Wednesday, April 17, 2013

အမှုဖွင့်ထားသူအား ဒုရဲအုပ်တစ်ဦးမှ လက်စဖျောက် နှုတ်ပိတ် လုပ်ကြံရန် ကြိုးပမ်းမှု

အမှုဖွင့်ထားသူအား ဒုရဲအုပ်တစ်ဦးမှ လက်စဖျောက် နှုတ်ပိတ် လုပ်ကြံရန် ကြိုးပမ်းမှု မိတ္ထီလာတွင် ဖြစ်ပွား
================================

ယခုနှစ် မတ်လနှောင်းပိုင်းက ဖြစ်ပွားခဲ့တဲ့ မြန်မာနိုင်ငံအလယ်ပိုင်း မိတ္ထီလာမြို့ ဘာသာရေးအကြမ်းဖက်မှုတွေကြောင့် ဒုက္ခရောက်နေကြတဲ့ ဒုက္ခသည်များအနက်မှ မျက်မြင်သက်သေအချို့သည် လုံခြုံရေးတပ်ဖွဲ့နှင့် တာဝန်ရှိသူများ၏ အကူအညီတောင်းခံချက်တို့အရ အကြမ်းဖက်ရာတွင် ပါဝင်ပတ်သက်သူများနှင် အကြမ်းဖက်မှုဖြစ်စဉ်များအား ထုတ်ဖော်ဖြေကြားပေးနေကြပြီဖြစ်ကြောင်း သတင်းရရှိပါတယ်။

အကြမ်းဖက်မှုများကြောင့် ဖျက်ဆီးခြင်းခံလိုက်ရတဲ့ ချမ်းအေးသာယာဗလီရဲ့ တာဝန်ရှိ ဂေါပကတစ်ဦးဖြစ်သူ ကိုတင်ကိုမှ သက်ဆိုင်ရာ ရဲဌာနသို့ တာဝန်ရှိသူတစ်ဦးအနေဖြင့် ဗလီအား အကြမ်းဖက် ဖျက်ဆီးမှု၌ ပါဝင်ခဲ့သူငါးဦးကို ဖော်ထုတ်ပေးခဲ့တယ်လို့ အလင်းမျက်ဝန်းအား ပြောကြားပါတယ်။

၎င်းကိုတင်ကိုအား ယခုလ ဧပြီ (၁၅)ရက်နေ့က ဒုရဲအုပ်မိုးညိုဆိုသူမှ ၎င်းခိုလှုံနေသည့် ထ(၁)ဒုက္ခသည်စခန်းသို့လာရောက်ခဲ့ပြီး ခရိုင်အုပ်ချုပ်ရေးတာဝန်ရှိသူငါးဦးအရှေ့တွင် ၎င်းသွားမည့်နေရာသို့ ကိုတင်ကိုအား လာရောက်ခေါ်ဆောင်ခဲ့ကြောင်း သိရပါတယ်။

ဒုရဲအုပ်မိုးညိုရဲ့ ခေါ်ဆိုမှုကို ကိုတင်ကိုမှ ငြင်းဆန်ခဲ့သော်လည်း ခရိုင်ဝန်ထမ်းများရှေ့တွင် ၎င်းသည် ယူနီဖောင်းဝတ်ထား၍ ရဲဝန်ထမ်းတစ်ဦးဖြစ်ပြီး ယခုသွားမည့် မင်္ဂလာဇေယျုံရပ်ကွက်တွင်လည်း ၎င်း၏ ဆွေမျိုးများရှိ၍ အန္တရာယ်မရှိကြောင်းများ ပြောဆိုရာ ကိုတင်ကိုမှ ဒုရဲအုပ်၏ ဆွေမျိုးများရှိ၍ မိမိလိုက်ခဲ့ဖို့ မလိုကြောင်း၊ မိမိအနေဖြင့် အဆိုပါနေရာများသို့ မသွားလိုကြောင်း ပြန်လည်ပြောဆိုရာ မိုးညိုမှ အကြိမ်ကြိမ်အာမခံ၍ စိတ်ချစွာ လိုက်ခဲ့ရန် ပြောနေခြင်းကြောင့် နံနက် (၁၀)နာရီအချိန်တွင် ၎င်း၏ ဆိုင်ကယ်နောက်တွင်ထိုင်၍ လိုက်ပါသွားခဲ့ပြီး ဘင်္ဂါလီဗလီနှင့် ပါကစ္စတန်ဗလီများအရှေ့တွင် ကိုတင်ကိုအား အပျက်အစီးများနောက်ခံထားကာ ဒုရဲအုပ်မိုးညိုမှ ဓာတ်ပုံများ ရိုက်ပြီးနောက် မင်္ဂလာဇေယျုံရပ်ကွက်သို့ (၁၀း၃၀)အချိန်ခန့်တွင် ရောက်ရှိခဲ့တယ်လို့ ပြောပြပါတယ်။

မင်္ဂလာဇေယျုံရပ်ကွက်၌ မွတ်စလင်မ်များ ပုန်းအောင်းခဲ့ရသည့် `၀က်လန့်တော´ဟုခေါ်သည့်နေရာသို့ ခေါ်ဆောင်ခဲ့ပြီးနောက် မိုးညိုမှ ဓာတ်ပုံရိုက်မည့်ဟန်ပြုစဉ် လူ(၈)ယောက် ရောက်ရှိလာပြီး ဓာတ်ပုံရိုက်ခြင်းအား မေးခွန်းထုတ်တယ်လို့ ပြောဆိုပါတယ်။ ယင်းနောက် ယူနီဖောင်းဝတ်ဆင်ထားသည့် ဒုရဲအုပ်မိုးညိုမှ မိမိဟာ ၀န်ထမ်းဖြစ်ကြောင်း ပြောပြီး အဆိုပါ လူ(၈)ယောက်မှ ၎င်းဒုရဲအုပ်အား မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ကျောင်းရှိ ကလေးများသေဆုံးရာနေရာဘက်သို့ ခေါ်ဆောင်သွားကာ ကိုတင်ကိုအား တစ်ဦးတည်း ၀က်လန့်တောအနီးတွင် ထားရစ်ခဲ့တယ်လို့ သိရပါတယ်။

အချိန်အတော်ကြာသည်အထိ ဒုရဲအုပ်မိုးညိုမှာ ပြန်ရောက်မလာသောကြောင့် ကိုတင်ကိုမှ လူသူရှိရာ ကားလမ်းပေါ်သို့ စိတ်ချရအောင် ထွက်လာခဲ့စဉ် ဆိုင်ကယ်တစ်စီး၌ မောင်းနှင်သူတစ်ဦးအနောက်၌ ဓားရှည်များ ကိုင်ဆောင်ထားသည့် လူနှစ်ဦး စုစုပေါင်းသုံးဦး အရှိန်ပြင်းစွာ မောင်းနင်လာပြီး ကိုက်(၅၀)အလိုတွင် ကိုတင်ကိုအား `ဟိတ်ကောင် ကုလား၊ ဟိတ်ကောင် ကုလား´ဟူ၍ အော်ဟစ်လိုက်သောကြောင့် ကိုတင်ကိုမှာ အနီးရှိ မိတ္ထီလာကန်ဘက်သို့ ဆင်းပြေးခဲ့ရပြီး အသက်ဘေးမှ လွတ်မြောက်စေရန် မနည်း ကြိုးစား၍ ထွက်ပြေးခဲ့ရတယ်လို့ ကိုတင်ကိုမှ အလင်းမျက်ဝန်းသို့ ပြောပြပါတယ်။

၎င်းလက်နက်ကိုင်ထားသည့် လူများမှာ နန်းတော်ကုန်းအရှေ့ဘက်အထိ လိုက်လာနေ၍ ကိုတင်ကိုမှ လမ်းကြောင်းပြောင်းကာ ဆေးရုံအနီးရှိ မကျည်းကုန်းဘုန်းကြီးကျောင်းသို့ ထွက်ပြေးခဲ့ရပြီးနောက်မှ စစ်တပ်လုံခြုံရေးများနှင့် ကျောင်းရှိ ဘုန်းတော်ကြီးအချို့မှ ရေတိုက် အနားယူစေပြီးနောက် ခိုလှုံရာဒုက္ခသည်စခန်းသို့ ပြန်လည်လွှဲပြောင်း ရောက်ရှိခဲ့ကြောင်း သိရပါတယ်။ ဖြစ်ပျက်ခဲ့တဲ့ကြာချိန် စုစုပေါင်း (၁း၄၅)မိနစ်လောက် ရှိခဲ့ကြောင်း သိရပါတယ်။

ယင်းဖြစ်စဉ်အပေါ် မြို့နယ်ရဲတပ်ဖွဲ့မှူးနှစ်ဦးမှ ဒုရဲအုပ် ကိုမိုးညိုနှင့် ကိုတင်ကိုတို့အား ခေါ်ယူတွေ့ဆုံခဲ့ရာတွင် ဒုရဲအုပ်မိုးညိုမှ ကိုတင်ကိုအား အကြောက်လွန်နေခြင်းသာဖြစ်ကြောင်းပြောဆိုခဲ့သလို၊ ကိုတင်ကိုမှ မိမိအနေဖြင့် မလိုက်လိုခြင်းအပေါ် အတင်းခေါ်ယူခဲ့ပြီးနောက် ယခုလို တာဝန်မဲ့စွာလုပ်ခဲ့ကြောင်း ပြန်လည်ပြောဆိုခြင်းကြောင့် မြို့နယ်မှူးများရှေ့တွင် ဒုရဲအုပ်မိုးညိုမှ တောင်းပန်ချွေးသိပ်စကားဆိုပြီး၊ မြို့နယ်မှူးများမှလည်း အစည်းအဝေးတွင် တင်ပြပေးမည့်အကြောင်း၊ ပြေပြေပြစ်ပြစ်ပဲ ပြီးသွားကြစေလိုကြောင်း ကိုတင်ကိုအား ဖြောင့်ဖျနားချကြောင်း သိရပါတယ်။

ကိုတင်ကိုမှ ဤဖြစ်စဉ်နှင့်ပတ်သက်၍ မိမိနှင့် မိသားစုအပေါ် လုံခြုံမှု မရှိဟု ခံယူမိကြောင်း၊ ဤဖြစ်စဉ် အပေါ် မိမိအနေဖြင့် လုပ်ကြံမှု၊ လက်စဖျောက် နှုတ်ပိတ်မှုဟု ယူဆထားပြီး ညများ၌ပင် အိပ်မပျော်ဘဲ စိုးရိမ် ကြောက်ရွံ့နေရကြောင်း၊ ဖြစ်စဉ်နှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတအဆင့်အထိ သတင်းပို့ တိုင်ကြားသွားမှာ ဖြစ်ကြောင်း အလင်းမျက်ဝန်းနှင့် တွေ့ဆုံစဉ် ပြောပြခဲ့ပါတယ်။

ယင်းဖြစ်စဉ်နှင့်ပတ်သက် အလင်းမျက်ဝန်းမှ သက်ဆိုင်ရာ ရဲဌာနသို့ ဆက်သွယ်မေးမြန်းသော်လည်း မသိကြောင်းပြောဆိုကာ တယ်လီဖုန်းအား ချသွားပါတယ်။

အဆိုပါဖြစ်စဉ်အား လေ့လာသူများအနေဖြင့် ဥပဒေစိုးမိုးရေးကို တိုက်ခိုက်စိန်ခေါ်ခြင်းဖြစ်ကြောင်း၊ အရေးကြီးသက်သေအား လက်စဖျောက်ရန်အတွက် နှုတ်ပိတ် လုပ်ကြံဖို့ကြိုးစားမှုသာဖြစ်ပြီး ဤသည် နိုင်ငံတကာမှ ပြောဆိုဝေဖန်နေသည့် အာဏာပိုင်များ ပါဝင်ပတ်သက်နေသည်ဆိုသည့်သံသယအပေါ် ခိုင်မာစေကြောင်း ထောက်ပြပြောဆိုနေကြပါတယ်။

{(ဓာတ်ပုံ - အလင်းမျက်ဝန်းစီဂျေများ) မြင်းခြံလမ်းပေါ်မှ မင်္ဂလာဇေယျုံသို့ မြင်တွေ့ရသည့်မြင်ကွင်း}

အလင်းမျက်ဝန်းမီဒီယာသို့ ဆက်သွယ်ရန် အီးမေလ် teol.media@gmail.com
အမှုဖွင့်ထားသူအား ဒုရဲအုပ်တစ်ဦးမှ လက်စဖျောက် နှုတ်ပိတ် လုပ်ကြံရန် ကြိုးပမ်းမှု မိတ္ထီလာတွင် ဖြစ်ပွား
==============================
==

No comments: