Saturday, June 15, 2013

မြန်မာနိုင်ငံတွင် တရားဥပဒေ ပြန်လည်စိုးမိုးရေး လုပ်ဆောင်သင့်သည့် အချက်ခြောက်ချက်အား အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု အကြံပြု

မြန်မာနိုင်ငံတွင် တရားဥပဒေ ပြန်လည်စိုးမိုးရေး လုပ်ဆောင်သင့်သည့် အချက်ခြောက်ချက်အား အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု အကြံပြု
Sunday, June 16 , 2013

တရားဥပဒေ စိုးမိုးမှု ကင်းမဲ့နေသော မြန်မာနိုင်ငံတွင် တရားဥပဒေ ပြန်လည်စိုးမိုးရေးအတွက် လုပ်ဆောင်သင့်သည့် အချက်ခြောက်ချက်အား မြန်မာနိုင်ငံကို တစ်နှစ်ကျော်ကြာ လေ့လာ၍ အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျုမှ ထုတ်ပြန်လိုက်ကြောင်း ဇွန် ၁၅ ရက်က ရန်ကုန်မြို့ရှိ ဖွံ့ဖြိုးရေး မဏ္ဍိုင်အဖွဲ့တွင် ပြုလုပ်သည့် အလုပ်ရုံ ဆွေးနွေးပွဲမှ သိရသည်။

မြန်မာနိုင်ငံကဲ့သို့ အသွင်ကူးပြောင်းခဲ့သည့် နိုင်ငံများဖြစ်သည့် လစ်ဗျား၊ ယီမင်၊ အီရတ်၊ အင်ဒိုနီးရှား၊ ပါကစ္စတန် စသည့်နိုင်ငံများအား လေ့လာခဲ့သည့်အပြင် မြန်မာနိုင်ငံ၏ တရားဥပဒေ စိုးမိုးရေးအား ၂၀၁၂ ခုနှစ်ဆန်းပိုင်းမှ စတင်လေ့လာခဲ့ပြီး ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလမှ မေလအထိ ရန်ကုန်၊ နေပြည်တော်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ် စသည့်ဒေသများသို့ သွားရောက်၍ အစိုးရ အရာရှိများ၊ ပြည်သူများ အရပ်ဘက် အဖွဲ့အစည်းများ စသည့်အဖွဲ့အစည်းအစုံ တွေ့ဆုံခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံမေးမြန်းမှုများကို အခြေခံ၍ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် တရားဥပဒေ စိုးမိုးမှု ပျက်သုဉ်းနေသည့် အကြောင်းအရာများအား အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု (United States Institute of Peace) မှ အသွင်ကူးပြောင်းသည့် နိုင်ငံများတွင် တရားဥပဒေ စိုးမိုးရေး ကျွမ်းကျင်ပညာရှင် Ms. Leanne Mckay က စစ်တမ်းများ ကောက်ယူခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း တရားဥပဒေ ပြန်လည်စိုးမိုးစေရန် လုပ်ဆောင်သင့်သည့် အချက်များမှာ အစိုးရအဖွဲ့နှင့် လူ့အဖွဲ့အစည်းအတွင်း ဒီမိုကရေစီ အုပ်ချုပ်ရေးနှင့် တရားဥပဒေ စိုးမိုးမှု အခြေခံများအား နက်နဲစွာ သဘောပေါက်ရန်၊ တရားဥပဒေ စိုးမိုးမှု ပြုပြင်ပြောင်းလဲရေးအတွက် ထိရောက်စွာ အကောင်အထည် ဖော်ရေးနှင့် အမျိုးသားရေးဆိုင်ရာ မဟာဗျူဟာ ချမှတ်ရန်၊ အစိုးရ အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေး အဖွဲ့များအား ဥပဒေမူကြမ်း ရေးဆွဲနည်း၊ ဥပဒေ ပြင်ဆင်နည်း သင်တန်းများ အပါအ၀င် ဦးစားပေးရမည့် ဥပဒေများကို စိစစ်သုံးသပ်ခြင်း မူကြမ်းရေးဆွဲခြင်းနှင့် ပြင်ဆင်ခြင်းများတွင် အကူအညီပေးရန် စသည့်အချက်များအား အကြံပြုခဲ့သည်။

ယင်းအပြင် အစိုးရ အရပ်ဘက် အဖွဲ့အစည်းနှင့် ဒေသခံ အဖွဲ့အစည်းများအကြား တရားဥပဒေ စိုးမိုးမှု ပြုပြင်ပြောင်းလဲရန် အားထုတ်မှုများအတွက် ဆက်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု အရှိန်မြင့်စေမည့် ယန္တရားများ တည်ဆောက်ရန်၊ သတင်းအချက်အလက်နှင့် အစိုးရ၏ ပွင့်လင်းမြင်သာမှုကို သိသာခံစားစေမည့် ပေါ်လစီများနှင့် စနစ်များကို တိုးတက်အောင် လုပ်ရေးနှင့် အကောင်အထည်ဖော်ရေး၊ ဥပဒေ အခွင့်အရေးနှင့် တာဝန်ယူမှုများနှင့် ဆက်စပ်သည့် အဖွဲ့ အစည်းအတွင်း ဥပဒေပညာရေး သင်တန်းပေးခြင်းနှင့် ထိခိုက်လွယ်သော တစ်သီးပုဂ္ဂလများနှင့် အဖွဲ့များအတွက် အထူးသဖြင့် တရားမျှတမှုကို ခံစားခွင့် ခိုင်မာတိုးတက်စေရေးများ လုပ်ဆောင်ရန် လိုအပ်ကြောင်း သိရသည်။

"လက်ရှိ တရားစီရင်ရေး စနစ်ကို အင်မတန်မှ အဂတိ လိုက်စားတဲ့ စနစ်လို့ ပြည်သူတွေက ယုံနေကြတယ်။ ဒီတော့ ရဲဌာနတို့ တရားရုံးတို့ကို အခက်အခဲတွေ ဖြေရှင်းပေးတဲ့ နေရာလို့ မယုံတော့ဘဲ တရားဥပဒေ စိုးမိုးမှု ပိုပျက်လာတယ်။ နောက်ပြီး တရားဥပဒေ စိုးမိုးမှုက နေပြည်တော်လို နေရာမျိုးမှာ ကောင်းနေပေမယ့် အောက်ခြေမှာ မပြောင်းလဲလို့ ဟန်ပြပြောင်းလဲမှု ဖြစ်နေတယ်လို့ ပြည်သူတွေက မြင်နေကြတယ်။ အရင်အစိုးရ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို ပြန်အရေးမယူ နိုင်တာကိုလည်း ပြည်သူတွေ စိတ်ထဲမှာ တရားဥပဒေ စိုးမိုးရေးကို ပြည်သူတွေ မယုံသင်္ကာ ဖြစ်စေပါတယ်" ဟု Ms. Leanne Mckay က ပြောကြားသည်။

EMG

No comments: