Monday, April 22, 2013

သဘာဝ ၀န်းကျင် ယို့ယွင်းပျက်စီးလာမှုများ


 
တရုတ်နိုင်ငံမှာ ၁၉၈ဝ ပြည့်နှစ်တစ်ဝိုက်ကစပြီး SMEs လို့ခေါ်တဲ့ အသေးစားနဲ့အလတ်စား စက်မှုလုပ်ငန်းတွေဟာ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာခဲ့ပါတယ်။ အဓိက စက်မှုထွက်ကုန်တွေဖြစ်တဲ့ သန့်စင်ပြီး ရေနံ၊ သံမဏိ၊ ဘိလပ်မြေနဲ့ မှန်တွေကို အမြောက် အမြား ထုတ်လုပ်ပေးခဲ့ပါတယ်။ အဲဒီ SMEs တွေရဲ့ စုစုပေါင်း ထုတ်လုပ်မှုတန်ဖိုးဟာ နိုင်ငံ့ GDP  ရဲ့ ထက်ဝက်ခန့် ရှိပါတယ်။ တရုတ်နိုင်ငံရဲ့ စက်မှုတိုးတက်ရေး၊ မြို့ပြဖွံ့ဖြိုးရေးနဲ့ အလုပ်အကိုင်သစ်တွေ ဖန်တီးရေးမှာ သော့ချက်ကျတဲ့အခန်း ကဏ္ဍက ပါဝင် ခဲ့ကြပါတယ်။ ဒါပေမယ့် ဒီလို စီးပွားရေး တိုးတက်မှုအတွက် အားထားခဲ့ရပေမယ့် SMEs အများစုဟာ ကုန်ပစ္စည်း ထုတ်လုပ်မှု နည်းပညာ နိမ့်ကျခဲ့တာကြောင့် တစ်ကြောင်း၊ အကျိုးအမြတ် များများရရှိရေးကိုသာ ဦးတည် လုပ်ကိုင်ခဲ့တာကြောင့် တစ်ကြောင်းကြောင့် သဘာဝပတ်ဝန်းကျင် ပျက်ယွင်းစေတဲ့ ပြဿနာ အမျိုးမျိုးကို ဖြစ်ပေါ်စေခဲ့ပါတယ်။
တရုတ်နိုင်ငံရဲ့ အမျိုးသားစီးပွားရေး ဖွံ့ဖြိုးရေးမူဝါဒအရ မြို့ပြနဲ့ ကျေးလက်တောရွာတွေမှာရှိတဲ့ အသေးစားနဲ့အလတ်စား စီး ပွားရေးလုပ်ငန်းတွေဟာ သဘာဝ အရင်းအမြစ်တွေကို အကန့်အသတ်မရှိ ထုတ်ယူသုံးစွဲခွင့် ရရှိလာကြပြီး စီးပွားရေး အကျိုး အမြတ်တွေ ရရှိခဲ့ကြပါတယ်။ ဒေသအာဏာပိုင်တွေကလည်း ပတ်ဝန်းကျင် ဂေဟစနစ်အပေါ် နောင်ဘယ်လို အကျိုးသက်ရောက်မှု ရှိနိုင်တာကို မမျှော်တွေးဘဲ လုပ်ပိုင်ခွင့်လိုင်စင်တွေကို မြန်မြန်ထက်ထက် အဆောတလျင် ထုတ်ပေးခဲ့ကြပါတယ်။
တရုတ်နိုင်ငံရဲ့ ပြည်နယ်သုံးခုကို ဖြတ်သန်းပြီး စီးဆင်းနေတဲ့ ဟွိုင်ဟီမြစ်ဟာ ၁၉၆ဝ ပြည့်နှစ်မတိုင်မီကဆိုရင် မြစ်ရေဟာ ကြည်လင် ပြီး မြစ်ကမ်းနံဘေးပတ်ဝန်းကျင်မှာ သီးနှံစိုက်ခင်းနဲ့ စိမ်းလန်းစိုပြည်ခဲ့ပါတယ်။ ကျေးငှက်သာရကာနဲ့သာယာခဲ့ပါတယ်။ မြစ်အတွင်း ငါးတွေလည်း ပေါများခဲ့ပါတယ်။ ဒါပေမယ့် ၁၉၈ဝ ပြည့်နှစ်တစ်ဝိုက်မှာ မြစ်ကမ်းပါးတစ်လျှောက် စက်မှုလုပ်ငန်းတွေ မှို လို ပေါ်ပေါက်လာတဲ့အတွက် မြစ်ရေဟာ ညစ်ညမ်းလာကာ ဝါကျင့်ကျင့် ဖြစ်လာပြီးနောက်ပိုင်း အမည်းရောင် သန်းလာပါတယ်။ ငါးတွေလည်းသေ၊ သစ်ပင်တွေလည်းလဲပြိုပြီး သားငှက်တွေလည်း စွန့်ခွာထွက်ပြေးခဲ့ရပါတယ်။ ဒီလို ဟွိုင်ဟီမြစ်ရဲ့ ပတ်ဝန်း ကျင်ဂေဟစနစ်ကို ပျက်ယွင်းစေတဲ့အကြောင်းရင်းကတော့ အဲဒီမြစ်ကမ်းတစ်လျှောက်မှာရှိတဲ့ အသေးစားစက်ရုံနဲ့ စီးပွားရေး လုပ်ငန်းတွေက စွန့်ပစ်တဲ့ အညစ်အကြေးတွေကြောင့်ပဲ ဖြစ်ပါတယ်။
တရုတ်နိုင်ငံ ပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေး စီမံခန့်ခွဲရေးအဖွဲ့ရဲ့ စုံစမ်းစစ်ဆေးချက်တွေအရ တရုတ်နိုင်ငံရဲ့ သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှုတွေ ရဲ့ ၆ဝ ရာခိုင်နှုန်းဟာ အဲဒီအသေး စားနဲ့ အလတ်စား စီးပွားရေးလုပ် ငန်းတွေကြောင့် ဖြစ်တယ်လို့ သိရ ပါတယ်။ SMEs တွေကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှု ထိန်းသိမ်းကာကွယ်ရေးအတွက် ဗဟိုအစိုးရဟာ ၁၉၉၅ ခုနှစ်လောက် ကမှ အထူးအစီအစဉ်တွေ ချမှတ်ပြီး ဆောင်ရွက်ခဲ့တယ်။ ၂ဝဝ၄ ခုနှစ်လောက်ရောက်တော့ သတ်မှတ်ချက်တွေကို မလိုက်နာဘဲ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေမှုကြောင့် အဲဒီ SMEs ပေါင်းတစ်သန်းနီးပါးကို ဗဟိုအစိုးရက ပိတ်ပစ်ခဲ့တယ်။
တရုတ်နိုင်ငံမှာ ရေနံချက်စက်ရုံတွေနဲ့ ရေနံဓာတုဗေဒ စက်ရုံပေါင်း နှစ်သောင်းကျော်ရှိတဲ့အနက် စက်ရုံပေါင်း ၁၃ဝဝဝ ခန့်ဟာ ယန်စီမြစ်နဲ့ မြစ်ဝါမြစ်ကမ်းတစ်လျှောက်မှာ တည်ဆောက်ထားကြပါတယ်။ အစိုးရရဲ့ စုံစမ်းစစ်ဆေးချက်တစ်ရပ်အရ တရုတ် နိုင်ငံရဲ့ အဓိက ရေနံဓာတု စက်မှုလုပ်ငန်းကြီး ၈၁ ရာခိုင်နှုန်းဟာ သဘာဝ ပတ်ဝန်းကျင်ကို အလွယ်တကူ ထိခိုက်ပျက်စီးစေနိုင်တဲ့ ဧ ရိယာ တွေဖြစ်တဲ့ မြစ်ချောင်း၊ ရေကန်၊ ရေတိမ်ဒေသတွေနဲ့ လူဦးရေ ထူထပ်တဲ့ မြို့ကြီးနားတွေမှာ တည်ရှိကြတယ်လို့ သိရပါတယ်။ ဒီလို ဓာတုဗေဒနဲ့ ရေနံဓာတုစက်ရုံကြီးတွေကို ရေလမ်းကြောင်းတွေနားမှာ တည်ဆောက်ထားတဲ့ အစဉ်အလာဟာ ကုန်ပစ္စည်းတွေ ကို ဈေးသက်သက်သာသာနဲ့ သယ်ယူပို့ ဆောင်ဖို့အပြင် အဲဒီစက်ရုံတွေက ထွက်ရှိတဲ့ စွန့်ပစ်ပစ္စည်းတွေကို မြစ်ချောင်းတွေထဲ အလွယ်တကူ ပစ်ဖို့လည်း ပါဝင်နေပါတယ်။ ဒါပေမယ့် စီမံခန့်ခွဲမှု ညံ့ဖျင်းတဲ့စက်ရုံတွေကြောင့် မကြာခဏ ဓာတုဗေဒပစ္စည်း ယိုစိမ့်မှုတွေ၊ ပေါက်ကွဲမီးလောင်မှုတွေ ဖြစ်ပွားခဲ့ပြီး အဲဒီစက်ရုံတွေ တည်ရှိတဲ့ မြစ်ချောင်းတွေနဲ့ ပတ်ဝန်းကျင်ဒေသတွေမှာ ညစ်ညမ်းမှုနဲ့ ဘေးအန္တ ရာယ် အမျိုးမျိုးဖြစ်ပွားစေခဲ့တာကို တွေ့ရပါတယ်။
ကျိန်းကျန်ဓာတုဗေဒ စက်မှုဇုန်ကြီးဟာ ယန်စီမြစ်ကြီးပေါ်မှာ တည်ရှိပြီး အဲဒီစက်မှုဇုန်ရဲ့အောက်ပိုင်း ယန်စီမြစ်ကြီးရဲ့ မြစ်လက် တက် တစ်ခုပေါ်မှာ လူဦးရေ ၈ သိန်းနေထိုင်တဲ့ ဒန်းယန်မြို့ဆိုရင် တစ်နှစ်ကို အကြိမ် ၂ဝ ကျော်လောက် မြစ်ရေညစ်ညမ်းကြောင်း သတိပေးနေရတယ်လို့ဆိုပါတယ်။ တစ်ခါတစ်ရံ မြစ်ရေ ညစ်ညမ်းမှုကြောင့် မြို့ရေပေးဝေမှုစနစ်ကို တစ်ပတ်လောက် ဖြတ်ထား တတ်ပါတယ်။
တရုတ်နိုင်ငံ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအေဂျင်စီရဲ့ အဆိုအရ ဆုန်ဟွာမြစ် ကြီးဘေးမှာရှိတဲ့ စက်မှုလုပ်ငန်း ပေါင်း ၁၅၇ ခုဟာ လူကို ဘေးဥပဒ်ဖြစ်စေတဲ့ ဓာတ်သတ္တုနဲ့ ဓာတုဗေဒပစ္စည်းတွေဖြစ်တဲ့ ပြဒါး၊ ခဲ၊ ကတ်မီယမ်၊ အာစီနိုတ်၊ ဟီဆာ ဗေလက် ကရိုမီ၊ ဖိနောနဲ့ ဆိုင်းနိုတ် တွေကို တစ်နှစ်မှာ တန် ၆ဝ ခန့် မြစ်ထဲကို စွန့်ပစ်နေကြတယ်လို့ ထောက်ပြထားပါတယ်။ ဒါကြောင့် ဖူကျန်မြို့မှာ တည်ဆောက်မယ့် Paraxylene ဓာတုဗေဒစက်ရုံ စီမံကိန်း၊ ဖုန်ကျိုးမြို့မှာ Sinopec ကုမ္ပဏီက ရေနံချက်စက်ရုံ တည်ဆောက်မယ့် စီမံကိန်းနဲ့ ချုံချင်းမြို့ မှာ BASF  ဓာတုဗေဒကုမ္ပဏီကြီးက Methylenediphenyl Diisocyanate  ထုတ်လုပ်မယ့် စက်ရုံတည် ဆောက်မယ့်စီမံကိန်းတွေကို မြို့ခံ လူထုတွေက ကန့်ကွက်လာကြပါတယ်။
လွန်ခဲ့တဲ့နှစ် ဇူလိုင်လအတွင်းက သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး နိုင်ငံတကာ NGO  အဖွဲ့အစည်းကြီးဖြစ်တဲ့ Greenpeace  ဟာ Nike ၊ Adidas ၊ Puma နဲ့ တခြားနာမည်ကျော် အဝတ်အထည်ကုန်အမှတ်တံဆိပ်တွေအတွက် အဝတ်အထည်တွေ ထုတ် လုပ်ပေးနေတဲ့ တရုတ်စက်ရုံကြီး တစ်ရုံကနေ ဟိုမုန်း- Hormone ဓာတ် ပျက်စီးစေတဲ့ ဓာတုဗေဒ အညစ်အကြေးတွေနဲ့ တခြား အဆိပ်ဖြစ်စေတဲ့ ဓာတ်ကြွင်းတွေကို နိုင်ငံရဲ့ အဓိက မြစ်ချောင်းတွေထဲ စွန့်ပစ်နေတာကို တွေ့ရှိလာခဲ့ပါတယ်။ စက်ရုံက စွန့်ပစ်ရေဆိုး ပိုက်တွေအတွင်းက ရေနမူနာတွေကို အချိန် တစ်နှစ်ကြာတဲ့အထိ ဗြိတိန်နိုင်ငံမှာရှိတဲ့ Exeter တက္ကသိုလ်က စမ်းသပ် ခန်းတွေနဲ့နယ်သာလန်နိုင်ငံက စမ်းသပ်ခန်းတွေမှာ ဓာတ်ခွဲလေ့လာခဲ့တယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံဟာ ကမ္ဘာမှာ အထည်အလိပ်နဲ့ အဝတ်အထည်တွေ အများဆုံး ထုတ်လုပ်နေတဲ့ နိုင်ငံဖြစ်ပါတယ်။ ဒါကြောင့် Greenpeace အဖွဲ့ကြီးရဲ့ ဓာတ်ခွဲ စမ်းသပ်မှုတွေကနေ တွေ့ရှိချက်တွေဟာ ကမ္ဘာ့အထည်အလိပ်လုပ်ငန်းကြီးအတွက် သတိပြုစရာ အချက်တွေ ဖြစ်လာနိုင်ပါတယ်။ ဘယ်လို အဆိပ်ဖြစ်စေတဲ့ ဓာတု ဗေဒပစ္စည်းတွေဟာ အထည်အလိပ် စက်ရုံတွေကနေ ကမ္ဘာ့ရေ လမ်းကြောင်းတွေထဲ စီးဝင်ရောက်ရှိညစ်ညမ်းစေပြီး လူတွေနဲ့တခြား သက်ရှိသတ္တဝါတွေကို ဘေးအန္တရာယ်  ဖြစ်စေသလဲ ဆိုတာ   မီးမောင်းထိုးပြနိုင်စရာ ရှိပါတယ်။
Youngor အထည်အလိပ် စက်ရုံကြီးဟာ ကွမ်ဒေါင်း ပြည်နယ်တောင်ပိုင်းမှာ တည်ရှိပြီး တရုတ်နိုင်ငံမှာ ဆေးဆိုး၊ ရက်လုပ် နဲ့ ပန်းရိုက်တဲ့ လုပ်ငန်းတွေကို ခေတ်မီနည်းပညာတွေနဲ့ ဆောင်ရွက်နေတဲ့ အကောင်းဆုံး အထည်အလိပ်စက်ရုံကြီး ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီစက်ရုံကနေ ကိုယ်ခန္ဓာတွင်း သွေးထဲက ဓာတ်တွေကို စုပ်ယူသိုလှောင်ထားပြီး လိုအပ်ရင် ထုတ်ပေးတဲ့ ဂရင်း- Gland တွေကို ပျက်စီးစေတဲ့ နိုနိုင်ဖီနော- Nonylphenol ဓာတုအဆိပ်ဓာတ်တစ်မျိုးကို စွန့်ပစ်နေတာတွေ့ရှိခဲ့ပါတယ်။ အဲဒီ အဆိပ် ဓာတ်တွေဟာ လူရဲ့ အသည်းနဲ့ ဟိုမုန်းဓာတ်တွေကို ပျက်စီးစေတယ်လို့သိရပါတယ်။ Greenpeace အဖွဲ့ကြီးရဲ့ အစီရင်ခံစာအရ အဲဒီ Youngor အထည်စက်ရုံကြီးကနေ Nike, Adidas, Puma, H & M နဲ့ Lacostle ကုမ္ပဏီတွေက မိမိတို့ရဲ့ အဝတ် အထည်တွေကို ထုတ်လုပ်ပေးဖို့ စာချုပ်ထားရှိကြောင်း အတည်ပြု ပြောကြားခဲ့ပါတယ်။
အထည်အလိပ်စက်ရုံတွေက စွန့်ပစ်ရေဆိုးတွေမှာ နိုနိုင်ဖိနောဓာဆု အဆိပ်ဓာတ် ပါဝင်မှု အချိုးအစားဟာ နည်းပါးပေမယ့် အဲဒီ ပစ္စည်းတွေဟာ ချေဖျက်ဖို့ခက်ခဲတဲ့အတွက် တဖြည်းဖြည်း စု ပုံများပြားလာပြီး အန္တရာယ်ပြုနိုင်တဲ့ အဆင့်ကို ရောက်ရှိလာနိုင်ပါ တယ်။ တရုတ်နိုင်ငံရဲ့ အရှည်ဆုံးမြစ်ဖြစ်တဲ့ ယန်စီမြစ်ကြီးအတွင်းက ငါးတွေမှာ အဲဒီဓာတု အဆိပ်ဓာတ်တွေကို စစ်ဆေးတွေ့ရှိခဲ့ တယ်လို့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။ အဲဒီဓာတုဗေဒပစ္စည်းတွေ အသုံးပြုနေတာကို တရုတ်နိုင်ငံမှာ တရားဝင် ပိတ်ပင် ထားခြင်းမရှိ သေးပေမယ့် EU အဖွဲ့နဲ့ ဖွံ့ဖြိုးပြီး နိုင်ငံအတော်များများမှာတော့ ပိတ်ပင်ထားကြောင်း သိရှိရပါတယ်။
တရုတ်နိုင်ငံရဲ့ ခရိုမီယံ- Chromium သတ္တုထုတ်လုပ်နေတဲ့ စက်ရုံတွေမှာ ကင်ဆာရောဂါဖြစ်ပွားစေတဲ့ ခရိုမီယံ စွန့်ပစ်ပစ္စည်း စုစုပေါင်း အနည်းဆုံးတန်ချိန် တစ်သန်းခန့်ရှိနေတယ်လို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အုပ်စုဖြစ်တဲ့ Greenpeace အဖွဲ့ကြီး က ထောက်ပြခဲ့ပါတယ်။ နမူနာအနေနဲ့ ယူနန်ပြည်နယ်ရဲ့ အနောက်တောင်ပိုင်း၊ ချီကျင့်မြို့မှာရှိတဲ့ ခရိုမီယံသတ္တု ထုတ်လုပ်တဲ့ စက်ရုံတစ်ရုံက စွန့်ပစ်ခဲ့တဲ့ အဆိပ်သင့်သတ္တု အညစ်အကြေးတွေကြောင့် စက်ရုံပတ်ဝန်းကျင်ဒေသနဲ့ အနီးမှာရှိတဲ့ မြစ်ချောင်းတွေ ကို ညစ်ညမ်းစေကြောင်း လေ့လာတင်ပြခဲ့ပါတယ်။ လွိလျန်ဓာတုဗေဒပစ္စည်း စက်မှု လုပ်ငန်းကုမ္ပဏီရဲ့ ခရိုမီယံသတ္တု စက်ရုံဟာ ချီကျင်းမြို့က နန်ပန်မြစ်ကမ်းပေါ်မှာ တည်ရှိပါတယ်။ အဲဒီစက်ရုံမှာ ခရိုမီယံ စွန့်ပစ်ပစ္စည်း စုစုပေါင်း တန်တစ်သိန်းကျော် ရှိတယ်လို့ Greenpeace  အဖွဲ့က ခန့်မှန်းထားပါတယ်။ အဲဒီပမာဏဟာ တရုတ်နိုင်ငံရဲ့ ပြည်နယ် ၁၂ ခုက ခရိုမီယံသတ္တု စက်ရုံတွေမှာရှိတဲ့ စွန့်ပစ်ပစ္စည်း  တန်ချိန်တစ်သန်းရဲ့ အစိတ်အပိုင်း လေးတစ်ခုပဲ ဖြစ်ပါတယ်။
တရုတ်နိုင်ငံဟာ ယခုနှစ်ကုန်ရင် သန့်စင်ပြီး ခရိုမီယံသတ္တု တန်ချိန် လေးသန်းထုတ်လုပ်ဖို့ ရည်မှန်းထားတယ်လို့ သိရပါတယ်။ ဒါဟာ ကမ္ဘာမှာ ခရိုမီယံ သတ္တုအများဆုံး ထုတ်လုပ်ပြီး အများဆုံး အသုံးပြုနေတဲ့ နိုင်ငံဖြစ်ကြောင်း ပြဆိုနေပါတယ်။ တရုတ် နိုင်ငံ အနေနဲ့ ခရိုမီယံသတ္တုတွေကို အစွန်းအထင်းခံ သံမဏိ-  Stainless Steel နဲ့ စက်ဘီးကိုယ်ထည်တွေ ထုတ်လုပ်ရာမှာ အသုံးပြု တယ်လို့ သိရပါတယ်။ သန့်စင်တဲ့ ခရိုမီယံသတ္တုတစ်တန် ရရှိဖို့ ထုတ်လုပ်ရာမှာ သက်ရှိသတ္တဝါတွေကို ဘေးအန္တရာယ်ဖြစ်စေတဲ့ စွန့်ပစ်ဘေးထွက်ပစ္စည်း- Toxic Waste သုံးတန်ကနေ ငါးတန်အထိ ထွက်ရှိစေတယ်လို့ သိရပါတယ်။ အဲဒီ ခရိုမီယံစွန့်ပစ် ပစ္စည်းတွေထဲမှာ ဆိုးဆေးတွေ၊ အိမ်သုတ်ဆေးတွေမှာ ပါရှိတဲ့ ဓာတ်ပေါင်းတွေလိုပဲ သက်ရှိသတ္တဝါတွေကို ဘေးအန္တရာယ်ပေးနိုင် တဲ့ ဓာတ်ပေါင်းပါရှိပါတယ်။ အဲဒီဓာတ်ပေါင်းတွေဟာ ကင်ဆာရောဂါဖြစ်စေနိုင်တယ်လို့ နိုင်ငံတကာအသိအမှတ် ပြုထားပါတယ်။ Greenpeace အဖွဲ့ရဲ့ လေ့လာချက်အရ အဲဒီစက်ရုံအနီးက ရွာတွေမှာ လွန်ခဲ့တဲ့တစ်နှစ်အတွင်း ကင်ဆာရောဂါ ဖြစ်ပွားသူ ဦးရေဟာ ၃ဝ ခန့် ရှိလာတယ်လို့ ဆိုပါတယ်။ ကင်ဆာရောဂါအပြင် ခရိုမီယံ ဓာတ်ပေါင်းတချို့ဟာ ကျောက်ကပ်နဲ့ အဆုတ်ကိုလည်း ပျက်စီးစေ နိုင်ပါတယ်။
တရုတ်နိုင်ငံက ခရိုမီယံ သတ္တုစက်ရုံအတော်များများဟာ ခေတ်မမီတဲ့နည်းနဲ့ ထုတ်လုပ်နေကြသေးတဲ့အတွက်လည်း စွန့်ပစ် ပစ္စည်းတွေ ပိုပြီးထွက်ရှိနေပါတယ်။ လွိလျန်စက်ရုံ တည်ရှိတဲ့ နန်ပန်မြစ်ဟာ တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ဒေါင်းပြည်နယ်မှာ ရှိတဲ့ ပုလဲမြစ်ရဲ့ မြစ်လက်တက်တစ်ခုပဲ ဖြစ်ပါတယ်။ လွိလျန်စက်ရုံနဲ့ နန်ပန်မြစ်ဟာ ခဲတစ်ပစ်လောက်သာ ကွာဝေးပါတယ်။ ဒါကြောင့် အဲဒီ စက်ရုံက ခရိုမီယံ စွန့်ပစ်ပစ္စည်းတွေဟာ နန်ပန်မြစ်အတွင်းရောက်ရှိပြီး မြစ်ရေကို ညစ်ညမ်းစေပါတယ်။ ဂရင်းပစ်အဖွဲ့ရဲ့ စမ်းသပ်ချက်တွေအရ ချီကျင်းမြို့၊ လွိလျန် စက်ရုံ ပတ်ဝန်းကျင်ဒေသမှာ ခရိုမီယံသတ္တု စွန့်ပစ်ပစ္စည်းတွေကြောင့် အဆိပ်သင့်မှုဟာ တချို့ နေရာမှာ သာမန်ထက် နှစ်ဆ ကျော်အထိ ရှိနေတာကို တွေ့ရတယ်လို့သိရပါတယ်။
ယခုအခါ တရုတ်နိုင်ငံရဲ့ စီးပွားရေးဟာ အလျင်အမြန် တိုးတက်လာတဲ့အတွက် မြို့ပြတွေမှာ စက်မှုလုပ်ငန်းကြီးတွေ အမြောက် အမြား ပေါ်ထွန်းလာပြီး တရုတ်လူမျိုး အများအပြားဟာလည်း ဆင်းရဲတဲ့ ဘဝက လွတ်မြောက်လာခဲ့ကြပါတယ်။ ဒါပေမယ့် ဒီဖွံ့ဖြိုး တိုးတက်မှု- Boom ကြီးမှာ အနုတ်လက္ခဏာဆောင်တဲ့ အကျိုးသက်ရောက်မှုတွေလည်း တွေ့ကြုံခဲ့ရပါတယ်။ အထူးသဖြင့် မြို့ပြတွေမှာ လေထု၊ ရေထုတွေ ညစ်ညမ်းလာပြီး သဘာဝပတ်ဝန်းကျင်ကို ပျက်ယွင်းလာစေခြင်းပဲဖြစ်ပါတယ်။
စောင်ကန်းအုပ်စု-  Shougang Group ဟာ ပေကျင်းမှာ အခြေစိုက်တဲ့ တရုတ်နိုင်ငံရဲ့ တတိယအကြီးဆုံး သံ၊ သံမဏိထုတ်လုပ်တဲ့ ကုမ္ပဏီအုပ်စုကြီးပဲ ဖြစ်ပါတယ်။ သူ့ရဲ့ စက်ရုံကြီးတွေဟာ ပေကျင်းမြို့တော်၊ စင့်ကျင်းရှန် ဒီစတြိတ်မှာ တည်ရှိခဲ့ပါတယ်။ ၁၉၉၉ ခုနှစ်လောက်ကတည်းက မိမိစက်ရုံတွေက ထုတ်လွှတ်တဲ့ မီးခိုး (ကာဘွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့) တွေကို ငွေကြေးအမြောက် အမြား သုံးစွဲပြီး နိုင်ငံတော်ကောင်စီက ကန့်သတ်ထားတဲ့ စက်ရုံတွေက ထုတ်လွှတ်ရမယ့် ကာဘွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ ပမာဏအထိ လျော့ကျသွားအောင် ကြိုးပမ်းခဲ့ပါတယ်။ ဒါပေမယ့် စင့်ကျင်းရှန်ဒီစတြိတ် ပတ်ဝန်းကျင်က လေထုရဲ့ အရည်အသွေး ဟာ သိပ်မကောင်းခဲ့တာ တွေ့ရပါတယ်။ ၂ဝဝ၄ ခုနှစ် စင့်ကျင်းရှန်ဒီစတြိတ် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဗျူရိုရဲ့ အစီရင်ခံစာ အရ ပေကျင်းမြို့တော်ရဲ့ လေထုအရည်အသွေးဟာ ၂၂၉ ရက် (တစ်နှစ်)ရဲ့ ၆၂.၅% အထိ လက်ခံနိုင်ပေမယ့် စင့်ကျင်း ရှန်ဒီစတြိတ်ရဲ့ လေထုအရည် အသွေးဟာ ၅ဝ.၄ % သာ လက်ခံနိုင်တယ်လို့ သိရပါတယ်။ ဒါကြောင့်လည်း ၁၉၉၇ ခုနှစ် လောက် ကတည်းက တရုတ်နိုင်ငံမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝါဒီတွေဟာ စောင်ကန်းကုမ္ပဏီအုပ်စုရဲ့ သံ၊ သံမဏိစက်ရုံတွေကို ပေကျင်း မြို့တော်ကြီးရဲ့ အပြင်ဘက်ကို ရွှေ့ပြောင်းပစ်ဖို့ တောင်းဆိုခဲ့ကြပါတယ်။ ၂ဝဝ၁ ခုနှစ်ရောက်တော့လည်း ပေကျင်းမြို့တော် မြူနီ စပယ် ပြည်သူ့ကွန်ရက်အဖွဲ့ဝင်တွေက စောင်ကန်း သံ၊ သံမဏိ စက်ရုံတွေက ထုတ်လွှတ်နေတဲ့ မီးခိုးတွေဟာ ၂ဝဝ၈ ခုနှစ်မှာ ကျင်း ပမယ့် အိုလံပစ်ပွဲတော်အတွက် အနှောင့်အယှက် ဖြစ်နေတယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။
၂ဝဝ၄ ခုနှစ်က လူထု သဘောထား စစ်တမ်းတစ်ခုကို ကောက်ယူခဲ့ရမှာလည်း မေးမြန်းခဲ့သူ ပေကျင်းမြို့တော်သူ၊ မြို့တော်သား ၉ဝ% ဟာ စောင်ကန်း သံ၊ သံမဏိစက်ရုံတွေကို ပေကျင်းမြို့ပြင်သို့ ပြောင်းရွှေ့လုပ်ကိုင်စေသင့်တယ်လို့ ဆန္ဒသဘောထားပေးခဲ့ ကြပါတယ်။ ဒါကြောင့် ၂ဝဝ၅ ခုနှစ် ဖေဖော်ဝါရီလမှာ တရုတ်နိုင်ငံ ဗဟိုအစိုးရဟာ စောင်ကန်းအုပ်စုရဲ့ စက်ရုံတွေအားလုံးကို စင် ကျင်းရှန် စောင်ကန်းအုပ်စုရဲ့ စက်ရုံတွေအားလုံးကို စင်ကျင်းရှန်ဒီစတြိတ်ကနေ ပေကျင်းမြို့တော်နဲ့ ကီလိုမီတာ ၂၂ဝ ဝေးတဲ့ ထန်ရှန်မြို့၊ ဘိုဟိုင်းပင်လယ်ကွေ့မှာရှိတဲ့ ကျွန်းတစ်ကျွန်းပေါ်ကို ပြောင်းရွှေ့လုပ်ကိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါဟာ တရုတ်နိုင်ငံမှာ ပထမဆုံး သံမဏိစက်ရုံ လုပ်ငန်းကြီးတစ်ခုကို နေရာပြောင်းရွှေ့လုပ်ကိုင်စေမှုကြီးပဲ ဖြစ်ပါတယ်။ အဲဒီပြောင်းရွှေ့မှုကြီးကို သတင်း မီဒီယာတွေက အာရုံစိုက်ပြီး ဟိုးလေးတကျော် ဖော်ပြခဲ့ပါတယ်။
တရုတ်နိုင်ငံ အလယ်ပိုင်း ကျန်စီပြည်နယ်မှာရှိတဲ့ လော်ဖျင်မြို့ဟာ တစ်ဖက်က အနိမ့်အမြင့် ပြေပြစ်တဲ့ တောင်ကုန်းတွေနဲ့ တစ်ဖက် က တရုတ်နိုင်ငံမှာ အကြီးဆုံး သောက်ရေကန်ဖြစ်တဲ့ ပိုယန်ကန်ကြီးရဲ့ကြားမှာတည်ရှိပြီး တစ်ချိန်က သူ့ရဲ့ သဘာဝ အလှ အပတွေနဲ့ အလွန်ကောင်းမွန်လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေအတွက် ကျော်ကြားခဲ့ပါတယ်။ ဒါပေမယ့် ၂ဝဝ၄ ခုနှစ်လောက် ကစ ပြီး အဲဒီမြို့မှာ စက်မှုဇုန်ကြီးတစ်ခု ဖွင့်လှစ်ပြီးနောက်ပိုင်းမှာတော့ အဲဒီဒေသတစ်ဝိုက်မှာ ဟင်းသီးဟင်းရွက်နဲ့ဆန်ထွက်နှုန်းတွေ ကျဆင်းလာခဲ့ရပါတယ်။ အဲဒီလော်ဖျင် စက်မှုဇုန်မှာ ပြည်တွင်းပြည်ပ ကုမ္ပဏီပေါင်း ၃ဝ ကျော် ရှိပါတယ်။ စက်ရုံတွေက ထုတ်လွှတ် တဲ့ မီးခိုးတွေကြောင့် ပတ်ဝန်းကျင်က လေထုကို ညစ်ညမ်းစေတဲ့အပြင် စက်ရုံတွေက စွန့်ပစ်ပစ္စည်းတွေကို အနီးမှာရှိတဲ့ လီအန်မြစ်ထဲသို့ မြောင်းကြီးနှစ်ခု သွယ်တန်းပြီး ပစ်နေကြပါတယ်။ ချောင်းတစ်ခုဆိုရင် အနီးရှိ ရှင်းဝမ်ကျေးရွာကို ဖြတ်သွား တဲ့အတွက် အဲဒီရွာမှာ တူးဖော်ထားတဲ့ ရေတွင်းတွေက ရေတွေဟာ သောက်သုံးလို့ မရအောင် ညစ်ညမ်းလာတယ်လို့ ရွာ သားတွေက ပြောပါတယ်။
တရုတ်နိုင်ငံ နိုင်ငံရေး သိပ္ပံက ပါမောက္ခဖြစ်သူ ယောင်ဆုဂျန်က ''လေထု၊ ရေထု ညစ်ညမ်းစေတဲ့ စက်ရုံ အလုပ်ရုံအတော်များ များဟာ ပတ်ဝန်းကျင် ထိန်းသိမ်းရေး စံနှုန်းတွေနဲ့ မညီညွတ်တဲ့ လုပ်ငန်းတွေကို လုပ်ကိုင်နေကြပါ တယ်။ ဒေသအတော်များများမှာ အဲဒီစက်မှုလုပ်ငန်းတွေကို ပိုင်ဆိုင်ကြတဲ့ လုပ်ငန်းရှင်ကြီးတွေဟာ အခွန်အများဆုံး ပေးနေကြတဲ့ သူတွေဖြစ်ကြလို့ ဒေသ အာဏာ ပိုင်တွေနဲ့ အဆက်အသွယ် ရှိကြပါတယ်။ ဒါကြောင့် အဲဒီလုပ်ငန်းတွေမှာ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေတွေကို လက်တစ်လုံး ကြား ချိုးဖောက်ပြီး လုပ်ကိုင်နေကြပေမယ့် ဒေသအာဏာပိုင်တွေဟာ အခွန်ငွေရရှိရေး၊ မိမိဒေသရဲ့ GDP တက်ရေးတွေကိုသာ ဦးစားပေး၊ အာရုံထားပြီး ဒေသပြည်သူတွေရဲ့ ပတ်ဝန်းကျင်နဲ့နေထိုင်ရတဲ့ အဆင့်အတန်းကို လျစ်လျူရှုထားကြတယ်'' လို့ ထောက်ပြထား ကြောင်းပါခင်ဗျား။

Ref:http://www.bjreview.com.
မောင်ပုဆိုးကြမ်း
 

No comments: