သူတို့ခေါ်တော့ ဒုက္ခသည်၊ ကိုယ့်ကိုယ် ကိုတော့ တော်လှန်ရေးသမား (၂၂) (နိဂုံးပိုင်း)
ကျနော်တို့ ထောင်ထဲရောက်တော့ဖတ်စရာ ဆိုလို့ အောင်သန့်မင်း( ဂိုင်စီ)ဆီက အဖုံးတွေပြုတ်ပြီး စာရွက်တွေ ကြေမွတွန့်ခေါက်နေတဲ့ အင်္ဂလိပ်ဂရမ်မာ စာအုပ်အဟောင်းတအုပ်ဖတ် ရတယ်။စာအုပ်တအုပ်လုံး လွတ်နေတဲ့ ကွက်လပ်တွေမှာ မြန်မာသီချင်းတွေ အများကြီး ရေးထားတယ်။ ပုံနှိပ်စာလုံးတွေ လွတ်နေတဲ့ အပေါ်ပိုင်း နဲ့ အောက်ပိုင်းဘေးဖက်နဲ့ ချောင်ကြားတွေပါမကျန် ညီညီလွင်က သူ အလွတ်ရတဲ့ မြန်မာသီချင်းတွေ အကုန်ရေးထားတယ်။သင်္ကြန်မိုးကားထဲက သင်္ကြန်သီချင်း တွေ စီးရီး လိုက်ရေးထားသလို ကျနော်တို့ကျောင်းသားဘ၀ကလဘက်ရေဆိုင်တွေမှာ ဖွင့်လေ့ရှိတဲ့ အဆိုတော်ခင်မောင်တိုး၊ စိုင်းထီးဆိုင် တို့ရဲ့ သီချင်းတွေလည်းပါတယ်။ ခင်မောင်တိုးရဲ့ ကြိုးကြာသံနဲ့ ပန်းခရမ်းပြာ စိုင်းထီးဆိုင်ရဲ့ သဘာဝရဲ့ ရင်သွေးငယ်သီချင်းတွေကိုကျနော်တို့ သံပြိုင်ဆိုရင် ကသဲတွေကတောင် ငေးပြီးနားထောင်ကြတယ်။ အခန်းမတူတဲ့ ဗမာတွေအချင်းချင်းအင်္ဂလိပ်ဂရမ်မာ စာအုပ်ကို ငှားကြတယ်။ အင်္ဂလိပ်စာ လေ့လာဖို့မဟုတ်၊ သီချင်းတွေ ၀ိုင်းဖွဲ့ဆိုပြီးအပျင်းဖြေတာပါ။
တနေ့ ကျနော်နဲ့ခင်တဲ့ ကသဲသူပုန်တယောက်က“ မင်းတို့ အိမ်ပြန်ရတော့မယ်၊ မင်းတို့ပါတီ ရွေးကောက်ပွဲနိုင်တယ်” လို့ လာပြောတယ်။ပြီးတော့ သတင်းစာလာပေးတယ်။ အဲဒီကျမှ ၁၉၉၀ ရွေးကောက်ပွဲကို NLD ကအပြတ်နိုင်သွားတယ်ဆိုတာသိရတာပါ။ အဲဒီတုံးက ကျနော်တို့တတွေ စစ်အစိုးရ လုပ်ပေးတဲ့ ရွေးကောက်ပွဲကို မယုံကြည်ဖူး။ဘာပဲဖြစ်ဖြစ် NLD နိုင်တယ်ဆိုတော့နည်းနည်းတော့ ပျော်တယ်။
ထောင်ထဲမှာ ကျနော်တို့ကို တလ နှစ်ခါ တရားရုံးထုတ်တယ်။ လူနှစ်ယောက်တတွဲ လက်ထိတ်ပူးခတ်ပြီးထောင်ပြင်ထုတ်တာပါ။ ကျနော်နဲ့ညီညီက အမှုတွဲဆိုတော့ နှစ်ယောက်တွဲပြီးလက်ထိတ်ခတ်တယ်။ တရားရုံးထုတ်ပြီဆို အ၀တ်အစားသန့်သန့် ကောင်းကောင်း ၀တ်ကြတယ်။ ရေမိုးချိုးဖီးလိမ်းသန့်စင်လေ့ရှိတယ်။ ကသဲတွေကလည်း သူတို့ ၀တ်ကောင်းလှတွေ ငှားပေးတတ်တယ်။ ဒီလူတွေကမဟုတ်တာ လုပ်ပေမဲ့ သူတို့ တရားရုံးကိုတော့ တလေးတစားရှိကြတယ်။ ကျနော်တို့က အင်ဖားအပြင်ဘက်ထောင်ဘယ်လ်(Thoubal)တရားရုံးကိုထုတ်တာဖြစ်တယ်။ တခါတခါ ရုံးထဲတောင်မ၀င်ရဖူး၊ လူပါတယ်ဆိုတာစာရင်းပြတာနဲ့ လုံလောက်တယ်။ ကျနော် တို့နှစ်ယောက် ထောင်ထဲ အ၀င်တခါ၊ အထွက်တခါပဲ တရားရုံးထဲဝင်ဘူးတယ်။တရားရုံးထုတ်ရင် အများသူငါ တက်ကြွတယ်။ ဘာလို့လဲဆို ထောင်အပြင်ထွက်ရရင် ဆေးလိပ်တ၀ကြီးသောက်ရတယ်၊ခိုင်နီး ကို ပါးစောင်အပြည့် ငုံရတယ်။ အပြန်ကျရင် ဆေးလိပ်နဲ့ ခိုင်နီးတွေကို ချောင်ကြိုချောင်ကြားထဲဝှက်လာရင်ထောင်ထဲမှာ စိုပြေတယ်။ အကျဉ်းသားတွေက တရားရုံးထုတ်ရင် ညီညွတ်တယ်။ ထောင်ကားထဲမှာပါတဲ့လူတိုင်းစီးကရက်၊ ခိုင်နီး၊ ဘီဒီ အညီအမျှဝေပေးတယ်။ ငါ့အိမ်ကပေးတာ ငါပိုယူမယ်ဆိုတဲ့စိတ် မထားဖူး။အကျဉ်းသားအချင်းချင်း ရဲဘော် ရဲဘက်စိတ်တွေ ရှိကြတယ်။ ဒါနဲ့ပဲ ကျနော်နဲ့ညီညီက စီးကရက်တွေဖွာ၊ခိုင်နီးတွေငုံနဲ့ မူးနောက်နေတော့တာပဲ။ ကျနော်ဆို ကားမူးတာနဲ့ ခိုင်နီးမူးတာ ရောပြီးအချုပ်ကားပေါ် အံချလိုက်ရတယ်။ အဲဒီနေ့က ကျနော်တို့ စီးကရက် တယောက် တလိပ်စီရတာ မသောက်ရက်ဖူး။ညီညီလွင်ဝတ်ထားတဲ့ ဘောင်းဘီရှည်ဂွမှာ စီးကရက် ၂လိပ်ကို ထည့်ပြီးဝှက်ထားလိုက်တယ်။ ကျနော်တို့ပြန်တော့ထောင်တံခါးစောင့် မာဒရာဇီ ကုလားရဲတွေက ဟိုစမ်းဒီစမ်း စစ်ဆေးပေမဲ့ မတွေ့ဖူး။ မိလို့ကတော့အသေအလဲ ရိုက်ပြီး ဒေါက်ခတ်ခံရလိမ့်မယ်။ ညီညီလည်း ကြောက်ကြောက်နဲ့သယ်လာတာ။ အခန်းရောက်တော့ချက်ချင်းထမင်းစားကြတယ်။ အပြင်ကနေ ထောင်စောင့် ရဲက ကသဲလို..”ဒီစီးကရက် ဘယ်သူ့ဟာလဲ”လို့ လှမ်းမေးတယ်။ ကျနော်တို့က စကားမတတ်တော့ ရဲကို ဂရုမစိုက်ဘူး၊ မျက်နှာမပျက် ထမင်းစားမပျက်။ကိုယ့်ဆီက စီးကရက် အခန်းတံခါးဝအ၀င် ထွက်ကျနေခဲ့တာလည်း မသိဘူး။ ရဲလည်း ပြန်လစ်သွားတယ်။နောက်မှ ညီညီက စီးကရက် တလိပ်ပျောက်နေတာကို သိတယ်။ ဒါနဲ့ ကျန်တဲ့ စီးကရက်ကို သွားတိုက်ဆေးတဗူး၊ရှောစောင်ခြုံလွှာတထည် နဲ့ လဲလိုက်တယ်။ ကျနော်တို့လည်း မီးသွေးခဲနဲ့ သွားတိုက်စရာ မလိုတော့ဖူး။
တနေ့ ထောင်ထဲကို စခန်းက ကျနော်တို့ အဖွဲ့သား ၃ယောက်ထပ်ရောက်လာတယ်။သူတို့က ကိုဘရမ်(ကိုသိန်းဌေး) ကိုတင်ဝင်း နဲ့ မီဇိုရမ်စခန်းက ကိုဇင်နိုင်တို့ဖြစ်တယ်။သူတို့ကိုလည်း အင်ဖားမှာ ရဲက တွေ့ပြီးဖမ်းထည့်ထားတာ။ ဒါပေမဲ့ သိတ်မကြာလိုက်ဖူး။ အိန္ဒိယထောက်လှမ်းရေးက သူတို့ကို အာမခံနဲ့ ပြန်ထုတ်သွားတယ်။ကိုဇင်နိုင်ပြောလို့ သိရတာက ရန်ကုန်နဲ့ မန္တလေးက တက္ကသိုလ် ပါမောက္ခတချို့နဲ့ ဆရာကြီးတချို့အလုပ်ထုတ်ပယ်ခံရတယ်လို့ သိရတယ်။အဲဒီမှာ စာရေးဆရာ တက္ကသိုလ် ဘုန်းနိုင်နဲ့ ကျနော်မန်းတက္ကသိုလ်တက်စဉ် ပါမောက္ခ လုပ်ခဲ့တဲ့ ဦးကျော်မြင့်လည်း ပါတယ်လို့သိရတယ်။ ဆရာတွေအတွက် စိတ်မကောင်းဘူး။အဲဒီခံစားချက်လေးကို မှတ်သားပြီး သြဂုတ်လ ၈ရက်၊ ၈လေးလုံး၃နှစ်မြောက်နေ့မှာ အမှတ်တရအနေနဲ့ သီချင်းတပုဒ်ရေးလိုက်တယ်။ ကသဲသူပုန်ပေးတဲ့ ဘောပင်မှင်ချောင်းလေးနဲ့ ရေချိုးဆပ်ပြာပတ်တဲ့ စက္ကူကျောဘက်ကို အသုံးပြုပြီး စာရေးတာဖြစ်တယ်။ ဆပ်ပြာအပတ်စက္ကူတွေ ကျနော်က စုထားတယ်။ရဲအလစ်မှာ ကဗျာအတို စာအတိုလေးတွေ ရေးပြီး စိတ်ထွက်ပေါက်ရှာရတယ်။ သီချင်းစာသားလေးနည်းနည်းချရေးလိုက်၊ပေါင်လေးပုတ်ပြီး သံစဉ်လေးငြီးလိုက်၊ စကားလုံးလေးဖြည့်လိုက်နဲ့ နောက်ဆုံးတော့ သီချင်းလေးတပုဒ်ဖြစ်သွားတယ်။“ဆရာအိုရဲ့ တောက်ခေါက်သံ” ဆိုတဲ့ အဲဒီသီချင်းဟာ ထောင်ကထွက်ပြီး ၄နှစ်အကြာမှာ တော်လှန်သီချင်းတပုဒ်အဖြစ်အသံသွင်းခဲ့တယ်။
ထူးထူးခြားခြား သြဂုတ်လ တရက်မှာတော့ ထောင်ညွှန်မှုးက ကျနော်တို့ ၈လေးလုံး ကျောင်းသားအဖွဲ့တွေကိုခေါ်တွေ့တယ်။ အားလုံးပေါင်း ၈ယောက်။ သူက စာရွက်တရွက်မှာ လက်မှတ်ထိုးခိုင်းတယ်။ ရှေ့နေပါဝါလွှဲတဲ့လက်မှတ်ပါ။ကျနော်တို့အတွက် ရှေ့နေရပြီ၊ အမှုကိုစရင်ဆိုင်ရမယ် လို့ပြောတယ်။ အမှန်တော့ အားလုံးကလွတ်ရက်စေ့နေပြီ။ မြန်မာပြည်ပြန်လွှဲရင် ထပ်ပြီးအဖမ်းခံရမှာစိုးလို့ ဗမာပြည်ပြန်မပို့တော့ဖူး၊ ခက်တာက အိန္ဒိယ တရားဥပဒေအရ နိုင်ငံခြား ခိုးဝင်မှုဟာအလွန်ဆုံး(၆)လပဲ ချုပ်ပိုင်ခွင့်ရှိတယ်။ ကျနော်တို့အမှုပြတ်ရင် မူလ နိုင်ငံလွှဲလိုက်ရုံပဲ။ဟိုဘက်မှာ ကျီးထိုးထိုး ခွေးစားစား သူတို့နဲ့မဆိုင်ဘူး။ဒါပေမဲ့ ကျနော်တို့က အစိုးရကို အာခံတဲ့ သူပုန်တွေဖြစ်နေတယ်။ ပြန်ပို့ရင် အသက်အန္တရယ်ရှိတယ်။လူ့အခွင့်အရေးရှုဒေါင့်ကနေ ကြည့်ရင် ပြန်မပို့သင့်သူတွေ။ ဒါကြောင့် ဒေလီက ရှေ့နေ အန်တီနန်ဒီတာက လူအခွင့်အရေး ရှုဒေါင့်ကနေ ခုခံပြီး ကျနော်တို့ကို ကယ်ထုတ်လိုက်တာဖြစ်တယ်။တချိန်ထဲမှာ ရှေ့နေပါဝါ ရတာနဲ့ ကျနော်တို့ကို အာမခံနဲ့ထုတ်ပြီး New Delhi ကို ခေါ်သွားလို့ရအောင်ပါ ကျိုးစားသလို ဒေလီအခြေစိုက် UNHCR အရာရှိနဲ့လည်း ကျနော်တို့အရေး ကြိုတင်ညှိနှိုင်းဆွေးနွေးမှုတွေလုပ်ထားတယ်။
တလလောက်အကြာ စခန်းက ကိုဂြိုလ်တု မမျော်လင့်ပဲ ထောင်ထဲရောက်လာတယ်။စခန်းကနေ မိုးရေးကို အဆင်း ဖမ်းမိလို့တဲ့။ ကျနော့်အခန်းထဲမှာပဲ နေရတယ်။ သူပြောပြလို့သိရတာကဆရာမန်းမြင့်ဆိုင် အိန္ဒိယကနေ ထွက်သွားပြီ။ သူလည်း အိန္ဒိယရဲ့ အလိမ်ခံလိုက်တယ်လို့ ယူဆရကြောင်း၊စခန်းကလူတွေတော့ ခေါင်းဆောင် မရှိတော့ပေမဲ့ စိတ်ဓာတ်ကတော့ ခိုင်မာတဲ့အကြောင်း၊ ကိုယ့်ဖာသာကျန်းမာရေးကောင်းအောင်နေကြတဲ့အကြောင်းပြောတယ်။(ကိုဂြိုလ်တုလည်းတလအကြာမှာလွတ်မြောက်တယ်လို့သိရတယ်)။ ထောင်ထဲမှာ နေရပေမဲ့ ကိုယ့် ဒုက္ခသည်စခန်းက သတင်းအခြေအနေလေးတွေမကြာမကြာ သိရတာလည်း ကံကောင်းခြင်းတမျိုးပဲ။ ကျနော်တို့တတွေကတော့ ထောင်ထမင်းထောင်ဟင်းစားပြီးလူကတော့ ပြည့်ပြည့်ဖြိုးဖြိုးဖြစ်နေသလို အရင်က ခံစားခဲ့ရဖူးတဲ့ အစာအိမ်ရောဂါလည်း အချိန်မှန်စား၊ အချိန်မှန် အိပ်လို့ လုံးဝပျောက်နေပြီ။ ဘယ်အချိန်လွတ်မလဲ ဆိုတဲ့မျော်လင့်ချက်နဲ့ပဲနေထိုင်နေရတယ်။
အဲဒီနေ့က တိုက်တိုက်ဆိုင်ဆိုင်စက်တင်ဘာ ၁၈ စစ်အာဏာသိမ်းခဲ့တာ ၃နှစ်ပြည့်မြောက်တဲ့နေ့။ ညနေထမင်းစားပြီး အိပ်ရာတွေခင်းကျင်းနေချိန်။ကသဲတန်းစီးက “ဘားမီးစ် ဘားမီးစ်” ဆိုပြီး သံတိုင်တံခါးပေါက်ကနေ အပြင်ကိုကြည့်ရင်း လက်ယပ်ခေါ်တယ်။ကျနော် ပြေးကြည့်လိုက်တော့ အဆောင် ၂ အဆောင် ၄ မှာ ရှိတဲ့ ဦးဇင်း၊ ချိုစံမောင် နဲ့ဂိုင်စီတို့ ကိုယ့်ပုံစံခွက်တွေ၊ စောင်တွေ အ၀တ်တွေကိုင်ပြီး ထွက်ဖို့ပြင်နေတယ်။ ထောင်ရဲကအခန်းတွေရှေ့ နာမည်တွေရွတ်ပြီးခေါ်နေတယ်။ ညနေအိပ်ခါနီး ၇နာရီနဲ့ ၉နာရီအကြား အကျဉ်းသားလွှတ် စာရင်းတွေနဲ့ နာမည်ခေါ်ပြီး ထုတ်သွားတတ်တယ်။ ညီညီလွင်နဲ့ ကျနော်က အမှုတွဲ ဆိုတော့အဆောင် ၂အခန်းထဲက သူထွက်မထွက် စောင့်ကြည့်နေတာ..။ ညီညီကိုလည်း မြင်လိုက်ရရော စာမေးပွဲအောင်စာရင်းမှာ ကိုယ့်နာမည်ပါတဲ့အတိုင်း “ FREEDOM” ဆိုပီး ထခုန်တယ်။ ချက်ချင်း အိပ်ရာတွေသိမ်းလိုက်တယ်။ကိုယ့်ပိုင်ဆိုင်မှုတွေဖြစ်တဲ့ တဘက် ၊ဆပ်ပြာ၊ သွားတိုက်ဆေး နဲ့ အ၀တ်တွေကို ကိုဂြိုလ်တုကိုပေးလိုက်တယ်။ ပြီးတော့ အခန်းတံခါးဝမှာ ထိုင်စောင့်နေတယ်။ မကြာခင် ရဲကလွတ်တဲ့လူနာမည်စာရင်းလာခေါ်တယ်။ တယောက်၊ နှစ်ယောက်၊ သုံးယောက်၊ ကျနော့နာမည်မပါဖူး။ စောင့်ရတာ ကျနော်စိတ်မရှည်တော့ဖူး။ ထောင်ရဲက ကျနော့နာမည် မခေါ်ပဲ လှည့်ထွက်သွားတယ်။ “Hello Hello Please wait please wait” “ကျနော့နာမည်ကိုညိုပါ၊ ကျနော့်အမှုတွဲကို ခေါ်သွားပြီ၊ ကျနော့နာမည် ပြန်စစ်ပေးပါအုံး၊ မေ့ကျန်နေတာလားဆိုတာ”ကျနော် အင်္ဂလိပ်လိုမေးတယ်။ စာရင်းကိုင်ရဲကလည်း ပြန်ကြည့်ပေးရှာတယ်။ စာလုံးပေါင်းတောင်မေးလိုက်သေးတယ်။ပြီးတော့ ခေါင်းခါတယ်။ ထောင်ရဲက အခန်းတံခါးကို ဆောင့်ကန်ပြီး သော့ခတ်လိုက်တယ်။ အဲဒီအခိုက်အတန့်တယောက်ယောက်ကများ ကျနော့ မျက်နှာကို အကဲခတ်ကြည့်နေရင် ငို၍ ရယ်၍ မရသောမျက်နှာ ပုံစံကိုတွေ့ရမယ်ထင်တယ်။ စိတ်ဓာတ်အတော်ကျသွားတယ်။ စာရင်းကိုင်ကြီး နောက်တခေါက်လာလေမလားဆိုပြီးတံခါးနားကမခွါသေးပဲ စောင့်နေတယ်။ အိပ်ချိန်နီးပြီး ဒါပေမဲ့ အိပ်ရာ မခင်းသေးဖူး။ စောင်ခေါက်ပုံကြီးကိုပွေ့ထားတုံး။ ထောင်အမှုထမ်းတယောက်တယောက် စာရွက်ကိုင်ပြီးလျှောက်လာရင် ကိုယ့်နာမည်လာခေါ်မဲ့သူလားဆိုပြီးလည်ပင်းတဆန့်ဆန့်နဲ့။ကိုဂြိုလ်တုက “လာပါ ဘရောင်းရယ် ငါတယောက်လုံးကျန်ပါသေးတယ်” လို့ နှစ်သိမ့်တာတောင် မခံနိုင်ဘူး။ ကျုပ်က ကြာပြီဗျ..လို့ အားတောင်မနာပဲပြန်ပြောလိုက်တယ်။ ကျနော့ နားကို အခန်းရဲ့တန်းစီးနဲ့ ကသဲမိတ်ဆွေတွေ တယောက်ပြီးတယောက်လာအားပေးကြတယ်။ မနက်ဖန်ထွက်ရမှာပါ၊ စိတ်မပူပါနဲ့ မင်းတယောက်ထဲ ချန်မထားပါဖူး ဆိုပြီး နှစ်သိမ့်ကြတယ်။ အခန်းထဲက လူတွေ အားလုံးအိပ်တဲ့အထိကျနော်မအိပ်နိုင်ဖူး။ ကျနော်တို့ အားလုံး (၈) ယောက်ထဲက ကျနော်တယောက်ထဲ ကပ်ကျန်နေတာဘာ့ကြောင့်လဲ၊ ဘာ့ကြောင့် ငါ့ကို မလွှတ်တာလဲ ဆိုတဲ့ အဖြေကို စဉ်းစားလို့မထွက်ဖူး။ ညအိပ်တော့လည်းကသဲ ရဲ ကြီး ကျနော့်နာမည်စာရင်းလာခေါ်တယ်လို့ ဂယောင်ချောက်ခြား အိပ်မက်တွေမက်ပြီး ငုတ်တုတ်ထထိုင်မိတာတွေတောင်ဖြစ်တယ်။ တညလုံး ကောင်းကောင်း မအိပ်နိုင်ဖူး။
စက်တင်ဘာ ၁၉ရက် မနက်ဟာ မိုးသားကင်းစင်ပြီးနေသာတဲ့ လှလှပပ ရာသီဥတုပါ။ ဒါပေမဲ့ ကျနော်ကတော့ အထီးကျန်နေတယ်။ ကြေကွဲ ၀မ်းနည်းနေတယ်။ကိုယ်နဲ့ ခါတိုင်းလို စကားပြောဖော်တွေ မရှိတော့ဘူး။ ကသဲ အကျဉ်းသားတချို့က ကျနော့်ကိုလွှတ်မပေးလို့ မေးခွန်းတွေလာမေးတယ်။ ကိုယ်လည်းမဖြေနိုင်။ ငိုင်တိ ငိုင်တိုင်။ နေ့လည်စာထမင်းကို အသားဟင်း စပယ်ရှယ် နဲ့ ကျွေးမှာမို့ လူတိုင်း ထမင်းစားဖို့ တက်ကြွနေတယ်။ကျနော်ကတော့ မပျော်ဘူး။ အဓိပ္ပါယ်မရှိပဲ ထောင်ထဲနေရတာထက်စာရင် တိုက်ရင်း ခိုက်ရင်း သေသွားတာကမှ မြတ်သေးတယ်။ အခုတော့တော်လှန်ရေးလုပ်ဖို့လာတာ..ထောင်ထဲ မှာ ဘိန်းစားတွေ၊ သူခိုးဂျပိုးတွေ၊ မုဒိမ်းသမားတွေဒုစရိုက်သမားတွေနဲ့ အတူတူနေနေရတဲ့ဘ၀ကို ရွံလာတယ်။ အဆိုးတွေချည်း တွေး၊ အဆိုးတွေချည်းမြင်နေတယ်။ စိတ်ဓာတ်တွေ တစပြီးတစ ကျကျလာတယ်။ မကြာခင် ထမင်း အိုး ဟင်းအိုး တွန်းလှည်းနဲ့အထမ်းသမားတွေဝင်ဖို့ သံတခါးကြီးဖွင့်လိုက်တော့ အကျဉ်းသားတွေ ကိုယ့်ပုံစံခွက်ကို ကိုယ် အပြေးသွားယူပြီး အုတ်ကန်က ရေနဲ့ ဆေးကြောကုန်ကြတယ်။ကျနော်လည်း စိတ်မပါ့တပါနဲ့ ကိုယ့်ပန်းဂံကိုယ်ဆေးရင်း အင်း..အဓိပ္ပါယ်မဲ့ အသက်ရှင်ဘို့ထောင်ထမင်းတနပ် ထပ်စားရအုံးမှာပါလားလို့သာ တွေးနေမိတယ်။ အဲဒီအချိန်မှာ ရဲတယောက် ၀င်လာတာသတ်ထားမိပေမဲ့ ကျနော်လည်း ကိုယ်နဲ့မဆိုင်သလိုဥပက္ခာပြုထားတယ်။ “ဟေး..ဘားမီးစ် Release..Release ” လို့ အခန်းထဲက ကသဲတယောက်ကျနော့ကို“လွှတ်ပြီ လွှတ်ပြီ” လို့လှမ်းခေါ်တယ်။ ရဲကလည်း လက်ယပ်ခေါ်တယ်။ အခန်းထဲက ကသဲ မိတ်ဆွေတချို့ထမင်းစားတန်းစီနေရင်း ပုံစံထမင်းပန်းဂံတွေနဲ့ ရေခွက်တွေခေါက်ပြီး သြဘာပေးကြတယ်။ ကျနော်လည်း အ၀တ်အစားကမန်းကတန်းလဲ၊ ထမင်းပန်းဂံနဲ့ခွက်တွေ စောင်တွေကိုလုံးထွေးပြီး ရဲနောက်ကနေ လိုက်သွားတယ်။ စပယ်ရှယ် ထမင်းတောင် မစားနိုင်ဖူး။ ထောင်သံတံခါး ၂ထပ်ကျော်ပြီး ရုံးခမ်းထဲဝင်တယ်။ ရဲတယောက်ကကျနော့နာမည် နဲ့ အဖေနာမည်သေချာမေးတယ်။ ကိုယ်ပေါ်က အမှတ်အသားတွေ သေချာစစ်တယ်၊ ရဲအချင်းချင်းတယောက်နဲ့တယောက်ကြည့်ရီနေတယ်။ကျနော့်စိတ်ထဲ တခုခုဖြစ်နေတာနဲ့ မေးလိုက်တယ်။ “ကျနော့်ကို ဘာကြောင့်မနေ့က မလွှတ်တာလဲ”ရဲအရာရှိတယောက်က “မင်းရဲ့ နာမည်နဲ့ အမှုတွဲကလွဲနေလို့၊ ငါတို့စာရင်းမှာတွေ့တဲ့ ကိုညိုဆိုတာမူးယစ်အမှု” တဲ့။ အဲဒီတော့မှ ကျနော် သတိထားမိတယ်။ ထောင်ထဲမှာ ကိုညို နာမည်တူ တယောက်ရှိတယ်။ဟိုတယောက်က တမူးမှာနေတဲ့ ကိုညို၊ ဘိန်းဖြူသယ်ဆောင်မှုနဲ့ ကျနော့်ထက်အရင် ထောင်ကျနေတာ။အဲဒီတမူး ကိုညို နဲ့ နာမည်တူလို့ အရင်တခါကလည်း ကျနော့ ငပိကြော်ပုလင်း မှားယူသွားပြီးပြီ။ဒုက္ခသည်စခန်းကရဲဘော်တွေ ပင်ပင်ပမ်းပမ်းထင်းတွေခုတ်ပြီး ကျနော်တို့ထောင်ထဲကလူတွေစားဘို့ငပိကြော်ပုလင်းလှမ်းပို့တယ်။ အဲဒီ တမူးကိုညို က သူ့ပုလင်းဆိုပြီး ဖြတ်ခုတ်သွားဘူးတယ်။ကျနော်ကတော့ ကိုယ့်ဆီ အဲလို အပြင်က လာပို့မဲ့လူ မရှိဘူးလို့ပဲ မှတ်ထင်ထားတာကိုး..။အစားအသောက်ကို မက်တာမဟုတ်ပေမဲ့ ကိုယ်လူတွေက ရဲဘော်ရဲဘက်စိတ်နဲ့ ထောင်ထဲက လူတွေကို သတိတရထင်းခုတ် ငွေစုပြီး ပို့ပေးတဲ့ ငပိကြော် ကိုတော့ လိုချင်ပါတယ်။ အခုကျနော် လွတ်မြောက်ပါပြီ။ကျနော့ စိတ်ဟာ ပေါ့ပါးနေတယ်။ မျက်စေ့ထဲ မြင်မြင်သမျှအရာအားလုံး လှနေတယ်။ စိတ်က မြူးကြွနေတယ်။လွတ်လပ်မှုရဲ့အရသာကို တကယ်ပဲ အားရပါးရ ခံစားလိုက်ရတယ်။
ကျနော် ကပ်ချင်း(Kakching)မှာ အချုပ်ကျတာက ဒီဇင်ဘာလ ၁၉ရက် ၁၉၈၉ခုနှစ်၊ အခုလပြန်လွတ်တော့ စက်တင်ဘာလ ၁၉ရက် ၁၉၉၀။စုစုပေါင်း (၉)လ တိတိပဲ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ၊ ထောင်ဗူးဝ မထွက်ခင် သံတံခါးကြီးနားမှာ ကုလားထိုင်ပေါ်ထိုင်နေတဲ့ ဆန်နီရှေးဗားကို ထပ်တွေ့ရတယ်။ ထောင်ထဲဝင်ခါစက မင်းဟာသူခိုးပဲ လို့ ကျနော့ကို စ ခဲ့တဲ့ တွဲဘက်ထောင်မှုးကြီးကို အထွက်လည်း ဒီနေရာမှာပဲ တွေ့ရပြီ။ဝတ္တုဆန်တဲ့ တိုက်ဆိုင်မှုပဲ။ ကျနော့ကိုသူ မှတ်မိ တဲ့အပြုံးနဲ့ ပြုံးပြတယ်။ ပြီးတော့သူ့ထုံးစံအတိုင်းခတ်တည်တည်နဲ့ “ Never come back again here ” မင်း ဒီနေရာကို ဘယ်တော့မှ ထပ်ပြီးမလာနဲ့တော့” လို့ ပြောတယ်။ ကျနော်ကလည်း “ အသေအချာပဲ၊ကျနော် ဘယ်တော့မှ ဒီနေရာ နောက်ထပ် ရောက်တော့မှာ မဟုတ်ဖူး” လို့ ပြန်ပြောလိုက်တယ်။ ထောင်အပြင်ရောက်တော့ကျနော်တို့ကို နယူးဒေလီကနေ လာခေါ်တဲ့ ကိုနေမျိုးအောင် ကို မျက်မှန်ကြီးတကားကားနဲ့ လာကြိုတာတွေ့ရတယ်။ကျနော် ထွက်ရတော့မယ်ဆိုတာ သေချာသွားတာနဲ့ ရေကန်လေးထဲ ပစ်ထားခဲ့ လိုက်တယ်။ မျက်စေ့တခုလုံးနီရဲနေပြီးမျက်မှန်တပ်မထားတာကို သတိထားမိတဲ့ ကိုနေမျိုးအောင်က “ခင်ဗျားမျက်မှန်ရော” လို့မေးတယ်။“ကွဲသွားပြီ” “ရော့ ဒါ တပ်ကြည့်စမ်း၊ ရလား” ကျနော်သူ့မျက်မှန်တပ်ကြည့်တော့ ကြည့်လို့ အားမရတာကလွဲလို့ တော်တော်လေး ကြည်ကြည်လင်လင်မြင်ရတယ်။ “ ကောင်းတယ်၊ မြင်ရတယ်” “ တပ်ထားလိုက်၊ကျနော်က မျက်မှန်မပါလည်း မြင်ရသေးတယ်” ထောင်အပြင်ဘက် တက္ကစီ ရှိရာလမ်းလျှောက်နေရင်းမျက်မှန်နဲ့ဆိုတော့ ဟိုကြည့် ဒီကြည့် လိုက်ကြည့်တယ်။ ကျနော် ခတ်ဝေးဝေး မြင်ကွင်းတွေမကြည့် ဖြစ်တာ အတော်ကြာပြီ။ နောက်မှာ ကျန်ခဲ့တဲ့ အင်ဖားထောင်နံရံကြီးကို လည်ပြန်ကြည့်ဖြစ်အောင်ကြည့်လိုက်သေးတယ်။ကျနော် နောက်ပိုင်း သတင်းထောက်ဖြစ်တော့ အင်ဖားထောင်နံရံကြီးကို လှမ်းမြင်တိုင်း တနေ့တော့ဒီထဲကို ကင်မရာတွေ နဲ့လာပြီး မှတ်တမ်းVideo (Documentary Film ) လေး ရိုက်ဖို့လာအုံးမယ်လို့ စိတ်ကူးယဉ်ကြည့်ခဲ့ဖူးတယ်။
ကိုလိုနီခေတ် ၁၈၉၀ ကတည်းက ဆောက်ထားတဲ့အင်ဖားထောင်ကြီးထဲမှာ ကျနော်တို့ဟာ တိုက်တိုက်ဆိုင်ဆိုင်ထောင်ကြီးရဲ့သက်တမ်း နှစ်၁၀၀ ပြည့်တဲ့ ရာပြည့်နှစ်မှာ လွတ်မြောက်လာတာပါ။
၈၈မှာ မွေးတဲ့ သာမန်လူငယ်တွေရဲ့ ၂နှစ်တာ တော်လှန်ရေးခရီးဟာ အဖုအထစ်တွေ၊ အခက်အခဲတွေ၊အချီးနှီးသက်သက်တွေနဲ့ ပြီးဆုံးခဲ့တယ်လို့တော့ ကျနော် မထင်ခဲ့ဖူး။ ကျနော်တို့ရဲ့ဖြတ်သန်းခဲ့မှုတွေဟာအာဏာရှင်စနစ်အမြစ်ဖြတ်ရေးဆိုတဲ့ တိုက်ပွဲထဲမှာ သေးငယ်တဲ့ အစိတ်အပိုင်းတခု ဖြစ်ချင်ဖြစ်နေလိမ့်မယ် ဒါပေမဲ့ သံမဏိအပ်တချောင်းလိုချွန်ထက်မာကြောပြီး ရဲရဲတင်းတင်း ထွင်းဖောက်နိုင်တဲ့ သေးငယ်မှုမျိုးနဲ့ပါ။ နယ်စပ် ဒုက္ခသည်စခန်းကျဉ်းကျဉ်းလေးနဲ့ ထောင်နံရံ ထဲမှာ ၂နှစ် တာဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေဟာ ဒီကနေ့ ၈လေးလုံးအနှစ်အစိတ်ရောက်လာတဲ့အခါ အိပ်မက်လိုလို ဖြစ်နေပေမဲ့ မမေ့နိုင်တဲ့ အိပ်မက်ရှည်ကြီးတခုပါပဲ။ ဖြတ်ခဲ့ရတဲ့ကာလတွေကို လည်ပြန်တွေးရင်း ကျနော်တို့ရဲ့ ပစ္စပ္ပန်တည့်တည့်ကို ပြန် ကြည့်လိုက်တော့ တော်လှန်ခရီးဟာမပြီးသေးတဲ့ပန်းချီကားတချပ်လိုပါပဲ။ ကိုယ်ဆွဲလို့ မပြီးခဲ့တဲ့ ပန်းချီကားကို ကိုယ့်ညီငယ်မောင်မယ်မျိုးဆက်သစ်တွေအလှည့်မှာ လှလှပပ ခန့်ခန့်ငြားငြား အပြီးသပ်ရေးဆွဲ သွားနိုင်မယ်လို့ယုံကြည်ထားပါတယ်။
ဒီနေရာမှာပဲ မခန့်ငြား မလှပ မထည်ဝါတဲ့ ကျနော့ရဲ့ အိန္ဒိယနယ်စပ် ၂နှစ်တာ ဖြတ်သန်းမှု(၁၉၈၈-၁၉၉၀)ဘ၀အတွေ့အကြုံ ရေးသားမှုကို ရပ်နားလိုက်ပါ့မယ်။
ကိုညို။
၀၆ ဂျွန် ၂၀၁၃

No comments:
Post a Comment