အဖေ့အကြောင်း သမီးတစ်ယောက်အနေနဲ့ ခံစားရတာလေးတွေ နည်းနည်းပြောပြပါလို့ ဦး(ဦးနေ၀င်းမြင့်) က ပြောလို့ အဖေနဲ့ နောက်ဆုံးအချိန်ထိ အတူနေခဲ့တဲ့ သမီးတစ်ယောက်အနေနဲ့ ကြိုးစားပြီး ရေးလိုက်ပါတယ်။
အခုလိုအချိန်မှာ အဖေချစ်တဲ့ မြန်မာပြည်မှာ အဖေ့အောက်မေ့သတိရပွဲတွေ လုပ်ကြတာ၊ အဖေ့ကို လွမ်းဆွတ်သတိရတဲ့ စာတွေရေးကြ၊ စာအုပ်တွေ ထုတ်ကြတာ သိရ ကြားရတာ ၀မ်းနည်း၊ ၀မ်းသာ ဖြစ်မိသလို၊ အခုလို ချစ်ခင်အောက်မေ့ကြတဲ့ မိတ်ဆွေအပေါင်းအသင်းများကိုလည်း ကျေးဇူးတင်မိပါတယ်။
အရင်က အဖေ့နာမည်တစ်လုံး မဂ္ဂဇင်းစာမျက်နှာမှာပါဖို့ ဆိုရင် “ဧည့်သည်ကြီး” လိုတစ်မျိုး၊ “ဂျမ်း” လို့တစ်ဖုံ၊ “ဖန်မီးအိမ်ရှင်” လို့တစ်နည်း စကားထာ ၀ှက်သလို လျှို့လျှို့ဝှက်ဝှက် ရေးစရာမလိုပဲ လွတ်လွတ်လပ်လပ် လွမ်းခွင့်ရတဲ့ အခြေအနေတစ်ရပ်ကိုလဲ စိတ်ထဲ ၀မ်းသာမိပါတယ်။ အဖေသိရင်လည်း လွတ်လပ်စွာ စာရေးခွင့်ရတာကို သိပ်ကျေနပ်ရှာမယ်။
အဖေ့ကို သတိရလွမ်းဆွတ်စာတွေ ကျန်ရစ်သူမိသားစုအနေနဲ့ ကျွန်မတို့ ညီအမတစ်တွေ ဖတ်ရတိုင်း ဖတ်ရတိုင်း မေတ္တာတွေ လွှမ်းနေတဲ့စာတွေကို ဖတ်ရသလို အမြဲတမ်း ရင်ထဲ ထိထိခိုက်ခိုက် ခံစားကြရပါတယ်။ အဖေက တိုင်းပြည်နဲ့ လူမျိုးအပေါ်၊ မြန်မာပြည်သူများအပေါ်၊ မိတ်ဆွေအပေါင်းအသင်းအပေါ်၊ သူ့တပည့်သားမြေးအပေါ် မေတ္တာကြီးမားခဲ့သလောက် အဖေ့အပေါ်လဲ တူညီတဲ့ မေတ္တာတွေ ထားကြတယ်လို့ သမီးတစ်ယောက်အနေနဲ့ ခံစားရပါတယ်။
ပြည်ပမှာ နေထိုင်ခဲ့တဲ့ အဖေ့အကြောင်းလေးကို မိတ်ဆွေများသိအောင် နည်းနည်း ပြောပြချင်ပါတယ်။ အဖေက သူ ဆုံးပါးမသွားခင်ထိ ဆေးလိပ်အရမ်းသောက်လို့ နည်းနည်းမောတာကလွဲရင် ဘာရော၈ါ ထူးထူးထွေထွေမှ မခံစားခဲ့ရပါဘူး။ နေမကောင်းဖြစ်ရင်လည်း ခဏပဲ။ အတော် ကျန်းမာတယ်လို့ ဆိုနိုင်ပါတယ်။ ဒီလို လူကျန်းမာပေမယ့် စိတ်ကတော့ လုံးလုံး မကျန်းမာပါဘူး။ သူ ချစ်တဲ့ မြန်မာပြည်နဲ့ မိတ်ဆွေအပေါင်းအသင်းများကို လွမ်းတဲ့ အိမ်လွမ်းနာကိုတော့ သေသည်အထိ နင့်နင့်နဲနဲ ခံစားသွားခဲ့ပါတယ်။
ရာသီဥတု အလွန့်အလွန် အေးတဲ့အချိန်ကလွဲရင် အဖေ ပုဆိုးပဲ ၀တ်ပါတယ်။ လွယ်အိတ်ကြီးတစ်လုံး အမြဲလွယ်ထားတယ်။ ဆေးပေါ့လိပ်သောက်တယ်။ အိမ်မှာဆိုရင် နဂါးနီတို့၊ ဦးမြတ်လေး ရေးတဲ့ ကပြားမလေး ဂိုယာရမ်တို့ ပင်လုံထိပ်ထားဦးတို့လို သီချင်းမျိုးတွေ နားထောင်တယ်။ သူ့လက်ရေးဝိုင်းဝိုင်းကြီးတွေနဲ့ မြန်မာလို ကဗျာတွေ ဆောင်းပါးတိုရှည် ရေးတယ်။ ညနေဆို မြန်မာလူငယ်တွေနဲ့ လက်ဖက်ရည်ဆိုင် ထိုင်တယ်။ မြန်မာပြည်က လက်ဖက်ရည် တူတဲ့ ကျောက်ပန်းတောင်း လက်ဖက်ရည်မျိုးကို မှာသောက်တတ်တယ်။ မြန်မာဘုန်းကြီးကျောင်းမှာ တယောလေးထိုးပြီး ရေနွေးကြမ်းတစ်အိုးနဲ့ နေတတ်တယ်။
ဒီက တက္ကသိုလ် ကောလိပ်တွေ ရောက်ရင် ပညာကောင်းကောင်း သင်ခွင့်မရရှာတဲ့ မြန်မာပြည်က ကျောင်းသားလေးတွေကို လွမ်းတတ်တယ်။ ဒီက လမ်းနာမည် မြို့နာမည်တွေကို မြန်မာနာမည် ပြောင်းပြီးခေါ်တယ်။ Alhambra ကို “အလမ္ဗရာ” တဲ့၊ Red Hill ကို “မြေနီကုန်း” တဲ့၊ Stalin Way ကို “လမ်းနီလေး” တဲ့။ ဒီမှာ မြေလွတ် ကျယ်ကျယ်ပြန့်ပြန့်တွေ့ရင် မြန်မာပြည်က လူတွေအားလုံးကို ဒီကို ခေါ်ထားချင်လိုက်တာ…. သူတို့ချည်း သူတို့ဖာသာ အုပ်ချုပ်ပြီး နေရစ်ပလေစေတော့လို့ ပြောတတ်တယ်။
ဒီလို မြန်မာပြည်က ပတ်ဝန်းကျင်အတိုင်း ကြိုးစားပြီး ပျော်အောင်ထားပေမယ့် မနက်ဆို အိမ်လွမ်းကဗျာလေးတွေ တကုတ်ကုတ် ရေးနေတာပဲ။ တစ်ခါတော့ ချိုသင်းလဲ ၀မ်းနည်းပြီး အဖေ့ကို “ပြန်ချင်လဲ ပြန်ပေါ့၊ ကြေးမုံတို့ မြန်မာ့အလင်းတို့မှာ စစ်အစိုးရ အားရအောင် ပေါ်လစီ ကဗျာတစ်ပုဒ်တော့ ရေးရမှာပေါ့” လို့ ပြောလိုက်တယ်။ အဲဒီတော့လည်း အဖေ မရေးနိုင်ရှာဘူး။ တိတ်လို့ ဘာမှ ပြန်မပြောရှာဘူး။ မစာနာဘဲ ပြောလိုက်ပြီးမှ သနားလိုက်တာ ပြောစရာစကားတောင် ရှာမရဘူး။ ခေတ်ဆိုး စနစ်ဆိုးကြီးကို သူ့စာတွေနဲ့တင်မက အလွမ်းတွေနဲ့ပါ ထုဆစ် မှတ်တမ်းတင်သွားခဲ့ပါတယ်။
ဒီနေ့မှာ အဖေ့အမှတ်တရအနေနဲ့ အဖေစပ်ခဲ့တဲ့ ကဗျာလေးတစ်ပုဒ်နဲ့ ချစ်ခင်ရသော မိတ်ဆွေများကို နှုတ်ဆက်လိုက်ပါရစေ။ အဖေပြောချင်တဲ့ ရင်ထဲက စကားလေး ကဗျာလေးကို အဖေ့ကိုယ်စား သမီးက လက်ဆင့်ကမ်းလိုက်တယ်လို့ အဖေကြားနိုင်တဲ့ ၀မ်းသာလှည့်ပါ အဖေ။
မြစမ်းမျက်ရည်…
ကိုယ့်နေရာ
သာယာသည်ဖြစ်စေ
နုံချာသည်ဖြစ်စေ
ကိုယ့်ရွာ ကိုယ်ရပ်၊ မိခင်မြတ်တည့်။
မည်မျှ ကြီးမြင့်၊ မည်မျှ တင့်လည်း
မပွင့် နေခြည်၊ အုံ့မှိုင်းသည်သို့
မကြည်မွေ့ချ၊ သူ့ရပ်မြေတည့်။
သူတို့စကား၊ သူတို့ကြား၌
ပျားသို့မချို၊ မှိုသို့မလန်း၊ ပန်းသို့မရွှင်
ကိုယ့်မိခင်ကို၊ တမြင်မြင်တမ်း၊ အစဉ်လွမ်းခဲ့။
ရေချမ်းစင်က၊ ရေကြည်မြကို
သောက်ရပေဖူး၊ သူ့ကျေးဇူးကို
အထူးသိလည်း၊ ဇာတိလွမ်းနာ၊ မဖြေသာခဲ့။
သူ့မြေမှာမူ
သာယာဘိခြင်း၊ သင်းပါဘိတောင်း
ကောင်းပါဘိတကား၊ အသိသားပင်
တရားလက်ကိုင်၊ ဆင်ခြင်နိုင်လည်း
မခိုင်စိတ်ဝမ်း၊ နေ့တိုင်းလွမ်းသည်
မြစမ်းမျက်ရည် စိမ့်စိမ့်တည်း။
တင်မိုး (၁၁.၅.၂၀၀၁)
အားလုံးကို ကျေးဇူးတင် ချစ်ခင်အောက်မေ့လျက်ပါ။
မိုးချိုသင်း
ကျန်ရစ်သူ မိသားစုကိုယ်စား
ဖေဖော်ဝါရီ ၁၄၊ ၂၀၁၃
(၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်နေ့၊ မန္တလေး အမရပူရ တောင်လေးလုံးကျောင်းတိုက်တွင် ဆရာကြီးဦးတင်မိုး အမှတ်တရပွဲ ကျင်းပခဲ့ရာ ဆရာကြီးကို အောက်မေ့တသစွာ ရွတ်ဆိုခဲ့ကြသော ကဗျာ၊ စာပေ အနုပညာများထဲမှ ဆရာ၏ သမီး စာရေးဆရာမ (မ) မိုးချိုသင်း ပေးပို့လိုက်သည့် စာကို ဖော်ပြခဲ့သော မန္တလေးအလင်းဂျာနယ်၊ အတွဲ (၂) အမှတ် (၄၃) မှတဆင့် ပြန်လည်ကူးယူ ဖော်ပြခြင်းဖြစ်ပါသည်။)
No comments:
Post a Comment