Monday, November 5, 2012

တပ်ဦးဒေါင်းအလံနဲ့ လွတ်မြောက်ရေး


ဦးမညွှတ်တဲ့ ခွပ်ဒေါင်းတွေ
ဧရာဝတီ နဒီမြစ်ကြောင်း
စစ်မောင်းသံချီ
ကိုလိုနီခေတ်
ဖက်ဆစ်မှသည်
စစ်အာဏာရှင်စနစ်အဆုံး
ငါတို့ပခုံးပေါ်တွန်းတင်ခဲ့လို့
မြန်မာ့သမိုင်းရာဇဝင်မှာ
ကိုအောင်ဆန်းဆိုတဲ့အမည်နာမ
ကိုအောင်ကျော်နဲ့ ကိုဗဟိန်းဆိုတဲ့အမည်နာမ
သမိုင်းလှခဲ့တာ ဖြစ်တယ်။

ရာဇဝင်သစ်
ရှစ်လေးလုံး
သွေးဖုံးညိုညစ်
ကျောင်းလမ်းမတွေထက်က
နီသွေးညီညွတ်
ခွပ်လက်ချွန်မြ
တပ်ဦးကနေ
ဒေါင်းခွပ်ချေပြီ
ဧရာမြစ်ရေရဲမြနီ
အစဉ်အလာအတိုင်း
သမိုင်းသစ္စာတည်ခဲ့။

တပ်ဦးဒေါင်းအလံ
ကျောင်းနံရံနဲ့စာသင်ခန်းမှ
သံလွင်ရိုးမ
မိုးမခနဲ့ မြရာတောဆီ
ခွပ်ဒေါင်းရှေ့မှာကြယ်နီတပ်
ကျောင်းသားတပ်မတော်အမည်နဲ့
မပြီးဆုံးသေးသော ဒီမိုကရေစီရေး
သွေးနဲ့ရေးခဲ့ကြပေါ့။

မိုးမခ
ရိုးမ
မြရာပင်
သံလွင် သောင်ရင်း
ချင်းတွင်းမြစ်ကြောင်း
ပေါင်းလောင်း
ဒေါင်းခွင်
တိုက်ပွဲဝင်သူရဲကောင်းများ။

တိုက်ပွဲကြားက
ကျောင်းသားလက်
အသက်ကိုစွန့်
မရွံ့မကြောက်
မဖေါက်မပြန်
သစ္စာမှန်ခဲ့
ပြည်သူ့တော်လှန်ရေး
အသက်နဲ့စတေးခဲ့ကြ
အညတရရာဇဝင်
သူရဲကောင်းတို့ကဗ္ဗည်းတင်ရာ
ရိုးမတခွင်သက်သေတည်လို့။

တပ်ဦးသူရဲကောင်း
ကျောင်းသားစစ်သည်
ရဲဘော်ကြည်ဆန်း
ရဲဘော်ဆန်းလင်း
ရဲရင့်တဲ့သတင်း
ချင်းချင်းနီမောင်း
တပ်ဦးကသူရဲကောင်းတွေ
ထောင်သောင်းမကရှိခဲ့တယ်။

ဧရာဝတီ
ဒုဋ္ဌဝတီမြစ်
ရစ်ခွေစီးဆင်း
သံလွင် သောင်ရင်း
ချင်းတွင်း စစ်တောင်း
ခွပ်ဒေါင်းလက်ဖြင့်
အသင့်နားကိုစွင့်ပါလှဲ့။

အိုးဝေတွန်သံ
မိုးလုံးညံလိမ့်
ဒေါင်းတမန်များပျံလာမည်။ ။

နီလွင်သွေး (ဒဿနိက)
၁၁ ၊ ၁ ၊ ၂၀၁၂
ကြာသာပတေးနေ့

(ကျောင်းသားတပ်မတော် (၂၄) နှစ်မြောက် နှစ်ပတ်လည်နေ့နှင့် ခေတ်အဆက်ဆက် ကျောင်းသား လူငယ်သူရဲကောင်းများကို ဦးညွှတ်ဂုဏ်ပြုပါသည်)

No comments: