Wednesday, June 5, 2013

သူတို့ခေါ်တော့ ဒုက္ခသည်၊ ကိုယ့်ကိုယ် ကိုတော့ တော်လှန်ရေးသမား(၂၁)

သူတို့ခေါ်တော့ ဒုက္ခသည်၊ ကိုယ့်ကိုယ် ကိုတော့ တော်လှန်ရေးသမား (၂၁) (နိဂုံးပိုင်း)

by Ko Nyo (Notes) on Wednesday, June 5, 2013 at 7:10pm




             ပြူတင်းပေါက်မရှိ၊ တံခါးမရှိတဲ့ အဆောက်အဦးကြီးတခု။နံရံကြီးတွေနဲ့ တိုင်လုံးကြီးတွေက စကျင်ကျောက်တွေနဲ့ ဆောက်ထားသလို ဖွေးဖွေးဖြူနေတယ်။မှန်တွေနဲ့ အမိုးလုပ်ထားပြီး အလင်းရောင်က စူးစူးဝါးဝါးရနေတယ်။ တနေရာမှာ တစုံတခုကိုလူတွေစုပြုံတိုးဝှေ့ကြည့်နေတယ်။ ကျနော်လည်း အဲဒီလူတွေကြားတိုးဝင်ပြီး အလယ်က သူတို့ကြည့်နေတဲ့အရာကို တိုးဝှေ့ကြည့်လိုက်တယ်။ မှန်နဲ့လုပ်ထားတဲ့ ခေါင်းတလား လိုလို၊ အလုံပိတ် သေတ္တာရှည်ရှည်ကြီးတခုတွေ့တယ်။ အထဲမှာ လူတယောက် ပက်လက်ကလေးအိပ်ပျော်နေတယ်။ မျက်နှာကမသဲကွဲလို့ နီးအောင်တိုးပြီးခါးကုန်းကြည့်လိုက်တယ်။
“ ဟာ..မော်ကျွန်း”
မော်ကျွန်း မျက်နှာကို သဲသဲကွဲကွဲ တွေ့လိုက်တယ်။ “သူ အိပ်ပျော်နေတာပါ” ကျနော့်ကိုအနားကလူတယောက်က တိုးတိုးလေးနှစ်သိမ့်ပြီးပြောလိုက်တယ်။ ကျနော်လည်းစိတ်ပေါ့သွားတယ်။အဲဒီမှာတင် ကျနော် လန့်နိုးသွားတယ်။ အိပ်မက် မက်နေတာပါ။ အဲဒီအိပ်မက်ကြောင့် စိတ်ထဲလေးသွားတယ်။စခန်းမှာ ကျန်ခဲ့တဲ့ မော်ကျွန်း တခုခုဖြစ်နေပြီလားမသိဖူး။ မော်ကျွန်းနာမည်ရင်းက ဇော်မိုးထွန်း၊ဧရာဝတီတိုင်း မော်ကျွန်းမြို့က။ နာမည်ရင်းမခေါ်ပဲ မြို့တပ်ခေါ်ရာက သူ့မြို့က သူ့ နာမည်ဖြစ်သွားတာ။ပိန်ပိန်သေးသေး၊ ဟောင်ဖွာဟောင်ဖွာ၊ အူကြောင်ကြောင်ရုပ်နဲ့ ဟိုလူပြောလည်း အဟုတ်ထင်၊ဒီလူပြောလည်း တကယ်သွားလုပ်နဲ့ စခန်းမှာ မကြာခဏ ဟာသ တကောင်ဖြစ်နေသူ။ ဒီတခါပါနဲ့ဆို လိပ်ခွန်းစခန်းကအကြောင်းမက်တာ ၂ခါရှိပြီ။ အရင်တခါကလည်း တောင်ကုန်းကြီးတခုပေါ်က ကောက်ရိုးတွေတင်ထားတဲ့ယာတဲကြီးတလုံး မီးလောင်တာကို စခန်းကလူတွေ ၀ိုင်းဝန်းမီးသတ်ကြတယ်။ ဆရာမန်းမြင့်ဆိုင်ကိုယ်တိုင်အပေါ်အကျီင်္ကျွှတ် နဲ့ ရေပုံးဆွဲပြီးမီးသတ်တယ်၊ နောက်ဆုံးတဲကြီးတခုလုံးပြာကျသွားတယ်။အဲဒီအိပ်မက် မက်ပြီး စခန်းမှာ အခြေအနေမကောင်းဖူး တခုခုတော့ ဖြစ်နေပြီလို့ပဲ နမိတ်ကောက်လိုက်တယ်။အခန်းထဲက လူတွေ မထကြသေးလို့ အိပ်မက်အကြောင်းတွေးရင်း မှေးကနဲအိပ်ပျော်သွားတုံး “ မောင်ညိုရေ..မောင်ညိုရေ..”ဟိုဘက်အခန်းက ဦးဇင်း ဦးအောင်ချမ်း တံခါးသံတိုင်ရှေ့ကနေလှမ်းခေါ်လို့ လန့်နိုးတယ်။“ မော်ကျွန်းကြီး ၀င်လာတယ်ဟ၊ အခု မျက်နှာသစ်နေတယ်” လို့ လှမ်းပြောတော့၊ ကျနော် လည်းအံ့သြပြီး ကြက်သေ သေသွားတယ်။ ဦးဇင်းကပြောပြီး သူ့အခန်းသူပြန်သွားတယ်။ ကျနော်က အရင်ကဦးဇင်းနဲ့ အခန်းတူပေမဲ့ နောက်ပိုင်းတော့ မတူတော့ဖူး။ ဒီလိုပဲ ၂လတခါ ၃လ တခါ လူတွေပြောင်းအခန်းပြောင်းတတ်တယ်။


    မော်ကျွန်း ပြန်ပြောပြလို့ စခန်းရဲ့ နောက်ဆုံးဖြစ်ပျက်မှုတွေသိရတယ်။ သူကတော့ စခန်းမှာမနေချင်လို့ နယ်စပ်ကနေပြန်ဖို့ထွက်လာတော့ ရဲကဖမ်းပြီး ထောင်ထဲပို့တာတဲ့။စခန်းမှာလည်း အစောပိုင်းတွေက စိတ်ဓာတ်မြှင့်တင်ရေး အနေနဲ့ ယူနီဖောင်းဝတ်ပြီး စစ်ရေးလေ့ကျင့်ကြတဲ့အကြောင်း၊ကုန်ကျစရိတ်ကို ကိုရဲသူရိန်(မန္တလေး) ကသူပါလာတဲ့ အဖိုးတန် လက်ဝတ်ရတနာတချို့ ထုခွဲပြီးပြောက်ကျားဝတ်စုံတွေ နဲ့ ဘိနပ်တွေ၊ ဦးထုတ်တွေဆင်ပေးတယ်လို့ သိရတယ်။ စခန်းမှာ တပ်မတော်ကဗိုလ်မှုးစိုးမြင့် နဲ့ ဆရာမန်းတို့ သင်တန်းလာပေးတယ်။ သင်ကြားတဲ့ စစ်ပညာတွေကတော့ အမှန်အကန်ပါ၊ပင်လည်းပင်ပမ်းကြတယ်။ လက်နက်မကိုင်ရတာတခုပဲ။ နောက်ဆုံး တွေးကြည့်ပြီး အဖြေထွက်လာတာကအိန္ဒိယ အစိုးရ ရဲ့ ထောက်လှမ်းရေးက အစောပိုင်းမှာ ချွေးသိပ်နေတဲ့ လက်နက် ထောက်ပံ့ရေးအစီအစဉ်ဆိုတာလိမ်စင်ကြီးဆိုတာကိုပါ။ အဲဒီတော့ အနှစ်ချုပ်ပြောရရင် ဒီနေရာမှာ အိန္ဒိယအကူအညီမရနိုင်ဘူး၊သင်တန်းရော လက်နက်ရော မရနိုင်ဘူး ဆိုတာ အားလုံး တိတိကျကျသိသွားတယ်။ ဗိုလ်မှုးစိုးမြင့်နဲ့ကျောင်းသားတချို့ ပြည်တွင်းထဲ လှို့ဝှက်ဝင်သွားတယ်။ ဆရာမန်းကလည်း ဗဟိုအစိုးရနဲ့ စကားပြောမယ်၊ထိုင်းဘက်က အင်အားစုတွေနဲ့ အချိတ်အဆက်လုပ် တွေ့မယ်လို့ပြောပြီး ထိုင်းဘက်ထွက်သွားသတဲ့။အဲဒီနောက် စခန်းမှာ ခေါင်းဆောင်မှုမရှိပဲ ရဲဘော်တွေ ဦးတည်ရာမဲ့ဖြစ်နေတယ်။ အမှန်တော့ဆရာမန်းကလည်း အိန္ဒိယကို တော်လှန်ရေးလုပ်ဖို့ ရည်ရွယ်ချက် သက်သက်နဲ့လာတာမဟုတ်၊ ဟသာင်္တမှာသပိတ်ခေါင်းဆောင်လုပ်ခဲ့တော့  အာဏာသိမ်းချိန်မှာဧရာဝတီ တိုင်းမှုး ဗိုလ်မှုးချုပ်မြင့်အောင်က သူ့ကိုအသေရရ အရှင်ရရ မဲနေလို့  တိမ်းရင်းရှောင်ရင်းသူနဲ့ ပြည်ချစ် တော်လှန်ရေးခေတ်ကအိမ်ထောင်ကျခဲ့တဲ့  ထိုင်းနိုင်ငံသူဇနီးဆီသွားဖို့ပါ။သူ့သီးသန့် ရည်မှန်းချက် တခုခုရှိရင်လည်း ရှိမှာပေါ့၊ ဒါပေမဲ့ ကျနော်တို့ အိန္ဒိယ နယ်စပ်မှာခေါင်းဆောင်မဲ့ပြီး ဖရိုဖရဲ ဖြစ်နေတာကို မနေနိုင်လို့ ဦးဆောင် လှုပ်ရှားခဲ့တယ်ဆိုတာသူကိုယ်တိုင် အစည်းအဝေးမှာ ပြောဖူးတယ်။


     ဒီနေရာမှာကျနော်တို့ ဒီမိုကရေစီအင်အားစုတွေက အိန္ဒိယ အစိုးရကို ဘယ်လောက်အထိမျော်လင့် အားကိုးပြီးလှုပ်ရှားမှုတချို့ လုပ်ခဲ့တယ်ဆိုတာ နည်းနည်း ရှင်းပြဖို့လိုမယ်။ ၈လေးလုံးအပြီး ရန်ကုန်အခြေစိုက်အိန္ဒိယ သံရုံးက မြန်မာကျောင်းသား တချို့ကို ပိုက်ဆံပေးပြီး အိန္ဒိယနယ်စပ်သွားခိုလှုံဖို့အားပေးတယ်။ ကျောင်းသားတွေကလည်း တကယ်အကူအညီပေးမယ်လို့ထင်ခဲ့တယ်။ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး(နောင် ၀န်ကြီးချုပ်ဖြစ်) နာရာဆင်မရောင်းဝ် ကိုယ်တိုင် ၈လေးလုံး ဆန္ဒပြပွဲတွေ အရှိန်ရနေတော့မြန်မာ့ဒီမိုကရေစီ တောင်းဆိုမှုကို အိန္ဒိယက ထောက်ခံတယ်လို့ ကုလသမ္ဂမှာ ဘယ်နိုင်ငံမှ မပြောခင်သူ့သဘောထားကိုထုတ်ပြီး ဒီမိုကရေစီဘက် ခတ်ရှင်းရှင်းပဲ ရပ်တည်ခဲ့တယ်။ ၁၉၈၉ လောက်က မြန်မာ့တပ်မတော်ကိုထူထောင်ခဲ့တဲ့  ဂျပန်စစ်ပြန် ရဲဘော်သုံးကျိတ်ဝင်ဗိုလ်မှုး အောင် (ဒီငြိမ်းပါတီ) က ၀န်ကြီးချုပ် ရာဂျစ်ဂန္ဒီကို စာတစောင်ရေးပို့ပြီး စစ်ရေးအကူအညီတောင်ခဲ့တယ်။ အဲဒီစာကို နယ်စပ်ဖြတ်ကျော်ပြီး ယူဆောင်လာသူက ဒီငြိမ်း စည်းရုံးရေးမှုးပျော်ဘွယ်က ဦးမျိုးညွန့်ပါ။ စာထဲမှာ ဗိုလ်မှုးအောင်က အိန္ဒိယနဲ့ မြန်မာရဲ့ လွတ်လပ်ရေးတိုက်ပွဲကာလနဲ့ လွတ်လပ်စ တိုင်းပြည်ထူထောင်ရေးကာလတွေမှာ ချစ်ကြည်ရင်းနှီးစွာ လက်တွဲခဲ့ပုံ၊ဗိုလ်ချုပ်နေ၀င်း အာဏာသိမ်းပြီးနောက် တိုင်းပြည်ဆုတ်ယုတ်သွားပုံ၊ ယခ္ခု အိန္ဒိယမှအကူအညီလိုတဲ့အကြောင်း၊ဒီမိုကရေစီတော်လှန်ရေးအတွက် လက်နက် ခဲယမ်းမီးကျောက်အကူအညီပေးဖို့ရေးသားထားတာပါ။ ဒါပေမဲ့စာယူလာတဲ့ ဦးမျိုးညွန့်(ပျော်ဘွယ်)က မိတ္ထူတစောင်ကူးပြီး သူ့အိမ်မှာထားခဲ့ ရာက အစပြုလို့လုံခြုံရေးတပ်တွေ မိတ္ထူစာကို မိသွားတယ်။ အဲဒီနောက် ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်မှုးချုပ်ခင်ညွန့်သတင်းစာရှင်းပွဲလုပ်ပြီး ဖော်ထုတ်ပါလေရော။ အဲဒီမှာတင် အိန္ဒိယက သံတမန်ရေးဘက် ကလှုပ်ရှားမှုတွေအရှိန်တန့်သွားတယ်။ 1989 ကျနော်တို့ စခန်းမှာ ရှိနေတုံးက BBC ရေဒီယို သတင်းတပုဒ်မှာထိုင်းဘက်ကနေ လက်နက်ခဲယမ်းတွေသယ်ဆောင်လာတဲ့ စက်လှေတစီး အိန္ဒိယကိုအလာ ပင်လယ်ထဲမျောပြီးမြန်မာအာဏာပိုင်တွေဆီ အလင်းဝင်သွားကြောင်း ကြားခဲ့သေးတယ်။ အဲဒီ အလင်းဝင်သွားတဲ့ ဗိုလ်စိုးလွင်နဲ့အဖွဲ့ဟာဦးနုရဲ့သား ဦးအောင် ဦးဆောင်တဲ့ ဒညတ အဖွဲ့ဝင်(ဒီမိုကရေစီညီညွတ်ရေးတပ်ပေါင်းစု) တွေဖြစ်ပြီးအနောက်ဖက်ဒေသမှာ စစ်မျက်နှာတခု ဖွင့်နိုင်အောင် အိန္ဒိယရဲ့ အားပေးမှုနဲ့ လှုပ်ရှားတဲ့အစီအစဉ်တခုလို့ နောက်ပိုင်းပြန်သိရတယ်။ ထိုင်းမှာအခြေစိုက်တဲ့ အိန္ဒိယ သံရုံးကလည်းDAB အဖွဲ့ရော၊ NCGUB ကိုရော ငွေကြေးအလုံးအရင်းနဲ့ ကူညီခဲ့ဖူးတယ်။ အိန္ဒိယဟာ အဲဒီလိုဗြောင်ကျကျတမျိုး၊ မသိချင်ယောင်ဆောင်ပြီးတသွယ် အားပေးထောက်ပံ့ခဲ့ပါတယ်။ ကျနော်တို့ဒီမိုကရေစီဘက်တော်သားတွေ ရဲ့ အားနည်းချက်တွေကြောင့် အလုပ်မဖြစ်ခဲ့တာပါ။ ရဲဗိုလ်သုံးကျိပ်ဝင်ဗိုလ်မှုးအောင်ဆီက အနောက်ဖက်ဒေသရဲ့ စစ်သုံးမြေပုံ တောင် ဦးမျိုးညွန့်သယ်လာခဲ့တယ်လို့ကြားဖူးတယ်။


             အင်ဖားထောင်ထဲမှာ ကျနော်တို့ ကျောင်းသားတွေသာမကမူယစ်ဆေးဝါးသယ်ဆောင်မှု၊ မှောင်ခိုမှု၊ ခိုးဝင်မှု၊ ခိုက်ရန်ဖြစ်မှု တွေနဲ့ ထောင်ထဲရောက်နေတဲ့မြန်မာတွေအများကြီးပါပဲ။ အကျဉ်းသား တချို့ဆိုရင်  တမူးကနေမိုးရေးမြို့ထဲ ဆန်အထမ်း ပို့ရင်း မိုးရေးရဲက လှမ်းခေါ်လို့ အသွား ဖမ်းပြီး ထောင်ထဲပို့လိုက်တာပါ။ ထောင်တခါးဖွင့်ပေးရင် ကိုယ့်လူတွေစုပြီး ၀ိုင်းဖွဲ့စကားပြောကြတော့ ကျနော်တို့မတတ်တခေါက်နဲ့ ပြောတဲ့ နိုင်ငံရေး နဲ့ သမိုင်းရေး၊ အမြင်တွေကို သူတို့က တလေးတစားနားထောင်ကြတယ်။ကျနော်တို့ရဲ့ မဟုတ်မခံ စိတ်ဓာတ်နဲ့ စစ်အာဏာရှင်ကို ခံတိုက်ခဲ့တာလည်း တန်ဘိုးထားဆက်ဆံတယ်။သူတို့တတွေ စီးပွားရေးအခြေအနေ၊ မိသားစုအနေအထား နဲ့ ဆင်းရဲတဲ့ လူနေမှု ဘ၀တွေကြောင့် ဖြတ်လမ်းကငွေရှာရင်း တိုင်းတပါးထောင်ကို ရောက်လာပေမဲ့ ဗမာဗမာချင်း စည်းလုံးတဲ့ စိတ်၊ အားကိုးယုံကြည်စိတ်တော့ရှိကြတယ်။  တက္ကသိုလ်ကျောင်းသားတွေဖြစ်ပြီး မိဝေးဘဝေးနဲ့ မိသားစုကိုစွန့်ခွါ၊ ကိုယ့်ဘ၀တိုးတက်မှုတွေ ဖြုတ်ချထားပြီး အများပြည်သူ အတွက်လုပ်ဆောင်နေသူတွေဆိုတဲ့  စွန့်လွှတ်မှုကို သူတို့လေးစားကြောင်း အမူအရာနဲ့လည်းပြတယ်၊ နှုတ်ကလည်း ပြောဆိုတယ်။ တကယ်တော့ သူတို့ကသာ ကျနော်တို့ဘ၀တွေကို နားလည်မှုပေးပြီး သနားကြင်နာနေတယ်ဆိုပေမဲ့ သူတို့ဘ၀က ကျနော်တို့ထက်တောင် ပိုပြီးကြမ်းတမ်းပါတယ်။တမူးနယ်က မူးယစ်ဆေး သယ်ဆောင်သူတွေတချို့ဆို အန္တရာယ်ရှိမှန်းသိရက် မိသားစု ထမင်းအိုးအတွက်သူများပိုင်ပစ္စည်း အနည်းအကျဉ်းလောက်နဲ့ အမှုကြီးကြီးတပ်ခံရသူတွေလည်းပါတယ်။ ကျနော်တို့တကိုယ်ရည်မို့လွတ်လပ်ပြီး ဖြစ်ချင်ရာဖြစ်နိုင်ပေမဲ့ သူတို့က နောက်ကွယ်မှာ ကိုယ့်အပေါ်မှီခိုနေတဲ့သားသမီး ဇနီးမယားမျက်နှာတွေ၊ ကိုယ့်လူမှု ပတ်ဝန်းကျင်က အခြေအနေတွေရဲ့ ရိုက်ခတ်မှုတွေရှိနေပြီးသူတို့မျက်နှာပေါ်မှာ အမြဲတစေ ညှိုးနွမ်း သိမ်ငယ် တဲ့အရိပ်တွေ၊လွမ်းဆွတ်တဲ့မျက်လုံးတွေ စိုးရိမ်ပူပန်နေတဲ့အပြောအဆိုတွေနဲ့ နေ့စဉ် ငြီးတွားနေကြတာပါ။


        ခက်တာက ထောင်ထဲမှာ စာမရေးရဘူး။ ဘောပင် ဖောင်တိန်ကိုင်ခွင့်မရှိဖူး။ တလတခါတော့ Video လာပြတယ်။ သတင်းစာလည်းမဖတ်ရဘူး။ ထောင်စာကြည့်တိုက်တော့ရှိတယ်။ကျနော်တို့အဆောင်ဘယ်ဘက်မှာ ထောင်ထဲ ကျနော်တို့ ရောက်စက သွပ်ပြားခြားပြီးကာထားတဲ့အဆောင်(၁)မှာကသဲသူပုန်တွေ၊ နိုင်ငံရေးသမားကို ချုပ်နှောင်ထားတယ်။ အဆောင်(၂)က ကျနော်တို့ကို အခန်းထဲထည့်ချိန်မှ သူတို့ကိုလွှတ်ပေးတယ်။ သူတို့က ထောင်အခွင့်အရေးပိုရတယ်။ စာကြည့်တိုက် စာဖတ်ခွင့်၊စာအုပ်ငှားရမ်းခွင့်၊ စာရေးခွင့်၊ မကြေနပ်တာ တောင်းဆိုတင်ပြခွင့် နဲ့ အစားအသောက်ကိုလိုသလောက် ယူပိုင်ခွင့်ရှိတယ်။ သာမန်အကျဉ်းသားတွေရဲ့ အခွင့်အရေးအတွက်လည်း သူတို့က အာဏာပိုင်တွေဆီတောင်းဆိုပေးတတ်တယ်။အစာငတ်ခံဆန္ဒပြတာတွေလည်းရှိတယ်။ ထူးခြားတာတခုက သူတို့ထဲက အရေးပါသူတချို့ကို တရားရုံးကလွှတ်မိန့်ကျလို့ ညနေထမင်းစားပြီးချိန် အခန်းထဲကထုတ်ပြီးလွှတ်လိုက်တယ်။ အဲဒီညတွင်းချင်းရဲကပဲ ထောင်ဗူးဝကနေ ပြန်ဖမ်းပြီး ထောင်ထဲပြန်ထဲ့လိုက်တယ်။ အဲလိုမကြာမကြာတွေ့နေရတယ်။


          ကသဲမြေအောက်သူပုန်တချို့ဟာမြန်မာစကားကို ရေလည်အောင်ပြောတတ်တယ်။ တနေ့ အသားဖြူဖြူ ဗလကောင်းကောင်း၊ အရပ်ပုပု၊ မျက်ခုံးထူထူနဲ့သူပုန်တယောက်က ကျနော့ကို “နေကောင်းလား၊ ဗမာပြည်ကလား” လို့ဗမာစကားသဲဝဲ၀ဲနဲ့ မိတ်ဆက်တယ်။ကျနော်က က ၀မ်းသာအားရနဲ့ ဗမာလို ဆက်တိုက်မေးတော့ သူကောင်းကောင်းမတတ်ဖူး။ ဒါပေမဲ့ ဗမာလိုရေရေလည်လည် ပြောနိုင်တဲ့ သူ့အဖော်ကို ခေါ်ပြီး မိတ်ဆက်ပေးတယ်။ သူ့နာမည်ကဇော်ဝမ်းတဲ့။ရုပ်ရှင်မင်းသား ဇော်ဝမ်းနဲ့ ခတ်ဆင်ဆင်တူတယ်။ ကျနော်က ဗမာစကားဘယ်လိုတတ်သလဲမေးတော့ ကချင်ပြည်နယ်မှာစစ်သင်တန်းတက်တော့ တတ်လာတာလို့ပြောတယ်။ ဟုမ္မလင်းကိုရောက်ဖူးတယ်။  ကသဲမြေအောက်သူပုန်တွေဟာ KIA ထံက လက်နက်ကိုင်သင်တန်းနဲ့လက်နက်ခဲယမ်းမီးကျောက်တွေ ရတယ်။ ဗမာစကားရော၊ ကချင်စကားရောတတ်တယ်။ သူတို့ကြောင့် ကျနော်တို့အိန္ဒိယထုတ် သတင်းစာတွေဖတ်ရတယ်။ ပြီးတော့ စာရေးဖို့ ဘောလ်ပင်မှင်ချောင်း လည်းပေးတယ်။ တခါတော့ ဦးဇင်း ဦးအောင်ချမ်း တို့အခန်းကကသဲတယောက် ထောင်စည်းကမ်းချိုးဖောက်လို့ အခန်းထဲကလူ အားလုံးကို လေးဘက်ထောက် (ဒိုက်ထိုးတဲ့ပုံစံ)နေခိုင်းတယ်။ ထောင်ထဲမှာ တယောက်မှားရင် အားလုံးကို အပြစ်ပေးတယ်။ ကျနော်တို့က ဘုမသိဘမသိ အပြစ်မရှိပဲအရိုက်ခံရတယ်။ ဂိုင်စီ၊ ထွန်းထွန်းနဲ့ ချိုစံမောင် တို့ဆိုရင် ခြေသလုံးနဲ့ပေါင်ပေါ်က အရှိုးရာအမာရွတ်တွေ ထောင်ကထွက်တဲ့အထိ မပျောက်ဖူး။ အဲဒါကို ကျနော်တို့မကြိုက်ဖူး။တခါက ကျနော်တို့အခန်းမှာ ဆူဆူညံညံနဲ့ စကားပြောနေလို့ဆိုပြီး  ရဲက တခန်းလုံးထိုင်ထလုပ်ဖို့ အပြစ်ဒါဏ်ပေးတယ်။ ကျနော်ကကိုယ့်ဖာသာငြိမ်ငြိမ်နေတာ၊ စကားပြောဖော်လည်းမရှိဖူး။ ထောင်စည်းကမ်းဆိုတော့  အောင့်သက်သက် နဲ့ထရတယ်။ တခါလောက်တော့ ထိုင်ထ လုပ်မိသေးတယ်။ဒါပေမဲ့ ဆက်ပြီး လုပ်ချင်စိတ် မရှိတော့ဖူး။ မတရား စည်းကမ်းလို့ ထင်တယ်။အဲဒါနဲ့ ထိုင်ထဆက်မလုပ်ပဲ ခတ်တည်တည် ထိုင်ချလိုက်တယ်။ အဲဒီတော့ ရဲက ကျနော့ကို ကြည့်ပြီး “ မင်းဗမာလား”လို့မေးတယ်? ဟုတ်တယ်လို့ပြောတော့ အခန်းထဲက ကျန်တဲ့ဗမာတွေကိုပါ ထိုင်ခိုင်းတယ်။ အသက်ကြီးသူတွေကိုပါထိုင်ခိုင်းတယ်။ ဆိုလိုတာက မဏိပူရ ထောင်အစောင့် ရဲတွေဟာ သူတို့ စည်းကမ်းကို အပြစ်မရှိသူတွေဆီမလုပ်မိအောင် ကျိုးစားတယ်။ အဆင်ပြေအောင်လုပ်ပေးတယ်။ လှေနံဒါးထစ်တွေမဟုတ်ဖူး။ အခုလည်းဦးဇင်းမတရားအပြစ်ပေးခံရတာကို ညီညီလွင်က ကသဲသူပုန် ဇော်ဝမ်းကို သွားပြောတယ်။ သူက ဘုန်းကြီးတယောက်ဖြစ်တယ်၊အသက်လည်းကြီးပြီ၊ ဒါမျိုး အပြစ်ပေးတာမသင့်လျှော်ဘူးဆိုတော့ ဇော်ဝမ်းက ရဲကို သွားပြောတယ်။ဦးဇင်းကို ရဲက သက်သာခွင့်ပေးလိုက်တယ်။ ထောင်ထဲက ကသဲ နိုင်ငံရေးသမားတွေဟာ ထောင်ရဲတွေ၊ထောင်အရာရှိတွေကို သြဇာလွှမ်းတယ်။ ကသဲ မြေအောက်တော်လှန်ရေးသမားတွေ၊  နိုင်ငံရေးသမားတွေကို တိုင်းပြည်အတွက် စွန့်လွှတ်လုပ်ကိုင်နေသူတွေ၊ သူတို့ မဏိပူရပြည်သူတွေအတွက် အိန္ဒိယ အာဏာပိုင်တွေရဲ့ နိုင်ငံရေး၊စီးပွားရေး လွမ်းမိုးချုပ်ကိုင်မှုကနေ လွတ်မြောက်အောင် ဘ၀စွန့်လုပ်နေတဲ့ တော်လှန်ရေးသမားတွေဆိုပြီးမဏိပူရ ၀န်ထမ်းတွေ၊ အစိုးရအရာရှိတွေ၊ နိုင်ငံရေးပါတီတွေကအစ လေးစားတယ်။ တန်ဘိုးထားတယ်။ကိုယ်ကျိုးမပါပဲ လုပ်နေတဲ့ နိုင်ငံရေးသမား၊ တော်လှန်ရေးသမား သမားတွေကို မစော်ကားဘူး၊အထင်သေး ရှုံ့ချတာမျိုး မလုပ်ဖူး။ ဗြိတိလျှ ကျွန်ဘ၀က လွတ်မြောက်ခဲ့တာချင်းအတူတူ နိုင်ငံရေးယဉ်ကျေးမှုကဒီမိုကရေစီအမြစ်တွယ်နေတဲ့ အိန္ဒိယမှာ ခိုင်မာ အားကောင်းတယ်။ ရင့်ကျက်တယ်။


ကိုညို။
၀၅ ဂျွန် ၂၀၁၅

No comments: