤသည်မှာ သင်္ကေတအရရော၊ ပထ၀ီနိုင်ငံရေးအရပါ ထူးခြားလှသည့်
အချက်တစ်ချက်ဖြစ်ခဲ့သည်။
ပြီးခဲ့သည်နှစ်များအတွင်း မြန်မာသို့
တရုတ်တို့ဝင်ရောက်ခဲ့ပြီးနောက် ဂျပန်သည် ၎င်း၏ ပထ၀ီနယ်ပယ်ကို ပြန်ရယူနိုင်ရန်
မြန်မာသို့ ပြန်ဝင်လာခဲ့သည်။ တိုကျိုသည် မြန်မာအတွက်
စစ်အာဏာရှင်စနစ်လက်အောက်နှစ်များစွာမှသည် လက်ရှိဆောင်ရွက်နေသော
စီးပွားရေးနှင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများအတွက် နည်းတစ်ခါ၊
များတစ်လှည့်ဖြင့် တောက်လျှောက်အကူအညီပေးခဲ့သော သည်းခံနိုင်စွမ်းရှိသည့်
မိတ်ဖက်နိုင်ငံ၊ ကာလရှည်ရင်းနှီးမြှုပ်နှံလာခဲ့သူ၊ အလှူရှင်နိုင်ငံလည်း
ဖြစ်ပါသည်။ ၀န်ကြီးချုပ်အာဘေးသည် တရုတ်အပေါ် မှီခိုလွန်းရမှုကို
ညည်းငွေ့နေသော မြန်မာခေါင်းဆောင်တို့ထံမှ ကြိုဆိုမှုကိုလည်း ရခဲ့သည်။
မြန်မာနိုင်ငံ၏ အရေးပါသော ၀န်ကြီးတစ်ဦးက ဂျပန်နိုင်ငံကို
အရှေ့တောင်အာရှတွင် တရုတ်နှင့်အားပြိုင်နေမှု အနေအထားကိုမျက်ခြေပြတ်မခံဘဲ
စောင်းပါးရိပ်ခြည်ပြောသည့် သဘောဖြင့် “ပို၍ယုံကြည်လောက်ဖွယ်ကောင်းသော
မိတ်ဖက်နိုင်ငံ” ဟု ခေါ်ဝေါ်ခဲ့ပါသည်။
ဂျပန်နိုင်ငံ၏
ကြီးမားများပြားလှသော အကူအညီများနှင့် ချေးငွေများတွင် ရန်ကုန်မှ ၂၅
ကီလိုမီတာအကွာ တောင်ဘက်တွင်ရှိသော သီလ၀ါစီမံကိန်းလည်း ပါဝင်သည်။
ဖွံ့ဖြိုးရေးလုပ်ရမည့် စီမံကိန်းဧရိယာမှာ ဟက်တာ ၂၀၀၀ ခန့်ရှိကာ
ထားဝယ်စီမံကိန်း၏ ဆယ်ပုံတစ်ပုံခန့်သာ ရှိသည်။ ထားဝယ်စီမံကိန်းမှာ
စစ်အစိုးရလက်ထက်၂၀၀၈ ခုနှစ်တွင် ထိုင်းဆောက်လုပ်ရေး ကုမ္ပဏီကြီး
အီတာလျံ-ထိုင်းကုမ္ပဏီက လုပ်ကိုင်ခွင့်ရခဲ့ခြင်းဖြစ်သည်။ ယခုတော့ သီလ၀ါတွင်
ဂျပန်အစိုးရနှင့် ရင်းနှီးမြှုပ်နှံသူများသည် ငွေများကို
ထည့်သွင်းမြှုပ်နှံနေပါပြီ။ သီလ၀ါဇုန် ဖွံ့ဖြိုးရေးနှင့် ဆက်စပ်နေသည့်
စက်ရုံများတည်ဆောက်ရေးအတွက် ဂျပန်သည် ဒေါ်လာ သန်း ၂၀၀ ပေးထားပြီးနောက်လည်း
ထပ်ပေးဖွယ်ရှိနေသည်။ ထားဝယ်ကိစ္စကတော့ အာဘေး၏ မြန်မာခရီးစဉ်တွင်
မပါဝင်ခဲ့ပါချေ။
ဂျပန်သည် ထားဝယ်ကိစ္စကို ဥပေက္ခာပြုထားခြင်း
လူသိရှင်ကြားပြသမည်မဟုတ်ပါ။ အဓိကအားဖြင့်လည်း ထိုင်းတို့ အကျိုးအမြတ်အတွက်
ထားဝယ်တွင် ဒေါ်လာ ၈ ဒသမ ၅ ဘီလီယံခန့်ကို ဘဏ္ဍာရေးအရ ထောက်ပံ့ပေးရန် သူတို့
ဘာကြောင့်လုပ်သင့်
ပါသလဲ။ သူတို့ကို ဘယ်သူက အပြစ်တင်နိုင်ပါမည်လဲ။
ဂျပန်အစိုးရနှင့် စီးပွားရေးလုပ်ငန်းရှင်များက ထိုင်းတို့၏ မြန်နှုန်းမြင့်
ရထားလိုင်းများ စီမံကိန်းကို စိတ်ဝင်စားကြောင်း ပြသခဲ့သောအခါ ထိုအချက်မှာ
၎င်းတို့၏ အလျှော့ပေးချက်နှင့် နှစ်သိမ့်ချက် လည်းဖြစ်ခဲ့သည်။ ထိုင်း၏
မြန်နှုန်းမြင့် ရထားများစီမံကိန်းကို တရုတ်နိုင်ငံက
ကုန်ကြမ်းဖြည့်ဆည်းသူအဖြစ် ပါဝင်လုပ်ဆောင်မည်ကို ဂျပန်နှင့်အတူ
ယှဉ်ပြိုင်လုပ်ဆောင်ခွင့်ပေးခဲ့သည်။
မြန်မာအစိုးရကလည်း
နွေးထွေးသော ထောက်ခံအားပေးမှုကို အကောင်းဆုံးတော့ ပြသခဲ့သည်။
ဂျပန်ကဲ့သို့ပင် ထားဝယ် စီမံကိန်းကို လူသိရှင်ကြားမငြင်းပါ။ ထိုင်းဘက်ကသာ
ဘဏ္ဍာရေး ထောက်ပံ့မှုပေးနိုင်လျှင် မြန်မာဘက်ကလည်း ဆက်လုပ်သွားမည့်ပုံ
ရှိနေသည်။ မြန်မာဘက်မှ ထားဝယ်စီမံကိန်းကို လုပ်ဆောင်ရေးအတွက်
ခိုင်ခိုင်မာမာ (သို့မဟုတ်) ရှင်းရှင်းလင်းလင်း ထောက်ခံအားပေးသော
မည်သည့်ထုတ်ပြန်ကြေညာချက်မှ မရှိပါ။ ထိုင်းအစိုးရခေါင်းဆောင်များဘက်က
သာကိုယ့်ဘာသာကိုယ် မြှင့်တင်ပြောကြားနေသည်သာ ရှိနေသည်။
သီလ၀ါသည်
ဂျပန်နှင့်မြန်မာအတွက် အပြန်အလှန် အကျိုးဖြစ်ထွန်းရာနေရာဖြစ်သည်။ ထားဝယ်သည်
ထိုင်းတို့အတွက် ဗဟိုဆိပ်ကမ်း၊ လောင်စာစွမ်းအင်ရင်းမြစ်နှင့်
ဖွံ့ဖြိုးရေးအတွက် အသက်သွေးကြောဖြစ်သည်။ သို့သော် ၎င်းစီမံကိန်းသည် အိမ်ရှင်
မြန်မာနှင့် ဘဏ္ဍာရေးရင်းနှီးမြှုပ်နှံပေးရမည့် ဂျပန်အတွက် မသေချာသောအရာ၊
တစ်နည်းအားဖြင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ၊ ကျန်းမာရေးရှုထောင့်နှင့်
လူသားဖွံ့ဖြိုးတိုးတက်ရေးတို့ အခြေခံများမှကြည့်လျှင် ပြဿနာပင်ရှိနိုင်သည့်
နေရာဖြစ်နေသည်။ ဤသို့ဖြင့် ထိုင်းတို့၏ ထားဝယ်စီမံကိန်းအတွက်
အနာဂတ်ရေးရေးသာ ရှိလာနေတော့သည်။
ဘဏ္ဍာရေးဆိုင်ရာ
အခက်အခဲကန့်သတ်ချက်များအပြင် ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းမှာ
အခြားအန္တရာယ်ကြီးသော ပြဿနာများလည်း ရှိသည်။ ရွာသားများကို
ပြောင်းရွှေ့ခိုင်းရန်ကလည်း လိုအပ်နေပြီး ရွှေ့ပြောင်းသယ်ယူပေးမည့်
အစီအစဉ်များလည်း မရှိသေးပါ။ လူသားအရင်းအမြစ် ပြဿနာကလည်း အတော်ရှိနေသည်။
ထားဝယ်ဆိပ်ကမ်းတွင်ရှိသော ပင်လယ်ကလည်း ရေသိပ်မနက်ပါ။ ITD က
ထိုင်းအစိုးရကျောထောက် နောက်ခံပေးမှုနှင့် စီစဉ်ပေးမှုများ၏
အကျိုးရလဒ်များကို စိုးရိမ်နေကြောင်း ပြနေသော်လည်း ပုဂ္ဂလိက ကုမ္ပဏီပီပီ
တကယ်တမ်းစိုးရိမ်သည်က သူ့ငွေကြေး ဆုံးရှုံးမည်ကိုသာ ဖြစ်သည်။
ယခုဖော်ပြခဲ့သည့် စိုးရိမ်စရာပြဿနာများသည် ထိုင်းနိုင်ငံလုံခြုံရေးအတွက်
အထူးအရေးကြီးလှသည်။ ထားဝယ်က ထိုင်းနိုင်ငံတွင် ရှိသည် မဟုတ်ပါ။
စီမံကိန်းမှာ ငွေအမြောက်အမြား လိုအပ်နေချိန်တွင် မြန်မာအစိုးရ၏
အပြောင်းအလဲများသော မူဝါဒအသစ်များနှင့် ဘာသာရေးအကြမ်းဖက်မှုများ
လုပ်ဆောင်နေသည့်အပေါ် တရားဥပဒေအရ အဆုံးအဖြတ်ပေးပါလိမ့်မည်။ ထိုင်းအစိုးရက
ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းနောက် အသည်းအသန် လိုက်နေခြင်းသည် ပြည်သူလူထု၏
အရင်းအမြစ်များကို သက်သက်ဖြုန်းတီးခြင်းသာ ဖြစ်သည်။
ယခုကဲ့သို့
ဆက်ပြီးလိုက်နေပါက ထားဝယ်ဆိပ်ကမ်းစီမံကိန်းမှာ နာမည်ဆိုးထွက်သည်ထက်
ထွက်လာပါလိမ့်မည်။ အဘယ်ကြောင့် ဆိုသော် ထိုင်းဝန်ကြီးချုပ် ယင်လပ်၏
အစ်ကိုဖြစ်သူဝန်ကြီးချုပ်ဟောင်း သက်ဆင်ကလည်း ထားဝယ်နှင့် ဆက်စပ်နေသော
လုပ်ငန်းအပေါ်တွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားခဲ့သည်။
မြန်မာကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်
ပြီးခဲ့သည့် ဧပြီလတွင်သက်ဆင်တို့တွေ့ဆုံသည်က ထားဝယ်ဆိပ်ကမ်းစီမံကိန်းအပေါ်
သံသယများ ကြီးထွားလာစေသည်။ ကုန်ကျမှုများကို အစိုးရ၏ သယံဇာတများနှင့်
အစားထိုးနေသည်ဆိုပါက ITD နှင့်အစိုးရအတွင်း လူများနှင့်ဆက်ဆံရေးကို
စုံစမ်းစစ်ဆေးသင့်သည်။
သေချာသည့်အချက်မှာ
ထားဝယ်ဆိပ်ကမ်းစီမံကိန်းကို ဦးဆောင်သည့် ၀န်ကြီးချုပ်ယင်လပ်သာ ဖြစ်သည်။
ယခင်ဝန်ကြီးချုပ် အဘီဆစ်လက်ထက်က မြန်မာနိုင်ငံတွင် စက်မှုဇုန်ဆောက်လုပ်ရန်သာ
ထိုင်းနိုင်ငံဘက်က စိတ်ဝင်စားခဲ့သည်။ အဘီဆစ် လူသိရှင်ကြား ပြောကြားခဲ့သည့်
မက်တပွတ်စက်မှုဇုန်ကသာ ထိုင်းနိုင်ငံက စက်မှုလုပ်ငန်းများအတွက် သေချာရေရာသော
နေရာတစ်ခု
ဖြစ်သည်။
ထားဝယ်စီမံကိန်းကမှု ထိုင်းအစိုးရကို
ရေလိုက်လွဲနေရုံသာမက ထိုင်းနိုင်ငံကြီးပွားဖွံ့ဖြိုးမှု ခြေလှမ်းများကိုပါ
လွဲမှားစေသည်။ အရှေ့ပိုင်းကမ်းနယ်မြေသည် အလားအလာကောင်းသည် မှန်သော်လည်း
ထိုင်းနိုင်ငံ လန်ချဘန်ဆိပ်ကမ်းဧရိယာသည်လည်း အနာဂတ်ဖွံ့ဖြိုးမှုများအတွက်
အကောင်းဆုံးနေရာတစ်ခုဖြစ်သည်။ လန်ချာဘန်ဆိပ်ကမ်းက တိုးပွားလာသော
စွမ်းဆောင်နှုန်းသည် အခြားရေနက်ဆိပ်ကမ်းအသစ်တစ်ခု၏ ဆောင်ရွက်ရန်နှုန်း
သုံးပုံတစ်ပုံနှင့် ညီမျှလာပါလိမ့်မည်။
တစ်ချိန်တည်းမှာပင်
မယ်တပွတ်စက်မှုဇုန်အတွက်လည်း အစိုးရ၏ ဆောင်ရွက်မှုများနှင့် သက်ဆိုင်ရာ
အရပ်သားအဖွဲ့အစည်းများနှင့် ပြောဆိုဆွေးနွေးမှုများ လိုအပ်နေသည်။
ထိုင်းနိုင်ငံ၏ သက်တမ်းကြာရှည်နေသည့် စက်မှုလုပ်ငန်းများကို
ပိုမိုတိုးချဲ့ရန် လိုအပ်သည်။ အရပ်သားအဖွဲ့
အစည်းများပူးပေါင်းဆောင်ရွက်မှုမပါသော လုပ်ငန်းများသည် ယုံကြည်မှုနှင့်
စေတနာမပါရှိသည့်အတွက် အခက်အခဲကြုံတွေ့ရ မည်သာဖြစ်သည်။
အရှေ့ပိုင်းက ဆိပ်ကမ်းများ တိုးတက်ဖွံ့ဖြိုးလာသည်ဆိုလျှင် ထိုင်းနိုင်ငံ၏
စီးပွားရေးတိုးတက်ရေးနှင့် စွမ်းအင်လိုအပ်မှုစသည့်
အနာဂတ်ဖံွံ့ဖြိုးမှုလုပ်ငန်းများအတွက် မလုံလောက်သေးပါ။ ထိုင်းငွေကြေးဘတ် ၂
ဒသမ ၂ ထရီလီယံ မြှုပ်နှံရသည့် စီမံကိန်းကြီးသည် ထိုင်းနိုင်ငံအတွက်
လုံလောက်သောအကျိုးအမြတ်ရရှိနိုင်ကြောင်း ထိုင်းအစိုးရအနေဖြင့်
သေချာမှုရှိရမည်။
လန်ချဘန်ဆိပ်ကမ်းနှင့်
အခြားပို့ဆောင်ရေးအရင်းအမြစ်များအပြင် ထိုင်းနိုင်ငံအနေဖြင့် အနာဂတ်တွင်
လာမည့် ဆယ်စုနှစ်များအတွင်း ဆိပ်ကမ်းအသစ် လိုအပ်လာနိုင်သည်။ သို့သော်လည်း
ထိုင်းနိုင်ငံက အပြည့်အ၀ ထိန်းချုပ်နိုင်သည့် ထိုင်းပိုင်နက် နယ်မြေအတွင်း
ဖြစ်ဖို့လိုအပ်သည်။
(ဘန်ကောက်ပို့စ်သတင်းစာပါ
ချူလာလောင်ကွန်တက္ကသိုလ်တွဲဖက်ပါမောက္ခ မစ္စတာ Thitinan Pongsudhirak
၏ဆောင်းပါးကို ကျော်မျိုးနှင့်ထားထားမြင့်က မူရင်းအတိုင်း ဘာသာပြန်ဆိုသည်)
No comments:
Post a Comment