Thursday, April 18, 2013

ဥတုရာသီ လူကိုမှီ၏

ဥတုရာသီ လူကိုမှီ၏

မောင်ထွန်းလွင် (မိုးလေ၀သ)

ပြောင်းလဲခြင်းတို့၏သဘော။
လောကကြီးမှာ အရာဝတ္ထုတိုင်းဟာ ပြောင်းလဲတတ်တာ သဘာဝပဲဖြစ်ပါတယ်။ ဒါပေမယ့် ပြောင်းလဲခြင်းမှာ သဘာဝကျကျပြောင်းလဲခြင်း(systematic change) နဲ့ သဘာဝနဲ့မကိုက်ညီဘဲ ပြောင်းလဲခြင်း(chaotic change) ဆိုတာ ရှိနေပြန်ပါတယ်။ တစ်နည်းပြောရရင်တော့ စံနစ်တကျပြောင်းလဲခြင်း နဲ့ စံနစ်မကျ ပြောင်းလဲခြင်းလို့လည်းခေါ်နိုင်ပါတယ်။ ရာသီဥတုမှာတော့ စံနစ်တကျပြောင်းလဲခြင်းဟာ သဘာဝတရားတစ်ခု ဖြစ်ပြီး၊ စံနစ်မကျပြောင်းလဲခြင်းကိုတော့ ဖေါက်ပြန်ခြင်းလို့ခေါ်ရမှာဖြစ်ပါတယ်။ ကနေ့ ကမ္ဘာကြီးရဲ့ရာသီဥတု တွေမှာ စံနစ်တကျပြောင်းလဲနေတာတွေ ရှိနေသလို စံနစ်မကျဘဲပြောင်းလဲနေတာတွေကိုလည်း တွေ့နေရ ပါတယ်။ စံနစ်တကျပြောင်းလဲနေတာတွေဟာ အထိန်းအကွပ်နဲ့ သတ်မှတ်ဘောင်အတွင်း ပြောင်းလဲနေကြပြီး၊ ဒါတွေဟာ သဘာဝတရားကြောင့် ဖြစ်နေတာမို့ ဘာမှ ထူးထူးခြားခြား အဆန်းတကျယ် လူသားတွေအတွက် ပြဿနာကြီးငယ် ပြောစရာ မရှိလှပါဘူး။ ဒါပေမယ့် စံနစ်မကျပြောင်းလဲနေတဲ့ ရာသီဥတုဖေါက်ပြန်မှုတွေ ကတော့ သတ်မှတ်ဘောင်မရှိ၊ လွန်ကဲမှုတွေအတိနဲ့ လူ့ဘောင်ရဲ့အရှည်တည်တံ့မှုကိုပါ ခြိမ်းခြောက်နေတဲ့ အပြင် ဒါတွေကလည်း လူတွေရဲ့ပယောဂကြောင့် ဖြစ်ကြရတာလို့ ကနေ့တော့ ကမ္ဘာ့ပညာရှင်များက လေ့လာ တွေ့ရှိခဲ့ကြပြီး ဖြစ်ပါတယ်။

အကျိုးသက်ရောက်မှု အတိုင်းအတာချင်းတော့ ကွာလှပါတယ်။
ရာသီဥတုနဲ့ပတ်သက်တဲ့ ဒီပြောင်းလဲမှုနှစ်ခုဖြစ်တဲ့ သဘာဝ နဲ့ လူ့ပယောဂကြောင့် ဖြစ်ရတဲ့ ပြောင်းလဲမှုနှစ်ခုရဲ့ အကျိုးဆက်အတိုင်းအတာကတော့ ကွာခြားလွန်းလှပါတယ်။ သဘာဝအရ ပြောင်းလဲမှု တွေဟာ စံနစ်ရှိရှိပြောင်းလဲနေကြတာမို့ လွန်ကဲမှုဆိုတဲ့ (extreme) တန်ဘိုးတွေကို မရောက်ရှိနိုင်တဲ့အတွက် ကမ္ဘာကြီးရဲ့ အရှည်တည်တံ့နိုင်မှုကို အနည်းဆုံးတော့ မျက်မှောက်ကာလမှာ မထိခိုက်စေနိုင်ကြပါဘူး။ ဒါပေမယ့်လူ့ပယောဂကြောင့်ဖြစ်ရတဲ့ ပြောင်းလဲမှုကတော့ မျှော်လင့်မထားတဲ့ နှုန်းထားတွေနဲ့
ပြောင်းလဲနေကြလေတော့ ရာသီဥတုဖြစ်စဉ်တွေဟာ လွန်ကဲတဲ့အဆင့်ကို ဦးတည်ပြောင်းလဲနေကြပါတယ်။ ဥပမာ၊ ကမ္ဘာကြီးရဲ့ အပူချိန်ဟာ သဘဘာဝတရား အတိုင်းသာ ဆိုရင်တော့ နောင်နှစ်ပေါင်း (၁၀၀၀၀) လောက်ကြာမှ 1°C လောက်ဘဲ တက်နိုင်ပါတယ်။ အခုတော့ လူ့ပယောဂတွေကြောင့် နောင်နှစ်ပေါင်း(၉၀) လောက်အတွင်း သက္ကရာဇ် ၂၁၀၀ မှာ အပူချိန် 5°C လောက် တက်လာတော့မှာ ဖြစ်ပါတယ်။ လောကမှာ လွန်ကဲပြီဆိုမှတော့ အဆီးအတားဘောင်ကို ကျော်လွန်သွားပြီး ပျက်စီးမှုကို ဦးတည်နေစေပါတော့တယ်။ မဇ္ဖိမပဋိပဋာအလယ်အလတ်တရားက လွဲချော်သွားရပြီမို့ အရှည်တည်တံ့ဖို့ဆိုတာ မရှိနိုင်တော့ပါဘူး။ ရှင်တော်မြတ်ဘုရားဟောကြားတော်မူတဲ့ လောဘ၊ ဒေါသ၊ မောဟ တရားတွေကိုထိန်းချုပ်ဖို့ ဟောကြားချက်တွေဟာလည်း တကယ်တော့ ဒီတရားတွေဟာ အထိန်းအကွပ်မဲ့တတ်တဲ့ သဘာဝကြောင့် အစွန်းတရားကိုရောက်ရှိစေပြီး ပျက်စီးမှုကို ဦးတည်စေတတ်လို့ဖြစ်ပါတယ်။

အရှည်တည်တံ့စေနိုင်တဲ့ ဖြစ်စဉ်အကြောင်းတရား။
မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့တဲ့တရားတွေထဲမှာ “အနိစ္စသည် နိစ္စ” ဆိုတာကို ထည့်သွင်း ဟောကြားခဲ့ပါတယ်။ အဓိပ္ပါယ်ဆိုလိုရင်းကတော့ “မမြဲသောတရားသည်သာ မြဲ၏” လို့ ဆိုလိုရင်းပါဘဲ။ အဲဒီ သဘောတရားကို သိပ္ပံနည်းကျကျ သင်္ချာလိုပုံပြမျဉ်းဂရပ်ဖ်ဆွဲကြည့်ရင် Sine curve လို့ခေါ်တဲ့ ပတ်လည်ဖြစ်စဉ် (oscillation) တစ်ခုဖြစ်နေတာကို တွေ့ကြနိုင်ပါတယ်။ ဒီသဘောသဘာဝကို ရာသီဥတု ဖြစ်စဉ်တွေမှာ အထင်အရှားတွေ့နေကြရပါတယ်။ အကြောင်းကတော့ ကမ္ဘာ့ရာသီဥတုဖြစ်စဉ်တွေ အားလုံး လိုလိုဟာ လွှဲချိန်အမျိုးမျိုးရှိနေတဲ့ ပတ်လည်ဖြစ်စဉ်မျိုးစုံနဲ့ ဖွဲ့စည်းထားလို့ဖြစ်ပါတယ်။ ဥပမာ တစ်နေ့လို့ ခေါ်တဲ့ ၂၄ နာရီလွှဲချိန်ဘောင်အတွင်းမှာ နေ့-ည ဖြစ်စဉ်တွေဟာ အဆက်မပြတ် တစ်လှည့်စီဖြစ်နေပါတယ်။ အလားတူဘဲ တစ်လလို့ခေါ်တဲ့ ရက် ၃၀ လွှဲချိန်ဘောင်အတွင်းမှာ လပြည့်-လကွယ်တွေဟာ တစ်လှည့်စီ ဖြစ်နေပါတယ်။ ဒီလိုဘဲ တစ်နှစ်လို့ခေါ်တဲ့ ၁၂လလွှဲချိန်ဘောင်အတွင်းမှာ လည်း နွေ-ဆောင်း ဖြစ်စဉ်တွေဟာ တစ်လှည့်စီဖြစ်နေကြပါတယ်။ ဒီလိုတစ်လှည့်စီ အဆက်မပြတ်ဖြစ်စဉ်တိုင်းဟာ ပတ်လည်ဖြစ်စဉ်တွေ ချည့် ပါဘဲ။ ဒီလို ပတ်လည်ဖြစ်စဉ်တိုင်းဟာ ရာသီဥတုတွေကို အစွန်းတရားတွေ မရောက်အောင် ထိန်းသိမ်း ပေးထားပါတယ်။ ဒါ့ကြောင့် ကမ္ဘာကြီးဟာ အရှည် ဒါမှမဟုတ် စဉ်ဆက်မပြတ် တည်မြဲနေနိုင်စေခဲ့ပါတယ်။

အခုတော့ ကမ္ဘာကြီးရဲ့ အရှည်တည်တံ့နိုင်မှုဟာ စိန်ခေါ်ခံနေရပါပြီ။
ကမ္ဘာကြီးရဲ့သက်တမ်းဟာ နှစ်ပေါင်းသန်း(၄၅၀၀)ရှိခဲ့ပါပြီ။ ဒီလိုစဉ်ဆက်မပြတ် အရှည်တည်တံ့ နေခဲ့တာဟာ ကမ္ဘာကြီးရဲ့ ဂေဟစံနစ်ကြီးဟာ မျှခြေ(မျှမျှတတရှိတဲ့အခြေအနေ)မှာ ရှိနေခဲ့လို့ဖြစ်ပါတယ်။ ကမ္ဘာ့ဂေဟစံနစ်ကြီးမှာရှိတဲ့ အလွှာမီဒီယာကြီး(၅)ခုဖြစ်တဲ့ လေထု၊ ရေထု၊ မြေထု၊ ရေခဲထု နဲ့ ဇီဝထု အားလုံးကြားမှာ အပေးအယူ မျှတခဲ့လို့ဖြစ်ပါတယ်။ ဒီတော့ ကမ္ဘာ့ရာသီဥတုတွေဟာလည်း စံနစ်တကျနဲ့ ရှိနေခဲ့ပါတယ်။ ဒါဟာ ၁၈၅၀ ခုနှစ်လောက်အထိသာ မှန်ကန်ခဲ့ပါတယ်။ ဘာပြုလို့လည်းဆိုတော့ ၁၈၅၀ ခုနှစ်လောက်ကစပြီး၊ ကမ္ဘာကြီးပေါ်မှာ စက်မှုတော်လှန်ရေးခေတ်ကြီး(industrial revolution era) ပေါ်ပေါက် လာလို့ ဖြစ်ပါတယ်။ လူတွေရဲ့ စီးပွားရေးလောဘတွေကြောင့် တိုးပွားတည်ဆောက်လာတဲ့ စက်ရုံအလုပ်ရုံ တွေအတွက် လိုအပ်လာတဲ့ လျပ်စစ်ဓါတ် ထုတ်လုပ်ရေးမှာ ရုပ်ကြွင်းလောင်စာများဖြစ်တဲ့ ကျောက်မီးသွေး၊ ရေနံ နဲ့ ဒီဇယ်ဆီတွေကို အမြောက်အများ မီးရှို့လာခဲ့ကြရပါတယ်။ ဒီမှာ ဟယ်လိုဂျင် ဓါတ်ငွေ့တွေ အမြောက်အများ ထုတ်လွှတ် လာရပါတော့တယ်။ ဒီ ကလိုရင်း နဲ့ ဘရိုမင်းဓါတ်ငွေ့တွေအဓိကပါဝင်တဲ့ ဓါတ်ငွေ့ ထုတ်လွှတ်မှုများဟာ လေထုအတွင်းမှာရှိတဲ့ အိုဇုံးအလွှာထဲက အိုဇုံးဓါတ်ငွေ့တွေနဲ့ ဓါတ်ပြုမိကြတော့ ကမ္ဘာကြီးရဲ့ ဂေဟစံနစ်အတွက် ပြဿနာကြီး(၂)ရပ်ကို ဖြစ်စေပါတယ်။ အဲဒါတွေကတော့ ကမ္ဘာကြီးကို ပူနွေးစေတဲ့ မှန်လုံအိမ်ဓါတ်ငွေ့(Greenhouse Gases-GHGs) တွေကိုတိုးလာစေပြီး ကမ္ဘာကြီးကို ပိုမို ပူနွေးလာစေပါ တယ်။ နောက်တစ်ခု ကတော့ အိုဇုံးဓတ်ငွေ့တွေဟာ ဓါတ်ပြုရဖန်များလာတော့ နောက်ဆုံးမှာ အိုဇုံးလွှာ ပေါက်ပြဲ ရတဲ့အထိ ဖြစ်လာစေခြင်းပါဘဲ။ သက္ကရာဇ် ၂၀၀၀ ခုနှစ်များအတွင်း အိုဇုံးလွှာရဲ့အပေါက် အရွယ်ဟာ အကြီးဆုံးဖြစ်လာခဲ့ပြီး၊ ဧရိယာအားဖြင့် စတုရန်းကီလိုမီတာ ၂၅ သန်း ကျော်ရှိလာလာကာ အမေရိကတိုက်အရွယ်ထက် ပိုကြီးလာခဲ့ပါတယ်။ အဲဒီလို ကမ္ဘာကြီးရဲ့ ဂေဟစံနစ်တွေ ချို့ယွင်းလာရတော့ ကမ္ဘာကြီးဟာ ပိုမို ပူနွေးလာခဲ့ရပါတယ်။ မှတ်တမ်းများအရ ဓါတ်ငွေ့ထုတ်လွှတ်မှုတွေကို ၁၈၅၀ ခုနှစ် ကတည်းက တိုးလာစေခဲ့တယ်။ ၁၉၅၀ ခုနှစ်ခန့်ကစတင်ပြီး ဖန်လုံအိမ်ဓါတ်ငွေ့တွေ တိုးလာခဲ့ပါတယ်။ ၁၉၈၀ ခုနှစ်များက စတင်ပြီး ကမ္ဘာကြီးပူနွေးလာတာကို တွေ့ခဲ့ကြရပါတယ်။ အဲ ဒီနောက်တော့ ကမ္ဘာ့ရာသီဥတုတွေပါ ပြောင်းလဲလာပါတော့တယ်။ မြန်မာနိုင်ငံမှာတော့ မုတ်သုံ ရာသီဥတု ပြောင်းလဲမှုကို ၁၉၇၈ ခုနှစ်ကတည်းက စခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်မှာတော့ ရာသီဥတုဖေါက်ပြန်မှုတွေ တိုးလာလိုက်တာ လက်ရှိအချိန်အထိပါဘဲ။ ဒီတာ့ ကမ္ဘာ့ရဲ့ အရှည်တည်တံ့နိုင်မှုဟာ အကြီးအကျယ် စိန်ခေါ်ခံနေရပြီ ဖြစ်ပါတယ်။

လူ့ပယောဂဆိုတဲ့ အကြောင်းတရားတွေ။
ကမ္ဘာကြီး ပူနွေးရတဲ့အကြောင်းရင်းတွေကို ရာသီဥတုပြောင်းလဲမှုကိုလေ့လာနေတဲ့ ကမ္ဘာ့ IPCC အဖွဲ့ကြီးက ဦးဆောင်ပြီး ဆန်းစစ်ချက်အစီရင်ခံစာတွေ(Assessment Reports)ကို ပြုစုခဲ့ရာမှာ အတွဲ(၁)မှ(၄)အထိရှိလာခဲ့ပြီ။ လက်ရှိအချိန်မှာတော့ ကမ္ဘာကြီးပူနွေးလာရမှုကို ဖြစ်စေခဲ့တဲ့ အကြောင်းတရား များအဖြစ် အဓိကအားဖြင့် Income(GDP), Deforestration, Energy Production, CO2 emission, population, carbon intensity, energy intensity, emission intensity တို့ဖြစ်ကြပါတယ်။ ကမ္ဘာကြီးပူနွေးမှုကို ထိပ်ဆုံးက အဓိကဖန်တီးနေတဲ့ တရားခံဟာ ကနေ့ ကမ္ဘာ့နိုင်ငံအသီးသီးက အသံကောင်းတွေဟစ်ဟစ်ပြီး မိမိတို့နိုင်ငံဖွင့်ဖြိုးတိုးတက်အောင် ကြိုးပမ်းနေကြတဲ့ GDP(Gross Domestic Product) တိုးတက်ရေး လုပ်ငန်းတွေဖစ်နေ တာကို တွေ့ကြရပါတယ်။ ဒါတွေဟာ နိုင်ငံအသီးသီးရဲ့ အစိုးရတွေက ဦးစားပေး လုပ်ဆောင်နေကြတာဖြစ်ပါတယ်။ ကျန်အကြောင်းတရားတွေဖြစ်ကြတဲ့ သစ်တောပြုန်း တာတို့၊ စွမ်းအင်ထုတ်လုပ်တာတို့၊ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့ထုတ်လုပ်တာတို့၊ လူဦးရေတိုးပွားတာ တို့.. အားလုံး..အားလုံး..ဟာ၊ ဘယ်သူတွေကဖန်တီးတာလည်း၊ ဘယ်သူတရားခံလည်း၊ တကယ်တော့ လူတွေရဲ့ ပယောဂတွေဘဲ မဟုတ်ပါလား။

ဥတုရာသီ လူကိုမှီ၏။
ကျွန်တော်တို့မြန်မာမှာ ဆိုရိုးရှိခဲ့ပါတယ်။ “ဥတုရာသီ၊ တောကိုမှီ၏” တဲ့။ အခုတော့ မြန်မာနိုင်ငံ မှာ တောတွေလည်းပြုန်းခဲ့ပြီ။ ကမ္ဘာ့သစ်တောပြုန်းတီးမှုအများဆုံး ထိပ်ဆုံး(၄)နိုင်ငံထဲမှာ အရှေ့တောင်အာရှက (၃)နိုင်ငံ ပါနေပါတယ်။ အင်ဒိုနီးရှား၊ ဖီလစ်ပိုင် နဲ့ မြန်မာတို့ဖြစ်ကြပါတယ်။ ကမ္ဘာမှာ မြန်မာက သစ်တောပြုန်းတီးမှုမှာ နံပတ်(၄)ပါ။ တပြည်လုံးအတိုင်းအတာနဲ့ဆိုရင် သစ်တော လက်ကျန်ဧရိယာဟာ ၂၄% သာရှိပါတော့တယ်။ ဒီတော့ “သစ်တောဝေစည်၊ လူကိုမှီ၏”ဘဲမဟုတ်ပါလား။ ဒီသစ်တောတွေပြုန်းတီးမှုများလို့ အခု တောင်အာရှဒေသတစ်ခုလုံး အပူချိန်တွေတိုး၊ အိုဇုံးလွှာတွေပါးလာရပြီး၊ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း တွေမြင့်တက်၊ မိုးတွေလျော့နေခဲ့ရပါပြီ။ နိုင်ငံတွေက ပတ်ဝန်းကျင်ရေးရာဆန်းစစ်မှုများ မရှိဘဲ စီးပွားရေးတွေတိုးဖို့၊ GDP တွေ တိုးဖို့ ဆိုတာ တွေကို ကြွေးကြော်ပြီးတော့ ဦးစားပေးလုပ်နေကြတာတွေဟာ ကမ္ဘာ့ရာသီဥတုတွေပြောင်းလဲရခြင်းမှာ အဓိက အကြောင်းရင်း ဖြစ်လာကြရတယ်လို့ နောက်ဆုံးတွေ့ရှိချက်တွေက ထောက်ပြထားတာကို အစိုးရတွေ (လူတွေ) သတိရှိဖို့ သင့်နေပါပြီ။
တကယ်တော့ ရာသီဥတုပြောင်းလဲခြင်းမှာ လူသာတရားခံဖြစ်ပါတယ်။ IPCC ကလည်း ကမ္ဘာကြီး ကြုံတွေ့နေကြရတဲ့ လက်ရှိရာသီဥတုပြောင်းလဲခြင်းမှာ သဘာဝ(natural cause) ကြောင့်မဟုတ်ဘဲ လူ့ပယောဂ(Anthropogenic cause)ကြောင့် ဖြစ်ရကြောင်း အတိအလင်း ထောက်ပြထားခဲ့ပြီးပါပြီ။
တကယ်တော့ “ဥတုရာသီ လူကိုသာမှီ” နေကြောင်းပါဗျာ။

No comments: