Thursday, April 18, 2013

ရက်ရွေးမနေပါနဲ့တော့ ကိုကိုရယ် (လေဘာတီမမြရင်)


by Soe Nyunt https://www.facebook.com/soe.nyunt.71 (Notes) on Friday, March 29, 2013 at 10:36am

ဆင်ခြေရာလည်း တွေ့ပြီ။ ဆင်ကြီးတွေလည်း တွေ့ပြီ။ ဆင်ဖမ်းဖို့ပဲ လိုတော့တယ်။ ဒီကနေ့ ဖြစ်နေတဲ့ အကြမ်းဖက် ဆူပူမှုတွေကို စနစ်တကျ ဆက်စပ်ပြီး ဖြစ်ရပ်ကို ဆန်းစစ်ကြည့်မယ် ဆိုရင် စစ်အာဏာရှင် လက်ထက်က ဖွဲ့စည်း အသုံးချခဲ့တဲ့ ပြည်သူ့ စွမ်းအားရှင် တွေရဲ့ လှုပ်ရှားမှုနဲ့ ထပ်တူ ကျနေပါတယ်။

ရန်ကုန်မှာဆိုရင် ရွှေပြည်သာ၊ ကြည့်မြင်တိုင် တဖက်ကမ်းလို ဒေသက ဆင်းရဲပြီး ပညာမတတ်တဲ့ လူတွေကို စုစည်းပြီးတော့ စွမ်းအားရှင် အဖွဲ့ဆိုပြီး အကြမ်းဖက်မှုတွေကို ပြုလုပ်ခဲ့တယ်။ ကိုယ်တွေ့ပါ။ အငြိမ်းစား ယူသွားတဲ့ ကျနော့် မိတ်ဆွေ စစ်ဒေသမှူးကြီး တဦးက ကိုယ်တိုင် ထုတ်ဖော် ၀န်ခံခဲ့ပြီးပါပြီ။ လိုအပ်ရင် NLD ရုံးချုပ်ထဲ အထိ ၀င်ရိုက်ဖို့ အစီအစဉ် ရှိပါတယ်။ အဲ့ဒီ့ လူတွေကို အနီးကပ် ကြီးကြပ်တာ ကတော့ အဲ့ဒီ့အချိန်က မရက၊ ရယက အဖွဲ့ဝင်တွေ ဖြစ် ပါတယ်။ ထွေအုပ်က အငြိမ်းစား ဒုဦးစီး တယောက် ကျနော့်ဘက်မှာ သက်သေ ရှိပါတယ်။ အခုတော့ သူနောင်တ ရနေပါပြီလို့ ပြောပါတယ်။ ဒါတွေက အသေးအဖွဲပါ။ မြန်မာ့သမိုင်းမှာ ရိုင်းခဲ့ရတဲ့ ဒီပဲယင်း ကိစ္စကြီးက တကယ့် သက်သေကြီးပါပဲ။ ထောင်ထဲက အကျဉ်းသားတွေကို သင်္ကန်းဝတ်ပေး၊ အရက်တိုက်ပြီး စနစ်တကျ ကျူးလွန်ခဲ့တဲ့ လူသတ်ပွဲကြီးဟာ အာဏာမဲ့ တဲ့ လူတွေရဲ့ စီစဉ်ဆောင်ရွက်မှု မဟုတ်ပါဘူး။ အာဏာရှိ လူတွေနဲ့ သူတို့ရဲ့ နောက်လိုက် အဖွဲ့ အစည်းတွေက လူတွေသာ ဖြစ်ပါတယ်။ ယနေ့ ဖြစ်နေတဲ့ ဖြစ်ရပ်တွေကို ကြည့်ရင် ကျူးလွန် သူတွေဟာ မြို့ခံတွေ မဟုတ်ပဲ စနစ်တကျ စုစည်း သင်ကြားထားတဲ့ အခြားဒေသက လူတွေ သာ ဖြစ်ပါတယ်။

ရဲတွေက သေနတ်ကိုင်ထားပြီး ကိုယ့်ရှေ့မှာ သွေးအေးအေးနဲ့ လူသတ်နေတာကို ကြည့်နေကြ တယ်။ ကျနော်တို့ ဗမာလူမျိုးတွေမှာ သွေးအေးအေးနဲ့ လူသတ်တဲ့ စိတ်ဓာတ်နဲ့ လုပ်ရပ် မရှိပါဘူး။ အားလုံးဟာ အချိန်ကိုက် ဖန်တီး တဲ့လုပ်ရပ်တွေပဲ ဖြစ်ပါတယ်။ ပဲခူးအနောက်ခြမ်းက မြို့တွေဆိုရင် ကြိုတင် သတင်းရလို့ တာဝန်ရှိသူများကို တင်ပြပေမယ့် မတားဆီးနိုင်ခဲ့ပါဘူး။ အကြမ်းဖက်မှု ဖြစ်နေစဉ်မှာ လျှပ်စစ်မီးနဲ့ တယ်လီဖုန်းလိုင်းတွေ ပျက်နေတယ်လို့ ပြောကြ ပါတယ်။

ရထားတဲ့ သတင်းအတိုင်းပဲ သတ်မှတ်ချိန် အတိအကျမှာ အဖျက်သမားတွေဟာ ၀ီစီတွေ မှုတ်ပြီး ရောက် လာပြီး၊ ဆုတ်ခွာတဲ့ အချိန်မှာလည်း ၀ီစီတွေမှုတ်ပြီး ဆုတ်ခွာသွားကြတယ်။ ဒါကိုကြည့်ရင် ကြိုတင်လေ့ကျင့်ဇာတ်တိုက် ထားတာ ထင်ရှားပါတယ်။

ရန်ကုန်တိုင်း ၀န်ကြီးချုပ်ကလည်း နောက်ကွယ်မှာ ပါတီအချို့က ကြိုးကိုင်နေတယ်လို့ ပြောပါ တယ်။ မန္တလေးတိုင်း ၀န်ကြီးချုပ်ကလည်း ထို့အတူပဲ ပြောခဲ့ပါတယ်။

ယနေ့ မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေး အခြေအနေကို သမ္မတကြီး ဦးဆောင်သော အစိုးရ အဖွဲ့၊ လွှတ်တော်ဥက္ကဌကြီးများ ဦးဆောင်ပြီး ပြည်သူ့လွှတ်တော်၊ မြန်မာ့တပ်မတော်နှင့် လူထုခေါင်းဆောင်၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့ဟာ အာဃာ တတွေ၊ အပြစ်အနာအဆာတွေကို မေ့ပျောက်ကြပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် တိုင်း ရင်းသား လူမျိုးပေါင်းစုံ ပါဝင်တဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးကို ထူထောင်ဖို့ ကြိုးပမ်းနေ ချိန် ဖြစ်ပါတယ်။

အဖွဲ့အစည်းတိုင်းမှာ ဒေ၀ဒတ်တွေ ရှိပါတယ်။ လက်ရှိ အာဏာရပါတီ ထဲမှာလည်း သမ္မတ နဲ့ ဒေါ်စုတို့ ပူးပေါင်း ဆောင်ရွက်မယ့် အစီအစဉ်ကို စကောလောက်မှ စောက်မနက် တဲ့အကြံနဲ့ ဖျက်ဖို့ ကြံတဲ့ လူတွေရှိပါတယ်။ အဲ့ဒီ့လူလေးယောက်လောက်ကို ဘယ်သူ့မျက်နှာမှ မထောက်ပဲ စာရင်းရှင်းလိုက်ရင် မြန်မာပြည် ပြဿနာ ပြေလည် သွားပါပြီ။ အမျိုးသားညီလာခံမှာ သဘာပတိ အဖွဲ့ဝင်လုပ်ခဲ့တဲ့ သဘာပတိကြီးတစ်ယောက်က ဒီနေ့မနက်ပဲ အဲဒီလူတွေကို နာမည်တပ်ပြီး ပြော ခဲ့ပါတယ်။

စာဖတ်သူများဟာ ဥာဏ်ပညာ အမျှော်အမြင် ရှိသူများ ဖြစ်တဲ့ အတွက် ကျနော် ဘာကို ဆိုလိုတယ် ဆိုတာကို သဘောပေါက်မှာပါ။ တရက်နောက်ကျရင် တိုင်းပြည် အတွက် တရက်မကောင်းဘူး။ သမ္မတကြီး ခင်ဗျား သန်း(၆၀) သော ပြည်သူလူထု အကျိုးအလို့ငှာ အဲ့ဒီ့ဆင်ကြီးတွေကို အမြန် ဖမ်းပေးပါရန် လေးစားစွာ ပန်ကြားအပ်ပါသည်။

https://www.facebook.com/notes/soe-nyunt/ရက်ရွေးမနေပါနဲ့တော့-ကိုကိုရယ်-လေဘာတီမမြရင်/173576692793872

No comments: