Tuesday, April 30, 2013

ဥက္ကံမြို့ အခြေအနေ

(ဧပြီ ၃ဝ)
ဒီကနေ့ဧပြီလ ၃ဝ ရက်နေ့ မနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဥက္ကံမြို့ဈေးအတွင်း အစ္စလာမ်ဘာသာဝင် အမျိုးသမီးတစ်ဦးနဲ့ ဗုဒ္ဓဘာသာဝင် ကိုရင်တစ်ပါးတို့ မတော်တဆတိုက်မိပြီး သပိတ်ပြုတ်ကျရာက စတင်ခဲ့တဲ့ ပဋိပက္ခကြောင့် ဥက္ကံမြို့မှာရှိတဲ့ ဗလီတစ်လုံး၊ နေအိမ်နဲ့ ဆိုင်ခန်း ၅ဝ ကျော် ဖျက်ဆီးခံခဲ့ရပါတယ်။ အခုလို ပဋိပက္ခတွေဖြစ်ပွားခဲ့တာကြောင့် ဒေသတည်ငြိမ်အေးချမ်းမှုရှိစေဖို့ ဧပြီလ ၃ဝ ရက်နေ့ ညနေ ၅ နာရီကစတင်လို့ ဥက္ကံမြို့ကို ပုဒ်မ (၁၈၈) အမိန့်ထုတ်ပြန်လိုက်ကြောင်း ဥက္ကံမြို့နယ် အုပ်ချုပ်ရေးမှူးက လိုက်လံကြေငြာနေပါတယ်။ ဥက္ကံမြို့ဒေသ ပြန်လည်တည်ငြိမ်းအေးချမ်းမှုရှိစေဖို့အတွက် ရန်ကုန်တိုင်းရဲမှူးကြီး သူရဝင်းနိုင်က လုံခြုံရေးလုပ်ငန်းတွေကို စီမံဆောင်ရွက်မှုတွေပြုလုပ်နေပြီး ဒေသခံတပ်ရင်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ အလားတူ ဥက္ကံမြို့ပတ်ဝန်းကျင်က မြို့နယ်တွေကိုလည်း တည်ငြိမ်မှုရှိစေဖို့အတွက် ရန်ကုန်တိုင်းအတွင်းက ရဲတပ်ဖွဲ့ဝင်တွေသွားရောက်ပြီး လုံခြုံရေးလုပ်ငန်းတွေ ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။ photo: RFA/ Moe Thu Aung, Kyaw Zawe Win
By: RFA Burmese
ဥက္ကံအခြေအနေ ထိန်းသိမ်းနိုင်ပြီဖြစ်
Tuesday, April 30, 2013

မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရရှိတဲ့ ကနဦးသတင်းများအရ ဥက္ကံမြို့မှာ ဆွမ်းခံတဲ့ ကိုရင်နဲ့ အမျိုးသမီး တစ်ဦး တိုက်မိပြီး သပိတ်လွတ်ကျတဲ့ဖြစ်စဉ်က အစပြုကာ ဒီနေ့ နေ့လည် တစ်နာရီကျော်မှာ ဗလီနဲ့ အနီးက ဆိုင်ခန်းအချို့ကို တိုက်ခိုက်မှုပြုခဲ့ကြောင်း၊ ရဲတပ်ဖွဲ့ က သေနတ်ပစ်ဖောက် လူစုခွဲ ခဲ့ရကြောင်းသိရပါတယ်။ ညနေသုံးနာရီကျော်မှာ အခြေအနေကို ထိန်းသိမ်းနိုင်ပြီး ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးနဲ့ လုံခြုံရေးတပ်ဖွဲ့များလည်း ရောက်ရှိသွားပြီလို့ သိရှိရပါတယ်။
ဆိုင်ခန်းအချို့ ပျက်စီးပြီး ဗလီက မှန်အချို့ကွဲသွားကြောင်း၊ မီးလောင်ပျက်စီးမှုမရှိကြောင်းသိရပါတယ်။

အခြေအနေအသေးစိတ်သိရှိရပါက မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားကနေ သတင်းထုတ်ပြန် ပေးပါ့မယ်။

No comments: