Wednesday, April 24, 2013

မြိတ်မြို့နယ် အတွင်း တန်ဖိုးနည်း တယ်လီဖုန်းများ ခွဲဝေ ချထား မဲဖောက်ရာတွင် ပြုပြင်ရမည် တွေ့ရှိချက်များ အား ပြုပြင် ပေးနိုင်ပါရန် အုပ်ချုပ်ရေးမှူးများအား တောင်းဆိုခြင်း




--------------------------------------------------
(က) မြိတ်မြို့နယ် အတွင်း ချထားပေးသော တန်ဖိုးနည်း ၁၅၀၀ ကျပ်တန် CDMA 800 MHz ဖုန်း ဆင်းကတ်များ အား မြိတ်မြို့ပေါ် (၁၂) ရပ်ကွက်နှင့် ကျောက်ဖျာ အုပ်စု ၊ ကလွင်အုပ်စု၊ မြိတ်တောင် ကျေးရွာအုပ်စု၊ စန္ဒ၀တ် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ရုံးများတွင် ပြည်သူများ အနေဖြင့် လျှောက်လွှာတင်ပြီး မဲဖောက် ခဲ့ကာ ဧပြီလ (၂၄) ရက်နေ့တွင် မြိတ်မြို့ ပုလဲ ရတနာ ခန်းမ၌ ဆင်းကတ်များ ရောင်းချလျက်ရှိရာ တွေ့ရှိရသော ပြုပြင်ရမည့် အချက် အလက်များ ပြုပြင်ပေးနိုင် ပါရန် အုပ်ချုပ်ရေးမှူး များအား ပြည်သူလူထုများ ကိုယ်စား မြိတ်ပုလဲမြေက တောင်းဆိုအပ် ပါသည် -

(၁) တယ်လီဖုန်းများ လျှောက်ထားနိုင်ကြောင်း ကြေညာချက်အား နယ်မြေ အုပ်ချုပ်ရေးမှူးရုံးများတွင်သာ ကြေညာထားခြင်းကြောင့် ရပ်ကွက် တစ်ခုလုံး ကျယ်ကျယ် ပြန့်ပြန့် သိရှိခြင်း မရှိသဖြင့် ရပ်ကွက်ခွဲ အဆင့်ထိ ကြေညာရန် လိုအပ်ပါသည်။

(၂) ပထမကြိမ် ခွဲဝေ ချထားပေးသည့် ခွဲတမ်းမှာ ဖုန်းအလုံးပေါင်း (၃၀၉၀) ဖြစ်ပြီး တပ်မတော်က (၅၁၀)၊ ဌာနဆိုင်ရာမှ (၈၀၀) ၊ ပြည်သူလူထုများမှ (၁၇၈၀) ကျော်ခန့်သာ ရရှိသဖြင့် ပြည်သူလူထုအနေဖြင့် လူဦးရေ ၊ အိမ်ထောင်စု အချိုးအစား အရ ရရှိသည့် ပြည်သူလူထု အတွက် ခွဲတမ်းမှာ များစွာ နည်းပါးလှ ပါသည်။ မြိတ်မြို့နယ် အတွင်း ၀န်ထမ်း စုစုပေါင်း ဦးရေမှာ (၁၅၀၀) ကျော်ခန့်သာ ရှိမည်ဟု ခန့်မှန်းရပါသည်။ အိမ်ထောင်စု အနေဖြင့် တွက်ပါက ၀န်ထမ်း အိမ်ထောင်စုပေါင်းမှာ (၈၀၀) ခန့်သာ ရှိမည်ဟု ခန့်မှန်းရပါသည်။ သို့ဖြစ်ပါ၍ ဒုတိယ၊ တတိယအကြိမ် တယ်လီဖုန်း ခွဲတမ်း သတ်မှတ်ပါက ၀န်ထမ်းနှင့် တပ်မတော် ခွဲတမ်း လျှော့ချပြီး ပြည်သူ လူထု များအတွက် ခွဲတမ်း ပိုပေးသင့်ပါသည်။

(၃) တယ်လီဖုန်းများအား လျှောက်ထားရာတွင် ၀န်ထမ်းများ အနေဖြင့် ဌာနဆိုင်ရာများတွင်သာ လျှောက်ထား ရမည်ဟု သတ်မှတ်ထားသော်လည်း ဌာနဆိုင်ရာဝန်ထမ်း များမှာ ဌာနတွင် လျှောက်ထားသည့် အပြင် အိမ်ထောင်စုဖြင့် ၄င်းတို့ နေထိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများတွင် ထပ်မံ လျှောက်ထားသည်ကို တွေ့ရှိရသဖြင့် စိစစ်သင့် ပါသည်။ အထူးသဖြင့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ၀န်ထမ်များ( လိုအပ်ပါက ထွေအုပ် ၀န်ထမ်း တစ်ဦးချင်းများ ဖော်ပြသွားမည် ဖြစ်ပါသည်။ ) မှာ ဌာနတွင် လည်းကောင်း၊ ရပ်ကွက်အတွင်း လည်းကောင်း၊ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများ ထံတွင် အနိုင်ကျင့် ယူခြင်းဖြင့်လည်းကောင်း (၃) နေရာစလုံး ရယူထားသည်ကို တွေ့ရှိရသဖြင့် စိစစ် သင့်ပါသည်။

(၄) အိမ်ထောင်စု တစ်စုတွင် ဖုန်းကတ် (၁)သာ ပေးမည် ဖြစ်ကြောင်း သတ်မှတ် ထားရှိခြင်း မရှိဖြင့် အချို့ ဖုန်းလျှောက်ထားသူများသည် အိမ်ထောင်စု တစ်စုတွင် (၁၀) ဦး အမည်ပါရှိပါက အဆိုပါ အိမ်ထောင်စုအား မိတ္တူကူးပြီး (၅) ကြိမ်၊ (၁၀) ကြိမ် ၊ ခန့် လျှောက်ထားပြီး မဲဆွဲရာတွင် အိမ်ထောင်စု တစ်စုတည်းဖြင့် (၅) ကြိမ် ခန့် မဲဆွဲရန် ခွင့်ပြုခြင်းကို အုပ်ချုပ်ရေးမှူး အချို့မှ ခွင့်ပြုကြောင်း တွေ့ရှိရသဖြင့် စိစစ် ဆောင်ရွက်သင့် ပါသည်။

(၅) အချို့သော ရပ်ကွက်များတွင် အိမ်ထောင်စုတွင် ရိုက်နှိပ်ထားသည့် စည်း အ၀ိုင်း တံဆိပ်ပါမှသာ လျှောက်လွှာ လက်ခံပြီး တြိဂံပုံ အလယ်တွင် ( E ) တံဆိပ် ရိုက်နှိပ်ထားသည့် အိမ်ထောင်စုများ၏ လျှောက်လွှာ အချို့ ရပ်ကွက်တွင် လက်ခံပြီး အချို့ ရပ်ကွက်တွင် လက်မခံ သဖြင့် စိစစ်သင့်ပါသည်။

(၆) မြိတ်မြို့နယ် အတွင်း ရပ်ကွက်ကြီးတွင် (၁၅၆)လုံး၊ ရပ်ကွက်ငယ်တွင် (၇၈) လုံး ခွဲတမ်း သတ်မှတ်ပြီး မဲဖောက် ရောင်းချစေသော်လည်း ရပ်ကွက်တိုင်းတွင် အုပ်ချုပ်ရေးမှူး ခွဲတမ်း၊ ရာအိမ်မှူး ဆယ်အိမ်မှူး ခွဲတမ်း၊ အထက် ဌာနများ၏ တောင်းခံသော ခွဲတမ်းများကြောင့် ပြည်သူ့လူထုအတွက် သတ်မှတ်ထားသည့် ခွဲတမ်း အပြည့် မဲဖောက်ပေးခြင်း မရှိသောပါသဖြင့် ပြန်လည် စိစစ် သုံးသပ်သင့်ပါသည်။

(ခ) အထက်ဖော်ပြပါ အချက်အလက်များအား တယ်လီဖုန်း ချထားပေးရန် တာဝန်ပေးအပ်ထားသည့် အုပ်ချုပ်ရေးမှူး များမှ စိစစ် ပြုပြင်ပေးနိုင်ပါရန် တောင်းဆို အပ်ပါသည်။

No comments: