ယခုရက်ပိုင်းအတွင်း ၂၀၁၃၊ မတ် (၃၀) ဧပြီ (၅)နေ့စွဲဖြင့် ပြည်တွင်း၌ ထုတ်ဝေသော မြန်မာသံတော်ဆင့် အတွဲ(၂)၊ အမှတ်(၃)တွင် "ပဲခူးတိုင်းဒေသကြီးအတွင်း ဆူပူအကြမ်းဖက်မှုများ ရခိုင်ပြည်နယ်ဖက်မှ ၀င်ရောက်လာခြင်းဖြစ်ဟုဆို" ခေါင်းစဉ်ဖြင့် သတင်းတပုဒ်ရေးသား ဖော်ပြခဲ့သည်။ အဆိုပါသတင်း၌ "လတ်တလော ပဲခူးတိုင်း ဒေသကြီးတွင် ဖြစ်ပွားလျက်ရှိသော ဆူပူအကြမ်းဖက်မှုနှင့် စပ်လျဉ်း၍ ပြည်မဘက်မှလှုံ့ဆော်မှုများ၊ မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့မှုများကြောင့် မဟုတ်ဘဲ ရခိုင်ပြည်နယ်ဘက်မှ ၀င်ရောက်ဆောင်ရွက်ခြင်းများကြောင့် ယခုကဲ့သို့ အကြမ်းဖက်မှုများ ဖြစ်ပေါ်နေရခြင်းဖြစ်ကြောင်း" နိုင်ငံတော်သမ္မတရုံးနှင့် နီးစပ်သူတဦး၏ ပြောကြားချက်ကို ကိုးကား ဖော်ပြထားသည်။
အဆိုပါရေးသား ဖော်ပြချက်နှင့်စပ်လျဉ်း၍ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် Arakan Times တွေ့ဆုံမေးမြန်းခွင့်ရခဲ့သည်။ ဦးအေးသာအောင်၏ ပြောကြားချက် အပြည့်အစုံမှာ အောက်ပါ အတိုင်းဖြစ်သည်။
ALD ဥက္ကဌ ဦးအေးသာအောင်ALD ဥက္ကဌ ဦးအေးသာအောင်
Arakan Times။ ။ အခုတလော ပဲခူးတိုင်းဘက်မှာဖြစ်ပွားနေတဲ့ပဋိပက္ခတွေဟာ ရခိုင်ပြည်ဘက်က လုပ်တာ
ဖြစ်တယ်ဆိုပြီး၊ ပြည်တွင်းဂျာနယ်တချို့မှာ ဖော်ပြလာသလို၊ ပြည်မနိုင်ငံရေး သမားတချို့အကြားမှာလည်း ဝေဖန်သံတွေလည်း ကြားလာနေရပါတယ်။ ဒီအပေါ်မှာ အန်ကယ့်အနေနဲ့ဘာများ ပြောချင်ပါသလဲ။
ဦးအေးသာအောင်။ ။ ဒီဟာကတော့ (လုံးဝ) မှားယွင်းတဲ့ ယူဆချက် သုံးသပ်ချက်လို့ ပြောရပါမယ်။
ဗမာပြည်မှာဖြစ်တဲ့ ကိစ္စတွေဟာ ရခိုင်တွေဖန်တီးလို့ ဖြစ်တာမဟုတ်ဘူး။ ဥပမာ ၉၆၉ ဆိုတဲ့ လှုပ်ရှားမှုမျိုးတွေဟာ ရခိုင်ပြည်နယ်၊ ရခိုင်အမျိုးသားများက စတင်လှုပ်ရှားတဲ့ လှုပ်ရှားမှုလုံးဝမဟုတ်။ မော်လမြိုင်ဘက်ကစလို့ လှုပ်ရှားလာတဲ့ လှုပ်ရှားမှုတခုဆိုတာကိုလည်း သိသာထင်ရှားအောင် ပြောဖို့လိုပါမယ်။ နောက်တခုက အထူးသဖြင့်ရခိုင်ပြည်နယ်မှာဘာသာရေး အဆောက်အဦးတွေ၊ ဘုရားကျောင်းကန်တွေ ဖျက်ဆီးခံရတဲ့ အခါမှာ ဗုဒ္ဓဘာသာ သံဃာတော်များ မန္တလေးရန်ကုန်မှာရှိတဲ့ ရခိုင်လူမျိုးမဟုတ်တဲ့ ဗုဒ္ဓဘာသာ မွန်သံဃာတော်များ၊ အထူးမကျေမနပ်ဖြစ်လာတဲ့အချက်တခုဖြစ်လာခဲ့တယ်။ နောက်တခုက ဘင်္ဂလားဒေ့ခ်ျမှာ ဗုဒ္ဓဘာသာကျောင်းကန် ဘုရားတွေကို ဖျက်ဆီးတယ်လို့ သတင်းတွေကြားရ တဲ့အခါ သံဃာတော်များက မခံမရပ်နိုင်ဖြစ်ပြီးတော့ အမျိုးဘာသာအတွက် တရားပွဲတွေကို ရန်ကုန်မြို့မှာ၊ အမြို့မြို့မှာ ဟောနေပြောနေကြတာဟာ ရခိုင်ဘုန်းကြီးတွေ မဟုတ်ပါဘူး။ အခြားမြန်မာဘုန်းကြီးတွေ ဖြစ်တယ်ဆိုတာ ပြောချင်တယ်။ ဒါကြောင့်မို့လို့ အမျိုးဘာသာ သာသနာအတွက် ရန်ကုန်အပါအ၀င် မန္တလေးနဲ့ အခြားမြို့ရွာတွေမှာ လှုပ်ရှားမှုမှာ ဦးဆောင်နေတဲ့ပုဂ္ဂိုလ်များသည် ရခိုင်လူမျိုးများ၊ ရခိုင်သံဃာတော်များ၊ ရခိုင်အဖွဲ့အစည်းများ လုံးဝ မဟုတ်ဘူးဆိုတာ ပြောလိုပါတယ်။
Arakan Times။ ။ ရခိုင်ပြည်က အဓိကရုဏ်းနဲ့ ဗမာပြည်က အဓိကရုဏ်းနှစ်ခုကို ဘယ်လိုသုံးသပ်မိပါသလဲ။
ဦးအေးသာအောင်။ ။ အမှန်ကတော့ တူတဲ့အချက်တွေရှိသလို၊ ကွဲပြားခြားနားတဲ့အချက်တွေလည်း ရှိပါတယ်။ ရခိုင်ပြည်မှာကတော့ အထူးသဖြင့် ဘင်္ဂလားဒေ့ခ်ျက နည်းမျိုးစုံနဲ့ ၀င်လာတဲ့ ဘင်္ဂလီလူမျိုးတွေဟာ လူဦးရေများလာတဲ့အခါ နယ်မြေကို ကျူးကျော်သိမ်းပိုက်ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားလာကြတယ်။ ဒီတော့ "ရိုဟင်ဂျာ" ဆိုတဲ့အမည်ကို ခံယူပြီးတော့ တိုင်းရင်းသားဖြစ်ဖို့ သမိုင်းကိုလိမ်ပြီးကြိုးစားတဲ့အချက်တွေ ပါသလို၊ RSO လို လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ရခိုင်ပြည်ကိုဝင်တိုက်ခိုက်တဲ့လက်နက်ကိုင် ကျူးကျော်တဲ့ ကိစ္စတွေ လည်း ပါတယ်။ ဒီအခါမှာရခိုင်မှာဖြစ်သွားတဲ့ အရေးအခင်းကိုကြည့်ပြီးဘင်္ဂလီတွေရဲ့ ပြည်ထောင်စုနယ်မြေကိုမတရား သိမ်းပိုက်ဖို့ ကြိုးစားတယ်။ ပြီးတော့ ဘာသာရေးအစွန်းရောက်တွေက တိုင်းရင်းသားတွေ အပေါ်မှာ ရက်ရက်စက်စက် တိုက်ခိုက်တဲ့ကိစ္စတွေကို မြင်ရတဲ့အခါမှာ မြန်မာပြည်နေရာအနှံ့အပြား တိုင်းရင်းသားပြည်နယ်များမှာ
ဘင်္ဂလီ လူမျိုးတွေ အပေါ်မှာ မကျေနပ်ကြဘူး၊ဒေါသဖြစ်ကြတယ်။ ပြီးတော့ ရေရှည်မှာ ပြည်ထောင်စုအတွက်စိုးရိမ်တဲ့
သံသယစိတ်တွေနဲ့ဘင်္ဂလီတွေအပေါ်မှာအမျိုးမျိုးစောင့်ကြည့်တယ်၊သတိထားနေရတဲ့အပိုင်းတွေ ရှိလာတယ်။ သတိထားလာနေရာက သာကေတဖက်မှာ ဘာသာရေးအရ လူနေအိမ်ယာကို ဘာသာရေးအဆောက်အဦး လုပ်ဖို့ကိစ္စမျိုး၊ပြီးတော့လှိုင်သာယာမှာ ဗုဒ္ဓဘာသာဘုန်းကြီးတပါးက တရားခွေဖွင့်နေတဲ့အခါ အစ္စလာမ် ဘာသာဝင် တချို့က လာတားတဲ့ကိစ္စမျိုး၊ ဒါတွေကိုအကြောင်းပြုပြီးတော့ ပဋိပက္ခတွေဖြစ်လာတယ်။ တပြိုင်နက်မှာပဲ မိတ္ထိလာမှာ (အဲ) လူတွေကတော့ ပြောမှာပေါ့လေ သာမန်ဈေးရောင်း ဈေးဝယ်ကိစ္စနဲ့ဖြစ်ကြ တယ်လို့ပြောပေမယ့် အဲဒီမှာ သံဃာတော်တပါးကို ဗလီထဲကိုခေါ်သွားပြီးတော့ သတ်လိုက်တဲ့ကိစ္စဟာ တကယ့်ဗုဒ္ဓဘာသာဝင်တွေကို မခံမရပ်နိုင်ဖြစ်ပြီးတော့ အခု အမြို့မြို့အနယ်နယ်ကို ပြန့်နှံ့သွားခဲ့တဲ့ သဘော ရှိတယ်။ ဒါကြောင့် ရခိုင်ပြည်မှာ ဖြစ်တဲ့ပြဿနာတွေနဲ့ အခုအမြို့မြို့အနယ်နယ်မှာ ဖြစ်တဲ့ပြဿနာတွေဟာ တူညီချက် ရှိသလို ကွဲပြားခြားနား ချက်တွေလည်းရှိပါတယ်။
Arakan Times။ ။ မကြာသေးခင်က နိုင်ငံတော်သမ္မတရဲ့ပဋိပက္ခနဲ့စပ်လျဉ်းတဲ့မိန့်ခွန်းအပေါ်မှာ ဘယ်လိုမြင်ပါ သလဲ။
ဦးအေးသာအောင်။ ။ အမှန်ကတော့ တိုင်းပြည်မှာ လုံခြုံရေးဟာ အဓိကပါပဲ။ ရခိုင်ပြည်မှာ
ဖြစ်သွားတဲ့ကိစ္စမျိုးဟာ တချိန်တခါမှာ ဗမာ ပြည်ဖက်ကို ကူးစက်ကောင်းကူးစက်နိုင်တယ်ဆိုတာ အားလုံးတွက် ဆလို့ရပါတယ်။ ထိုနည်းတူစွာ သာကေတမှာဖြစ်တယ်၊ လှိုင်သာယာမှာဖြစ်တယ်။ အလားတူအခြားမြို့ရွာတွေမှာလည်း ဖြစ်နိုင်တဲ့အလားအလာတွေ ရှိတယ်။ ဒီလိုအခြေအနေမျိုးမှာ အမှိုက်ကစ ပြဿာဒ်မီးလောင် မဖြစ်ရအောင် လုံခြုံရေးအရ ကြိုတင်ပြီးတော့ ထိန်းထိန်းသိမ်းသိမ်း လုပ်ခဲ့မယ်ဆိုရင် ဒီကိစ္စမျိုးဟာ ဖြစ်ပွားမယ့်အလားအလာ အလွန်နည်းပါး သွားမှာ ဖြစ်တယ်။ ဒါကြောင့် နိုင်ငံတော်အစိုးရအနေနဲ့ ဖြစ်ပြီးမှ အခုလိုပြောခြင်းထက် မဖြစ်ခင်က ကြိုတင်ကာကွယ်မှု အစီအမံများလုပ်သင့်တယ်လို့မြင်ပါတယ်။ ဒီလိုပြောတဲ့အခါမှာလည်း တချို့ပြည်ပမှာရှိတဲ့ အဖွဲ့အစည်းတွေ၊ ပုဂ္ဂိုလ်တွေကိုပဲအပြစ်ပြောနေရုံနဲ့မလုံလောက်ဘူးလို့မြင်ပါတယ်။ပြည်တွင်းမှာ တကယ့် အစ္စလာမ် အာသာဝါဒိ အဖွဲ့အစည်းတွေရဲ့တဖက်သတ်လှုံ့ဆော်နေတဲ့ ကိစ္စတွေကိုလည်း ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ဖို့ လိုမယ်လို့ထင်ပါတယ်။