စစ်တပ်က အခြေအနေကို ဝင်ထိန်းသိမ်းသည်ဟုဆိုကာ သမဂ္ဂအဆောက်အအုံကို ဖောက်ခွဲ ဖျက်ဆီးလိုက်သည်။ တက္ကသိုလ် ကောလိပ်များကို ရက်အကန့်အသတ်မရှိ ပိတ်လိုက်သည်။ အပြင်းအထန် ဖြိုခွဲ နှိမ်နင်းမှုများကြောင့် ကျောင်းသားများ သေကြေခဲ့ရသည်
တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (တကသ)
( The Voice Weekly )
၁၉၂၀ ရန်ကုန်တက္ကသိုလ် စတင်ထူထောင်ကတည်းက ကျောင်းအာဏာပိုင် များသည် ကျောင်းသားထုကို ကိုယ်စားပြုသည့် အဖွဲ့အစည်းတစ်ရပ် ရှိသင့်ကြောင်း လက်ခံခဲ့ကြသည်။ သို့သော် ၁၉၂၆ ခုနှစ် အထိ အကောင်အထည် မပေါ်ခဲ့ပေ။ တက္ကသိုလ် အဓိပတိ ဆာဟာကုတ်ဘတ္တလာ (Sir Horcout Butler) ၏ မေတ္တာရပ်ခံ ချက်ကြောင့် သူဌေး ဒေါက်တာဦးညို (K.S.M,L.L.D) က ကျောင်းသားများအတွက် အသင်းတိုက်တစ်ခု ဖွဲ့စည်း တည်ထောင်နိုင်ရန် ငွေ ၁၇၀,၀၀၀ ကျပ်ကို ၁၉၂၆ ခုနှစ်တွင် မတည် လှူဒါန်းခဲ့သည်။ ၁၉၂၉ ခုနှစ်တွင် ကျောင်းသားများအတွက် အသင်းတိုက်ကို စတင်တည်ဆောက်ခဲ့ပြီး ၁၉၃၀ ပြည့်နှစ်တွင် ပြီးစီးခဲ့သည်။
၁၉၃၀ စက်တင်ဘာလ ၁၂ ရက်နေ့တွင် ကျောင်းသားများ စုဝေးညှိနှိုင်းကြပြီး အဖွဲ့ဝင် ၁၂ ဦးပါဝင်သော သမဂ္ဂ စည်းမျဉ်း ရေးဆွဲရေး ကော်မတီကို ဖွဲ့စည်းနိုင်ခဲ့သည်။ အောက်တိုဘာ ကျောင်းပိတ်ရက် အတွင်း ကျောင်းသားများက သမဂ္ဂ စည်းမျဉ်းများကို ရေးဆွဲကြသည်။ နိုဝင်ဘာလတွင် ထိုစည်းမျဉ်း မူကြမ်းကို ကျောင်းသားများထံ ချပြခဲ့ပြီး မှတ်ချက်များ တောင်းခံခဲ့ကြသည်။ ၁၉၃၁ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့တွင် ကျောင်းသားထု အစည်းအဝေးကြီး တစ်ခုကျင်းပပြီး ကျောင်းသားသမဂ္ဂ စည်းမျဉ်းကို လက်ခံခဲ့ကြသဖြင့် အမှုဆောင် ၉ ဦးဖြင့် သမဂ္ဂကို စတင်ဖွဲ့စည်းခဲ့သည်။ ပထမဦးဆုံး ကျောင်းသားများသမဂ္ဂ၏ ဥက္ကဋ္ဌမှာ ကိုကျော်ခင်ဖြစ်ပြီး အတွင်းရေးမှူးမှာ ကိုရာရှစ် ဖြစ်သည်။ တကသ ဟူ၍ တရားဝင် ပေါ်ပေါက်လာပြီ ဖြစ်သဖြင့် တက္ကသိုလ် ကျောင်းသားများ အသင်းတိုက်ကို တကသသို့ လွှဲပြောင်း ပေးအပ်ခဲ့သည်။
တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ စတင်ထူထောင်စဉ်က ရည်ရွယ်ချက်သုံးရပ် ကို ဤသို့ ချမှတ်ခဲ့ကြသည်။
၁။ လူမှုဆက်ဆံရေး နယ်ပယ်၌ အစုအပေါင်းဖြင့် ကောင်းစွာ ဆောင်ရွက်နိုင်သော ဘဝကို ဖြစ်ထွန်းလာစေရန်
၂။ မိမိကိုယ်မိမိ အားကိုး၍ လွတ်လပ်စွာ ဆောင်ရွက်နိုင်သော ဘဝကို ဖြစ်ထွန်းလာစေရန်
၃။ တာဝန် ဝတ္တရားများကို သိတတ်သော စိတ်ဓာတ်များ ဖြစ်ပေါ်လာစေရန်တို့ ဖြစ်သည်။
အထက်ပါ ရည်ရွယ်ချက်ဖြင့် ကျောင်းသားများ အသိဉာဏ် ဖွံ့ဖြိုးလာစေရန် ရည်ရွယ်ပြီး သမဂ္ဂက ဦးစီး၍ စကားရည်လုပွဲများ၊ ဟောပြောပွဲများ ကျင်းပပေးခဲ့သည်။ သမဂ္ဂ အဆောက်အအုံတွင် စာကြည့်တိုက်နှင့် စာဖတ်ခန်းကိုလည်း ဖွင့်လှစ်ပေးထားသည်။
သမဂ္ဂ စတင်ဖွဲ့စည်း ထူထောင်ခဲ့စဉ်က ကျောင်းသားတိုင်းသည် သမဂ္ဂအဖွဲ့သို့ မဝင်ရောက်ကြပေ။ ကျောင်းသားများ စကားရည်လုပွဲထက် ကျောင်းသူများ စကားရည်လုပွဲ သို့သာ အများစု လာရောက် နားထောင်လေ့ ရှိကြသည်။ တူရိယာ ပြိုင်ပွဲများကို ကျင်းပပေးသော်လည်း နောက်ပြောင်မှုများဖြင့် အဆုံးသတ်လေ့ ရှိကြောင်း ထိုခေတ်တွင် ရေးသားသည့် စာပေများအရ သိရှိရသည်။ နိုင်ငံရေး အသွင်မဆောင်၊ လူမှုရေးသက်သက် လုပ်ဆောင်နေခြင်း ဖြစ်သဖြင့်လည်း လေးနက်မှု မရှိဟု ဆိုနိုင်သည်။
သမဂ္ဂ မဂ္ဂဇင်းကို ၁၉၃၁ ခုနှစ် ဇန်နဝါရီလတွင် စတင်ထုတ်ခဲ့သည်။ မဂ္ဂဇင်း အမည်ကိုလည်း ယခင်က ‘တက္ကသိုလ် ကျောင်းသားများအသင်း မဂ္ဂဇင်း’ ဟု အမည်ပေးခဲ့ကြသည်။ ၁၉၃၅-၃၆ စာသင်နှစ် မဂ္ဂဇင်းတွင်မှ “အိုးဝေမဂ္ဂဇင်း” ဟု အမည်သစ် စတင်ပေးခဲ့သည်။ ကျောင်းသားသမဂ္ဂ သမိုင်းတွင် အိုးဝေမဂ္ဂဇင်း စွမ်းဆောင်နိုင်မှုမှာ သမိုင်းတွင်စေခဲ့သည်။
တက္ကသိုလ် ကျောင်းသားများ သမဂ္ဂက ထုတ်ဝေသည့် အိုးဝေ မဂ္ဂဇင်းတွင် ပါသည့် ဆောင်းပါးတစ်ပုဒ်သည် ၁၉၃၅ ခုနှစ်တွင် ကျောင်းသားသပိတ်ကို မီးမွှေးပေးခဲ့သည်။ ထိုစဉ်က အိုးဝေ မဂ္ဂဇင်း အယ်ဒီတာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူမှာ ကိုအောင်ဆန်း (အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း) ဖြစ်သည်။
ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၃၂ ခုနှစ်တွင် တက္ကသိုလ်သို့ ရောက်လာခဲ့သည်။ ကျောင်းသို့ ရောက်ကတည်းက စင်မြင့်ပေါ်တက်ပြီး လူထုကို စကားပြောနိုင်စေရန် လေ့ကျင့်ခဲ့ကြောင်း သိရသည်။ ကျောင်းရောက် ကတည်းက သမဂ္ဂတွင် ပါဝင် လှုပ်ရှားခဲ့သည်။ ၁၉၃၆ ခုနှစ်တွင် သမဂ္ဂ အမှုဆောင် အဖြစ် ပါဝင်ခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် တကသ ဥက္ကဋ္ဌ ဖြစ်ခဲ့သည်။
၁၉၃၈ ခုနှစ်တွင် ကျောင်းသား ခေါင်းဆောင်တစ်ဦး ဖြစ်သူ ကိုအောင်ကျော် နယ်ချဲ့တို့ လက်ချက်ဖြင့် သွေးမြေကျခဲ့ရပြီး ကွယ်လွန်ခဲ့ရသည်။ ကျောင်းသားသမဂ္ဂ အနေဖြင့် ကိုအောင်ကျော်ကို ဂုဏ်ပြုသည့် သီချင်းတစ်ပုဒ်ကို သီဆိုဂုဏ်ပြုခဲ့ကြသည်။ ထိုသီချင်းကို “ဒို့ကျောင်းသား” သီချင်းဟု ခေါ်ပြီး တေးရေးဆရာ ရွှေညာမောင် ရေးစပ် သီကုံးခဲ့သည်။ သီချင်းတွင် အထင်ရှားဆုံးနှင့် လူကြိုက် အများဆုံးစာပိုဒ်မှာ “ရဲဘော်တို့ … အရေးကြီးလေပြီ … သွေးစည်းကြပါစို့… အချက်ကျ ဉာဏ်မြော် ထောက်ဖွယ်… သမဂ္ဂအလံတော် အောက်ဝယ်… ဗမာ့လွတ်လပ်ရေးကို ဒို့သွေးခဲနဲ့ တည်ဆောက်မယ်… ကြံ့ကြံ့ခိုင်ခိုင် မယိုင်မယိမ်းဘဲ ဒို့စိတ်ဇွဲရယ်… သခင်ပညာကို… သခင်ပညာကို… မရလျှင်… မရလျှင်… ရအောင်ယူစို့ကွယ်” ဟူ၍ ဖြစ်သည်။
စစ်ကြီးအပြီး ၁၉၄၅ ခုနှစ်တွင် တကသကို ပြန်လည် ဖွဲ့စည်းနိုင်ခဲ့သည်။ ထိုစဉ်က တကသ စည်းမျဉ်း အခန်း (၉)၊ အပိုဒ် (၂) တွင်ပါရှိသည့်“ကျောင်းသားများသည
စစ်ပြီးခေတ်တွင် အမျိုးသား လွတ်မြောက်ရေးနှင့် နယ်ချဲ့ ဆန့်ကျင်ရေး စိတ်ဓာတ်များ ပြင်းထန်နေချိန် ဖြစ်သဖြင့် ကျောင်းသားသမဂ္ဂသည် မြန်မာ့ လွတ်လပ်ရေး လှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်ခဲ့ သည်။ ၁၉၄၅ ခုနှစ် ကုန်ခါနီးလောက်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ညီလာခံကို ရန်ကုန်မြို့ ရွှေတိဂုံ ကုန်းတော်ပေါ်တွင် ခေါ်ယူကျင်းပခဲ့သည်။ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ၊ အထက်ဗမာပြည် ကျောင်းသားများသမဂ္ဂ၊ အောက်ဗမာပြည် ကျောင်းသားများသမဂ္ဂနှင့် ရန်ကုန်မြို့လုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂတို့ကို အခြေခံပြီး ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား များသမဂ္ဂ (ဗကသ) ကို ဖွဲ့စည်းနိုင်ခဲ့သည်။ စစ်ပြီးခေတ် ဗကသ ဥက္ကဋ္ဌတာဝန်ကို ယူခဲ့ရသူမှာ သမိုင်းပါမောက္ခဟောင်း ဒေါက်တာ သန်းထွန်း ဖြစ်သည်။
လွတ်လပ်ရေး ရပြီးသည့် နောက်တွင် တကသ ၌ ကွန်မြူနစ် လိုလားသည့် အုပ်စု၊ ဆိုရှယ်လစ် လိုလားသောအုပ်စု၊ ပါတီ နိုင်ငံရေး မလိုလားသော အုပ်စုဟူ၍ အုပ်စုကြီး သုံးစုကွဲကာ အင်အားပြိုင်ဆိုင်မှုများ ပြုလုပ်လာကြသည်။ သမဂ္ဂ အဆောက်အအုံတွင် ဆိုရှယ်လစ်၊ ကွန်မြူနစ်များ လာရောက် ဟောပြောကြသည်။ စာရေးဆရာများလည်း လာရောက် ဟောပြောကြသည်။ ပညာရှင် များလည်း ဟောပြောကြသည်။ ဂီတပညာရှင်ကြီးများကလည်း လာရောက် ဖျော်ဖြေကြသည်။ မြန်မာစာအသင်းက ကြီးမှူးပြီး အဆောင်ချင်း ယှဉ်ပြိုင်သည့် စကားရည်လုပွဲများ ကျင်းပသည်။ ထို့ပြင် ခြင်းလုံးခတ် ပြိုင်ပွဲ၊ အိုးစည် ဒိုးပတ် ပြိုင်ပွဲများလည်း ကျင်းပသဖြင့် ကျောင်းသားသမဂ္ဂ၏ သဘော သရုပ်သည် ပိုပြီး ပီပြင်လာသည်ဟု ဆိုရမည်။
၁၉၄၈-၄၉ ပညာသင်နှစ်လောက်မှ စတင်ပြီး ကျောင်းသား လောကအတွင်း မိမိတို့ ယုံကြည်သည့် ပြင်ပနိုင်ငံရေး အဖွဲ့အစည်းများ၏ ဦးဆောင်မှုကို ခံယူပြီး ကျောင်းသားသမဂ္ဂတွင် ဦးဆောင်မှု ရရေးကို ကြိုးပမ်းခဲ့ကြသည်။ တကသအတွက် ကျောင်းသားများ အုပ်စုဖွဲ့ကာ အကြိတ်အနယ် ယှဉ်ပြိုင်လာ ကြသည်။ တကသအတွက် သာမက အဆောင်များတွင် သဟာယနှင့် စာဖတ်အသင်း အမှုဆောင် အတွက်ပင် အပြိုင်အဆိုင် ဝင်ရောက် လှုပ်ရှားခဲ့ကြောင်း တွေ့ရသည်။
၁၉၅၀-၅၁ ခုနှစ်တွင် တကသ အမှုဆောင် အဖွဲ့၌ ဥက္ကဋ္ဌ ဦးဆောင်သောအဖွဲ့နှင့် အတွင်းရေးမှူး ဦးဆောင်သော အဖွဲ့နှစ်ဖွဲ့ကွဲပြီး နောက်ဆုံး လက်သီးထိုး၊ သံတုတ်များနှင့် ရိုက်ကြသည်အထိ ကျော်မကောင်း ကြားမကောင်း ဖြစ်ခဲ့ရသည်။ ထိုနှစ်က တကသ ဥက္ကဋ္ဌမှာ ဒေါက်တာ စိန်မြမောင် ဖြစ်ပြီး၊ အတွင်းရေးမှူးမှာ ဦးကိုကိုလေး ဖြစ်သည်။
ထိုအချိန်လောက်ကစပြီး တကသ ရွေးကောက်ပွဲများသည် ကျောင်းသား ပုဂ္ဂိုလ်ကို အခြေခံပြီး ရွေးကောက်သည့် အသွင်မဆောင်တော့ဘဲ နိုင်ငံရေး သဘောတရား လက်ခံသူများက တိုးတက်သည့် ကျောင်းသား အင်အားစုများ အမည်ခံပြီး ယှဉ်ပြိုင်ကြသည့် နိုင်ငံရေး စစ်တလင်း တစ်ခုပမာ ဖြစ်လာခဲ့ရသည်။
၁၉၅၁-၅၂ ပညာသင်နှစ်တွင် ရွှေတိဂုံ အလယ်ပစ္စယံ၊ ဦးအေးမောင်ဇရပ်တွင် မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများ ညီလာခံကို ကျင်းပပြီး ဗကသများ အဖွဲ့ချုပ်ကို ပြန်လည် ဖွဲ့စည်းခဲ့သည်။ ထိုနှစ်တွင်ပင် သန့်ရှင်း အင်အားစုနှင့် တိုးတက် အင်အားစုဟူ၍ ကျောင်းသားများ ထပ်မံ ကွဲကြပြန်သည်။
သန့်ရှင်းအုပ်စု ပေါ်လာပြီးနောက် ကျောင်းသား အဖွဲ့အစည်းပေါင်း ၂၁ ဖွဲ့ ထပ်မံကွဲသည်။ ထင်ရှားသည့် အဖွဲ့များမှာ ဦးကိုကိုလေးအဖွဲ့၊ ကျောင်းသား စစ်အင်အားစု၊ ကျောင်းသား ညီညွတ်ရေးတပ်ဦး၊ တိုးတက်သော ကျောင်းသားအင်အားစု၊ ဒီမိုကရေတစ် ကျောင်းသားများအဖွဲ့ (ဒီအက်စ်အို)၊ လွတ်လပ်သော ကျောင်းသား ရဲခေါင်အဖွဲ့နှင့် သန့်ရှင်းအဖွဲ့ တို့ဖြစ်သည်။
၁၉၅၃-၅၄ စာသင်နှစ်တွင် တိုးတက် အုပ်စု၊ သန့်ရှင်းအုပ်စုနှင့် ဒီအက်စ်အို ကျောင်းသားအဖွဲ့ သုံးဖွဲ့ကွဲပြီး တကသ ရွေးကောက်ပွဲကို ပါဝင်ဆင်နွှဲကြသည်။ မဲရရေး အတွက် မသမာမှုများ ပြုလုပ်လာသည့် အပြင် တကသ ပထမအသုတ် ရွေးကောက်ပွဲမှာပင် မဲခိုးသည်ဆိုပြီး ပြဿနာတက်ကာ ရွေးကောက်ပွဲလည်း ပျက်သွားခဲ့ရသည်။
၁၉၅၄ စာသင်နှစ်တွင် တိုးတက်သော ကျောင်းသား အင်အားစုသည် တိုင်းရင်းသား ကျောင်းသား ကိုယ်စားလှယ်များနှင့် ပူးပေါင်းပြီး ကျောင်းသား ညီညွတ်ရေးတပ်ဦးကို ထူထောင်ခဲ့သည်။ တကသ ရွေးကောက်ပွဲကို တက္ကသိုလ် အာဏာပိုင်များနှင့် ညှိနှိုင်းပြီး ပြန်လည် ကျင်းပခဲ့သည်။ တပ်ဦးကျောင်းသား အဖွဲ့သည် ကျောင်းသားထု၏ ထောက်ခံမှုများ ရရှိခဲ့သည်။
၁၉၅၅-၅၆ စာသင်နှစ်တွင် တကသ ရွေးကောက်ပွဲ၌ တပ်ဦးမှ ခွဲထွက်လာသူ တို့သည် ဒီအက်စ်အိုတို့နှင့် ပူးပေါင်းပြီး ကျောင်းသား ရဲခေါင်ဟူ၍ ဖြစ်သွားကြပြန်သည်။ ရဲခေါင်နှင့် တပ်ဦးတို့ ယှဉ်ပြိုင်ရာ တပ်ဦးကျောင်းသားတို့က အနိုင်ရရှိခဲ့သည်။
၁၉၅၆ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ ကျောင်းသား သမဂ္ဂများကို ရက်ပေါင်း ၃၁ ရက်အတွင်း အပြီးဖျက်သိမ်းရန် အစိုးရက အမိန့်ထုတ်ပြန်ခဲ့သည်။ ရဲခေါင်၊ တပ်ဦး၊ သန့်ရှင်းနှင့် ကျောင်းသားရေးရာ အဖွဲ့ကြီးလေးဖွဲ့က သမဂ္ဂ တည်တံ့ရေး တိုက်ပွဲကော်မတီကို ၁၉၅၆ ခုနှစ် နိုဝင်ဘာ ၁၄ တွင် ဖွဲ့စည်းပြီး တက္ကသိုလ်နယ်မြေအတွင်း ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။
၁၉၅၆-၅၇ တွင်လည်း တပ်ဦးနှင့် ရဲခေါင်ကျောင်းသားများပင် အကြိတ်အနယ် ယှဉ်ပြိုင်ကြပြန်သည်။ တပ်ဦးကျောင်းသားတို့က အနိုင်ရရှိခဲ့ပြန်သည်။ ၁၉၅၇-၅၈ တွင်လည်း ထိုနှစ်ဖွဲ့ပင် ယှဉ်ပြိုင်ပြီး တပ်ဦးတို့က အောင်ပွဲဆက်ခဲ့သည်။
၁၉၅၈ ခုနှစ်တွင် အိမ်စောင့်အစိုးရ တက်လာသည်။ ရန်ကုန်တက္ကသိုလ် နယ်မြေအတွင်း ကျောင်းသားများက ဆန္ဒပြခဲ့ကြသဖြင့် ပုဒ်မ ၁၄၄ ထုတ်ကာ ထိန်းသိမ်းရသည့် အဆင့်အထိ ရောက်ခဲ့သည်။ ၁၉၅၈ ခုနှစ်၊ ဒီဇင်ဘာ ၂ ရက်နေ့တွင် ကျောင်းသားများ နိုင်ငံရေး မလုပ်ကြရန် အိမ်စောင့်အစိုးရက ကြေညာခဲ့သည်။
၁၉၅၉ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် တကသမှ ကြေညာချက် ထုတ်ပြီး ဆန္ဒပြကြ ပြန်သည်။ ၁၉၅၉ ဧပြီလ ၃ ရက်နေ့တွင် ကျောင်းသား ခေါင်းဆောင်များကို ဖမ်းဆီးပြီး ကိုကိုးကျွန်းသို့ ပို့လိုက်သည်။ တကသ၊ ဗကသ၊ ရကသ ကျောင်းသားများက ရှုံ့ချကြောင်း ကြေညာချက် ထုတ်ပြန် ခဲ့သည်။ ၁၉၅၉ စက်တင်ဘာ ၂၃ ရက်နေ့ တွင် တကသမှ ဦးစီးပြီး ဆန္ဒပြကြ ပြန်သည်။
၁၉၆၀ ပြည့်နှစ်တွင် ဦးနုအစိုးရ ပြန်တက်လာပြီး ကိုကိုးကျွန်း ပို့ထားသော ကျောင်းသားများကို ပြန်လွှတ်ပေးခဲ့သည်။ ၁၉၆၂ ခုနှစ် ဇူလိုင်ကျောင်းသား အရေးအခင်း ထပ်မံ ပေါ်ပေါက်လာသည်။ ၁၉၆၂ ခုနှစ်၊ ဇူလိုင် ၇ ရက်နေ့တွင် ကျောင်းစည်းကမ်း တင်းကြပ်လွန်းမှုကို မကျေနပ်သောကြောင့် ဆန္ဒပြရာမှ သမဂ္ဂ အဆောက်အအုံတွင် ကျောင်းသားများ စုရုံးပြီး တောင်းဆိုမှုများ၊ ဆန္ဒပြမှုများ ကျယ်ပြန့်လာသည်။
စစ်တပ်က အခြေအနေကို ဝင်ထိန်းသိမ်းသည်ဟုဆိုကာ သမဂ္ဂအဆောက်အအုံကို ဖောက်ခွဲ ဖျက်ဆီးလိုက်သည်။ တက္ကသိုလ် ကောလိပ်များကို ရက်အကန့်အသတ်မရှိ ပိတ်လိုက်သည်။ အပြင်းအထန် ဖြိုခွဲ နှိမ်နင်းမှုများကြောင့် ကျောင်းသားများ သေကြေ ခဲ့ရပြီး ဆူပူမှုများလည်း ရပ်ဆိုင်း သွားခဲ့ရသည်။ ထိုအချိန်မှစတင်ပြီး ကျောင်းသားသမဂ္ဂ လုပ်ငန်းများလည်း ရပ်ဆိုင်းသွားခဲ့ရသည်။
http://

No comments:
Post a Comment