Monday, April 22, 2013

ဆားနဲ့ဓါးလို အလှဲအလှယ်နဲ့ နွားပွဲထဲက အပေးအယူ




 
မိတ်ဆွေတချို့အိန္ဒိယ ဗုဒ္ဓဂါယာကိုဘုရားဖူးလာယင်း အဲဒီက စာသင်ရဟန်းတွေဆီကနေကျနော့ဖုန်းပါတ်ရလို့ဆိုပြီးဖုန်းဆက်လာတယ်။ ပြောပေါက်က လူချင်းကတွေ့ဖို့မလွယ်ဘူးတဲ့။ အိန္ဒိယရောက်နေတာတောင် သူမှာ အကြောက်တရားအခြေခံ သတိထားပြောဆိုနေတတ်တဲ့ စိတ္တဇအကျဉ်းထောင်က မလွတ်မြောက်နိုင်သေးတာကို အသံထွက်သွားအောင်ပြုံးမိတော့..ဟိုဘက်ပြန်ကြားပြီး..မင်းကဘာရီတာလဲတဲ့..လက်ဦးတော့ ထုံစံအတိုင်းသူ့ကို ကလိလိုက် ကျီစယ်လိုက်မယ်စိတ်ကူးပြီးမှ အခြေအနေတခုကို သတိရတော့ မကျီစယ်ရက်တော့ဘူး။ ကျနော့မိတ်ဆွေက ပညာရေးလုပ်ငန်းထဲကဆိုတော့ ပညာတတ်ပဲဆိုပါတော့။ သူခမျာ လက်တိုင်းပြည်ထဲ လက်ရှိအခြေအနေတွေကို တော်တော်မျှော်လင့်နေကြတယ်။ လက်ရှိအခြေနေဆိုးတွေကနေအမြန်ဆုံးလွတ်မြောက်လိုတဲ့ဇောလွန်ကဲသလို အပြောင်းအလဲဆိုတာကို လူပုဂ္ဂိုလ်တဦးတယောက်တစုအပေါ်မှီပြီး ဇွတ်ယုံချင်နေကြတယ်။ တိုင်ပြည်တဝှန်းက ငိုးကြွေးသံတွေ တောင်းဆိုသံတွေကို မထူးခြားတဲ့ဖြစ်နေကျ သိပ်အလေးပေးအာရုံထားစရာမလိုတဲ့ သဘာဝတရားလိုလိုထင်လာကြတယ်၊ မထင်လည်းမမြင်သလိုနေလာကြတယ်။ ဗိုသိန်းစိန်တို့ မျက်လှည့်ပြဖို့ အသုံးပြု စွန့်ကျဲလိုက်တဲ့ ရေလေးတစက်ကိုသောက်သုံးခွင့်ရလိုက်သူတွေ။ မြို့ပေါ်နေလူတွေ..ပြီသူတို့နဲ့လိုအပ်စွာဆက်စပ်နေကြရတဲ့ ကျနော့မိတ်ဆွေလိုလူတွေ။ ဒီလိုဇွတ်ယုံအပြောင်းအလဲ အကြောင်းကိုနောက်ပိုင်းသူစကားတွေမှာပေါ်လာတယ်။ စိတ်မကောင်းဖြစ်မိလို့ မရီပါဘူးကွာ ပြူံးယုံ ပြုံးမိတာပါလို့ လျောချလိုက်ရတယ်။ ပြုံးတာနဲ့ ရီတာဘယ်လောက်ကွာလဲ ငြင်းကြယင်းကနေ သူကဇွတ်ဖြတ်မေးလာတယ်။ မင်းကသူများတွေတောင်ပြန်လာနေတာမင်းက ဘာပြန်မလာနိုင်တာလဲတဲ့။ အဲဒီအပေါ်ဆက်ငြင်းကြပြန်ရော..သူက ဗမာပြည်တကယ်ပြောင်းနေပြီ၊ သမတကြီးကလဲ လူရိုးလူကောင်းဆိုတော့ ဒေါ်စုကလဲ ယုံတယ် လူထုကလဲယုံတယ်တယ်။ ပြီးတော့သူကတကယ်ကို အပြောင်အလဲလိုလားတဲ့ ပုဂ္ဂိုလ်ဆိုတာ မင်းတို့အပြင်ကပြန်လာတဲ့လူတွေတောင်နေရာပေးခန့်ထားပြီး လက်တွဲလုပ်နေတာပဲတဲ့။ တချို့ မီဒီယာတွေ အဖွဲ့အစည်းတွေတောင်ဒီမှာ ရုံးဖွင့်နေကြပြီတဲ့။ ပြောလိုက်တာခရားရေလွတ်၊ နေပါအုံးကွာ ငါပြောပါရစေအုံးလို့ မနည်းဖြတ်ပြောရတယ်။ သူပြောနေတာက ကျနော့ကိုအိမ်ပြန်လာစေချင်တဲ့ စေတနာပါ။ မင်းကိုငါပုံပြင်နှစ်ခုပြောမယ်။ အဲဒါတွေက ခုမင်းပြောတာတွေကြားရတိုင်း ဖတ်ရတိုင်း ငါံအတွေးထဲ အလိုလိုပေါ်လာတယ်၊ ရောက်လာတယ်။ တလှည့်စီပေါ်လာလိုက် အတူရောက်လာလိုက်ပဲ..မချီတင်ကဲပြုံးမဲ့မိတယ်။ မင့် မချီတင်ကဲပြုံးမဲ့မိတယ်ဆိုတာကဘာလဲ..ဘာကြာင့်လဲတဲ့။ ဒါဆိုပုံပြင်သုံးပုဒ်ဖြစ်သွားမယ်ဆိုတော့.လုပ်စမ်းပါ မင်းပုံပြင်တွေမကြားရတာကြာပြီ။ မချီတင်ကဲပြုံးမဲ့တယ်ဆိုတာ..ဟိုတုန်းက နူနာသည် အမျိုးသမီးကြီး တယောက်ခရီးလမ်းတခုက ဇရပ်မှာရေဝင်သောက်တယ်။ သူက ယဉ်ကျေးစာနာသူဆိုတော့ လူများတကာသောက်လေ့မရှိမဲ့ ရေမှုတ်ရိုးဖက်ကိုပဲ နှစ်ခမ်းနဲ့တေ့သောက်ရှာတယ်။ သောက်ရင်းတန်းလန်းမှာ မြင်းစီးယောင်္ကျားတယောက်လာနေတာမြင်လိုက်တော့ ဇရပ်နောက်ဝင်ပုန်းနေလိုက်တယ်။ တောက်တောက်ကြွားကြွားနဲ့ မင်းသားဟန်လူဂုဏ်တန်လူရွယ်တယောက်ဝင်လာရေသောက်တယ်။ မသောက်ခင်တချက်တွေကနဲ စဉ်းစားပြီ နူနာသည် အမျိုးသမီးကြီးသောက်ခဲ့တဲ့ မှုတ်ရိုးဖက်လှည့်ပြီးသောက်လိုက်တယ်။ ဒီတော့ နူနာသည် မျိုးသမီးကြီးဟာမချီတင်ကဲပြုံးမဲ့မိသတဲ့။ ဒီ နူနာသည် အမျိုးသမီးကြီး ပြုံးခဲ့တဲ့ မချီတင်ကဲပြုံးမဲ့မိ ပုံမျိုးပေါ့ကွ။ သူစေတနာတွေအချည်းနည်းဖြစ်တယ် ကျေကွဲတယ်.စာနာတယ်.ကရုဏာဖြစ်တယ်..ကဲ့ရဲ့တယ်.သရော်တယ် သောမနဿဖြစ်တယ်..ဒေါမနဿဖြစ်တယ်..ဒါတွေပေါင်းပြီးဖြစ်လာတဲ့အပြုံး
ဟိုပုံပြင်နှစ်ပုဒ်ဆက်မယ်။
အကျေ အညာ..အထက်-အောက်ဗမာပြည်ကလူလည်တွေက ဟိုးခေတ်ထဲက အလှည့်ကြုံယင်ကြုံသလို အပြန်အလှန်လိမ်ကြတယ်။ ဟိုခေတ်ကတော့ အထက်အောက်ကုန်ကူးသန်းမှုမှာ ဧရာဝတီမြစ်ကြီးအမှီပြုပြီး လှေသင်္ဘောတွေအဓီက အားကိုးကြရတယ်။ တခါတော့ ဧရာ မြစ်ရိုးမှာ အထက်ကစုန်လာတဲ့ကုန်သည်လှေတစီးနဲ့ အောက်ကဆန်လာတဲ့ လှေတစီးဆုံကြတယ်။ အပြန်အလှန်နှုတ်ဆက်ကြယင်း အပေါ်ကစုန်လာတဲ့လှေက ဓါးတွေလှေဝမ်းပြည်တင်လာတယ်၊ အောက်ပြည်ကိုသွားရောင်းမယ်..ဆန်လာတဲ့လှေကလဲ ဆားတွေဝမ်းပြည်တင်လာတယ်..အထက်အညာမှာသွားရောင်းမယ်ဆိုတာ သိတော့ အရောင်းအဝယ်ညှိကြတယ်။ အပြန်အလှန်ကလိမ်ဥာဏ်နဲ့ လှေချင်းတိုက်လဲလှယ်မယ်သဘောတူလိုက်ကြပြီး လှေနှစ်စီးကလူတွေပြောင်စီးပြီးကိုယ့်လာရာ မြစ်ကြောင်းအတိုင်းလှော်လာ..လုံခြုံရာရောက်မှ အသီးသီးလှေပေါ်ကကုန်တွေကိုစစ်ကြတယ်။ ငါတို့တော့ အောက်သားတွေကိုချလိုက်ရပြီဆိုပြီး အညာသားတွေ သူတို့ရလာတဲ့လှေပေါ်ကုန်တွေကို အားရဝမ်းသာစစ်ကြသတဲ့။ ဒီတော့မှ အောက်သားတွေက သူတို့ကို အပေါ်ယံပဲဆားတွေဖြူးပြီးအောက်က သဲတွေနဲ့ နှပ်ချလိုက်တာကိုသိတယ်။ အောက်စုန်သွားတဲ့လှေကလူတွေကလဲ အညာသားတွေ အပေါ်ယံပဲဒါးတွေစီထားပြီးအောက်က ထန်းပလပ်ပြားတွေနဲ့ လိမ်းသွားတာကိုသိတယ်။ ဒီလိုပဲ မင်းတို့ အထဲက ငြိမ်းချမ်းရေးအတွက်တို့ ဘာညာတို့အတွက်ပူပေါင်းဆောင်ရွက်နေကြတာဟာ တကယ်တော့ ဆားနဲ့ဓါးလိုပါဘဲ။ ဆိုတော့ နောက်တပုဒ်ဆက်ပါတဲ့။
သူတို့ပူးပေါင်းဆောင်ရွက်ကြတယ်၊ အပေးအယူတွေလုပ်ကြတယ်ဆိုတာလဲ တို့အညာက နွားပွဲထဲကအပေးအယူပါဘဲ။ အညာမြို့ကလေးတခုမှာ တပတ်တခါ နွားပွဲရှိတယ်။ ရောင်းကြဝယ်ကြတာကတော့ တောလယ်ယာလုပ်ငန်းလိုအပ်ချက်တွေ ထွက်ကုန်မျိုးစုံတွေကိုရောင်းဝယ်ဖောက်ကား လှဲလှယ်ကြတယ်။ ကြက် ဝက် သိုး ဆိတ် ကျွဲ နွား၊ ထွန်တုံးထွန်သန် လှည်း ထယ် တံဇင် ပြီးတော့ လယ်ယာထွက်သီးနှံ ယက္ကန်းထွက်ကုန်စုံတယ်။ ဒါပေမယ့် တောကျေးလက်လုပ်ငန်ဆောင်တာမှာ နွားသာလျင် အခရာဆိုတော့ နွားပွဲလို့ပဲလူတွေကခေါ်ကြတယ်။ တခါတော့ မြို့ကလေးနဲ့ အတော်ဝေးတဲ့ ရွာက ကျွဲတကောင်လာရောင်းတယ်။ ဒီလူတွေဟာတရွာလုံးကိုဗိုလ်ကျနှိပ်စက်သလို အညာတာကင်းပြီးရက်စက်ကြမ်းတမ်းယုတ်မာသူတွေလဲဖြစ်တယ်။ ခုလဲသူတို့ဒဏ်ကြောင့် အခြေအနေမဟန်တော့လို့ကျွဲကြီးကိုလာရောင်းကြတာ။ ရောင်းကြတာမှာ ထုံးစံအတိုင်းလိမ်ညာရောင်းဖို့ပဲ..နွားမရွံ့ပိတ်ရောင်းဆိုသလိုပေါ့။ အဲဒီနွားပွဲထဲမှာလဲ အရူးကြီးမဟုတ်တောင် ဟန်ကိုယ့်ဖို့မင်မှောင်းကောင်တဲ့ ပေါတောတောလူတယောက်ရှိတယ်။ နွားပွဲထဲမှာပဲ ပွဲစားလေးလုပ်ယင်းကနေဒီလိုဖြစ်သွားတာ၊ ဘဝင်ကြောင်သွားတာလား..ဗီဇကြောင်တာလားတော့ ဘယ်သူမှစုံစမ်းမထားလို့အတိအကျမသိရဘူး။ စားဝတ်နေရေးတော့ ဖူလုံတယ်။ သူက အရောင်းအဝယ်ဈေးဆိုင်နေပြီဆိုယင် သူကမယောင်မလယ်နဲ့ ကပ်သွားတယ်။ သူသိသလောက် ကြန်အင်လက္ခဏာတွေလျောက်ပြောနေတတ်တယ်။ အကြောင်းသိသူတွေက ငွေစလေးနဲနဲပေးလိုက်ယင်ထွက်သွားတယ်။ ဟိုလူတွေကျွဲကြီးလာရောင်းတော့ သူကကျွဲကြီးကို ပတ်ချာလည် စူးစူးစိုက်စိုက်ကြည့်တယ်။ ဘာမှလဲမပြောဘူး။ ဒီတော့ကျွဲရှင်တွေမျက်နှာပျက်ကုန်တယ်။ နွားပွဲထဲက အရောင်းအဝယ်လုပ်သူတွေက သူတို့နားဒီလူကပ်သွားယင် ငွေစလေးတွေထိုးထိုးပေးနေတာ..ပေးမှသူထွက်ထွက်သွားတာလဲတွေ့ထား..သူတို့ကျွဲကြီးကလဲအခြေအနေမှမဟန်ပဲကိုး။ သူတို့က ဒီလူဟာ ဒီနွားပွဲထဲက ပွဲစားပျက် နွားပွဲဖျံလို့ ထင်ပြီးငွေတော်တော်များများလက်သိပ်ထိုးပေးပြီး အမူအယာနဲ့ တိတ်တိတ်နေ ဝေးဝေးသွားလို့နှင်လိုက်တယ်။ ဒါပေမယ်သူက ခပ်လှမ်းလှမ်းကနေတော့ကြည့်နေတုန်းပဲ။ သူကအဲလိုကြည့်လေ ဟိုလူတွေကပျာလေ။ ဒီလိုတထိတ်ထိတ်နဲ့ဘဲအရောင်းအဝယ်ဖြစ်သွားတယ်။ ပြီးတာနဲ့ ခုနကျွဲကြည့်တဲ့သူပြန်ရောက်လာတော့ဟိုလူတွေတုန်သွားတယ်။ သူတို့လိမ်ရောင်းလိုက်တဲ့သူတွေနဲ့ ကျွဲကြီးက မြင်နေရတုန်း။ ငွေစနဲလို့လားမိတ်ဆွေလို့ ကဗျာကယာဆီးမေးတော့ ဟိုလူကပြန်ပြောတယ်။ မဟုတ်ပါဘူးဗျာ ငွေကများလွန်းလို့ကျုပ်တသက်ဒီလောက်များများမရဖူးပေါင်..တခုမေးချင်လို့ပါ။ ဘာလဲမေးပါဆိုတော့ နွားပွဲကြောင်က တကယ်ကိုမသိရှာသလို ရိုရိုသေသေမေးသတဲ့..ဆရာတို့ ခုန အကောင်ကြီးက ဘာကောင်ကြီးလဲဗျတဲ့..။ ဟုတ်သားပဲသူမှ ကျွဲကိုတခါမှမမြင်ဖူးပဲကိုး ဘယ်သိပါ့မလဲ။
ဒီတော့မင်းတို့ဗမာပြည်ထဲကပြောင်လဲနေပြီတို့..ငြိမ်းချမ်းရေးပူးပေါင်းဆောင်တာတို့ ဘာတို့ညာတို့ဆိုတာဒီပုံပြင်တွေထဲက ဆားနဲ့ဓါးလို အလှဲအလှယ်၊ နွားပွဲထဲက အပေးအယူလိုဟာမျိုးတွေပါဘဲ။ စိတ်ဝင်စားစရာမကောင်းပါဘူးလို့ စကားကိုချုပ်တော့ သူကချက်ချင်းပက် ပြန်ပြောတယ်..မင်းလိုကောင်ဘယ်ဘုရားမှ ချွတ်လို့ရမှာမဟုတ်ဖူးတဲ့ဗျာ။
 
ရဲဘော်ကျော်သန်း

No comments: