Friday, April 26, 2013

စီတန်းလှည့်လည်ခွင့် မတင်သောကြောင့် လက်ပံတောင်းဒေသခံများကို တရားစွဲမည်ဟု ခရိုင်ရဲမှူးကြီးပြော

မင်းမင်း | သောကြာနေ့၊ ဧပြီလ ၂၆ ရက် ၂၀၁၃ ခုနှစ် ၁၉ နာရီ ၂၈ မိနစ်

ရန်ကုန် (မဇ္ဈိမ)။ ။ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအတွင်းရှိ လယ်ယာမြေများကို ဝင်ရောက်ထွန်ယက်ရာ မှ ဖမ်းဆီးခံထားရသူ ၃ ဦးအား ပြန်လွတ်ပေးရန်တောင်းဆိုသော ဒေသခံများမှာ စီတန်းလှည့်လည်ခွင့် မတင်သောကြောင့် ဥပဒေအရ တရားစွဲသွားမည်ဟု မုံရွာခရိုင်ရဲမှူးကြီး ဦးတင်ထွန်းက မဇ္ဈိမကိုပြောဆိုလိုက်သည်။
...

“ပြည်သူတွေအားလုံက တရားဥပဒေကိုတော့ လေးစားလိုက်နာသင့်တာပေါ့။ အခုက စီတန်းလှည့်လည်ခွင့် မတင်ဘူးဗျ။ အကြိမ်ကြိမ်ခွင့်လွတ်ရပေါင်းလည်းများနေပြီ။ ဒီတစ်ခါတော့ ဥပဒေအရ တရားစွဲဆိုသွားမှာပါ” ဟု ဦးတင်ထွန်း ကပြောသည်။

ရွာသားများ လယ်ထွန်ခြင်းမှာ ၂၃ရက်နေ့က စတင်ပြုလုပ်ခဲ့ပြီး သုံးရက်မြောက်နေတွင်ရဲတပ်ဖွဲ့၏ တားဆီးမှုကြောင့် အဓိ ကရုဏ်းများဖြစ်ပေါ်ခဲ့ရာ ဖမ်းဆီးခံရသူ ၃ ဦးအားပြန်လည်လွတ်ပေးရန် ညောင်ပင်ကြီးရဲစခန်းသို့ ၁၃ ရွာမှ ဒေသခံများက ယနေ့တွင် တောင်းဆို ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

သို့သော် တောင်းဆိုဆန္ဒပြသူများမှာ ညောင်ပင်ကြီးရဲစခန်းသို့ မရောက်ရှိဘဲ ဝက်မှေးရွာသစ်အနီးတွင် လုံခြုံရေး အင်အား ၃၀၀ကျော်က လုံထိန်းကာား ဆယ်စီးဖြင့် စည်း ၃ စည်း ခြားထားပြီး တတိယစည်းကို ကျော်ပါက ပစ်ခတ်မည်ဟု ပိုစတာထောင်ထားသောကြောင့် လှည့်ပြန်ခဲ့ရကြောင်း ဒေသခံများက ပြောသည်။

“ကျွန်တော်တို့၁၂ နာရီခွဲလောက်စထွက်တယ်။ ဝက်မှေးကန်တောရွာသစ်ရှေ့ကနေပြီးတော့ ကားဆယ်စီးနဲ့ လက်နက်အင်အားအပြည့်အစုံနဲ့ လုံထိန်းအင်အား သုံးရာကျော် လေးရာပါးနီးလောက်က ကားပေါ်ကနေ ချက်ချင်းဝုန်းဝုန်းဆင်းပြီးတော့ စပီကာတွေ စည်းတွေ ဆိုင်းပုတ်တွေကိုင်ပြီးတော့ ပထမစည်းမကျော်ရ၊ ဒုတိယစည်းမကျော်ရ၊ တတိယစည်းမကျော်ရ ဆိုပြီးတော့ ချက်ချင်းပိတ်လိုက်ပါတယ်” ဟု တုံရွာမှ ကိုလတ်က မဇ္ဈိမကို ပြောသည်။

ယမန်နေ့က ဖြစ်ပေါ်ခဲ့သော အဓိကရုဏ်းတွင် ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်မှ ကိုအောင်စိုးအပါအဝင် ဆည်တည်ရွာမှ ကိုစိုးသူနှင့် ကိုဆန်းတို့မှာ ဖမ်းဆီးခြင်းခံထားရပြီး ဒေသခံ ၃ ဦးနှင့် လုံခြုံရေးရဲ ၁၅ ဦးတို့ ဒဏ်ရာရရှိခဲ့သည်။

ဖမ်းဆီးဆံထားရသူများ ပြန်လွတ်ပေးရန် ချီတက်တောင်းဆိုကြသည့် ကျေးရွာ ၁၃ ရွာမှ ဒေသခံတို့က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းလုံးဝဖျက်သိမ်းရေး၊ အကြမ်းဖက်ဖြိုခွင်းမှုတရားခံများကို ဖေါ်ထုတ်ပေးရေး ၊ ကိုယ့်လယ် ကိုယ်ပြန်လုပ်ခွင့်ရရှိရေး၊ ပုဒ်မ ၁၄၄ ပြန်လည်ရုပ်သိမ်းပေးရေး၊ ဖမ်းဆီးထားတဲ့ ကိုအောင်စိုး ၊ ကိုစိုးသူ ၊ ကိုဆန်းတို့ကို ခြွင်းချက်မရှိ အမြန်ဆုံးလွတ်ပေးရေး တို့ကို ကြွေးကြော်ခဲ့ကြကြောင်း တုံရွာမှ ကိုလတ်က ပြောသည်။

“ကျွန်တော်တို့ဘက်ကနေပြီးတော့ ဆက်လက်ပြီးတော့ ကိုယ့်လယ်ကိုယ် ပြန်လုပ်ကိုင်ရရှိရေးနဲ့ ပုဒ်မ ၁၄၄ ရုပ်သိမ်းပေးရေး ဖမ်းဆီးထားတဲ့ သူတွေချက်ချင်း ပြန်လွတ်ပေးရေးဆိုတာကိုတော့ တောင်းဆိုပြီးတော့ တိုက်ပွဲဝင်နေဦးမှာပါပဲ” ဟု သူကဆိုသည်။

===========================================
ဓာတ်ပုံအညွှန်း။ ။ လက်ပံတောင်းကြေးနီစီမံကိန်းနယ်မြေအတွင်းရှိ လယ်မြေများအားဒေသခံများမှ ၀င်ရောက်ထွန်ယက်ရာမှ လုံခြံရေးများနှင့် အထိကရုဏ်း ဖြစ်ပွားပြီး အဖမ်းခဲ့ရသူ ၃ ဦးအားပြန်လည်လွှတ်ပေးရေးအတွက် တောင်းဆိုဆန္ဒပြရန် ဆာလင်းကြီမြို့နယ် ညောင်ပင်ကြီး ရဲစခန်းအားသွားသောလမ်းတွင် ရဲအင်အား ၃၀၀ ကျော်တို့က စည်း ၃ စည်းချ၍ ထားမြစ်ထားစဉ်။(ဓာတ်ပုံ - မဇ္ဈိမ)

Re-Post By ACM 26-4-2013
အေးချမ်းမွန် Credit & Copy From > Mizzima - News in Burmese

အေးချမ်းမွန် Credit & Copy From > Mizzima - News in Burmese <Thank

No comments: