Wednesday, April 17, 2013

အချိုးကျ ကိုယ်စားပြုစနစ် (PR) ကို NLD လက်မခံဟု ဦးဝင်းတင် ပြောကြား



အချိုးကျ ကိုယ်စားပြုစနစ် (PR) ကို NLD အနေဖြင့် လက်မခံနိုင်ဘဲ မြန်မာနိုင်ငံကဲ့သို့ ဒီမိုကရေစီစနစ် အတည်တကျ မရှိသေးသည့် နိုင်ငံမျိုးတွင် မကျင့်သုံးသင့်သေးကြောင်း NLD နာယက အဖွဲ့ဝင် ဦးဝင်းတင်က ပြောသည်။

ပြည်သူလူထုသည် မဲပေးမှုကိုပင် နားမလည်သေးကြောင်း၊ နိုင်ငံရေးသမားများမှာလည်း မဲဆွယ်စည်းရုံးမှုနှင့် ရွေးကောက်မှုများကို စနစ်တကျ မပြုလုပ်နိုင်သေးကြောင်း၊ PR စနစ်သည် ပြည်သူများကြား အမြင်များ ရှုပ်ထွေးနိုင်သကဲ့သို့ နိုင်ငံရေးနှင့် ပတ်သက်သည့် သဘောထား အမြင်များလည်း ရှုပ်ထွေးနိုင်ကြောင်းဖြင့် ဦးဝင်းတင်က ပြောသည်။

PR စနစ်ကို လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ကျင့်သုံးသွားနိုင်ရန် လာမည့် လွှတ်တော်အစည်းအဝေးတွင် အဆိုတင်သွင်းသွားမည်ဖြစ်ပြီး ၂၀၁၃ ခုနှစ်အတွင်း အတည်မပြုနိုင်ပါက ရွေးကောက်ပွဲစနစ်ကို ပြင်ဆင်သွားမည် မဟုတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ဧပြီ ၈ ရက်က နိုင်ငံရေးပါတီ ၅၆ ပါတီနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။

"ပါလီမန်စနစ်ပဲဖြစ်ဖြစ်၊ သမ္မတစနစ်ပဲဖြစ်ဖြစ် နိုင်ငံရေးစနစ်တစ်ခုကို တည်ဆောက်တဲ့နေရာမှာ ပြည်သူ့ဆန္ဒကို ခံယူရမယ်။ ပြည်သူ့ဆန္ဒကို ခံယူတဲ့နေရာမှာ များတဲ့ဘက်ကသာ ဆုံးဖြတ်ပိုင်ခွင့် ရှိတယ်လို့ ယူဆတယ်။ ဒီတော့ အခုလက်ရှိ ရွေးကောက်ပွဲစနစ်အရ များရာလူက နိုင်တဲ့သူဆိုတာကိုပဲ ကျွန်တော်တို့ လက်ခံတယ်။

လာမယ့်လွှတ်တော်မှာ ကော်မရှင်က ဒါကိုတင်ခဲ့ရင်လည်း လွှတ်တော်က လက်ခံမှာ မဟုတ်ဘူးလို့ ယူဆတယ်" ဟု ဦးဝင်းတင်က ပြောသည်။

PR စနစ်ကို ကျင့်သုံးစေလိုသည့် ပါတီအချို့မှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ကရင်ပြည်သူ့ပါတီ၊ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး ပါတီအဖွဲ့ချုပ်၊ ၀ံသာနု ဒီမိုကရက်တစ်ပါတီ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီတို့ ဖြစ်သည်။

NLD ပါတီအပါအ၀င် တိုင်းရင်းသားပါတီ အများစုမှာမူ ငွေကြေးအင်အား တတ်နိုင်သည့် အစွန်းရောက် ပါတီအချို့ ၀င်ရောက်လာမည်ကို စိုးရိမ်သောကြောင့် လက်မခံနိုင်ကြောင်း ပြောကြားမှုများ ရှိနေသည်။

လက်ရှိ ရွေးကောက်ပွဲစနစ်အရ မဲဆန္ဒနယ်တစ်ခုတွင် မဲအများဆုံးသူကသာ အနိုင်ရရှိမည်ဖြစ်ပြီး ကျန်ကိုယ်စားလှယ်လောင်းများမှာ ကိုယ်စားလှယ် ဖြစ်ခွင့်ရှိမည် မဟုတ်ပေ။

PR စနစ်တွင်မူ ပါတီတစ်ခုမှ ဦးစားပေး တင်ပြထားသည့် ကိုယ်စားလှယ်လောင်း တစ်ဦးသည် မိမိမဲဆန္ဒနယ်တွင် အနိုင်မရရှိသော်လည်း အခြားမဲဆန္ဒနယ်များမှ ပါတီကိုယ်စားပြု မဲများဖြင့် ကိုယ်စားလှယ်ဖြစ်ခွင့် ရရှိနိုင်မည်ဖြစ်သည်။

Eleven Media Group

No comments: