Sunday, April 28, 2013

မြန်အောင်သင်္ဘော နှင့် Malacca Highway ကားတင်သင်္ဘော တိုက်မိဖြစ်ပွား၊ တပ်မတော်(ရေ) စစ်ရေယာဉ်မှ ကယ်ဆယ်ရေးကူညီဆောင်ရွက်ပေခဲ့




ဧပြီလ ၂၈ ရက်နေ့က ရန်ကုန်မြစ်အတွင်း Malacca Highway ကားတင်သင်္ဘောနှင့် မြန်မာ့ရေနံ ဓာတုဗေဒလုပ်ငန်းပိုင် မြန်အောင်သင်္ဘောတို့ အချင်းချင်းတိုက်မိပြီး မြန်အောင်သင်္ဘောမှာ လုံးဝနစ်မြုပ်သွားခဲ့ကြောင်း သတင်းရရှိပါသည်။

မြန်မာ့ရေနံ ဓာတုလုပ်ငန်းပိုင် မြန်အောင် ရေနံတင်သင်္ဘောသည် စက်သုံးဆီများအား မော်လမြိုင်ဆိပ်ကမ်းသို့ ပို့ဆောင်ခဲ့ပြီး ရန်ကုန်ဆိပ်ကမ်းသို့ ပြန်လည်ထွက်ခွာခဲ့ရာ ဧပြီ ၂၈ ရက်၊ နေ့လည် ၁ နာရီ ၂၀ မိနစ်ခန့်တွင် မှော်ဝန်းမီးပြဗော်ယာသို့ ကွေ့လာချိန်တွင် သီလ၀ါ MIPL ဆိပ်ကမ်း၌ မော်တော်ကားများချပြီး ရန်ကုန်မြစ်ဝသို့ ပြန်လည်ထွက်ခွာလာသော Malacca Highway သင်္ဘော၏ ဦးပိုင်းနှင့် မြန်အောင် သင်္ဘော၏ ၀ဲဘက်အလယ်ပိုင်းတို့ တိုက်မိခဲ့ခြင်းဖြစ်သည်။ယင်းသို့ တိုက်မိခဲ့ခြင်းကြောင့် မြန်အောင်သင်္ဘောမှာ တစ်ဖက်သို့ တိမ်းစောင်းခဲ့ကာ ရေများဝင်ရောက်၍ မျောပါသွားခဲ့ပြီး Chokey Shoal အရှေ့သောင်ပြင် (သီလ၀ါဆိပ်ကမ်း အနီးတွင်) လုံးဝနစ်မြုပ်သွားခဲ့ခြင်း ဖြစ်သည်။
နစ်မြုပ်ခဲ့သည့် မြန်အောင်ရေယာဉ်တွင် သင်္ဘောသား ၁၇ ဦး ပါဝင်ပြီး၊ ယင်းသင်္ဘောသားများအား တပ်မတော်(ရေ)မှ စစ်ရေယာဉ်နှင့် မြန်မာ့ဆိပ်ကမ်း အာဏာပိုင် ရေယာဉ်တို့မှ အသီးသီး ကယ်တင်နိုင်ခဲ့သဖြင့် ထိခိုက်သေဆုံးသူ တစ်ဦးတစ်ယောက်မျှ မရှိခဲ့ကြောင်း သိရသည်။

မြန်မာ့ရေနံဓာတုလုပ်ငန်းပိုင် မြန်အောင် ရေနံတင်သင်္ဘောအား ရေယာဉ်မှူးဦးစံတင် မောင်းနှင်ခဲ့ပြီး၊ Malacca Highway သင်္ဘောအား မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ရေကြောင်းပြမှူးကြီး ဦးမြတ်စိုး(Pilot 39)တို့ အသီးသီး မောင်းနှင်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ ယခုကဲ့သို့ မြန်အောင်ရေနံတင် သင်္ဘောနစ်မြုပ်ရခြင်း အကြောင်းရင်းအား ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်နှင့် အခြားတာဝန်ရှိ အဖွဲ့အစည်းအသီးသီး ပါဝင်သော အထူးစုံစမ်းစစ်ဆေးရေးခုံရုံး ဖွဲ့စည်း၍ စစ်ဆေးသွားမည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဦးဆောင် ညွှန်ကြားရေးမှူး ဦးချိုသန်းမောင်က ပြောကြားခဲ့သည်။

''သင်္ဘောတိုက်မိခဲ့ပြီးချိန်မှာပဲ တပ်မတော်(ရေ)နဲ့ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်က ရေယာဉ်တွေက ချက်ချင်းကယ်တင်နိုင်ခဲ့လို့ လူအသေအပျောက်မရှိဘဲ ကယ်တင်နိုင်ခဲ့ပါတယ်။ သင်္ဘော လုံးဝနစ်မြုပ်သွားတဲ့ နေရာက သင်္ဘောတွေ သွားလာနေတဲ့ ရေလမ်းကြောင်းနဲ့လည်း လွတ်ကင်းမှုရှိလို့ သင်္ဘောတွေ သွားလာမှုကို ထိခိုက်မှုမရှိပါဘူး။ ရေနံတင်သင်္ဘောကလည်း စက်သုံးဆီတွေကို မော်လမြိုင်ဆိပ်ကမ်းမှာ ချထားခဲ့ပြီး ဖြစ်တဲ့အတွက် မြစ်ရေပြင်ညစ်ညမ်းမှု ဖြစ်စဉ်အတွက် စိုးရိမ်စရာမရှိပါဘူး။ အခုဖြစ်စဉ်ကို အထူးစုံစမ်းစစ်ဆေးရေးခုံရုံး ဖွဲ့ပြီး စစ်ဆေးသွားမှာပါ'' ဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးချိုသန်းမောင်က ပြောကြားခဲ့သည်။

လက်ရှိတွင် ရန်ကုန်မြစ်ကြောင်းအတွင်း မြန်အောင်သင်္ဘော နစ်မြုပ်ခဲ့သည့်နေရာ၌ အချက်ပြ မီးဗော်ယာတစ်လုံးချထားပြီး ရေကြောင်းသတိပေးချက် ထုတ်ပြန်ထားကြောင်း သိရသည်။ နစ်မြုပ်ခဲ့သည့် မြန်အောင်သင်္ဘောသည် အလျား ၆၃ ဒသမ ၅ မီတာ၊ အနံ ၁၃ မီတာ၊ ရေစူး ၃ မီတာနှင့် တန်ချိန် ၁၁၂၅ တန်ရှိပြီး Malacca Highway သင်္ဘောမှာ တန်ချိန် ၁၇၀၀၀ ရှိကြောင်း သိရသည်။Malacca Highway သင်္ဘောအား လက်ရှိတွင် ထွက်ခွာခွင့်မပြုဘဲ ရန်ကုန်မြစ်အတွင်း ကျောက်ချရပ်နားထားကြောင်း သတင်းရရှိပါသည်။ နစ်မြုပ်ခဲ့သည့် မြန်အောင် သင်္ဘောအား မြန်မာ့ရေနံ ဓာတုလုပ်ငန်းမှ အမြန်ဆုံး ပြန်လည်ဆယ်ယူသွားမည် ဖြစ်ကြောင်းလည်း သတင်းရရှိပါသည်။

Credit: Eleven Media
မြန်အောင်သင်္ဘောနစ်မြုပ်၊စစ်ရေယာဉ်မှ ကယ်ဆယ်ရေးဆောင်ရွက် (3 photos)

No comments: