အသက်ရှင်နေသူတွေ ကျန်နေသေးတဲ့ သမိုင်း
မပြီးဆုံးသေးတဲ့ ယုံကြည်ချက်ထဲက သမိုင်းတာဝန်
*၁၉၈၈ ဇွန် ကျောင်းသားလှုပ်ရှားမှု သမိုင်းကြောင်း တစေ့တစောင်း*
ငြိမ်သက်လျက်ရှိသော်လည်းတင်းမာလ
ှသည့်အချိန်နှစ်လကုန်လွန်ခဲ့ ပြီးနောက်ကျောင်းများကိုမေလ ၃၀ရက်နေ့တွင်ပြန်လည်ဖွင့်လှစ်ခဲ့သည်။ မိဘများက ဆူပူမှုများထပ်မံဖြစ်ပွားမည်ကို
စိုးရိမ်၍ ကျောင်းသူကျောင်းသားများစွာမှာ အိမ်တွင်း၌ပင်နေခဲ့ကြသည်။
သို့သော် စာသင်ခန်းထဲသို့ရောက်လာကြသော ကျောင်းသားများသည် လွန်ခဲ့သော
မတ်လတွင် ပြိုကွဲခဲ့ ရသည့် လှုပ်ရှားမှုကို ပြန်လည် အသက်သွင်းရန်
မဆိုင်းမတွ စည်းရုံးလှုပ်ရှားလာကြသည်။ ဦးနေဝင်း တစ်ဦးတည်းသာလျှင်
မည်သို့သော ပြောင်းလဲမှုမျိုးမှ မဖြစ်နိုင်ဟု ယုံကြည်လျက်ရှိ၏။ သူသည်
ဆယ်နှစ်ကျော် ကာလအတွင်းအပြင်းထန်းဆုံးဆန္ဒပြပွဲများ
ဖြစ်ပွားခဲ့ပြီးနောက် ဧပြီလ၁၁ရက်နေ့တွင် ဆေးစစ်ရန်နှင့် သူနှစ်သက်သော
အပန်းဖြေစခန်းများတွင် အနားယူရန် အနောက်ဂျာမဏီနှင့် ဆွစ္စလန်နိုင်ငံများသို့
ထွက်ခွာသွားခဲ့သည်။ နိုင်ငံ၏ နေ့စဉ်အရေးကိစ္စများကို သူယုံကြည်စိတ်ချသော
လက်ထောက်များထံ လွှဲအပ်ခဲ့သည်။ အထူးသဖြင့် သူ၏လက်သပ်မွေးတပည့်ဖြစ်သော
အကြင်နာတရားကင်းမဲ့ပြီး ပြည်သူများခါးခါးသီးသီးမုန်းတီးသူ ဦးစိန်လွင်၏ လက်ထဲတွင် ယုံအပ်ထားခဲ့သည်။
သို့သော် အရေးအခင်း၌ပါဝင်လှုပ်ရှားခဲ့သော ရန်ကုန်စက်မှုတက္ကသိုလ်နှင့် ရန်ကုန်တက္ကသိုလ်(ပင်မ) တို့မှ ကျောင်းသားကျောင်းသူများသည် မတ်လ၏ရက်စက်ကြမ်းကြုတ်မှုများကိုသတိရနေဆဲပင်ဖြစ်သည်။ ရန်ကုန်မြို့မြောက်ဖက်ရှိနာမည်ဆိုးရွားလှသောအင်းစိန်ထောင်တွင်အဖမ်းခံနေကြရသူများအား
တသုတ်ပြီးတစ်သုတ် ပြန်လွှတ်ပေးလိုက်သည့်အခါ သူတို့၏ ပြောပြချက်များကြောင့်
အစိုးရအပေါ် မုန်းတီးမှုနှင့် လက်စားချေလိုမှု မီးလျှံသည်ပိုမို၍
တောက်လောင်လာခဲ့သည်။ ထောင်မှလွတ်လာသူများသည်ထောင်ထဲ၌ ဖမ်းထားသော ကျောင်းသားများအားရိုက်နှက်ခြင်း
ညှည်းပန်းနှိပ်စက်ခြင်း၊ လျှပ်စစ်ဓာတ်ဖြင့် တို့ခြင်းစသည့် သတင်းများကို
အပြင်သို့သယ်ဆောင်လာခဲ့သည်။ ရက်စက်ကြမ်းကြုတ်သော လုံထိန်းများက
ဖမ်းဆီးထားသော ကျောင်းသူများအား အုပ်စုလိုက် မုဒိန်းကျင့်သည့်
ကြောက်ရွံ့ဖွယ်သတင်းကြောင့် ပြည်သူလူထုအားပိုမိုဒေါသထွက်စေခဲ့သည်။
ထိုသို့ မတရားပြုကျင့်ခံရသူများထဲတွင် ဗိုလ်မှူးတစ်ဦး၏
သမီးလည်းပါဝင်ခဲ့သည်ဟုဆိုသည်။ စစ်ဗိုလ်၏ သမီး ပါမပါကို အတိအကျ
မသိရသော်လည်း ထိုသတင်းမှာ ပြန့်နှံ့သွားပြီးပြည်သူများက ယုံကြည်ကြလေသည်။
စစ်အရာရှိများ၏ သားသမီးများပါမကျန် ဤအစိုးရကို မည်သူက
ယုံကြည်အားထားနိုင်ပါမည်နည်း။ ရက်စက် ကြမ်းကြုတ်မှုများပြည့်နေသော မတ်လ
၇ရက်တာ ကာလသည် အမျိုးသား တစ်ရပ်လုံး၏ စိတ်ဓာတ်ကို ပြောင်းလဲသွားစေခဲ့ပြီ။
ယခင်စိတ်ဓာတ်မျိုးသို့မည်သည့်အခါမှ ပြန်လည် ပြောင်းလဲလိမ့်မည် မဟုတ်သည်မှာ ထင်ရှားသေချာလှသည်။
“ကျွန်တော်တို့ကို အလျားပေ၅၀နဲ့ အနံပေ ၂၀လောက်အကျယ်ရှိတဲ့
အခန်းကြီးတစ်ခုထဲကို သွင်းခဲ့တယ်။ ဒါပေမဲ့ လူနှစ်ရာ သုံးရာလောက်ကို အဲဒီ
အခန်းထဲမှာထားတဲ့အတွက် ပြည့်ကြပ်နေတယ်။ နေရာမဆန့်လို့မတ်တပ်ရပ်နေရတယ်။
ညအိပ်လို့ကို မရဘူး။ ညလုံးပေါက်မီးထွန်းထားတယ်။
ကျွန်တော်တို့အတွက်အိမ်သာဆိုပြီး
အခန်းထောင့်တစ်နေရာမှာ ဓာတ်ဆီပေပါပိုင်းတစ်ခု ချထားပေးတယ်” ဟုမတ်လ
၁၁ရက်နေ့က အဖမ်းခံခဲ့ရသူ သမိုင်းကထိကကျောင်းသား မောင်မောင်သွင်က
ပြန်ပြောပြသည်။
မေးမြန်းစရာရှိသည်ဆိုကာ ကျောင်းသားတစ်ဦးစီအား
အကြိမ်ပေါင်းများစွာ ခေါ်ယူခဲ့ကြသည်။ သို့သော် “မေးမြန်းစစ်ဆေးခြင်း”
ဆိုသည်မှ ရိုက်နှက်ဆဲဆိုခြင်းများသာ ဖြစ်သည်။ ကျောင်းသားများကို
ချွန်ထက်သော ကျောက်စရစ်ခဲများပေါ်တွင် ဒူးထောက် ထိုင်ခိုင်းခြင်း၊
ဟယ်လီကော်ပတာစီးခြင်း၊ မော်တော်ဆိုင်ကယ်စီးခြင်း ဟုခေါ်သည့်
နည်းပုံစံများကို အတင်းအကြပ်လုပ်ခိုင်းသည်။ ဤညှဉ်းပန်းနှိပ်စက်နည်းများကို
၁၉၇၀ခုနှစ်များမှ စပြီးကျင့်သုံးလာခဲ့သည်။
“သူတို့အများဆုံးမေးတဲ့ မေးခွန်းတွေဟာ မင်းတို့ခေါင်းဆောင် ဘယ်သူလဲ၊ ဘယ်သူက
စည်းရုံးခိုင်းတာလဲ၊ ဒါတွေဘဲ ထပ်တလဲလဲမေးတယ်။ ဒီမေးခွန်းတွေကို
ကျွန်တော်တို့ မဖြေနိုင်ခဲ့ကြပါဖူး။ဘာဖြစ်လို့လဲဆိုတော့
အဲဒီအချိန်တုန်းက ခေါင်းဆောင်ဆိုတာ မရှိခဲ့ဖူး။ စည်းရုံးရေးသမားဆိုတာတွေလဲ
မရှိခဲ့ပါဖူး။ အစိုးရကို မကျေနပ်လို့ ဝုန်းဆို ရုတ်တရက်ထပြီး ဆူကြတာပါဘဲ။
ခေါ်မေးတိုင်း တစ်နာရီခွဲလောက်ကြာအောင် ကျွန်တော့် နံရိုးတွေကို တုတ်ကြီးနဲ့
မနားတမ်းရိုက်တယ်။ ဒါပေမယ့် ကျွန်တော်ဘာမှ မသိတော့ သူတို့ကို
ပြောပြစရာဆိုလို့ ဘာမှ မရှိဘူး” ဟု မောင်မောင်သွင်က ပြန်ပြောပြသည်။
မောင်မောင်သွင်သည် သူ့အားဖမ်းဆီးတင်ဆောင်လာခဲ့သော အချုပ်ကားထဲတွင်
မသေမပျောက် ပါရှိခဲ့သော်လည်း အခြားအချုပ်ကားထဲမှ ကျောင်းသား ၄၂ဦးသည်
အင်းစိန်ထောင်ဝ၌ ရပ်ထားသော အလုံပိတ်အချုပ်ကားထဲတွင်
နာရီပေါင်းများစွာနေကြရ၍ အသက်ရှူကြပ်ကာ သေဆုံးသွားခဲ့ကြရသည်။ ဤကံဆိုးသော
ကျောင်းသားများ၏ ဖြစ်ရပ်သည် မဆလ အုပ်ချုပ်မှုအောက်တွင် ၂၆နှစ်ကြာ
နေလာခဲ့ရသော ပြည်သူတို့၏ ဘဝရုပ်ပုံလွှာကိုထင်ဟပ်ပေါ်လွင်စေခဲ့သည်။
ယင်းဖြစ်ရပ်ဆိုးကို “ မတ်လ အတွင်းက အချုပ်ကားထဲတွင် အသက်ရှူကြပ်၍
သေးဆုံးရသော ဆန္ဒပြကျောင်းသားများကဲ့သို့ပင် မြန်မာနိုင်ငံသည်လည်း
ရက်စက်ကြမ်းကြုတ်သူများ၏ အုပ်ချုပ်မှုအောက်တွင် တင်းကြပ်သည်ထက်တင်းကြပ်စွာ
လည်ပင်းအညှစ်ခံနေရတော့သည်” ဟု အဝေးရောက်မြန်မာစာရေးဆရာတစ်ဦးက ရေးသားဝေဖန်ခဲ့သည်။
အင်းလျားဆောင်၌ တစ်ခြားကျောင်းသားများနှင့် တစ်နေ့တည်းအဖမ်းခံခဲ့ရသော ရန်နောင်သည် ရိုက်နှက်နှိပ်စက်ခြင်းမခံခဲ့ရသော်လည်း သူ၏ အချုပ်ခန်းအတွင်းမှ ရက်စက်မှုများကို မမြင်ချင်အဆုံးဖြစ်ခဲ့ရသည်။
“တစ်ခါတစ်လေ အချုပ်ခန်းတံခါးပွင့်လာပြီး ပုလိပ်နှစ်ယောက်က လူငယ်တွေကို
ကောက်ရိုးစည်းလို အခန်းထဲ ပြစ်သွင်းတတ်ကြတယ်။ သူတို့အားလုံးရဲ့
ကိုယ်တွေမှာလည်း ညိုမဲနေတာဘဲ။ တစ်ချို့ဆိုရင်သွေးချည်းဘဲ။ သတိမရဘဲ
ပြန်ပို့လိုက်ကြတာတွေလည်း ရှိတယ်။ သေသေချာချာ မှတ်မိတဲ့ တစ်ယောက်ဆိုရင်
ဆိုးဆိုးဝါးဝါးရိုက်လွှတ်လိုက်လို့ ထကိုမထနိုင်ဘူး။ အိမ်သာသွားဖို့တောင် ပေပါပိုင်းရှိတဲ့ အခန်းထောင့်ကို ကျွန်တော်တို့ တွဲပို့ပေးခဲ့ရတယ်”။
တိုက်ပိတ်ခံခဲ့ ရသူများထံမှ တစ်ဦးဖြစ်သူ ရန်ကုန်တက္ကသိုလ် နိုင်ငံတကာ
ဆက်ဆံရေးဋ္ဌာနမှ ကျောင်းသားစည်းရုံးရေးသမား အောင်ဝင်းက
“ကျွန်တော်တို့ခေါင်းဆောင်တွေ ဘယ်သူလဲဆိုတာမေးရင်း ကျွန်တော့်ကို ၃ရက်တိတိ
မနားတမ်းရိုက်ကြတယ်။ ကံကောင်းချင်တော့ ရန်ကုန်မှာရှိတဲ့
ကျွန်တော့်ဆွေမျိုးတွေက ပုလိပ်တွေကို ငွေပေးလို့ တစ်ပတ်အကြာမှာ
ကျွန်တော်လွတ်လာခဲ့တယ်။ ထောင်ကလွတ်တော့ ရူးသွားမလားလို့အောင်းမေ့နေတာ။
ပြန်ပြီးကျန်းမာလာအောင်ဆွေမျိုးတွေဆီမှာ အကြာကြီး နေခဲ့ရတယ်” ဟုပြောပြသည်။
မြန်မာစာအဓိက ကျောင်းသူ တစ်ဦးဖြစ်သူ ဥမ္မာသွယ်ကို မတ်လ၁၇ရက်နေ့တွင် လုံထိန်းများပင်မတက္ကသိုလ်အတွင်းရှိ ဆန္ဒပြကျောင်းသားများအား ဝင်ရောက်ဖမ်းဆီးချိန်တွင် သတိလစ်သည်အထိ ရိုက်နှက်ခဲ့ကြသည်။
“ကျွန်မသတိရလာတော့ ပြူတင်းပေါက်မရှိတဲ့ အခန်းတစ်ခုထဲရောက်နေတာတွေ.ရတယ်။
ဘယ်နေရာဆိုတာလုံးဝမပြောတတ်ဘူး။ အခန်းထဲမှာ ပုလိပ်၆ယောက်နဲ့
အရာရှိတစ်ဦးရှိနေပြီး ကျွန်မကို ဘာမေးခွန်းမှ မမေးကြဘူး။ ပြီးတော့
ကျွန်မကို ရေတိုင်ကီရှိတဲ့နေရာတစ်ခုကို မယူသွားပြီး
ဝိုင်းမုဒိန်းကျင့်ကြတယ်။ ပထမဆုံးအရာရှိက ကျင့်တယ်။ နောက်တော့ ပုလိပ်တွေက
ကျင့်တယ်။ အဲဒီနောက်မှာ ကျွန်မသတိလစ်သွားခဲ့တယ်။ သတိရလာတဲ့အခါ
ဆရာဝန်တစ်ယောက်က ကျွန်မကို စမ်းသပ်စစ်ဆေးနေတယ်။ တစ်ခြားကျောင်းသူ
အများအပြားလဲ ကျွန်မလိုဘဲ မုဒိန်းကျင့်ခံခဲ့ကြရတယ် ဆိုတာ သိခဲ့ရတယ်။
တစ်ချို့ဆို ကိုယ့်ကိုကိုယ်သတ်သေခဲ့ကြတယ်”
* * *
ဇွန်လဆန်းစအထိ မတ်လဆန္ဒပြပွဲများ၌ဖြစ်ပွားခဲ့သော ရက်စက်ကြမ်းကြုတ်မှုများအပေါ် ထင်ရှားသည့်မြန်မာလူမျိုးတစ်ဥိးတစ်ယောက်မှ
မဝေဖန်ခဲ့ကြပေ။ ရန်ကုန်ရှိ သံတမန်အသိုင်းအဝိုင်းတွင် ယင်းကြောက်မက်ဖွယ်
သတင်းများသည် လုံးဝမဖြစ်နိုင်ဟုယူဆနေကြသည်။ မောင်ဖုန်းမော် သေဆုံးမှုကို
စုံစမ်းရန်မတ်လတွင်ခန့်အပ်ခဲ့သော စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် အစီရင်ခံစာ ကို မေလ ၆ရက်နေ့တွင် တင်သွင်းခဲ့သည်။
ထိုအစီရင်ခံစာ၌မတ်လအတွင်းကဖြစ်ပျက်ခဲ့သောအရေးအခင်းကို အမှန်အတိုင်းမဟုတ်ဘဲပြင်ဆင်ဖြည့်စွက်၍ ဖေါ်ပြခဲ့သည်။ ထို အစီရင်ခံစာတွင် ဖြစ်ပျက်ခဲ့ရသော အရေးအခင်း၌ ဆူပူသောင်းကျန်းမှုကိုဖန်တီးလိုသော
ကျောင်းသားအချို့၏ ဖျားယောင်းသွေးဆောင်မှုကြောင့် လမ်းမှားသို့ရောက်နေသော
လူငယ်တစ်စုကို အပြစ်ပုံချထားသည်။ မောင်ဖုန်းမော်နှင့်
မောင်စိုးနိုင်တို့သည် သေနတ် ဒဏ်ရာ တို့ဖြင့် သေဆုံးခဲ့ကြကြောင်း၊ ဖမ်းဆီး
ခံရသူ ၆၂၅ဦး မျှသာ ဖြစ်ပြီး ထောင်ထဲတွင် ၁၄၁ ဦးသာ ကျန်တော့ကြောင်း၊ အထိ
အနာဆုံး ခံရသူများမှာ လုံထိန်းများ ဖြစ်ကြောင်း၊ ဆူပူလိုသော
ကျောင်းသားများ၏ အုတ်ခဲ ဒဏ်များကြောင့် ပုလိပ် ၂၈ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း
စသည်ဖြင့် အစီရင်ခံထားသည်။ စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာသည်
ပြည်သူများ၏တောက်လောင်နေသောဒေါသမီးကို ချုပ်ငြိမ်းစေမည့်အစား မီးလောင်ရာလေပင့်ပေးလိုက်သကဲ့သို့ ဖြစ်နေပေတော့သည်။ နိုင်ငံ၏ တရားရေးရာဋ္ဌာနအပေါ် ပြည်သူများ၏ ယုံကြည် ကိုးစားမှု အကြွင်းအကျန်တို့သည် လေနှင့်အတူပျောက်ကွယ်သွားလေတော့သည်။
တာဝန်မှ ထုတ်ပယ်ခြင်းခံခဲ့ရသူဗိုလ်မှူးချုပ်ဟောင်း ဦးအောင်ကြီးသည်၁၉၈၇ခုနှစ် ဇူလိုင်လ အတွင်းက မြန်မာပြည်၏ စီးပွားရေးပြဿနာဆိုးများအကြောင်း
ရေးသားခဲ့သော အိပ်ဖွင့်ပေးစာ တစ်စောင်ကို ဦးနေဝင်းထံပို့ခဲ့သည်။
၁၉၈၈ခုနှစ် ဇွန်လ၈ရက်နေ့တွင် အိုမင်းလှပြီဖြစ်သော်လည်း အာဏာကို လုံးဝ
ချုပ်ကိုင်ထားနိုင်သေးသော ဦးနေဝင်းထံသို့ အိပ်ဖွင့်ပေးစာ တစ်စောင်ကို
ထပ်မံ၍ ရေးသား ပေးပို့ခဲ့ပြန်သည်။ ထိုအိတ်ဖွင့်ပေးစာကို ရန်ကုန်မြို့တွင်
ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေကြပြီး အထက်မြန်မာပြည်သို့လည်း အတော်များများ
ပေးပို့ခဲ့ကြသည်။ အရေးပါ အရာရောက်သော ပုဂ္ဂိုလ်ကြီးတစ်ဦးက လူ့အခွင့်အရေး
ချိုးဖောက်မှုများကို ပထမဆုံးအကြိမ် ဆန့်ကျင်ပြောကြားလိုက်ခြင်းပင်ဖြစ်သည်။ သူသည် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာကို ယတိပြတ် ပယ်ချလိုက်သည်။
ဤသို့သော အစီရင်ခံစာမျိုးကို ထုတ်ပြန်ခြင်းသည် အစိုးရအနေနှင့်
မပြုလုပ်သင့်သည်ကို ပြုလုပ်ခြင်းပင်ဖြစ်သည်ဟု ရေးသားခဲ့သည်။ သူသည်မတ်လ
၁၆ရက်နေ့တွင် ဖြစ်ပွားခဲ့သော တံတားဖြူအရေးအခင်းကို အားမာန်သွင်း၍
ဖေါ်ပြခဲ့သည်။ ပုလိပ်များ၏ အစီအစဉ်မှာ အင်းလျားကန်ဘောင်တွင်
ကျောင်းသားများကို ချောင်ပိတ်ပြီး အသေရိုက်သတ် ရန်ဖြစ်သည်။ တက္ကသိုလ်မှ
ဆရာများသည် “ခေါင်းကို ရိုက်ခွဲ၊ အားနဲ့ရိုက်၊ ခေါင်းများများ
ခွဲနိုင်သူကို ဆုချမယ်” စသော အမိန့်စကားများ ကိုကြားခဲ့ရသည်ဟုဆိုသည်။
လုံထိန်းများသည် ဆန္ဒပြကျောင်းသားများအား ဆဲဆိုကြိမ်းမောင်းပြီး
ကျောင်းသူများကို ရိုက်နှက်ကာ မုဒိန်းကျင့်ခဲ့ကြသည်။ မိန်းကလေးများမှာ
ရှက်လွန်းလှပြီး မည်သူ့ကိုမှ မပြောရဲခဲ့ကြပေ။ တစ်ချို့မှာ လေးငါးရက်မျှ
ကြောင်တောင်တောင် ဖြစ်နေခဲ့ကြသည်။ တစ်ချို့မှာ မည်သည့်အကြောင်းပြချက်မှ
မပေးဘဲ သီလရှင်ဝတ်ခွင့်ပြုရန် မိဘများအားငိုယိုပြီး တောင်းပန်လာကြသည်။
မတ်လအတွင်း ပြည်သူ ၂၈၂ဦး ကို သုတ်သင်သတ်ဖြတ်ခဲ့သည်ဟု ဦးအောင်ကြီးက
ခန့်မှန်း တွက်ချက်ခဲ့လေသည်။ တံတားဖြူတွင် လူများစွာ သေဆုံးခဲ့ကြပြီး ၁၈ရက်
နေ့တွင် အဖမ်းခံခဲ့ရသူများအနက် အများစုမှာ အိန္ဒိယနွယ်ဖွား မူဆလင်များ
ဖြစ်ကြသည်။ ထိုမူဆလင်များမှာ အင်းစိန်ထောင်ထဲတွင် အရိုက်ခံရပြီး
သေဆုံးခဲ့ကြရသည်။ မူဆလင်အလောင်း များအား အစ္စလာမ် ဥပဒေများနှင့် ယုံကြည်ချက်
များကို ချိုးဖောက်ပြီး အာဏာပိုင်တို့က မီးသဂြိုလ် လိုက်ကြကြောင်း ၎င်းတို့၏
မိဘဆွေမျိုးများ ကြားသိခဲ့ရသည့်အခါ၌ အခြေအတင်ပြဿနာများ ပေါ်ပေါက် လာတော့သည်။
ဦးအောင်ကြီးသည် ၁၉၈၇ခုနှစ် သြဂုတ်လနှင့် ၁၉၈၈ခုနှစ် ဇွန်လ ၈ ရက်နေ့
အတောအတွင်းတွင် တိုင်းပြည်၏ ယိုယွင်းမှုများကို ဦးနေဝင်း
အာရုံစိုက်လာစေရန် အခွင့်အခါ ကြုံကြိုက်တိုင်း အကြိမ်ကြိမ် ကြိုးစားခဲ့သည်။
သူ၏ ပထမစာသည် ၁၉၈၇ခုနှစ် သြဂုတ်လတွင် အပြောင်းအလဲ ပြုလုပ်လာရန် နေဝင်းအား
ဆွဲဆောင်နိုင်ခဲ့သည်ဟု ယုံကြည်ကြခြင်းကြောင့် ဂျပန်ပြည်မှ
အထူးကိုယ်စားလှယ်နှစ်ဦးဖြစ်သူ ဟီတိုရှိရှီဇာဝါနှင့် ယီနိုစုကေဟာရာ တို့က
ချဉ်းကပ်ခဲ့ကြသည်။ ဦးအောင်ကြီးသည် မတ်လ ၇ရက် နေ့တွင်
ဦးနေဝင်းထံရေးသားခဲ့သောစာ၌ ထိုပုဂ္ဂိုလ်နှစ်ဦးသည် ဂျပန်ပြည်၏
ဒုတိယဝန်ကြီးချုပ်လည်းဖြစ်၊ ဘဏ္ဍာရေးဝန်ကြီးလည်းဖြစ်သော ကီအီချီမီယာဇာဝါက
စေလွှတ်လိုက် သူများဖြစ်ကြောင်း ဖေါ်ပြခဲ့သည်။ ထိုဂျပန်နှစ်ဦးက သူ့အား
အောက်ပါအတိုင်း ပြောပြခဲ့သည်ဟု ဆို၏။
“ဂျပန်ပြည်သည်
မြန်မာပြည်အား စီးပွားရေးအကူအညီ၊ အတတ်ပညာဆိုင်ရာ အကူအညီများ
နှစ်ပေါင်းများစွာ ပေးလာခဲ့သော်လည်း မည်သည့်ကဏ္ဍပိုင်းတွင်မှ အောင်မြင်မှု
မရှိခဲ့သောကြောင့် လက်ရှိမြန်မာအစိုးရအပေါ် အယုံအကြည်ကင်းမဲ့လာပြီး
ဦးနေဝင်းကသာ သူ၏ အပေါင်းပါ တစ်ဖွဲ့လုံးကို မပြောင်းလဲ ပေးပါမူ
အကူအညီများကို ဖြတ်တောက်ရန် ဆုံးဖြတ်ထားကြောင်း၊ ကျွန်တော်သည် သာလျှင်
အကြောင်းမှန် များကို ဗိုလ်ချုပ်ကြီးထံ သတင်းပေး မည့်သူဖြစ်၍ ဤသတင်းကို
ဗိုလ်ချုပ်ကြီးအားပြောပြရန် ဂျပန်နှစ်ဦးက ကျွန်တော်အားပန်ကြားခဲ့ခြင်းဖြစ်ကြောင်း” စသည်ဖြင့် ရေးသားထားသည်။
ဦးနေဝင်းက ပေးစာများလက်ခံရရှိကြောင်း၊ တစ်ခါမှ မပြောသော်လည်း
ဦးအောင်ကြီးသည် ဆက်ရေးမြဲဆက်ရေးနေခဲ့သည်။ မေလ ၉ ရက် နေ့တွင် စာမျက်နှာ
၄၀ပါသည့် ရင်ဖွင့်ချက်များတွင် ဒုတိယကမ္ဘာစစ် ကာလမှ စ၍ မြန်မာနိုင်ငံ၏
နိုင်ငံရေး သမိုင်းများနှင့် ယင်းသမိုင်းစဉ်၌ သူနှင့် ဦးနေဝင်းတို့၏
အခန်းကဏ္ဍများကို ယှဉ်တွဲ၍ အချက် ကျကျ ဖော်ပြထားသည်။ သူက အဓိက စီးပွားရေး
စီမံကိန်းကြီးများကို ပစ်ပစ်ခါခါဝေဖန်သည့်တိုင် မအောင်မြင်မှု များသည်
ဆိုးဝါးသော အကြံပေးမှုများကြောင့်ဖြစ်ကြောင်း
ထောက်ပြထားသည်။ ထိုစာတမ်းများ၏ ဆိုလိုရင်း အချက်မှာ မြန်မာပြည်တွင်
အစစအရာရာ မှားယွင်းခဲ့ရခြင်းမှာ ဦးနေဝင်းက သူ့(အောင်ကြီး) စကားကို
နားမထောင်ဘဲ သူ၏ပြိုင်ဖက်များဖြစ်သော ဦးတင်ဖေ၊ ဦးဘငြိမ်းနှင့်
ဦးသိန်းဖေမြင့်တို့၏ စကားများ ကိုသာ နားထောင်ခဲ့ခြင်းကြောင့်ဖြစ်သည်ဟု ဆိုသည်။
ထို့ကြောင့် ယနေ့အခါတွင် မြန်မာပြည် ခေတ်နောက်ကျကျန်နေခဲ့ပြီး
ဆင်းရဲနွမ်းပါးလှသည့် အိမ်နီးနားခြင်း အယ်လ်ဒီစီနိုင်ငံတစ်ခုထက်ပင်
အလွန်အဆင့်နိမ့်ကျနေခဲ့ကြောင်းဖြင့် “ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံချင်းအတူတူ မနေ့ တစ်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံသမ္မတကြီးလာရောက်လည်ပတ်စဉ်
ပြသခဲ့သည့် ဘင်္ဂလားဒေ့ရှ်အကြောင်း ရုပ်မြင်သံကြား အစီအစဉ်တစ်ခုတွင်
အထည်အလိပ်စက်ရုံကြီးတွေ ၅၀ကျော်လည်ပြီး နိုင်ငံခြားကို အထည်တွေ
ချုပ်ပို့နေပြီ။ ဂုံလျှော်စက်ရုံတွေ တစ်ရာကျော် နှစ်ရာကျော် လောက်ရှိမယ်
ထင်တယ်။ စက်ရုံခေါင်းတိုင်မှ မီးခိုးတလူလူနဲ့ ရေနံချက်စက်ရုံကလည်း
ပစ္စည်းတွေ၊ ဓါတ်မြေသြဇာတွေ ထုတ်လုပ်နေသည်ကို မျက်ဝါးထင်ထင်တွေ့ရသည်။
မြန်မာပြည်တွင် သံပရာကန်ရေနံချက်စက်ရုံကြီး စမ်းသပ်လည်နိုင်သည့်
အဆင့်တောင်မရှိ။ ကုန်လိုက် သည့်ငွေ သောက်သောက်လဲ။ ချောက်ရေနံချက်စက်ရုံ
ရပ်ထားရသည်” ဟူ၍ ဖေါ်ပြခဲ့သည်။
၁၉၆၃ခုတွင် သူ့အားရာထူးမှ ထုတ်ပယ်ခဲ့သည့်ကိစ္စနှင့် ပတ်သက်၍ ဦးအောင်ကြီးက ဖေါ်ပြခဲ့သည်မှာ---“အာဏာပိုင်များသည် တစ်စုံတစ်ရာသော ကွာဟမှု မမှန်ကန်မှု များကို ဖေါ်ထုတ်နိုင်ရန်အရာရာကို အမြစ်ပြုတ်မြေလှန်ပြောင်းလဲပြောင်းပြန် ပြုလုပ်ခဲ့ကြသည်။ ကျွန်တော်အိမ်ဝင်းအတွင်းသို့ ဘိန်းပစ်ပြီး အမှုမဆင်သည်ကိုပင် ကျွန်တော်က ကျေးဇူးတင်ရပါသေးသည်”
ဆန့်ကျင်ဖက် နိုင်ငံရေးပုဂ္ဂိုလ်များအားလုံးကို
ဘိန်းကုန်ကူးမှု ၌ ပါဝင်ပတ်သက်သူများဟု စွပ်စွဲခြင်းမှာ မြန်မာပြည်မှ
စစ်အုပ်ချုပ်ရေးသမားများ မကြာခဏ အသုံးပြုတတ်သော ပရိယာယ်တစ်ခုပင်ဖြစ်သည်။
သို့သော်နေဝင်းကိုမူ မည်သို့မှ ဝေဖန်ပြောဆိုခြင်း မရှိခဲ့ပေ။ “ဗဟန်းမြို့နယ် မဲဆန္ဒနယ်မှ ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ်တော်ကြီးတစ်ဦး”
ဟု ပြင်းပြင်းထန်ထန် ဝေဖန်ထားခြင်းခံရသူမှာ သမ္မတကြီးဦးစန်းယု
ဖြစ်ကြောင်းသိသာထင်ရှားလှသည်။ ဇွန်လ ၈ရက်နေ့တွင် သေကျေပျက်စီးမှုများကို
ပြင်းပြင်းထန်ထန် ဝေဖန်ထားသော်လည်း ဦးအောင်ကြီးသည် ဦးနေဝင်းအား
“ကျွန်တော် ပန်ကြားပါရစေခင်ဗျား။ ဒီအရှုပ်အထွေးထဲမှာ မပါဝင်မိပါစေနဲ့
ခင်ဗျား။ ဝင်ပါခဲ့ရင် ဗိုလ်ချုပ်ကြီး နောင်တရ ရမှာ ဖြစ်ပါတယ်။ ဒီ လူ့
အခွင့်အရေးချိုးဖောက်မှုတွေအတွက် သမိုင်းမှာ အမည်းစက်ကြီးထင်ကျန်ခဲ့မှာ ဖြစ်တယ်။ တစ်ကယ်တော့ ဒီအရှုပ်တွေထဲမှာ ဗိုလ်ချုပ်ကြီးမပါဝင်ပါဖူးခင်ဗျာ” ဟူ၍ ဂရုတစိုက်ရေးသားခဲ့သည်။
ဦးအောင်ကြီး၏ စာကို ဆန်းစစ်ပါမူ အဓိကတရားခံမျာ မဆလပါတီ၏ တွဲဖက်အထွေထွေ
အတွင်းရေးမှူး ဦးစိန်လွင်ဖြစ်သည်။ သူသည် အခြေခံဥပဒေကို ချိုးဖောက်ပြီး
ကာကွယ်ရေးဝန်ကြီး ဦးကျော်ထင်အား အသိမပေးဘဲ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး
စောမောင်အား ဖားအံမြို့ရှိတပ်မ ၄၄ကို ခေါ်ယူရန်တိုက်ရိုက်အမိန့်ပေးခဲ့သည်။ ဤသည်မှာဦးနေဝင်းမည်သည့်လမ်းကို ရွေးသင့်ကြောင်းဦးအောင်ကြီးက အရိပ်အမြွက်ပြလိုက်ခြင်းပင်ဖြစ်သည်ဟု
ထင်မြင်ရသည်။ ယေဘုယျအားဖြင့် ဦးကျော်ထင်ကို နိုင်ငံရေးအယူ မသည်းသူအဖြစ်
လက်ခံကြပြီး ဦးစိန်လွင်နှင့်သူ၏တပည့် ဗိုလ်ချုပ်ကြီးစောမောင်တို့ကိုမူ တယူသန်သမားများဟု ယူဆကြသည်။
* * *
တိုင်းပြည်တွင်းဖြစ်ပေါ်နေသော အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှု ကြီးတွင်
ဦးအောင်ကြီးသည် အခြေအနေမပေး၍ ခေါင်းဆောင်ဖြစ်မလာသော်လည်း
သူ့စာများ၏အကျိုးသက်ရောက်မှုမှာ
ကြီးမားလှသည်။ ကျောင်းသားများပို၍ စိတ်အေးလာကြသည်။ အစိုးရက
လွယ်လင့်တကူဖမ်းဆီးပြီး အင်းစိန်ထောင်သို့ပို့ကာ ညှဉ်းပမ်းနှိပ်စက်ခြင်း၊
အကျဉ်းချ ခုံရုံးတင်သတ်ပစ်ခြင်းတို့ မပြုလုပ်နိုင်သော ပုဂ္ဂိုလ်တစ်ဦး၏
ကျောထောက်နောက်ခံကို သူတို့ရရှိခဲ့ပေပြီ။
နိုင်ငံတကာဆက်ဆံရေးကျောင်းသားတစ်ဦးဖြစ်သူ
အသက်၂၄နှစ်ရှိ မောင်ဝင်းမိုးက “ဦးအောင်ကြီးရဲ့ စာတွေဟာ
ကျွန်တော်တို့စိတ်ဓာတ်ကို မြှင့်တင်ပေးခဲ့တယ်။ သူ့စာကြောင့်
ကျွန်တော်တို့ပိုရဲလာကြတယ်။ နောက်မကြာခင်မှာ ကျွန်တော်တို့ဟာ စာတမ်းတွေရေး၊
ပိုစတာတွေကပ်နဲ့ အလုပ်များလာကြတယ်။ ကျောင်းထဲမျာ လျှို့ဝှက် အသင်းအဖွဲ့တွေ
ဖွဲ့လာကြတယ်။ ဒါပေမဲ့ အချိတ်အဆက် သေချာမိခဲ့ကြဖူး။
ကျွန်တော်တို့အားလုံးဟာ စစ်ထောက်လှမ်းရေးတွေကို ကြောက်နေကြရတယ်။
ရန်ကုန်တက္ကသိုလ်(ပင်မ) အပန်းဖြေရိပ်သာရှေ့မှာ လူတွေက တဝဲလည်လည်နဲ့ တစ်ခုခု
ဖြစ်လာမလားဆိုပြီး စိုးရိမ်ခဲ့ကြတယ်” ဟု ပြန်ပြောပြသည်။
တစ်ချို့ကျောင်းသားများက မတ်လတွင်သေဆုံးခဲ့သော ကျောင်းသားကျောင်းသူများအတွက် အထိမ်းအမှတ်အခမ်းအနားတစ်ခုဇွန်လ၁၃ရက်နေ့တွင် ပြုလုပ်ရန်စီစဉ်ခဲ့ကြသော်လည်း
မဖြစ်မြောက်ခဲ့ပေ။ မတ်လတွင် ဖြစ်ပွားခဲ့သော တံတားဖြူအရေးအခင်း၏တုန်လှုပ်ခြောက်ခြားဖွယ်ရာများကို
ပြန်လည်မြင်ယောင်နေကြသေးသော ကျောင်းသားများစွာတို့မှာ
တွန့်ဆုတ်နေကြသေးသည်။ သို့သော် ဇွန်လ၁၄ရက်နေ့တက္ကသိုလ်အပန်းဖြေရိပ်သာရှေ.၌
မငြိမ်မသက်ဖြစ်နေကြသော ကျောင်းသားထုရှေ့တွင် လက်ကိုင်ပုဝါကို
မျက်နှာဖုံးအဖြစ် စည်းထားသော ကျောင်းသားတစ်ဦးသည် ရုတ်ချည်း
မတ်တပ်ရပ်လိုက်ကာ “မနက်ဖြန်ဆန္ဒပြပွဲရှိတယ်” ဟု ကြေညာလိုက်သည်။
လျှို့ဝှက်ထူးဆန်းစွာ ရုတ်တရက်ပေါ်လာပြီး ထို လှုံ့ဆော်သူသည် အလျင်အမြန်
ချက်ချင်းပင်ပျောက်ကွယ်သွားခဲ့သည်။ သို့သော်ဤသတင်းမှာ ပြန့်နှံ့သွားခဲ့ပြီး စိတ်ဓာတ်ပိုမိုမြင့်မားလာခဲ့သည်။
ဇွန်လ၁၅ရက်(ဗုဒ္ဓဟူးနေ့) တွင် မကြုံစဖူးများပြားလှသော လူအုပ်ကြီးသည်
အပန်းဖြေရိပ်သာနှင့် စာကြည့်တိုက်အကြားတွင် စုရုံးနေကြသည်။ တက်ကြွနေသော
ကျောင်းသားအချို့သည် စားပွဲခုံများ၊ ကုလားထိုင်များဖြင့် စင်မြင့်တစ်ခု
ဆောက်လုပ်လိုက်ကြသည်။ ထိုစင်မြင့်ပေါ်သို့ လက်ကိုင်ပုဝါမျက်နှာဖုံးပါသူ
တစ်ဦးပြီးတစ်ဦး တက်ရောက်ဟောပြောကြတော့သည်။ ရုပ်ဖျက်ထားသော်လည်း မတ်လ
အရေးအခင်းတွင် ခေါင်းဆောင်တစ်ဦးဖြစ်သူ မောင်မောင်ကျော်အား ကျောင်းသား
အချို့ သတိပြုမိကြသည်။ သူသည် အစိုးရ၏ ရက်စက်ကြမ်းကြုတ်မှုတို့ကို ရှုတ်ချကာ
ဖမ်းဆီးထားသော ကျောင်းသားများအား ပြန်လွှတ်ပေးရန်တောင်းဆိုခဲ့သည်။
ဟောပြောရက်များကို နားထောင်အပြီးတွင် ထောင်ပေါင်းများစွာသော
ကျောင်းသားများသည် ကျောင်းသားသမဂ္ဂ အဆောက်အဦး ဟောင်းကွင်းပြင်သို့ စီတန်း၍
ချီတက် ခဲ့ကြသည်။ ထိုကျောင်းသားသမဂ္ဂအဆောက်အဦးကို
နေဝင်း၏စစ်သားများက ၁၉၆၂ခုဇူလိုင်လ ၈ရက်နေ့ နံနက်စောစောအချိန်တွင်
ဒိုင်းနမိုက်ဖြင့် ဖြိုခွဲဖျက်ဆီးပစ်ခဲ့ကြသည်။ ယင်းနံဘေးတွင်
ဗိုလ်အောင်ကျော် ကျောက်တိုင်ရှိနေသည်။ ဗိုလ်အောင်ကျော်မှာ ၁၉၃၈ခု
အုံကြွမှုများတွင် ဗြိတိသျှတို့ လက်ချက်ကြောင့် သေဆုံးခဲ့ရ၍
မြန့်မာ့သမိုင်းတွင် ထင်ရှားစွာ မှတ်ကျောက်တင်ခြင်းခံရသော
ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သည်။ ကျောင်းသားများခတ္တငြိမ်သက်ပြီး နံပါတ်တစ်ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော်အားအလေးပြုကြသည်။
ယခုနှစ်တွင် ကိုလိုနီစစ်သားများ၏ လက်ချက်ကြောင့် မဟုတ်ဘဲ မြန်မာ့ပြည်သူ့
တပ်မတော်သားများ လက်ချက်ကြောင့် ကျောင်းသားများ ရာနှင့်ချီ၍
သေဆုံးခဲ့ရခြင်းအတွက် ပိုမို ပူဆွေးကြေကွဲနေကြသည်။
တက္ကသိုလ်ဝင်းအတွင်းတွင် ဆန္ဒပြပွဲများ ရက်ပေါင်းများစွာ
ဆက်လက်ဖြစ်ပွားနေခဲ့သည်။ ၁၇ရက်နေ့(သောကြာ)တွင် ယခင်နေ့များထက်
များပြားလှသော လူထုကြီးသည် အပန်းဖြေ ရိပ်သာနှင့် စာကြည့်တိုက် အကြားတွင်
စုရုံးရောက်ရှိနေခဲ့ကြသည်။ အနီးရှိ ချည်မျှင်နှင့် အထည်စက်ရုံတစ်ခုမှ
အလုပ်သမားများနှင့် ဘုန်းတော်ကြီးများကျောင်းဝင်းအတွင်းဆန္ဒပြပွဲသို
ပထမဦးဆုံးရောက်ရှိလာခဲ့သည်။ ကျောင်းသား လှုပ်ရှားမှုများ အပေါ် ပြည်သူတို့၏
စေတနာကို အပေါ်လွင်ဆုံး သက်သေပြ လိုက်သည်မှာ ဟောပြောသူတစ်ဦးက
“ရန်ကုန်မြို့နေလူထုက ကျောင်းသားများကို ထောက်ပံ့ရန် ကျပ်ငွေတစ်သိန်း
လှူဒါန်းကြောင်း” ကြေညာလိုက်ခြင်းပင်ဖြစ်သည်။
တက္ကသိုလ်
ကျောင်းသားများနှင့် ပြည်သူလူထုတို့ အကြားအပိုင်းက ရှိနေသော တင်းမာမှုသည်
ယခုအခါ လှိုက်လှဲသော ပြည်သူ့ထောက်ခံမှုအသွင်သို့ပြောင်းလာခဲ့သည်။
ရန်ကုန်မြို့မှ အထက်တန်းကျောင်းသူကျောင်းသားများလည်း တက္ကသိုလ် အပန်းဖြေရိပ်သာရှေ့ရှိလူထုစည်းဝေးပွဲသို့
စုဝေးရောက်ရှိလာခဲ့ကြသည်။ ထိုကျောင်းသားများမှာ အလွန်ငယ်ရွယ်ကြပြီး
ဆန္ဒပြသူအားလုံးအနက် စိတ်ဓာတ်အတက်ကြွဆုံး အခက်ထန်ဆုံးဟုဆိုရချေမည်။
လက်ရှိစနစ်အောက်တွင် သူတို့အတွက် အနာဂတ်မရှိ သလောက်ဖြစ်နေပေသည်။
တက္ကသိုလ်မှ ဘွဲ့ရပြီး အစုလိုက် အပြုံလိုက် အလုပ် လက်မဲ့ဘဝကို ရင်ဆိုင်ရကာ
ကုသိုလ်ကံ အလွန်ကောင်းပါမှ နေ့စား အလုပ်သမားဘဝဖြင့် မိသားစုကို
ကူညီနိုင်သော သူတို့၏အစ်ကိုအစ်မများကို ကြည့်ခြင်းအားဖြင့်
သူတို့၏ရှေ့ရေးကို မှန်းဆနိုင်ကြသည်။
မတ်လတွင်းကျောင်းသားသမဂ္ဂတစ်ခုကို
ဖွဲ့စည်းနိုင်ခဲ့ကြသော်လည်း ၁၈ရက်နေ့တွင် အစုလိုက်အပြုံလိုက်
အဖမ်းခံခဲ့ကြရ၍ သမဂ္ဂပြိုပျက်ခဲ့ရသည်။ ယခုအခါတွင် များစွာသော
မြေအောက်အဖွဲ့များလှုပ်ရှားလျက်ရှိနေကြပေပြီ။
၎င်းတို့သည် တစ်ချိန်တည်း၌ တစ်နေရာစီလျှို့ဝှက်စွာ ဖွဲ့စည်းခဲ့ကြရသောကြောင့်
အမည်များ ကွဲပြားခြားနားနေပြီး တောင်းဆိုမှုများမှာလည်း
အမျိုးမျိုးဖြစ်နေသည်။ သို့သော် ၎င်းတို့သည် ပြင်ပလေ့လာသူများထင်မြင်သကဲ့သို့ အုပ်စုစွဲ၊ ပုဂ္ဂိုလ်စွဲများမဟုတ်ကြချေ။
“ဒါပေမယ့် ဖမ်းထားတဲ့ကျောင်းသားတွေကို ပြန်လွှတ်ပေးရေး၊ မတ်လလူသတ်ပွဲမှာ
သေဆုံးခဲ့ကြရတဲ့ ကျောင်းသားများရဲ့ မိသားစုတွေကို လျော်ကြေးပေးရေးစတဲ့
ကျောင်းသားတွေရဲ့ လိုအပ်ချက်ကိုသာ တောင်းဆိုချင်ကြသူတွေက တစ်ပိုင်း၊
ပြီးတော့ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ ကုန်ဈေးနှုန်းကျဆင်းရေးတို့ကို တောင်းဆိုချင်တဲ့ အထက်တန်း ကျောင်းသားများ အပါအဝင် ပိုမို နိုင်ငံရေးဆန်သူတွေက တစ်ပိုင်းဆိုပြီး အုပ်စုနှစ်စု ကွဲနေတယ်။
“ကျွန်တော့်အနေနဲ့ကတော့ ပထမအမြင်ကို ထောက်ခံတယ်။ ဒီအချိန်မှာ လေကြီးမိုးကြီးနိုင်ငံရေးတောင်းဆိုချက်တွေတောင်းဖို့အချိန်မကျသေးဖူးလို့ ကျွန်တော်ထင်တယ်။ ကျွန်တော်တို့အရင်က ဆေး တက္ကသိုလ်မှာ ကျောင်းထုတ်ခံရတဲ့ကျောင်းသား၎ယောက်ကို
ကျောင်းပြန်ဝင်ခွင့် ရရေးအတွက် ဆန္ဒပြ တောင်းဆိုခဲ့ကြတာ
အောင်မြင်မှုရခဲ့သလို ဒီတစ်ခါလည်းခုနက ပြောခဲ့တဲ့ အခြေခံ
တောင်းဆိုချက်တွေကို အစိုးရက လိုက်လျောအောင် ဖိအားပေးနိုင်ခဲ့ရင်
ကျွန်တော်တို့ကျောင်းသားတွေရဲ့ ဓါးဟာ အသွားထက်ပါတယ်ဆိုတာ ပြည်သူတွေ
ယုံကြည်လာပါလိမ့်မယ်။ ပြီးတော့ မကြာခင်မှာ နိုင်ငံရေးတောင်းဆိုချက်တွေကိုလည်း အလွယ်တကူ တောင်းဆိုလာနိုင်ပါမယ်” ဟု ဝင်းမိုးက ပြောပြသည်။
ယခုတစ်ကြိမ်တွင်လည်း အစိုးရသည် မပြေမလည် လုပ်ဆောင်ချက်များဖြင့်
ကျောင်းသားများ၏ လှုပ်ရှားမှုကို အရှိန်ပြင်းအောင် မီးစာထိုးပေးခဲ့သည်။
၂၀ရက်နေ့တွင် မြန်မာ့အသံမှ ရန်ကုန်တက္ကသိုလ်မြန်မာ့အသံမှ ရန်ကုန် တက္ကသိုလ်
လက်အောက်ရှိ တက္ကသိုလ် ၄ခုစလုံးကို ပိတ်လိုက်ကြောင်းကြေညာလိုက်သည်။
သို့သော်လည်း လှုပ်ရှားမှုသည် ဆေး တက္ကသိုလ်(၁)သို့
ပြန့်နှံ့သွားခဲ့ပြီဖြစ်သည်။ ဆေး(၁)၏ အဓိကကျောင်းဝင်းမှာ
ရန်ကုန်ဆေးရုံကြီးအနီး မြို့လယ်၌တည်ရှိပြီး၊ ပထမနှစ်နှင့်
ဒုတိယနှစ်သင်တန်းဋ္ဌာနများမှာ မြန်မာ့အသံနှင့် မျက်နှာချင်းဆိုင်
ပြည်လမ်းမတွင်တည်ရှိသည်။ ဤသို့ဖြင့် ကျောင်းသားများသည် လက်တွေ.ကျကျပင်
သူတို့၏ လူထု စည်းဝေးပွဲများကို ပြည်လမ်း ကျောင်းဝင်းသို့ပြောင်းရွှေ့
ကျင်းပ လာခဲ့ကြသည်။ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် မှ ကျောင်းသားများ လည်း
ပါဝင်လာခဲ့ကြသည်။ လှုပ်ရှားမှုမှာ ကြီးသထက်ကြီးလာပြီး
အရှိန်အဟုန်မြင့်မားလာသည်။
“၂၁ရက်နေ့က ပြည်လမ်းကျောင်းဝင်းမှာ
ကျွန်တော်တို့ လူထု စည်းဝေးပွဲကြီး တစ်ခု လုပ်ကြတယ်။ လူတွေက
ထောင်နဲ့ချီလို့ဘဲ။ ရုတ်တရက် ကျောင်းသားတစ်ယောက်က ရန်ကုန်မြို့လယ်မှာရှိတဲ့
ဆေး တက္ကသိုလ်(၁)ကို ချီတက်ဖို့ အကြံပြုလာတယ်။ ဟိုမှာလည်း
စည်းဝေးပွဲကြီးတစ်ခု လုပ်နေကြတာကိုး။ ဒါနဲ့ ကျွန်တော်တို့ မွန်းလွဲ
၁နာရီမှာ ထောင်နဲ့ ချီတဲ့ ကျောင်းသားတွေ ခွပ်ဒေါင်းကျောင်းသား သမဂ္ဂ အောင်လ
ံကိုင်ပြီး စတင်ချီတက်ကြတယ်။ ကျောင်းသားတစ်ယောက်က ဆရာများရုံးခန်းကို
ဝင်ပြီး နံရံမှာ ချိတ်ထားတဲ့ ဗိုလ်ချုပ် အောင်ဆန်း၊ ဦးနေဝင်း၊ ဦးစန်းယု
ဓါတ်ပုံ၃ပုံ အနက် ဗိုလ်ချုပ်အောင်ဆန်းဓါတ်ပုံကို ယူလာပြီး
ဆန္ဒပြပွဲရှေ့တန်းက ကိုင်ပြီး ချီတက်လာကြတယ်” ဟု ဆေးကျောင်းသား တစ်ဦးဖြစ်သူ
စိုးဝင်းက ပြောပြသည်။
လူတန်းရှည်ကြီးသည်
သစ်ပင်ရိပ်များစီတန်းနေသည့် ပြည်လမ်းမကြီးတစ်လျှောက် “အကြမ်းမဖက်နဲ့”
“ငြိမ်းချမ်းစွာဆန္ဒပြကြ” စသည်ဖြင့် အသက်ငယ် သော်လည်း စိတ်အား ထက်သန်ပုံရသော
စည်းရုံးရေး သမားများက အော်ဟစ် ကွပ်ကဲကာ စည်းကမ်း တကျ ချီတက်လာကြသည်။
အများစုမှာ တက္ကသိုလ် ကျောင်းသားများ ဖြစ်ပြီး အချို့မှာ ဆယ်ကျော်သက်ရွယ်
ကလေးငယ်များဖြစ်ကြသည်။
ရုတ်တရက်လမ်းဝ၏ ညာဘက်သို့
ကြည့်လိုက်သည့်အခါတွင် စစ်သားများ နေရာယူလာသည်ကို တွေ.ရသည်။
ဘရင်းကယ်ရီယာကား များကို မြန်မာ့အသံအနီး၌၎င်း၊ နာမည်ဆိုးလာလှသော
ကြံတောသင်္ချိုင်းမှ ခဲတစ်ပစ်မျှသာဝေးသည့် ဟံသာဝတီအဝိုင်းတွင်၎င်း
နေရာယူထားကြပြီး၊ ၎င်းတို့၏ စက်သေနတ်ပြောင်းမှာ
ဆန္ဒပြလူတန်းကြီးအားချိန်ရွယ်ထားကြသည်။
ထို နေရာမှ ကျော်လွန်သောအခါ ကျောင်းသားများ၏ ရှေ့ဆက် ရမည့်ခရီးကို
သံဆူးကြိုးများဖြင့် ကာဆီးကာ လမ်းပိတ်ထားသည်။ စစ်သားများနှင့် လုံထိန်းများ
ကလည်း ရိုင်ဖယ်သေနတ် ကိုယ်စီ နံပါတ်တုတ် ကိုယ်စီဖြင့်
အသင့်စောင့်ဆိုင်းနေကြသည်။
“အစကတော့ တံတားဖြူအတိုင်းဘဲ
ထပ်ပြီးအပစ်ခံရတော့မယ်လို့ ကျွန်တော်တို့တွက်လိုက်တယ်။ ဒါပေမယ့်
ကံကောင်းချင်တော့ ကျွန်တော်တို့ရောက်နေတဲ့နေရာက မြေနီကုန်းဈေးနားမှာ
ဖြစ်တယ်။ အဲဒီ နေရာမှာ အိမ်ကလေးတွေနဲ့ နောက်ဖေးလမ်းကြားလေးတွေ
အများကြီးရှိတယ်။ သူတို့ စပြီး မပစ်ခင် ကျွန်တော်တို့ ခြေဦးတည့်ရာ
ပြေးကြတော့တာဘဲ။ အနားမှာရှိတဲ့ လူတွေကလည်း သူတို့ အိမ်ထဲမှာ
ကျွန်တော်တို့ကို ဝှက်ထားပေးကြတယ်” ဟုဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူစိုးဝင်းက
ပြောပြသည်။
စစ်သား အပြည့် တင်ဆောင် လာသည့်
စစ်လော်ရီကားတစ်စီး ထိုးဆိုက်လာသည်။ သူတို့က ပစ်ခတ်ခဲ့ သော်လည်း
သေနတ်ဒဏ်ရာဖြင့် ထိခိုက် သူမရှိခဲ့ချေ။ သို့သော်လည်း ၁၃နှစ် အရွယ်ရှိ
အထက်တန်းကျောင်းသားနှစ်ဦးကို စစ်လော်ရီကားက ဝင်တိုက်ခဲ့သဖြင့် တစ်ဦးမှ
နေရာတွင်ပင် သေဆုံးသွားပြီး ကျန်တစ်ဦးမှာ သေလောက်သည့် ဒဏ်ရာ ရရှိခဲ့သည်။
ဤတွင် အနီးတဝိုက်ရှိအိမ်များမှ ဒေါသထွက်နေကြသော လူများထွက်လာပြီး
ခဲများအုတ်ပိုင်းကျိုးများဖြင့်
စစ်သားများနှင့် လုံထိန်းများကို ပစ်ပေါက်ကြတော့သည်။ မည်သည့်နေရာမှ
လာမှန်းမသိသော သွယ်တန်းသည့် ဆူးချွန် တစ်ခုသည် လေထဲ၌ ဝှီးကနဲဖြတ်သန်းလာပြီး
လုံထိန်းတစ်ဦးကို ထိမှန်ရာ မြေကြီးပေါ် လဲကျ သွားသည်။ သူသည် ဂျင်ဂလိဖြင့်
အပစ် ခံခဲ့ရခြင်းဖြစ်သည်။ ဂျင်ဂလိမှာ စက်ဘီး စပုတ်တိုင်ဖြင့်
လုပ်ထားသောအသွားချွန်သည့် မျှားတံဖြစ်ပြီး လောက်လေးခွဖြင့် ပစ်ခတ်ရသည်။
ထို့နောက် ဂျင်ဂလိ တစ်ခုပြီးတစ်ခု ကျလာတော့သည်။ တစ်ချို့မှာ သေးသွယ်လှပြီး
ထီးရိုးတို့ဖြင့် ပြုလုပ်ထားသည်။ ဂျင်ဂလိမှာ မျှားဦးကို
နောက်ချီးတို့ဖြင့် လူးထားပြီးအနောက်ပိုင်းတွင် လိုရာသို့ပစ်နိုင်ရန်
ကြက်တောင်မွှေး တပ်ထားသော သေစေ နိုင်သည့် အဆိပ်ပြင်းသည့် အရာတစ်ခုဖြစ်သည်။
လူထူထပ်သော မြေနီကုန်းဈေးပတ်ဝန်းကျင်ရှိ အိမ်များ၊
လမ်းများကြားတွင် စစ်သားများလုံထိန်းများသည် မျက်စိလည် လမ်းမှား ကြတော့သည်။
ဤတွင် သူတို့သည် ဗရမ်းဗတာ ဆုတ်ခွာကြကာ သေဆုံးသူ ရဲဘော်များနှင့် ဒဏ်ရာရ
ရဲဘော် များကို ဆွဲငင်သယ်ဆောင်သွားကြသည်။
ထိုအချိန်၌
ဆန္ဒပြသူ အချို့သည် အနီးရှိ စင်္ကာပူ သံရုံးဝင်း တွင်းသို့
ပြေးဝင်ခိုလှုံခဲ့ကြသည်။ သော့ခတ်ထားသော ဂိတ်အပြင်ဘက်မှနေ၍ လုံထိန်းများသည်
သံရုံးကို ခဲဖြင့်ပေါက်ကြသည်။ သံရုံးနောက်ဖေးလမ်းကြားတွင်လည်း
သေနတ်သံများ ဆူညံနေသည်။ ယင်းလမ်းပေါ်တိုက်ပွဲမှာ တစ်ဖက်သတ် တိုက်ပွဲ
မဟုတ်ချေ။ ကျောင်းသားသမဂ္ဂအောင်လံကို ကိုင်ဆောင်ထားသော ကျောင်းသူတစ်ဦးအား
အနီးရှိ ရဲစခန်းအတွင်းသို့ ဆွဲသွင်းသွားကြသည်။ ဤတွင် စခန်းကို
လူအုပ်ကြီးက မုန်တိုင်းသဖွယ်ဝင်စီးကာ ထိုကျောင်းသူအားကယ်တင်ခဲ့ကြသည်။
ဤအရေးအခင်းကို အစိုးရသတင်းဋ္ဌာနက ရဲစခန်းအားမီးရှို့ရန်
ကြံစည်ကြိုးစားမှုအဖြစ် ဖေါ်ပြခဲ့ကြသည်။ ဒေါသထွက်နေကြသော အရပ်သားများသည်
တွေ.သမျှလုံထိန်းများအား ခဲနှင့်ပေါက် ဂျင်ဂလိနှင့် ပစ်ကြရာ လုံထိန်း ၁၀ဦး
ထက်မနည်း သေဆုံးခဲ့ကြသည်။ လုံထိန်းနှင့် စစ်သားများက သေနတ်ဖြင့် ပြန်လည်
ပစ်ခတ်ခဲ့ရာ အရပ်သား အမြောက်အများ သေဆုံးခဲ့၍ တစ်ချို့မှာ ပြင်းထန်စွာ
ဒဏ်ရာ ရရှိခဲ့ကြသည်။ သို့သော် ပြည်သူများက ခုခံတိုက်ခိုက်ခဲ့ခြင်းကြောင့်
လုံခြုံရေးတပ်ဖွဲ့ဝင်များစိတ်ဓါတ်ကျဆင်းခဲ့သည်။
မြေနီကုန်းဈေးမှ တိုက်ပွဲသတင်းနှင့် လုံထိန်းများသေဆုံးခြင်းသတင်းတို့သည်
ရန်ကုန်တစ်ခွင် ပြန့်နှံ့ခဲ့လေသည်။ ကျောင်းသားများသည် သေဆုံးခဲ့ရသော
ငယ်ရွယ်သည့်ဆန္ဒပြ ကျောင်းသူကျောင်းသားများ၏ အလောင်းများအား
မာဇဒါဂျစ်ကားခေါင်မိုးပေါ် တင်ကာ ပုလိပ်တို့၏ ရက်စက်ကြမ်းကြုတ်မှုကို
အလောင်းသက်သေတည်လျက် မြို.ပတ်မောင်းပြီး ကြွေးကြော်ရှုတ်ချခဲ့ကြသောကြောင့်
လူထုဒေါသမီးမှာ ပြင်းသည်ထက်ပြင်းထန်လာခဲ့သည်။ ကမ္ဘာစစ် လက်နက် စာရင်းတွင်
အသစ်ဝင်လာသော သေမင်းတမန်ဂျင်ဂလိ လက်ချက်ဖြင့် သေဆုံးကြရသော
လုံထိန်းများအပေါ် သနားဂရုဏာ နည်းပါးကြသည်မှာ အံ့သြစရာ မဟုတ်ပေ။ မြို့လယ်ရှိ
ဗိုလ်ချုပ်အောင်ဆန်းလမ်းတွင် လုံထိန်း အလောင်း ၆လောင်းကို တင်ယူလာသော
ထရပ်ကားအား သွေးဆူနေသော လူအုပ်ကြီးက မီးရှို့ပစ်လိုက် ကြသည်။
ယင်းလော်ရီကားနှင့် အလောင်းများမီးဟုန်းဟုန်းတောက်လောင်နေသည်ကိုပွဲကြည့် ပရိတ်သတ်သဖွယ် လူအုပ်ကြီးက သြဘာပေး လက်ခုပ်တီးခဲ့ကြသည်။
“ဒီအဖြစ်အပျက်ကို ကျွန်တော် သေသေချာချာမှတ်မိတယ်။ အဖြစ်က ထိတ်လန့်ဖို့
ကောင်းတယ်။ မီးလောင် နေတဲ့ကားက မဲမှောင်နေတဲ့ မီးခိုးတန်းကြီးတလူလူနဲ့
မိုးကို ထိုးတက်နေတာ။ မိုးပေါ်ကြည့်လိုက်တော့ တောဘဲရိုင်း ၂၁ကောင်ကို
မျှားပုံသဏ္ဍာန်ဖွဲ့ပြီးပျံနေကြတာ ကျွန်တော်တို့တွေ့ရတယ်။
ရန်ကုန်မှာ တောဘဲရိုင်းကို တွေ့ဖို့အရမ်းရှားတယ်။ ပြီးတော့ ရက်လလည်း ဇွန်လ၂၁ရက် ကျွန်တော်တို့က အတိတ်နိမိတ်ကောင်းတယ်လို့ကောက်ကြပြီး ရှေ.ဆက် ဆန္ဒပြဖို့ သတ္တိ မွေးခဲ့ကြတယ်” ဟု ရန်ကုန်မှ ဆေးကျောင်းသား တစ်ဦးဖြစ်သူ စစ်နိုင်က ပြန်ပြောပြသည်။
မြေနီကုန်း၌တိုက်ပွဲဖြစ်နေချိန်တွင်
ဆေးတက္ကသိုလ်(၁) လူထုစည်းဝေးပွဲကြီးမှာ ကျင်းပဆဲဖြစ်သည်။ မွန်းလွဲ
၃နာရီခန့်တွင် မြေနီကုန်းဆန္ဒပြပွဲ၌ ပါဝင်ခဲ့သော အမောဆို့နေသည့်
ကျောင်းသားတစ်ဦးသည် ဆေး တက္ကသိုလ်သို့ရောက်ရှိလာပြီး ထိုသတင်းကို လာပြော
ပြလေသည်။
“လုံခြုံရေးတပ်ဖွဲ့တွေ ကျွန်တော်တိှု့ဆီကို
လာနေသလားဆိုတာ သတင်းထောက်ဖို့ ကျွန်တော်တို့ ကျောင်းသား ၅ယောက်ကို
အဖွဲ့တစ်ဖွဲ့ ဖွဲ့ပြီး၊ အဖွဲ့၅ဖွဲ့ စေလွတ်လိုက်တယ်။ တစ်ဖွဲ့က လမ်းမှာ
တန်ပြန်ထောက်လှမ်းရေးသမားတစ်ယောက်နဲ့
ရင်ဆိုင်ရတယ်။ အဲ့ဒီလူက လမ်းမှာရပ်ပြီး မျက်နှာထားတင်းတင်းနဲ့
ဟိုဟိုဒီဒီလျှောက်ကြည့်နေတော့ ကျောင်းသားတွေက သူ့ကို
အစိုးရသူလျှိုမှန်းသိလိုက်တယ်” ဟု ယင်းအစည်းအဝေးပွဲဖြစ်အောင်
ကမကထလုပ်ပေးသူတစ်ဦးဖြစ်သော ကိုလင်းက ပြောပြသည်။
ကျောင်းသားများသည် ထိုလူကို ဝိုင်းဖမ်းလိုက်ကြပြီး ပုခုံးပေါ်မှ လွယ်အိတ်ကို လုယူလိုက်ကြသည်။
လွယ်အိတ်ထဲတွင် ထောက်လှမ်းရေးမှတ်ပုံတင်ကဒ်ပြားနှင့်အတူ
ခြောက်လုံးပြူးတစ်လက် ကို တွေ့ရသည်။ ကျောင်းသားတစ်ယောက်က
သေနတ်ကိုအောင်ပွဲခံမြှောက်ပြကာ အမည်နှင့်ရာထူးကို အော်ဖတ်ပြနေလေသည်။
“တပ်ကြပ်ကြီးမောင်ပြုံး”
သာမန်အရပ်သားများပါဝင်သော ဘေးကြည့်ပရိတ်သတ်မှာ ဒေါမာန်ပွားလာကြတော့သည်။
“သူ့သေနတ်နဲ့သူ့ ပစ်သတ်လိုက်” ဟုတစ်ယောက်က အော်လိုက်သည်။
“ဒါပေမဲ့ ကျွန်တော်တို့က ဒါမျိုးလုပ်ချင်ကြတာမှ မဟုတ်ဘဲ။ ဒီနောက်မှာ
နောက်ထပ်တစ်ယောက် ဖမ်းမိကြတယ်။ ဒီလူက ခေါင်းဆောင် တစ်ယောက်ဖြစ်နေတယ်။
ကျွန်တော်တို့ စည်းဝေးပွဲကို ထိုးဖောက်သတင်းယူဖို့ ကင်မရာတစ်လုံးနဲ့
လွှတ်လိုက်ကြောင်း သူက ဝန်ခံသည်။ သူ့လွယ်အိတ်ထဲမှာတော့ လက်နက်မတွေ.ရဖူး။
ဒါပေမဲ့ ပြီးခဲ့တဲ့နေ့က ကျွန်တော်တို့ကျောင်းဝင်းထဲမှာ လုပ်တဲ့
စည်းဝေးပွဲရဲ့ အသေးစိတ်အစီရင်ခံစာ လက်ရေးမူကို တွေ့ရတယ်။
သူ့ကိုစစ်ဆေးရင်းသိရတာက သူတို့လူတွေဟာ မှတ်ရဆက်သွယ်ရလွယ်ကူအောင် ရှပ်အင်္ကျီ
အဖြူနဲ့ လုံချည်ပြာတွေကို ဝတ်ဆင်ထားကြောင်း သိရသည်။ ဒီလိုနဲ့ နောက်ထပ်
နှစ်ယောက်ဖမ်းမိတယ်။ ဒါတင်မကဖူး။ ကျွန်တော်တို့မှားတော့မလို့ နဲနဲဘဲလိုတယ်။
ရေသောက်နေတဲ့ လူငယ်တစ်ဦးက သူတို့လိုဘဲ ဝတ်ထားတာ။ သူ့လွယ်အိတ်ကိုရှာတော့
ရုပ်ရှင် စာအုပ်နှစ်အုပ်က လွဲလို့ ဘာမှ မတွေ့ရဘူး” ဟု ကိုလင်းက ပြောပြသည်။
ဖမ်းမိသော ထောက်လှမ်းရေးများကို ဆေးတက္ကသိုလ်မှ ဆရာများလက်ထဲသို့
ပေးအပ်လိုက်ကြသည်။ သို့သော် လူထုကြီးမှာ ဒေါသထွက်မကုန်ဖြစ်နေကြ၏။
တပ်ကြပ်ကြီး မောင်ပြုံးအား ဆေးကျောင်းခန်းမ ထဲသို့အသွင်းတွင် လူတစ်ယောက်က
အုတ်ခဲကျိုးတစ်ခုနှင့် ပစ်လိုက်သဖြင့်ဒဏ်ရာအပြင်းအထန် ရရှိသွားသည်။
ထို့နောက် ယင်းစုံထောက် ၄ဦးစလုံးကို ပြန်လွှတ်လိုက်သည်။
ဤသို့လွှတ်လိုက်ခြင်းမှာ အမှားကြီးတစ်ရပ်ဖြစ်ကြောင်း သိလာရသည်။ နောက်
သုံးလေးရက် အတွင်းကျောင်းသား ရာပေါင်းများစွာကို ၎င်းတို့၏နေအိမ်များမှ
ညတွင်းချင်းဖမ်းဆီးကာ အင်းစိန်ထောင်နှင့် ရေကြည်အိုင် အကျဉ်းစခန်းများသို့
ခေါ်ဆောင်သွားကြသည်။ ၎င်းတို့၏ အိမ်ရှေ့သို့ စုံထောက်များသည် အမည်စာရင်း
အတိအကျ ဓါတ်ပုံသာဓကတို့ဖြင့်ရောက်ရှိလာခဲ့ကြသည်။ ယင်းလုပ်ရပ်မှာ မတ်လမှာကဲ့သို့ လမ်းများပေါ်တွင် မိရာဖမ်းဆွဲခြင်းမျိုးမဟုတ်ဘဲ ကျနသေချာစွာ စည်းဝါးကိုက်စီစဉ်ထားခြင်းဖြစ်သည်။
၂၁ ရက်နေ့အဓိကရုဏ်းသည် ညနေပိုင်းတွင် မီးစာကုန်ရေခမ်းဖြစ်လာခဲ့သည်။ ဇွန်လ
၂၃ရက်နေ့ထုတ်လုပ်သားပြည်သူ့ နေ့စဉ်(အင်္ဂလိပ်) သတင်းစာတွင် ဖေါ်ပြသော အစိုးရ
အသေအပျောက်စာရင်းအရ ပြည်သူ့ရဲတပ်ဖွဲ့ဝင် ၆ဦးနှင့် ဆူပူသောင်းကျန်းသူ
၃ဦးသေဆုံးခဲ့ကြသည်။ သံတမန်ရပ်ကွက်မှ ခန့်မှန်းချက်မှာ ယင်းအဓိကရိုဏ်းတွင်
ပုလိပ်၂၀နှင့် အရပ်သားအနည်းဆုံး ၈၀သေဆုံးပြီး
၁၀၀အထိဖြစ်နိုင်ကြောင်းသိရှိရသည်။
ရန်ကုန်မြို့ရှိ တက္ကသိုလ်နှင့် ကောလိပ်များအားလုံးကို
အကန့်အသတ်မရှိပိတ်လိုက်ပြီး မြို့တော်တွင် နေဝင်ချိန်မှ နေထွက်ချိန်အထိ
အပြင်မထွက်ရအမိန့်ထုတ်လိုက်သည်။
ရန်ကုန်မြောက်ဖက် ကီလိုမီတာ ၅၀ဝေးကွာသော ပဲခူးမြို့တွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများဆက်လက်ဖြစ်ပွားလျက်ရှိသည်။
ဇွန်လ ၂၃ရက်တွင် ပုလိပ်နှင့် စစ်သားများသည် ဆန္ဒပြ လူအုပ်ကြီး တစ်စုကို
သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်။ ပဲခူးမြစ် သံတံတားဟောင်းအနီးတွင် လူ ၇၀ကျော်
ပစ်သတ်ခံခဲ့ကြရသည်။ သေဆုံးသူများအနက် ကျောင်းသားငယ် တစ်ဦးမှာ
အလွန်ဆင်းရဲသဖြင့် ဒေသခံ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတစ်ခုက
ထောက်ပံ့ကြည့်ရှုထားသူတစ်ဦးဖြစ်သည်။
ယင်းလူငယ်မှာ ထိုမြို့ရှိ ရိုသေလေးစားခြင်းခံရသော
ဝါရင့်ဘုန်းတော်ကြီးတစ်ပါး၏ လက်ထဲ၌ သေနတ်ဒဏ်ရာဖြင့် အသက်ဆုံးသွားခဲ့ရသည်။
ဤဖြစ်ရပ်သည် ပဲခူးမြို့ဒေသ မြို့သူမြို့သားတို့၏ အသည်းနှလုံးကို
အလွန်ထိခိုက် စေရာ နိုင်ငံတော် မဆလ အစိုးရကို ရင်ဖွင့်ဆန့်ကျင်သော
မြို့တစ်မြို့ ပိုတိုးလာစေခဲ့သည်။
ရန်ကုန်မြို့တွင်
စစ်သွေးစစ်မာန် တက်ကြွနေသော ကျောင်းသားအချို့သည် ညမထွက်ရအမိန့်ကို
ဖီဆန်ပြီး ရွှေတိဂုံစေတီတော် ရင်ပြင်ပေါ်သို့ ခိုလှုံခဲ့ကြသည်။
ရွှေတိဂုံရင်ပြင်မှာ ၁၉၂၀-၁၉၃၆ခုနှစ်များက သမိုင်းဝင် ကျောင်းသားသပိတ်တို့၏
ဗဟိုဋ္ဌာနဖြစ်သည်။ သပိတ်စခန်းတစ်ခုကို ထပ်၍ဖော်ထုတ်ခဲ့ကြပြန်သည်။ သို့သော်
ပုလိပ်များသည် ချက်ချင်းပင် ထိုကျောင်းသားတစ်စုကို လူစုခွဲစေခဲ့သည်။
ရန်ကုန်မြို့သည်လည်း ပြန်လည်ငြိမ်သက် သွားခဲ့သည်။ ဤတစ်ကြိမ် တွင်လည်း
ဦးစိန်လွင်အား လှုပ်ရှားမှုကို ချေမှုန်းရန်တာဝန်ပေးခဲ့ခြင်းမှာ
သူ၏ လုံထိန်းဦးစီးချုပ်ဟူသော ရာထူးအာဏာကြောင့်ပင် ဖြစ်ပေမည်။
ပို၍အဓိကကျသည်မှာ သူသည် ဦးနေဝင်း၏ ယုံကြည်စိတ်ချရသော
နောက်လိုက်အနည်းစုအနက်တစ်ဦးဖြစ်ခြင်းကြောင့်ဖြစ်သည်။ နောင်တွင် “ဇွန်အရေးအခင်း”ဟု အမည်တွင်လာသော အုံကြွမှုများနိဂုံးချုပ်ခဲ့လေသည်။
အစိုးရ၏ တင်းကျပ်သော အရေးပေါ် အမိန့်များကို ဇွန်လ ၂၂ရက်နေ့တွင်
လုပ်သားပြည်သူ့နေ့စဉ် သတင်းစာမျက်နှာဖုံး၌ ဖော်ပြခဲ့သည်။ “လူစုဝေးခြင်း၊
ဟောပြောခြင်း၊ စီတန်းချီတက်ခြင်း၊ လှုံ့ဆော်တိုက်တွန်းခြင်း၊ ဆန္ဒပြခြင်း၊
ဆူပူမှုများဖြစ်အောင်ပြုမူခြင်း”
စသည်တို့ကို လုံးဝပိတ်ပင်ပြီး ည ၆နာရီမှ နံနက် ၆နာရီအတွင်း အပြင်မထွက်ရ
အမိန့်တို့ပါရှိသည်။ ကြေညာချက်တွင် ဆက်လက်ဖေါ်ပြသည်မှာ “ဤအမိန့်သည် ဇွန်လ
၂၁ရက်မှ သြဂုတ်လ ၁၉ရက်နေ့ထိ ရက်ပေါင်း ၆၀အာဏာတည်သည်” ဟူ၍ ဖြစ်သည်။
ဤအမိန့်သည် မငြိမ်မသက်ဖြစ်နေသော ကျောင်းသားများကို လမ်းမပေါ်သို့ ချီမတက်အောင်တားဆီးနိုင်သော်လည်းတစ်ခြားမမျှော်လင့်သော ပြဿနာတို့ကို
ဖြစ်ပေါ်စေခဲ့သည်။ မြန်မာပြည်ရှိ ဈေးများသည် နေမထွက်ခင်အစပြုပြီး
အာရုဏ်ပျိုးသည့်အချိန်တွင် လူများစွာဖြင့် စည်ကား နေမြဲဖြစ်သည်။
ထို့ကြောင့် ဈေးဆိုင်ရှင်များသည် ကုန်ပစ္စည်းတို့ကို မိုးမလင်းခင်ကပင်
ဈေးသို့သယ်ပို့ကာ ဈေးဝယ်သူများမလာခင် ကုန်ဈေးတန်းကို ဖွင့်လှစ်၍
အသင့်ပြင်ထားကြသည်။ ယခုထို့သို့ မဖွင့်လှစ်နိုင်ကြတော့ပေ။
နံနက်၆နာရီ မထိုးခင်လက်တွန်းလှည်းဖြင့် စွန့်စားထွက်လာခဲ့သော ခေါက်ဆွဲသည်
အဖိုးကြီးတစ်ဦးနှင့် သမီးတို့ကို အမိန့်ချိန်အတွင်း ကင်းလှည့်နေကြသော
စစ်သားများက သေနတ်ဖြင့် ပစ်သတ်ခဲ့ကြသည်။ အမိန့်ချိုးဖောက်သူ
တစ်ခြားသူများကိုလည်း ပစ်သတ်ခဲ့ကြကြောင်း ကောလဟာလ သတင်းစကားများ
ထွက်ပေါ်လာရာ ဈေးသည်များသည် ယခင်ကကဲ့သို့ ပုံမှန်မဖွင့်လှစ်နိုင်ကြတော့ပေ။
ထို့ကြောင့် အခြေခံ စားသုံးကုန်ဈေးနှုန်းတို့မှာ အလွန်ကြီးမြင့်
သွားခဲ့သည်။ ဆန်တစ်ပြည် (နို့ဆီဗူး၈လုံး) ၃ကျပ်မှ ၉ကျပ် ဖြစ်နေချိန်တွင်
အလုပ်ကြမ်းသမားတစ်ဦး၏ တစ်နေ့ လုပ်ခမှာ ၆ကျပ်မှ ၅၀ပြားသာ
မပြောင်းလဲဘဲရှိနေသည်။ ရန်ကုန်ဈေးများတွင် ငါးတစ်ပိသာ ၅ကျပ် ၆ကျပ်မှ
၁၀ကျပ် ၁၅ကျပ် အထိ တက်လာခဲ့သည်။ ဆင်းရဲသားများအတွက် ဟင်းသီး
ဟင်း၇ွက်ပင်လျှင် အထူးတလည် ဈေးကြီးလာခဲ့သည်။ ပို၍ ဆိုးရွားသွားခဲ့သည်မှာ
ငွေစက္ကူများကို တရားဝင်အဖြစ်မှ ရုပ်သိမ်းကြောင်း ထပ်မံကြေငြာမည် ဟူသော
ကောလဟာလ သတင်းပင်ဖြစ်သည်။ ကြီးလေးသောပြဿနာပေါင်းများစွာကြားမှ ရှိသမျှ ပြည်သူအားလုံးကို ထမင်းကျွေးနိုင်ခဲ့သော မြန်မာပြည်သည် ယခုအခါ အငတ်ဘေးနှင့် ကြုံတွေ့လာရတော့သည်။
အာဏာပိုင်များ အခက်အခဲတွေ့နေသည်မှာ အကယ်၍အရေးပေါ်ဥပဒေများကို အားလုံးရုပ်
သိမ်းလိုက်ပါက ကျောင်းသားများ ဆန့်ကျင်ဆန္ဒပြပြီး လမ်းမပေါ်သို့ရောက်လာ
ကြတော့မည်။ မည်သို့မျှ မလုပ်ပါကလည်း ပြည်သူတစ်ရပ်လုံး ဒေါသကြီးစွာဖြင့်
သြဂုတ်လ ၁၉ရက်နေ့မတိုင်မီ အုံကြွကြတော့မည်။ ပြည်သူများ စိတ်ပြေစေရန် ဇွန်လ
၂၉ရက်နေ့တွင် ညမထွက်ရအမိန့်ကို ည၈နာရီမှ နံနက် ၄နာရီအထိပြင်ဆင်လိုက်ကြောင်း
အမှတ်မထင်ကြေငြာခဲ့သည်။
လူအများက ကြည်ဖြူစွာလက်ခံလိုက်သော
ထိုအမိန့်သည် ရက်အနည်းငယ်အတွင်းမှာပင် ပြဿနာဖြစ်လာခဲ့သည်။ အကြောင်းမှာ
ရန်ကုန်တိုင်းမဆလ ပါတီ ဥက္ကဋ္ဌဦးရဲဝင်းသည် မြန်မာ့အသံမှ
“ကိုယ်ကျိုးသက်သက်ကြည့်ပြီး လောဘကြီးစွာ ဈေးမကစားကြနဲ့” ဟု ကုန်သည်များကို
ခက်ထန်စွာ သတိပေးလာ သောကြောင့်ဖြစ်သည်။
ထို့အပြင်
ယမန်နှစ်သြဂုတ်လမှ စ၍ စားသုံးကုန် အချို့ကို အစိုးရက လွတ်လပ်စွာ
ရောင်းဝယ်ခွင့် မပေးမီ ဆန်ကိုနိုင်ငံတော်က ရောင်းဝယ်ဖြန့်ချီခဲ့စဉ်
အခြေအနေကို အမွှန်းတင်ပြောကြားခဲ့သည်။ “တစ်ကယ်လို့ စားသုံးသူများရဲ့
အကျိုးစီးပွားကို မငဲ့ဘဲ ကုန်ဈေးနှုန်းမတန်တဆ တိုးမြှင့်လာရင် လောဘကြီးတဲ့
ကုန်သည်တွေရဲ့ တာဝန်ဘဲဖြစ်တယ်။ ဒီတော့ နိုင်ငံတော်ဟာ ထိုက်သင့်သလို
အရေးယူရလိမ့်မယ်” ဟု ဦးရဲဝင်းက သတိပေး ခြိမ်းခြောက်ခဲ့သည်။
ဤကြေညာချက်မှာ လိုလားသော အကျိုးသက်ရောက်မှုကို မဖြစ်စေဘဲ ပြည်သူတို့မှာ
ကြောက်ရွံ့မည့်အစား ဒေါသဖြစ်နေကြကြောင်း အာဏာပိုင်များ ရိပ်မိလာသည်တွင်
အလျော့ပေးကာ ပြေလည်စေမည့် အခြားနည်းလမ်းများကို အစားထိုးလုပ်ကိုင် လာသည်။
ဇူလိုင်လ ၇ရက်နေ့ မြန်မာ့ အသံ ညနေပိုင်းသတင်းတွင် မတ်လ
ဆူပူမှုတုန်းကထိန်းသိမ်းခြင်းခံနေခဲ့ရသော
ကျောင်းသားအားလုံးကို ပြန်လွှတ်မည် ဖြစ်ကြောင်းကြေညာခဲ့သည်။ ယခင်က
အစိုးရသည် ထိန်းသိမ်းခံနေခဲ့ရသော ကျောင်းသား
၁၄၁ဦးသာရှိကြောင်းပြောကြားခဲ့သည်။
သို့သော် ထူးဆန်းသည်မှာ လူပေါင်း ၂၄၀ကို ပြန်လွှတ်လိုက်ကြောင်း၊ ယင်း၂၄၀
အနက် ၁၃၉ဦးမှာ ကျောင်းသားများဖြစ်ပြီး ကျန်လူများမှာ(ဝါ)
ဒေသခံလူများဖြစ်ကြောင်းမရေမရာပြောဆိုခဲ့သည်။
ဤဖြစ်ရပ်တို့မှာ ရန်ကုန်မြို့တစ်မြို့ထဲတွင်ဖြစ်သည်။
အရှေ့တောင်ပိုင်းရှိ မော်လမြိုင်မြို့တွင် ဆူပူအုံကြွ
မှုများဖြစ်ခဲ့ကြောင်း အစိုးရက ကြေညာခြင်းမရှိခဲ့သော်လည်း အထိန်းသိမ်းခံ
ပုဂ္ဂိုလ် ၇၃ဦးကို ပြန်လွှတ်လိုက်ကြောင်း မြန်မာ့အသံက ကြေညာခဲ့သည်။ ဤသည်မှာ
သတင်းကောင်းများ၏ အဆုံးမဟုတ်သေးချေ။ ပဲခူးမြို့တွင် လူ ၅၀နှင့်
ပြည်မြို့တွင် လူ ၂၇ ဦး တို့ကို ပြန်လွှတ်လိုက်ကြောင်းကြေညာပြန်သည်။
ထိုကြေညာချက်များကြောင့် ရန်ကုန်လူထုသည် ဇွန်လ ၂၁ရက် နေ့၌ မြေနီကုန်းတွင်
လုံထိန်းအပါအဝင် စစ်သားများနှင့် ရင်ဆိုင်တိုက်ခိုက်ရာ၌ ၎င်းတို့ ချည်းသာ
မဟုတ်ကြောင်းသိလာခဲ့ကြသည်။
ယင်းသို့ အာဏာပိုင်တို့၏
ကြေညာချက်များကို သာမန်ထိုးထွင်းဥာဏ်ဖြင့် တုန့်ပြန်နေခဲ့ကြရာမှ
တိုင်းပြည်၏ တစ်ခုတည်းသော လက်ဝါးကြီးအုပ် အနန္တတန်ခိုးရှင် ဖြစ်သည့်
မဆလပါတီသည် အုပ်ချုပ်ရေးနှင့် စီးပွားရေး ပေါ်လစီများပြုပြင်ပြောင်းလဲရေးကို
ဆွေးနွေးရန်အတွက် အထူးပါတီ ညီလာခံ တစ်ရပ်အား အစောဆုံး ဇူလိုင်
၂၃ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း လုံးဝမမျှော်လင့်ဘဲ ကြေညာခဲ့သည်။ မဆလ
ပါတီသည် ညီလာခံများကို ပုံမှန်အားဖြင့် ၅နှစ် တစ်ကြိမ် ကျင်းပပြီး လာမည့်
ညီလာခံမှာ ၁၉၈၉ခုနှစ် တွင်သာ ကျင်းပရန်ဖြစ်သည်။ နောက်၂ရက်အကြာ၌
ရန်ကုန်မြို့တွင် ညမထွက်ရ အမိန့်ကိုလည်း လုံးဝမမျှော်လင့်ဘဲ ရုပ်သိမ်း
လိုက်ပြန်သည်။ ဤအကြိမ်တွင် အခြေအနေများ ပုံမှန်ဖြစ်လာလေမလား၊ မဆလပါတီသည်
ပြည်သူတို့ ကျေနပ် စေနိုင်မည့် လုပ်ငန်း အစီအစဉ်များကို
လုပ်ကိုင်နိုင်မည်လော။
အများစုသည်အစိုးရက ပေးကမ်းလာသမျှ
လိုက်လျောချက်များကို လက်ခံရန်အလားအလာ ရှိခဲ့သည်။ သို့သော် တိုက်ဆိုင်မှုဟု
ဆိုရန်ခက်ခဲလှသော လှုံ့ဆော်မှုတစ်ခုမှာ ဇွန်လ အစိုးရဆန့်ကျင်
ဆန္ဒပြပွဲများနှင့် တစ်ထပ်တည်းပေါ်ပေါက်လာခဲ့သည်။ ယင်းမျှားဦးမှာ
မြန်မာပြည်လူမှုအဖွဲ့အစည်း၏ အနည်းဆုံးအစိတ်အပိုင်းဖြစ်သော
မူဆလင်အသိုင်းအဝိုင်းကို ဦးတည်ထားလေသည်။
ဘာတီးလင့်တနာ Bertil Lintner- Outrage Burma struggle for
Democracy စာအုပ်ကို စံဝင်းမောင် နှင့် မင်းမျိုးနိုင် တို့ ဘာသာပြန်ထားသော
“ဒေါမာန်ဟုန်- ဗမာပြည် ဒီမိုကရေစီတိုက်ပွဲ” အခန်း(၃) ကလေးများ၏ ဒေါသမာန်
မှကောက်နှုတ်တင်ပြထားပါသည်။
ကျော်နိုင်
June/16/2013
No comments:
Post a Comment