Wednesday, April 30, 2014

ဦးတေဇ အကြောင်းတစေ့တစောင်း




ဦးတေဇ အကြောင်းတစေ့တစောင်းတေဇ (ဦးတေဇ)သည် အသက် ၅၀ နှစ်အရွယ်ရှိပြီး မြန်မာပြည်၏ ချမ်းသာဆုံးသော ထူးရင်းနှီးမြုပ်နှံ တူးဖေါ်ရောင်းချရေးကုမ္ပဏီနှင့် ကျွန်းသစ် ၊ ဘဏ်လုပ်ငန်း၊ ဟိုတယ်များနှင့် လေကြောင်း ခရီးပို့ဆောင်ရေး မှ အကျိုးမြတ်များစွာ ရရှိနေသော သူ တဦးဖြစ်၏။ ယခင်စစ်အစိုးရနှင့် နီးစပ်သည်ဟု လူသိများသည့် စီးပွားရေးလုပ်ငန်းရှင်ကြီး ဦးတေဇကို ၁၉၆၄ ခုနှစ်တွင် မွေးဖွားခဲ့သည်။ ၎င်းသည် ဗိုလ်ချုပ်ကြီးနေ၀င်း လက်ထက် ရှမ်းကြီးမြင့်ဆွေဟု လူသိများသည့် ဒု ဗိုလ်မှူးကြီးမြင့်ဆွေ၏ ဒုတိယ သားဖြစ်သည်။ ဒဿမတန်း အောင်မြင်ပြီးနောက် စစ်တက္ကသိုလ်သို့ တက်ရောက်ခဲ့သော်လည်း တတိယနှစ်တွင် ပြည်ခရိုင် ကြို့ပင်ကောက်မြို့ ထူး ဆန်စက်ပိုင်ရှင် ဒေါ်ထူး၏ သမီး ဒေါ်သီတာမြင့်နှင့် လက်ထပ်ခဲ့သည်အတွက် စစ်တက္ကသိုလ်မှ ထွက်ခဲ့ရသည်။ ဦးတေဇသည် ကျောင်းမှ ထွက်ပြီးနောက်ပိုင်း ရန်ကုန်မြို့တွင် ပြန်လည်နေထိုင်ကာ စီးပွားရေးလုပ်ငန်းကို စတင် လုပ်ကိုင်ခဲ့ကြောင်း၊ ၁၉၈၈ ခုနှစ် လူထုအုံကြွမှုတွင် ၎င်းလည်းပါဝင် ဆန္ဒပြခဲ့ကြောင်း အဆိုပါ မဂ္ဂဇင်းတွင် ဖော်ပြထားသည်။ “၈၈ ဆိုတာ ကျနော်တို့ မျိုးဆက်လေ။ အဲဒီတုန်းက လမ်းပေါ်ထွက် ဆန္ဒပြခဲ့တာပေါ့” ဟု သူက ဆိုသည်။
၁၉၈၉ ခုနှစ် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်အချ မခံရမီက သွားရောက်ခဲ့သည့် နယ်ခရီးစဉ်များတွင် ၎င်းပိုင် မော်တော်ကားကို ပေးအပ် အသုံးပြုစေခဲ့ကြောင်းလည်း ဦးတေဇက ပြောသည်။ ၁၉၉၄ – ၉၅ ခုနှစ်ခန့်တွင် ရန်ကုန်မြို့ ရွှေတောင်ကြားရပ်ကွက်၌ ထူးကုမ္ပဏီကို တည်ထောင်ကာ ထိုင်း- မြန်မာ နယ်စပ် မြိတ်- ထားဝယ် ဒေသ၌ သစ်ကွက်များကို လေလံဆွဲ၍ သစ်ထုတ်လုပ်ရေးလုပ်ငန်း စတင်လုပ်ဆောင်ခဲ့သည်။
၂၀၀၇ ခုနှစ်တွင်မူ သစ်ထုတ်လုပ်ခြင်း လုပ်ငန်းကို ရပ်ဆိုင်းခဲ့ကြောင်း၊ အဘယ်ကြောင့်ဆိုသော် သဘာဝပတ်ဝန်းကျင် ပျက်ဆီးမှု များပြားလာသည့်အတွက် ထိန်းသိမ်းရန် လိုအပ်လာခြင်းကြောင့်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။ ယခုအခါ ဦးတေဇသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများကို ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ ချင်းပြည်နယ်၊ ကယားပြည်နယ်များတွင် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။ စင်ကာပူနိုင်ငံတွင်သာ အနေများသည့် ဦးတေဇသည် ထူး ကုမ္ပဏီကို တဦးတည်းပိုင်အဖြစ်မှ ကုမ္ပဏီအရာရှိကြီးများကိုပါ ရှယ်ယာ ပိုင်ဆိုင်စေသည့် ကော်ပိုရေးရှင်း သဘော ဖွဲ့စည်းကာ လုပ်ငန်းများကို စိတ်ချရသည့် ၀န်ထမ်းများဖြင့် လွှဲအပ်ထားခဲ့သည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနားယူပြီး နောက်ပိုင်းကာလ သမ္မတ ဦးသိန်းစိန်လက်ထက်တွင် ဦးတေဇတဦးတည်းကို လုပ်ပိုင်ခွင့်များ ချထားပေးခြင်း မရှိတော့ဘဲ၊ တခြားသော စီးပွားရေး လုပ်ငန်းရှင်ကြီးများဖြစ်သည့် အေးရှားဝေါလ် ကုမ္ပဏီပိုင်ရှင် ဦးထွန်းမြင့်နိုင်၊ မက်စ်မြန်မာ ဦးဇော်ဇော်၊ ဦးအောင်ကိုဝင်း၊ ဒေါက်တာကိုကိုကြီး၊ ဒဂုံအုပ်စုမှ ဦးဝင်းအောင် စသည့်လုပ်ငန်းရှင်များကိုပါ လုပ်ငန်းများ ခွဲဝေလုပ်ကိုင်ခွင့်ပြုထားသည်။
“ကျနော်တို့က စီးပွားရေးမှာ တရားသဖြင့် ပြိုင်ဆိုင်ရတာကို သဘောကျတယ်။ အဲဒီလိုမျိုးပဲ ပြိုင်ချင်တယ်” ဟု ဦးတေဇက သတင်းထောက်ကို ဆက်လက်ပြောဆိုသည်။
Forbes မဂ္ဂဇင်း သတင်းထောက်က ထူးကုမ္ပဏီ၏ တနှစ်ဝင်ငွေ၊ အကျိုးအမြတ်၊ ရှယ်ယာအများဆုံး ပိုင်ဆိုင်သည့် ဥက္ကဋ္ဌ တဦး၏ တနှစ်ဝင်ငွေ စသည့် အသေးစိတ်မေးမြန်းချက်များ ကိုမူ ဦးတေဇက ဖြေဆိုရန် ငြင်းဆန်ခဲ့သည်။ ထိုကြောင့် မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းကြီး အများစုသည် ကုမ္ပဏီ၏ ဘဏ္ဍာရေးနှင့် ပတ်သက်၍ ထုတ်ပြန် ကြေညာခြင်း မရှိသကဲ့သို့ လုပ်ငန်းရှင်များအနေဖြင့် ၎င်းတို့ မည်မျှ ချမ်းသာကြွယ်သည်ကိုလည်း ထုတ်ဖော်ပြောဆိုလေ့မရှိကြောင်း အဆိုပါ မဂ္ဂဇင်းတွင် ကောက်ချက်ချ ရေးသားထားသည်။
ပြီးခဲ့သည့် ဧပြီလအတွင်းက ရန်ကုန်မြို့၌ အီတလီသတင်းထောက် တဦးနှင့် တွေဆုံမေးမြန်းခန်းတွင်မူ ၎င်းပိုင်ဆိုင်သည့် ထူး ကုမ္ပဏီသည် တနှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၅၀၀ ခန့် ၀င်ငွေရှိသည်ဟု ပြောဆိုခဲ့ဖူးသည်။ မကြာသေးမီက Wall Street ဂျာနယ်၏ အင်တာနက် စာမျက်နှာတွင်လည်း အရှေ့တောင်အာရှရှိ အချမ်းသာဆုံး ပုဂ္ဂိုလ် ၃၀ ဦး၌ ဦးတေဇသည် အဆင့် ၁၂ တွင်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။
သို့သော် ပြီးခဲ့သည့် မေလအတွင်း ပြည်ပမှ စားအုန်းဆီ တင်သွင်းဖြန့်ဖြူးခွင့်နှင့် ပတ်သက်၍ ဦးတေဇ တဦးတည်းသာ တင်သွင်းခွင့် ပေးထားသည်ကို အစိုးရက ရုတ်သိမ်းခဲ့သည့်နောက်ပိုင်း ဦးတေဇ၏ ဥစ္စာဓန ကြွယ်ဝ ချမ်းသာမှုသည် တဖြည်းဖြည်း ကျဆင်း လာကြောင်း၊ ထိုအတွက် ၎င်းပိုင်ဆိုင်သည့် ဟိုတယ်များကို ရောင်းချနေကြောင်း ရန်ကုန်စီးပွားရေး အသိုင်းအ၀န်းတွင် ပြောဆိုနေသည်။
လက်ရှိ ဦးတေဇပိုင် ထူးကုမ္ပဏီ၌ ၀န်ထမ်းပေါင်း ၄ သောင်းဖြင့် လည်ပတ်နေပြီး ဦးတေဇသည် ၀န်ထမ်းများ၏ အကျိုးခံစားခွင့်ကို အပြည့်အ၀ပေးထားကြောင်း၊ ပထမဆုံး မြန်မာအမျိုးသမီး လေယာဉ်မောင်း တဦးအပါအ၀င် ရာနှင့်ချီသည့် ၀န်ထမ်းကောင်းများကို နိုင်ငံခြား ပညာတော်သင် အပါအ၀င် ခရီးစဉ်များကိုလည်း စီစဉ်ပေးသည့်အတွက် ၀န်ထမ်းများ အကြား နာမည်ကောင်း ရရှိနေကြောင်း သိရသည်။သူ့အား အမေရိကန်ပြည်ထောင်စု အစိုးရမှ ၂၀၀၈ ခုနှစ်ကတည်းကပင် အရေးယူပိတ်ဆို့ရေး နာမည်ပျက်စာရင်း သွင်းထားခြင်းခံရလေသော အကြောင်းမှာ သူသည် နိုင်ငံတကာမှ အောက်လမ်းနည်းများဖြင့် ပြည်သူလူထုအား မတရားဖိနှိပ်ရက်စက် အနိုင်ကျင့် အုပ်ချုပ်ထားသော မြန်မာစစ်အစိုးရအတွက် လက်နက်များ ၀ယ်ယူပေးခဲ့သူဖြစ်လေသည်။ ထိုကြောင့် အမေရိကန်ပြည်ထောင်စု ဘဏ်ဏာငွေ ကွပ်ကဲထိန်းချုပ်ရေး ဌာနမှ အဆိုပါ ဦးတေဇအား မြန်မာစစ်အစိုးရအတွက် စစ်ဘက်ဆိုင်ရာ ရံပုံ ငွေ အလုံးရင်းရှာပေးသူနှင့် လက်နက် ပွဲစားကြီး ဆိုသော ခေါင်းစဉ်အောက်တွင် ထည့်သွင်းသတ်မှတ်ကာ အရေးယူထားလေသည်။သူသည် မြန်မာအစိုးရအနေဖြင့် မြောက်ကိုရီးယား ရုရှားနှင့် တရုတ်တို့မှသာပင် လက်နက်များဝယ်ယူနိုင်သော ကာလ၀ယ်… နိုင်ငံတကာပိတ်ဆို့မှုများကြောင့် ပိတ်ညှပ်အသပ်ရှူကြပ်နေသော အဆိုပါ မြန်မာစစ်အစိုးရအတွက် ဆယ်စုနှစ်များကြာအောင် လက်နက်များဝယ်ယူရာတွင် ထဲထဲဝင့်ဝင့် ပါဝင်ပတ်သက် ကူညီခဲ့သူလဲဖြစ်သည်ဟု သိရသည်။
ထင်ထင်ရှားရှားသာဓကအနေဖြင့် ဆိုရပါမူ..စစ်ဘက်ဆိုင်ရာ အသုံးဆောင်များနှင့် ဝေဟင်မှ ပုံစံအမျိုးမျိုးဖြင့် ပျံသန်း ပစ်ခတ်နိုင်သော ရဟတ်ယာဉ် များအား ၀ယ်ယူရာတွင် ကြားပွဲစားကြီးအနေဖြင့် ဦးတေဇမှ အခိုင်မာ မားမားမတ်မတ် ဆောင်ရွက်ခဲ့လေသည်။“န၀တ လို့ခေါ်တဲ့  ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့က 1988 အာဏာသိမ်းပြီး စတက်တက်လာခြင်းမှာ ခြူးငွေးတပြားမှမရှိပါဘူး၊ ဒါနဲ့ သစ်တော်တော်များများကို ချက်ခြင်းခုတ်လှဲပြီး စရောင်းကာ ငွေရှာတော့တာပါပဲ၊ ဒါကြောင့် အဲဒီငြိမ်ပိအစိုးရအဖွဲ့က တေဇနဲ့ ဆက်ဆပ်လာရပါတယ်” ဟု ထောက်လှမ်းရေးဗိုလ်မှူးအောင် ဦးအောင်လင်းထွဋ်မှာ ပြောပါသည်။မြန်မာ့လေတပ်က ရုရှားမှ ဖန်တီးတပ်ဆင်ထားသော ဥရောပ နိုင်ငံများ ၊ အမေရိကန်နှင့် တရုတ်တို့၏ အရည်သွေး တန်တူလောက်ရှိသည့် ချေမှုန်းရေး ရဟတ်ယာဉ်များ နှင့် မိုင်ကိုယန် အမ်အိုင်ဂျီ ၂၉ ဂျက်တိုက်လေယာဉ်တွေနဲ့ လောလောဆယ်မှာ လူရာဝင်အောင် တေဇ၏ ကြားပွဲစား ၀င်ရောက်ဆောင်ရွက်မှုဖြင့် တပ်ဆင်ထားကြပါတယ်။ ထိုတင်မက မြန်မာ့တပ်မတော်တွင် ကောင်ကင်းတာဝေးပစ် ရုရှားလုပ်ဒုံးကျဉ်နည်းစနစ်နှင့် အမြောက်များ လည်းရှိတာကတော့ လူတိုင်းသိလောက်ပါတယ် ရုရှားနိုင်ငံထုတ် မီဒီယာ ဗရာဗိုရာ သတင်းစာတွင် အလွန်ဆင်းရဲမွဲတေနေသော မြန်မာနိုင်ငံမှ ရုရှားထံတွင် အမေရိကန်ဒေါ်လာ သန်းပေါင်း ၆၀၀ ဖိုးမျှ အကုန်ကျခံကာ ရုရှားလုပ် အဆိုပါ အမ်အိုင်ဂျီ ဂျက်တိုက်လေယာဉ်အစင်းပေါင်း ၂၀ အား ၀ယ်ယူခဲ့ကြောင်း နိုင်ငံတကာသို့ ကြွားလုံးထုတ်ပြီး ရုရှားလက်နက်များ အရောင်းသွက်ကြောင်း ရေးသားထားဘူးလေသည်။လွန်ခဲ့သော နှစ် (၂၀၁၂)တွင် နေပြည်တော်မှ နှစ်ပေါင်း ၆၀ ထက်မနည်း တော်လှန်ပုန်ကန်နေကြသော တိုင်းရင်းသား သူပုန်အဖွဲ့စည်းများ အထူးသဖြင့် ကေအိုင်အေ ကချင် လွန်မြောက်ရေး တပ်မတော် နှင့် ၄င်း၏ အပေါင်းပါ မဟာမိတ်များအား ပြင်းပြင်းထန်ထန် အမြစ်ပြတ်ချေမှုန်းရန် ကြိုးစားခဲ့သည်။ ထိုသို့ဖြင့် မြန်မာ့ စစ်ဘက်ဆိုင်ရာ အုပ်စုမှ မြန်မာစစ်တပ်၏ စေခိုင်းညွန်ကြားမှုအောက်တွင် နယ်စပ်ဒေသ လုံခြုံရေးတပ်ဖွဲ့အနေဖြင့် မရပ်တည်သော အပစ်ခတ်ရပ်စဲထားသည့် သူပုန်အဖွဲ့များအား သိသာမြင်သာအောင် ခင်းကျင်းပြသသည့်အနေဖြင့် လေကြောင်း စစ်ဆင်ရေးများ ပြုလုပ်ပြခဲ့လေသည်။ သို့ရာတွင် ကံမကောင်းအကြောင်းမလှပဲ မြန်မာ တပ်မတော်မှ ဆင်နွဲခဲ့သော ရုရှားမှ တင်ပို့ထားသည့် ညံ့ဖျင်းသော လက်နက် ကရိယာ တည်ဆောက်မှု နည်းပညာကြောင့် လေကြောင်း တိုက်ခိုက်မှုများသည် အသုံးမ၀င်ပဲ အလဟသ အချီးနှီးဖြစ်ခဲ့ရသည်။ဲမြန်မာ အာဏာရှင်မှာ ကြီးကြီးမားမားပင် အရေးပေါ် လက်နက်များအား ရုရှားမှ ၀ယ်ယူရခြင်းအကြောင်းမှာ ၂၀၀၁ခုနှစ် ထိုင်းနိုင်ငံနှင့်ဖြစ်ပွားသော နယ်စပ်ပြသနာတွင် အရေးနှိမ့်သွားရသောကြောင့်ဖြစ်ပြီး တရုတ်နိုင်ငံမှ စီးပွားရေးဆိုင်ရာ ကိစ္စများဆိုသော မျက်နှာဖုံးစွပ်ဖြင့် မြန်မာနိုင်ငံသို့လာရောက်ခဲ့သော ဒုတိယသမ္မတ စင်ကျန်ပင်း လာရောက်လည်ပတ်ပြီး တရုတ်ပြည်မှ ဂျက်လေယာဉ်များ ၀ယ်ယူမည့်အစား ရုရှား စစ်တိုက်လေယာဉ် အမ်အိုင်ဂျီ ၂၉ များအား တေဇအား စေလွှတ်ကာ ၀ယ်ယူခိုင်းခဲ့ခြင်းဖြစ်ပါသည်။ရန်ကုန်စီးပွါးရေးအသိုင်းဝိုင်းမှ ပြောဆိုသတင်းပေးချက်အရဆိုလျင် ဦးတေဇသည် ၂၀၁၃ ခုနှစ် ဇွန်လတွင် မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် ရုရှားသို့သွားသော ခရီးစဉ်နှင့် ချိန်ကိုက်ကာ ရုရှားသို့ သွားရောက်ခဲ့၏။ မြန်မာ့ ကာကွယ်ရေးဦးစီးချုပ်မှ မော်စကိုသို့ သွားရောက်ကာ မပြီးပြတ်သေးသော မြန်မာစစ်အစိုးရလက်ထက်မှ လက်နက် ၀ယ်ယူရန်ချုပ်ဆိုထားသည့် ကိစ္စရပ်များအား သွားရောက် အဆုံးသတ် ဖေါင်ပိတ်ရန်ဖြစ်လေ၏။
အကြောင်းမှ ရုရှားမှ ဦးတေဇ၏ အစီစဉ်ဖြင့် ၀ယ်ယူလာခဲ့သော လက်နက်များသည် အမှန်တကယ် စစ်ပွဲများအတွင်း ထိရောက်မှု မရှိပဲ အလဟသ ဖြစ်သွားရသော မြန်မာ့ တပ်မတော်၏ ကချင်ပြည်နယ် စစ်ဆင်ရေးကြောင့်ဟု သိရသည်။ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၁၃ ခုနှစ် ဂျွန်လ ၂၃ ရက်မှ ၂၉ ရက်နေ့ထိ ရုရှား ကာကွယ်ရေးဝန်ကြီး ဆာဂေရှိုဂူး၏ ဖိတ်ကြားချက်အရ သွားရောက်ကြောင်း ဖေါ်ပြထားလေသည်။မြန်မာ့ကာချုပ်မှ သံသယဖြင့် မော်စကိုမြို့တော် အနီးတွင်ရှိသော ဂျေအစ်စီ အာအေစီ မစ် ဟုခေါ်သော ရုရှားတိုက်လေယဉ် များတည်ဆောက်သော စက်ရုံသို့ သွားရောက်ကြည့်ရှု့ခဲ့ပြီး ရုရှားမှ ထပ်မံအဆင့်မြင့်ထားသည်ဟုဆိုသော မစ် ၂၉ တိုက်လေယာဉ်အား စမ်းသပ်ပျံသန်းပြခဲ့ကြောင်း မြန်မာ အလင်းသတင်းစာတွင် တရားဝင် ရေးသားဖေါ်ပြထားခဲ့လေသည်၊ရန်ကုန်တွင် ရှိနေကြသော သံတမန်အသိုင်းဝိုင်းမှ လက်ရှိကာကွယ်ရေးဦးစီးချုပ်မင်းအောင်လှိုင်သည် ယခင်က ဦးတေဇအား အသုံးပြုကာ ချုပ်ဆိုထားခဲ့သော မြန်မာ့ စစ်အစိုးရ၏ မြောက်ကိုရီးယား တရုတ်နှင့် ရုရှားတို့မှ လက်နက်ဝယ်ယူရေး သဘောတူညီချက်စာချုပ်များအား အဆုံးသတ်ရှင်းလင်းရန် ကြိုးစားနေကြောင်း ကို ပြောဆိုနေကြပါသည်။ဦးတေဇမှ ပွဲစားလုပ်ကာ မြန်မာ အစိုးရအတွက် အမေရိကန်ဒေါ်လာ သန်းပေါင်း (၉)ထောင်ကျော်မျှတန်ဖိုး၇ှိသည့် ၀ယ်ယူထားပေးသော လက်နက်စာရင်းအား အောက်ပါအတိုင်း တွေ့မြင်နိုင်ပါသည်။
MAJOR ARMS SALES TO THE REGIME SINCE 1988
Supplier Year(s) of delivery Weapon description
Bulgaria 1999 100 Igla-1/SA-16 Gimlet portable
1995 50 WZ-121/Type-69 tanks
1995-1997 50 C-801/CSS-N-4/Sardine anti-ship missiles
1995-1997 6 Houxin/Type-037/1G missile boats
1997-1998 24 A-5C Fantan fighter/ground attack aircrafts
1998-1999 12 F-7M Airguard fighter aircrafts
1998-1999 40 PL-2A short range air to air missiles
1998-1999 40 PL-5B short range air to air missiles
1998-2002 5 Type-76 37mm naval gun turrets
1999 12 K-8 Karakorum-8 trainer/combat aircrafts
2001-2003 3 small armed warships
2002-2003 5 Rice Lamp fire control radars
2004-2005 3 Type-344 fire control radars
2004-2005 24 C-801/CSS-N-4/Sardine anti-ship missiles
2004-2007 8 AK-230 30mm naval guns
Germany 2003 10 Diesel engines
India 2006 2 BN-2 Islander helicopters (Number may be 4, including 2 BN-2 MP version)
2006 10 105mm light towed guns
2006 10 mine protected vehicles
2006 10 T-55 tanks
Italy 2001-2003 3 Compact 76mm naval guns
N. Korea 1999 16 Type-59-1 130mm towed guns
Poland 1990-1992 22 Mi-2/Hoplite helicopters
1991 13 W-3 Sokol helicopters
Russia 1995 7 Mi-8/Mi-17/Hip-H helicopters
1997 5 Mi-8/Mi-17/Hip-H helicopters
2001-2002 20 MiG-29S/Fulcrum-C Jet fighter aircrafts
2001-2002 60 R-73/AA-11 Archer short range air to air missiles
2002 30 R-27/AA-10 Alamo beyond visual range air to air missiles
2006 100 D-30 122mm towed guns
Serbia
2001 18 M-56 105mm Towed guns
2001 36 M-101A1 105mm Towed guns
2004 36 M-56 105mm Towed guns
2006 5 B-52 NORA 155mm Self-propelled guns
Ukraine 1999 12 AI-25/DV-2 turbofans
2002 14 T-72 tanks
2003 10 R-27/AA-10 alamo beyond visual range air to air missiles
2003 1 ST-68U/Tin Shield air surveillance radar
2003 10 BTR-3U Guardian Infantry Fighting Vehicles (Number may be up to 1000; possibly assembled from kits in Burma)
2007 10 MT-LB armored personnel carriers ( by MYUTSAWMYIT blogs )

‘အာရဖတ်ခေါင်းပေါင်း ပေါင်းကြမလား’

အာရဖတ်ရဲ့အတွေးအခေါ်ဟာမြန်မာနိုင်ငံကိုစစ်ကျွန်ဘဝကလွတ်ချင်ရင်ထားရမဲ့စိတ်မျိုးမို့အများလေ့လာနိုင်အောင်ရှယ်ပေးလိုက်တယ်။

































“အမှတ်တရများ…”
‘အာရဖတ်ခေါင်းပေါင်း ပေါင်းကြမလား’
၁၉၉၉ ခုနှစ်လောက်ကလား မသိ။ တရက်မှာ ABSDF ကျောင်းသားအဖွဲ့ဥက္ကဌ ကိုမိုးသီးဇွန် နော်ဝေးကိုရောက်လာတာနဲ့ အော်စလိုလေဆိပ်မှာ ကျနော် သွားကြိုပါတယ်။ ကိုမိုးသီးဇွန်က နော်ဝေအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံတကာ NGO အဖွဲ့တွေနဲ့ မဟာမိတ်ဆက်ဆံရေးအတွက် တွေ့ဖို့လာတာပါ။
အော်စလို လေဆိပ်ကို ကျနော်ရောက်တော့၊ လားလား။ အောင်မယ်လေး။ ကိုမိုးသီးတယောက်။ (ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ခေါင်းဆောင်) ယာဆာအာရဖတ်ခေါင်းပေါင်းကြီးပေါင်းလို့။ သူမို့လို့ ကြံကြီးစည်ရာဗျာ။ (ပြောမယ့်သာပြောရတယ်။ ကိုမိုးသီးက အဲဒီလို စွတ်စက်လုပ်တတ်တာကလား။) ကျနော် မျက်စိမျက်နှာပျက်နေတာကိုတွေ့တော့ ကိုမိုးသီးက…
“ဘာဖြစ်နေတာလဲ…”
“အဲဒါကြီး…”
ကျနော်လည်း အဲဒီအာရဖတ်ခေါင်းပေါင်းကြီးကို လက်ညှိုးထိုးပြလိုက်တယ်။ ဘေးဘီလည်း ကြည့်ရင်းပေါ့။ ရှက်လိုက်တာ။
“ဘာဖြစ်လဲ”
“သေတော့မှာပဲ။ ဒီပုံနဲ့ဆို မင်းကို ပုလိပ်ဖမ်းလိမ့်မယ်”
“ဖမ်းဖမ်းပေါ့။ သောက်ဂရုစိုက်လို့”
ကျနော်လည်း ဘေးဘီဝဲယာ မလုံမလဲမျက်နှာနဲ့ ကြည့်ပြီးရင်းကြည့်။ မျက်နှာကလည်း အတော့်ကို ပူလှနေပါပြီ။
“မဟုတ်ဘူး။ မဟုတ်ဘူး။ ငါပြောချင်တာက။ ဒီလို။ ခဏနေဦး။ ခဏ။ ဒီလို။ ဟာ…နေဦး၊ အော်စလိုကို မင်း ဘာလာလုပ်တာလဲ။ ရည်ရွယ်ချက်ကို ပြောတာ…ရည်ရွယ်ချက်၊ ရည်ရွယ်ချက်”
“ဟ…သောက်ပိုက်ဆံတောင်းဖို့ပေါ့ဟ။ မသာရ”
“အေး…ဒီခေါင်းပေါင်းကြီးနဲ့ဆိုရင် မင်း သောက်ဆံတစ်ပြားမှ ရမှာ မဟုတ်ဘူး”
“မရ ဘာဖြစ်တုန်း”

ဒါပေမယ့် အော်စလိုရောက်ပြီးနောက်ပိုင်း တစ်ရက်နှစ်ရက်လောက်လားမသိမှာ ရဲဘော်မိုးသီးတယောက် အာရဖတ်ခေါင်းပေါင်းချွတ်ပါတယ်။ အော်စလိုကနေ ပိုက်ဆံတချို့လည်း ရသွားပါတယ်။ တောထဲက ရဲဘော်တွေအတွက်ပါ။
ကိုမိုးသီးနဲ့ဆက်စပ်ပြီး အဲဒီတုန်းက ကျနော်စဉ်းစားဖြစ်တာ တစ်ခုရှိပါတယ်။ ‘အာရဖတ်ခေါင်းပေါင်း’ ပေါင်းရုံနဲ့တော့ အာရဖတ်မဖြစ်ပါ။ ကိုယ့်သွေးထဲမှာ အာရဖတ် ဝင်မစီးပါ။ သိုးဆောင်းတွေပြောနည်းကားအရဆိုရင် အာရဖတ်ဟာ အာရဖတ်ဖြစ်မှပဲ အာရဖတ်ဖြစ်ပါလိမ့်မယ်။ ဒါဆို အာရဖတ်က ဘာပါလိမ့်။ ဒီလိုစဉ်းစားရင်းနဲ့ ကိုမိုးသီးတယောက် ပြန်သွားတော့ တနေ့ အာရဖတ်ကို ကျနော် ဘွားကနဲ တွေ့လိုက်ရပါတယ်။ အော်စလိုဒီဗွီဘီစာအုပ်စဉ်မှာပါ။ စာအုပ်ထဲမှာပါ။ အီတာလျံသူ သတင်းစာဆရာမ ဒေါ်ဖဲလ်လက်ချာ(Oriana Fallaci)ကနေတဆင့်ပါ။ ကြာပါပြီ။ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က။ Fallaci ရဲ့ ‘ရာဇဝင်နှင့်အင်တာဗျူးခြင်း (Interview With History)’။ (တချို့မူတွေမှာတော့ ‘အာဏာနဲ့အင်တာဗျူးခြင်း၊ သမိုင်းနဲ့စကားပြောခြင်း’ စသဖြင့်လည်း တွေ့ရပါတယ်)။ Fallaci ရဲ့အင်တာဗျူးတွေကို ကမ္ဘာ့ဘာသာပေါင်းများစွာနဲ့လည်း ပြန်ဆိုပြီးနေပါပြီ။ ကျနော်တွေ့တဲ့အင်္ဂလိပ်ဘာသာပြန်စာအုပ်က ၁၉၇၆ ခုနှစ်ထုတ်။ (တကယ်တော့ အင်္ဂလိပ်လိုဆိုရင် Fallaci က ဖဲလက်စီလို့ အသံထွက်ရမယ်မဟုတ်လား။ ဖဲလ်လက်ချာဖြစ်သွားရတာကတော့ အီတာလျံအသံထွက်ကြောင့်ပါ)။
Fallaci ဗျူးခဲ့သူတွေက အဲဒီကာလတွေတုန်းက ကမ္ဘာမှာ ဘုန်းမီးနေလအတောက်ပဆုံး ထိပ်တန်းကမ္ဘာ့ခေါင်းဆောင်ကြီးတွေ၊ ကမ္ဘာတရိုး နာမည်ဟိုးဟိုးကျော်သူတွေပါ။ ဥပမာ..Dalai Lama, the Shah of Iran, Ayatollah Khomeini, Henry Kissinger, Yasir Arafat, Indira Gandhi, Golda Meir, Nguyễn Văn Thiệu, Lech Walesa… စသူစသူတွေ။ “…အင်တာဗျူးခဲ့သမျှထဲမှာ ဖဲလ်လက်ချာနဲ့ အင်တာဗျူးခဲ့မိတာလောက် ကံဆိုးမိုးမှောင်ကျတာ မကြုံဖူးဘူး”လို့ ကမ္ဘာ့နိုင်ငံရေးနယ်ကို ကိုင်လှုပ်ဖူးသူ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ကစ်ဆင်းဂျားကြီးတစ်ယောက် ငြီးဖူးပါတယ်။ (ဗမာလိုတည့်ပြောရင်တော့ “ဘဝမှာ ဒီကောင်မနဲ့ ဗျူးမိတာ ငါးပါးကိုမှောက်တော့တာပဲ” လို့ ဖြစ်မလား မပြောတတ်ပါ။)
ကျနော် အော်စလိုမှာ တွေ့ခဲ့တဲ့အာရဖတ်အကြောင်း ဆက်ချင်ပါတယ်။ Fallaci နဲ့ Arafat အင်တာဗျူးပါ။ လွန်ခဲ့တဲ့ ၁၅ နှစ်၊ ၁၉၉၉ ခုနှစ်တုန်းက ကျနော်ဘာသာပြန်ခဲ့တာပါ။ မူရင်းစာအုပ် ပြန်ရှာတာ မတွေ့တော့တာနဲ့ ပြန်မစစ်လိုက်နိုင်ပါ။ ဘာသာပြန်ခဲ့စဉ်တုန်းကလည်း အာရဖတ်နဲ့ဖဲလ်လက်ချာတို့ရဲ့ အင်တာဗျူးအတတ်ပညာ၊ ယုံကြည်ချက်တစ်ရပ်ရဲ့ ပြင်းအား ညှို့အား၊ အဲဒီနောက်ကွယ်က သူတို့နှစ်ယောက်ရဲ့ စရိုက်သဘာဝခွန်အားနဲ့ လိုရင်းအချက်တွေကိုသာ အဓိကထုတ်နှုတ်ပြန်ခဲ့တာပါ။ (ဖဲလ်လက်ချာက အင်မတန် လျှာရှည်ပါတယ်။ အဲဒီလျှာနဲ့ပဲ သေပါတယ်။)
အာရဖတ်(Yasir Arafat, Yasser Arafat) ကို ဖဲလ်လက်ချာ ဗျူးတုန်းက ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့တပ်တွေနဲ့ အစ္စရေးလ်တပ်တွေ အကြီးအကျယ် လုံးထွေးတိုက်နေကြချိန်ပါ။ အာရဖတ်ကလည်း သူ့လုံခြုံရေးအရ အင်တာဗျူးတွေ မပေးချိန်။ ဒီကြားတည်းကမှ မရ ရအောင် အာရဖတ်ရဲ့လျှိ့ဝှက်ဌာချုပ်ကို အရောက်သွားပြီး ဖဲလ်လက်ချာက ဒီအင်တာဗျူးကို လုပ်ခဲ့တာပါ။ လွန်ခဲ့တဲ့ ၄၂ နှစ်။ ၁၉၇၂ ခုနှစ်၊ မတ်လ။ ပါလက်စတိုင်းလျှိ့ဝှက်ဌာနချုပ်။ ဂျော်ဒန်နိုင်ငံ။ ‘အဘူအမ်မာ’ဆိုတာက အာရပ်ယဉ်ကျေးမှုအရ ယာဆာအာရဖတ်ကို လေးစားသမှုနဲ့ ခေါ်ဝေါ်တာပါ။
ဟုတ်ကဲ့။ ကမ္ဘာကျော်နှစ်ယောက် တွေ့ကြပါပြီ။ ကစ်ဆင်းဂျားကြီးရဲ့‘ကမ္ဘာကြည့်မျက်မှန်ကြီး’ကို ဆွဲချွတ်ခဲ့သူ Fallaci က Arafat ကို ခုလို စမေးပါတယ်။ (အမှန်က ‘အာရဖတ်ခေါင်းပေါင်း’ကို ဆွဲချွတ်ကြည့်တာပါ။ ရလေမလားပေါ့။)
ဖဲလ်လက်ချာ မေး။ ။ အဘူအမ်မာ။ ရှင့်အကြောင်း လူတွေ ပြောပြောကြလွန်းတယ်။ ဒါပေမယ့် ဘာမှ မသိရသလောက်ပဲ။ ရှင့်အသက် ဘယ်လောက် ရှိပြီလဲ။ လူတွေ အမျိုးမျိးပြောနေကြလွန်းလို့။
အာရဖတ် ဖြေ။ ။ နိုး။ ကိုယ်ရေးကိုယ်တာတွေ မမေးနဲ့။
ဖဲလ်လက်ချာ။ ။ အဘူ အမ်မာ။ ရှင့်အသက်မေးရုံပဲ ကျမမေးတဲ့ဟာ။ ရှင်က မိန်းမမှ မဟုတ်တာ၊ ဖြေနိုင်ရမှာပေါ့။ (မိတ်ဆွေသိတဲ့အတိုင်း အနောက်ယဉ်ကျေးမှုမှာက မိန်းမတစ်ယောက်ကို အသက်သွားမေးမိရင် ပြဿနာ တက်တတ်တယ်၊ ရိုင်းရာကျသွားတယ်မဟုတ်လား။ ယောက်ျားဆို ကိစ္စမရှိ။ Fallaci က အဲဒါကို ကိုင်တာပါ။)
အာရဖတ်။ ။ ကျုပ် ပြောပြီးပြီကော။ ကိုယ်ရေးကိုယ်တာမေးခွန်းတွေ ‘နိုး’လို့။
မေး။ ။ အဘူအမ်မာ။ ရှင့်အသက်လောက်တောင်မှ ရှင်မပြောချင်ရင် ဘာလို့ တစ်ကမ္ဘာလုံးက အာရုံစိုက်အောင် အမြဲတမ်း ရှင်လုပ်နေတာလဲ။ ပါလက်စတိုင်းခေါင်းဆောင်အဖြစ် ဘာလို့ ကမ္ဘာကို မြင်ခိုင်းနေတာလဲ။
ဖြေ။ ။ ကျုပ် ခေါင်းဆောင်မဟုတ်ဘူး။ ခေါင်းဆောင်လည်း မဖြစ်ချင်ဘူး။ ကျုပ် ကျိန်ရဲတယ်။ ကျုပ်ဟာ ဗဟို ကော်မတီဝင်တစ်ယောက်လောက်ပဲ။ အများကြီးထဲက တစ်ယောက်။ ကျုပ်ကို ခေါင်းဆောင်လို့ပြောတာကိုက တကယ့် အမှားကြီးပဲ။ ပါလက်စတိုင်းလွတ်မြေက်ရေးလှုပ်ရှားမှုမှာ တစ်ဦးချင်းခေါင်းဆောင်ဆိုတာ မရှိဘူး။ စုပေါင်းခေါင်းဆောင်မှုပဲ ရှိတယ်။ ဒါဟာ ခေတ်သစ်အတွေးအခေါ်လည်းဖြစ်သလို တိုက်ပွဲဝင်နေသူအများစုကြီးအပေါ်မှာ အမှား မကျူးလွန်မိစေဖို့အတွက်လည်း ဟုတ်တယ်။ ကျုပ်သာသေသွားရင် ကျုပ်အသက်တွေ ဘာတွေ မင်းစိတ်ဝင်စားမှာ မဟုတ်ပါဘူးကွာ။
မေး။ ။ ရှင့်ရဲဘော်တွေက ရှင်သေမှာကို လက်ခံနိုင်ကြမှာ မဟုတ်ပါဘူး။ ရှင် ‘ရှင်’နေတာက ပို အသုံးဝင်လိမ့်မယ်လို့ သူတို့ကယူဆနေကြတာ။
ဖြေ။ ။ နိုး…။ ကျုပ်အနေနဲ့ ရှင်နေတာထက်စာရင် သေတာက အများကြီး ပို အသုံးဝင်ရင်ဝင်မှာပေါ့။ ကျုပ်သေတာက (ပါလက်စတိုင်း)တော်လှန်ရေးကို အများကြီး အထောက်အပံ့ ပြုနိုင်ပါလိမ့်မယ်။ ကျုပ် အချိန်မရွေးသေနိုင်တာပဲ။ ခုည၊ မနက်ဖန်၊ အချိန် မရွေး။ ကျုပ်သေသွားရင် တော်လှန်ရေးအတွက် ကံဆိုးမိုးမှောင်ကျစရာ မရှိပါဘူး။ တခြားတစ်ယောက်က ကမ္ဘာအနှံ့သွားပြီး (ကျုပ်တို့ရဲ့) အယ်လ်ဖာတာအဖွဲ့ကို ကိုယ်စားပြုလိမ့်မယ်။ စစ်ပွဲတွေကို ဆက် ညွှန်ကြားလိမ့်မယ်။ မင်းထင်သလို ငါ့အသက်ကို ငါ ‘မွေး’မနေပါဘူး။
မေး။ ။ (ဂျော်ဒန်နဲ့ အစ္စရေးလ်) နယ်စပ်ကိုဖြတ်ပြီး အစ္စရေးလ်နယ်မြေထဲကို ရှင် နှစ်ကြိမ်ဝင်ဖူးတယ်လို့ အစ္စရေးလ်တွေက ပြောတယ်။ ကြားဖြတ်ခြုံခိုအတိုက်ခံရမယ့်ကြားထဲကမှ ရှင်လွတ်သွားတာတဲ့။ ဒါမျိုးလုပ်နိုင်သူဟာ တကယ်စွမ်းတဲ့လူမှတဲ့။ သူတို့ကပြောကြတယ်။
ဖြေ။ ။ အစ္စရေးလ်လို့ မင်းတို့ခေါ်နေတဲ့နေရာက (တကယ်က) ငါတို့ ‘အိမ်’ပဲ။ ငါ အစ္စရေးလ်မှာမနေဘူး။ ‘ငါ့အိမ်’မှာပဲ ငါနေတယ်။ အစ္စရေးလ်နယ်မြေထဲကို ငါဝင်ဖူးတာ နှစ်ကြိမ်မကပါဘူး။ ငါဝင်ချင်တဲ့အချိန် ဝင်တာပဲ။
မေး။ ။ အဘူအမ်မာ။ ပါလက်စတိုင်းတော်လှန်ရေး(အောင်မြင်ဖို့က) ဘယ်လောက်ကြာမှာလဲ။ ဘယ်လောက်ကြာကြာ ရှင်တို့က ခုခံနိုင်စွမ်းရှိမှာလဲ။
ဖြေ။ ။ အဲဒီလိုအတွက်အချက်မျိုး ကျုပ်တို့ စိတ်မဝင်စားဘူး။ ရေရှည်…။ သိပ်ကို ရေရှည်ကြာမယ့်စစ်ပွဲအတွက် ကျုပ်တို့ အခုမှ စ ပြင်နေရုံရှိသေးတယ်။ ပါလက်စတိုင်းလွတ်မြောက်ရေးစစ်ပွဲဟာ မျိုးဆက်အဆက်ဆက် ကြာရင်လည်း ကြာမယ်။ ကျုပ်တို့ဟာ အဲဒီတိုက်ပွဲရဲ့ ပထမမျိုးဆက်ပဲ။ အခု အယ်လ်ဖာတာအဖွဲ့ ဖွဲ့ပြီးကတည်းက ကျုပ်တို့အင်အားတွေ တအားတိုးလာပြီ။ မင်းကမေးတယ်။ ကျုပ်တို့ ဘယ်လောက်ကြာကြာ ခုခံနိုင်မှာလဲတဲ့။ ဒီမယ်…မင်းမေးခွန်း မှားနေပြီ။ မင်းမေးရမှာက အစ္စရေးလ်တွေက ငါတို့ကို ဘယ်လောက်ကြာကြာ ခုခံနိုင်မှာလဲလို့ မေးရမှာ။ ငါတို့အိမ်တွေကို ငါတို့ ပြန်မယ်။ အစ္စရေးလ်ဆိုတဲ့ကောင်တွေကို ကိစ္စတုံးပြစ်မယ်။ အဲဒီလိုမဖြစ်မချင်း စစ်ပွဲကို ငါတို့ မရပ်ဘူး။ အာရပ်ကမ္ဘာရဲ့ သွေးစည်းညီညွတ်မှုနဲ့ အဲဒီလိုဖြစ်လာလိမ့်မယ်။
မေး။ ။ အဘူအမ်မာ။ အာရပ်ကမ္ဘာတို့ အာရပ်ညီညွတ်ရေးတို့အကြောင်း ရှင် အမြဲပဲပြောတယ်။ ဒါပေမယ့် ရှင်အသိပဲ။ ပါလက်စတိုင်းတွေဘက်က စစ်ဝင်တိုက်ပေးဖို့အတွက် အာရပ်နိုင်ငံတွေအားလုံးက အဆင့်သင့်ရှိနေကြတာမဟုတ်ဘူး။ ငြိမ်းချမ်းရေး သဘောတူညီချက်ကိုပဲ သူတို့မျှော်လင့်နေကြတာ။ ဖြစ်နိုင်တာကလည်း အဲဒါပဲ။ နာဆာလည်း အဲဒီလိုပဲ ပြောတာပဲ(အီဂျစ်သမ္မတ Nasser)။ အဲဒီ ငြိမ်းချမ်းရေးသဘောတူညီချက်ဖြစ်လာဖို့ ရုရှားကလည်း မျှော်လင့်နေတယ်။ ရှင် ဘယ်လိုသဘောရသလဲ။
ဖြေ။ ။ ကျုပ်တို့ လက်မခံဘူး။ ဘယ်တော့မှ လက်မခံဘူး။ ဘယ်တော့မှ။ ပါလက်စတိုင်းနိုင်ငံကိုပြန်ရတဲ့အထိ အစ္စရေးလ်တွေကို ကျုပ်တို့ဖာသာ ဆက်တိုက်မယ်။ အစ္စရေးလ်တွေနိဂုံးချုပ်သွားဖို့က ကျုပ်တို့ရဲ့ အန္တိမရည်ရွယ်ချက်ပဲ။ စေ့စပ်ပြေအေးတာတွေ ညှိနှိုင်းတာတွေ အလိုမရှိဘူး။
မေး။ ။ ချုံ့ပြောရရင် လူတိုင်းမျှော်လင့်တောင့်တနေတဲ့ ငြိမ်းချမ်းရေးကို ရှင် မလိုလားဘူးပေါ့။
ဖြေ။ ။ ငြိမ်းချမ်းရေးကို ကျုပ်တို့ မလိုချင်ဘူး။ အောင်ပွဲပဲ လိုချင်တယ်။ ကျုပ်တို့အတွက် ငြိမ်းချမ်းရေးဆိုတဲ့အဓိပ္ပာယ်ဟာ အစ္စရေးလ်တွေကို ဖျက်ဆီးချေမှူံးပြစ်နိုင်ရေးကို ပြောတာ။ တခြား ဘာမှမဟုတ်ဘူး။ မင်း ပြောနေတဲ့ငြိမ်းချမ်းရေးဆိုတာမျိုးက အစ္စရေးလ်တွေအတွက် ငြိမ်းချမ်းရေး၊ နယ်ချဲ့တွေအတွက် ငြိမ်းချမ်းရေးပါကွာ။ ငါတို့အတွက်တော့ အဲဒါ မတရားပါဘူး။ ရှက်စရာ။ အောင်ပွဲမရမချင်း ငါတို့ ဆက်တိုက်မယ်။ ဆယ်နှစ်ကြာရင်ကြာမယ်။ လိုအပ်ရင် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက်။ ဆက်တိုက်မယ်။
မေး။ ။ လက်တွေ့ကျစမ်းပါ အဘူအမ်မာရယ်။ ရှင်တို့တပ်တွေ အခုစွဲထားတာက ဂျော်ဒန်မှာ၊ လက်ဘ်နွန်မှာ။ လက်ဘ်နွန်က စစ်တိုက်ချင်စိတ် မရှိသလောက်ပဲ။ ဂျော်ဒန်ကလည်း စစ်ပွဲတွေကနေ ထွက်ချင်နေပြီ။ ဆိုပါတော့…အဲဒီနိုင်ငံတွေက ငြိမ်းချမ်းရေးသဘောတူညီချက်တို့၊ ငြိမ်းချမ်းရေးစကားပြောဖို့တို့ ဆုံးဖြတ်လိုက်ပြီဆိုပါတော့။ သူတို့မြေပေါ်ကနေ အစ္စရေးလ်တွေကိုတိုက်နေတာ လက်မခံတော့ပဲ ဟန့်တားဖို့ဆုံးဖြတ်လိုက်ပြီဆိုပါတော့။ အဲဒီလိုမျိုး အရင်ကလဲ ဖြစ်ဖူးပြီးပြီ။ ရှေ့လည်းဖြစ်လာဦးမယ်။ အဲဒီလို ဖြစ်လာရင် ရှင်တို့ပါလက်စတိုင်းတွေ ဘာလုပ်မလဲ။ လက်ဘ်နွန်နဲ့ ဂျော်ဒန်ကို ရှင်တို့ စစ်ကြေညာမှာလား။
ဖြေ။ ။ ‘ဖြစ်လာရင်’ တို့၊ ‘ဖြစ်လာခဲ့သည်ရှိသော်’ တို့ ဘာတို့ ဆိုတဲ့အတွက်အချက်တွေပေါ်မှာ ကျုပ်တို့ စစ်တိုက်နေတာ မဟုတ်ဘူး။ ကျုပ်တို့ဘာလိုချင်တယ်ဆိုတာကို ဆုံးဖြတ်ဖို့က ကျုပ်တို့အာရပ်တွေအလုပ်ပဲ။ ငြိမ်းချမ်းရေး လုပ်ချင်လည်းလုပ်မယ်၊ စစ်တိုက်ချင်လည်း တိုက်မယ်။ ကျုပ်တို့ကတော့ စစ်ဆက်တိုက်မယ်။ ပြီးရင် ‘အိမ်’ ပြန်မယ်။ ကျုပ်တို့ကို ထောက်ခံသူတွေရှိတယ်၊ မထောက်ခံသူတွေရှိတယ်။ ဒါပေမယ့် အယ်လ်ဖာတာကို ငါတို့ဖွဲ့လိုက်နိုင်တာဟာ အမှောင်တကာ့အမှောင်ထဲမှာ ဖယောင်းတိုင်တစ်တိုင် ထွန်းညှိလိုက်တာပဲ။ အခု ဖယောင်းတိုင်တွေအများကြီး ဖြစ်လာပြီ။ အာရပ်ကမ္ဘာကြီးတစ်ခုလုံးကိုတောင် အလင်းရောင် ပေးနိုင်ပြီ။ အာရပ်ကမ္ဘာတင်တောင် မကတော့ဘူး။
မေး။ ။ ကဗျာလည်းဆံ၊ သံတမန်လည်းကျလိုက်တဲ့ အဖြေ။ ဒါပေမယ့် ကျမမေးခွန်းအတွက်အဖြေတော့ မဟုတ်ဘူး။ အဘူအမ်မာ၊ ကျမမေးနေတာက ဂျော်ဒန်နိုင်ငံက ရှင်တို့ကို အလိုမရှိတော့ဘူးဆိုရင် ဂျော်ဒန်ကို ရှင်တို့စစ်ကြေညာမှာလား။ အဲဒါပဲ။
ဖြေ။ ။ ကျုပ်ကစစ်သား။ စစ်ခေါင်းဆောင်။ ကျုပ်တို့လျှိ့ဝှက်ချက်ကို ကျုပ်တို့ထိမ်းရမယ်။ ဒါကို ချိုးဖောက်ရင် အယ်လ်ဖာတာအဖွဲ့ကြီးက ကျုပ်ကို စစ်ခုံရုံးတင်လိမ့်မယ်။ ကျုပ်ပြောနိုင်တာက ပါလက်စတိုင်းလွတ်မြောက်ရေးအတွက် အဆုံးတိုင်တိုက်ပွဲဝင်သွားမယ်ဆိုတာပဲ။
မေး။ ။ အချိန်ကြာလာတာနဲ့အတူ ပါလက်စတိုင်းဆိုတဲ့ အမျိုးသားလက္ခဏာလည်း ပျောက်လာနေပြီ။ ပထဝီနယ်နိမိတ်လည်း မရှိတော့ဘူး။ နယ်နိမိတ်အရပြောရင် ပါလက်စတိုင်းဆိုတာ ဘယ်နယ်မြေကိုခေါ်တာလဲ။
ဖြေ။ ။ နယ်နိမိတ်တွေအကြာင်း ကျုပ်တို့မပြောဘူး။ နယ်နိမိတ်တွေ ခွဲခြားပြောနေတာ နယ်ချဲ့တွေအလုပ်။ ပါလက်စတိုင်းဆိုတာ အာရေဗျသမုဒ္ဒရာထဲက အစက်လေးတစ်စက်ပဲ။ ကျုပ်တို့နိုင်ငံဟာ အာရပ်နိုင်ငံတစ်နိုင်ငံပဲ။
မေး။ ။ ဒါပေမယ့် နိုင်ငံတွေအကြောင်းပြောမယ်ဆိုရင် ပထဝီအနေအထားနဲ့နယ်နိမိတ်ကို ပြောရမှာပဲ။ နိုင်ငံဆိုတာ နယ်နိမိတ်အပိုင်းအခြားနဲ့ ဖွဲ့စည်းထားတာပဲ။ အဘူအမ်မာ၊ ကျမ ထပ်မေးမယ်။ ပါလက်စတိုင်းနိုင်ငံရဲ့ ပထဝီနယ်နိမိတ်ဆိုတာ ဘယ်ဟာကိုခေါ်တာလဲ။
ဖြေ။ ။ ကောင်းပြီ။ ပါလက်စတိုင်းရှုဒေါင့်အရပြောရင် ကျုပ်တို့နယ်မြေဟာ မြောက်ဘက် နာခူရာကနေ တောင်ဘက် အက္ကဘာအထိ။ မြေထဲပင်လယ်ကနေ ဂါဇာကမ်းခြေအထိ။
မေး။ ။ အိုး… ရှင်ပြောတဲ့အတိုင်းဆိုရင် ပါလက်စတိုင်းနယ်မြေထဲမှာ ဂျော်ဒန်နိုင်ငံထဲကမြေတွေ ပါနေပါရောလား။ အနောက်ဂျော်ဒန်တခုလုံးပဲ။
ဖြေ။ ။ ဟုတ်တယ်။ ကျုပ် ထပ်ပြောမယ်။ နယ်နိမိတ်တွေက လုံးဝအရေးမကြီးးဘူး။ အာရပ်ညီညွတ်ရေးသာ အရေးကြီးတယ်။ ဒါပဲ။
မေး။ ။ နိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံ နယ်နိမိတ်တွေထပ်သွားတယ်ဆိုရင် နယ်နိမိတ်တွေက အရေးကြီးလာတာပဲ။ ရှင်က ပြောတယ်၊ အာရပ်ကမ္ဘာတို့ အာရပ်ညီညွတ်ရေးတို့။ ဒါပေမယ့် ရှင်တို့ ပါလက်စတိုင်း(လှုပ်ရှားမှု)ထဲမှာကိုပဲ အဖွဲ့တွေ ကွဲနေကြတာပဲ။ ပေါ်ပြူလာဖရန့်အဖွဲ့ကိုပဲ ကြည့်။
ဖြေ။ ။ နိုင်ငံတိုင်း၊ လွတ်မြောက်ရေးလှုပ်ရှားမှုတိုင်းမှာ ပြဿနာ ရှိတာချည့်ပဲ။ ကွဲပြားတာတွေ ရှိတာချည့်ပဲ။ (ဂျာမန်) နာဇီတွေကိုတိုက်ကြတုန်းက ဥရောပတိုက်ကိုကြည့်မလား၊ ကွဲခဲ့ကြတာပဲ။ ဗီယက်နမ်စစ်မှာလည်း ကြည့်။ အဖွဲ့တွေကွဲလိုက်ကြတာမှ အများကြီး။ ဒါပေမယ့် ဗီယက်ကောင်းတွေက အကြီးဆုံးအဖွဲ့ပဲ။ ဒီလိုပဲ ပါလက်စတိုင်း လွတ်မြောက်ရေးလှုပ်ရှားမှုမှာ အဖွဲ့တွေအများကြီးရှိမှာပဲ။ ဒါပေမယ့် အယ်လ်ဖာတာက အဓိကပဲ။ အခု အဲဒီ (ကွဲနေတဲ့)အဖွဲ့တွေ ငါတို့နဲ့ လာပေါင်းနေကြပြီ။
မေး။ ။ ဒါပေမယ့် ပေါ်ပြူလာဖရန့်အဖွဲ့ကတော့ ကွန်မြူနစ်ပဲ။
ဖြေ။ ။ တိုက်ပွဲဝင်နေသူတွေကြားထဲ အယူဝါဒအမျိုးမျိုး ရှိမှာပဲ။ တော်လှန်တဲ့နည်းနာတွေလည်း ကွဲမှာပဲ။ ငါတို့ အယ်လ်ဖာတာတွေက ဘယ်တော့မှ လေယဉ်ပြန်ပေးမဆွဲဘူး။ မဆိုင်တဲ့နိုင်ငံတွေကို သွားပြီး ဗုံးမထောင်ဘူး။ ကျည်မဖောက်ဘူး။ တကယ့်စစ်ပွဲစစ်စစ်တွေကိုပဲ တိုက်မယ်။ ဒီလိုပြောလို့ မင်းတို့အခေါ် အစ္စရေးလ်နယ်မြေ၊ ငါတို့အခေါ် ပါလက်စတိုင်းနယ်မြေထဲမှာ ဖောက်ခွဲရေးတွေမလုပ်ဘူးလို့ မဟုတ်ဘူး။ ငါတို့ အမြဲလိုပဲ တဲလ်အဗစ်တို့၊ ဂျေရုဆလင်တို့၊ အေးလက်တို့မှာ ဖောက်ခွဲရေးတွေလုပ်တယ်။
မေး။ ။ အဲဒီလိုဖောက်ခွဲရေးလုပ်တော့ အစ္စရေးလ်အရပ်သားတွေ မသေဘူးလား။ ဒါ စစ်ပွဲတဲ့လား။
ဖြေ။ ။ သိပ် ဟုတ်တာပေါ့။ အရပ်သားပဲဖြစ်ဖြစ်၊ စစ်သားပဲဖြစ်ဖြစ် အစ္စရေးလ်မှန်သမျှ ငါတို့ ပါလက်စတိုင်းပြည်သူတွေကို ဖျက်ဆီးထားတဲ့ ‘အပြစ်’ ရှိတယ်။ ငါတို့ ပါလက်စတိုင်းအရပ်သား တစ်သောင်း ခြောက်ထောင် (၁၆၀၀၀) အဖမ်းခံထားရတယ်။ အိမ်ခြေ ရှစ်ထောင် (၈၀၀၀) အဖျက်ဆီး ခံထားရတယ်။ သူတို့အကျဉ်းထောင်တွေထဲမှာ ငါတို့ညီအစ်ကိုတွေ အနှိပ်စက်အညှင်းပမ်းခံနေရတာတွေ ရေတောင် မရေနိုင်ဘူး။
ဒီတော့ အစ္စရေးလ်မှာ ငါတို့ ဖောက်ခွဲရေးတွေလုပ်တယ်။ အရပ်သားတွေကိုထိမှာပဲ။ ‘ထိ’ ဘာဖြစ်လဲ။ နိုင်ငံကိုအုပ်ချုပ်နေတဲ့ အစ္စရေးလ်အစိုးရဆိုတဲ့ကောင်တွေနဲ့ အစ္စရေးလ်အရပ်သားတွေဟာ တကြိပ်တည်းတညာဏ်တည်းတွေပဲ။ အရပ်သားဆိုတဲ့ကောင်တွေထောက်ခံမဲပေးလို့သာ ဒီအစ္စရေးလ်အစိုးရဆိုတဲ့ကောင်တွေ ရှိလာတာ။ ဒါတောင် အဲဒီအစိုးရကောင်တွေကို မထောက်ခံတဲ့အစ္စရေးလ်တွေ အများကြီး။ မင်း သွားကြည့်ပါလား။ တဲလ်အဗစ်က ကနေဒါသံရုံးတို့၊ အမေရိကန်သံရုံးတို့ကို။ အဲဒီမှာ အစ္စရေးလ်မှာမနေချင်တော့လို့ပါဆိုပြီး နိုင်ငံခြားထွက်ဖို့တင်ထားတဲ့ လျှောက်လွှာတွေ တစ်ပုံကြီး။
မေး။ ။ အဘူအမ်မာ။ ရှင် ဘယ်တော့မှ ကျမမေးတာတွေကို တိုက်ရိုက်မဖြေဘူး။ ဒီတစ်ခါတော့ဖြေရမယ်။ မိုရှေဒါးယန်း(အဲဒီတုန်းက အစ္စရေးလ်ကာကွယ်ရေးဦးစီးချုပ်)ကို ရှင် ဘယ်လိုသဘောရသလဲ။
ဖြေ။ ။ တကယ့် ကတ်သီးကတ်သတ်မေးခွန်းပဲ။ ကျုပ် ဘယ်လိုဖြေရမလဲ။ ဆိုပါစို့။ မိုရှေဒါးယန်းဟာ တကယ့် ရဲစွမ်းသတ္တိနဲ့ပြည့်စုံတဲ့ခေါင်းဆောင်ဖြစ်ဖြစ်၊ မဖြစ်ဖြစ်။ တကယ်တော့ အဲဒီလိုခေါင်းဆောင်မျိုးဆိုတာကလည်း သူတို့ကိုသူတို့ပေးထားတဲ့ ဘွဲ့တံဆိပ်တွေပါကွာ။ ဒါပေမယ့် တနေ့ကျရင် စစ်ရာဇဝတ်ကောင်အဖြစ် စစ်ခုံရုံး အတင်ခံရမယ့်ကောင်ပဲ။
မေး။ ။ အဘူအမ်မာ။ အစ္စရေးလ်တွေက ရှင့်ကိုလေးစားသလောက် ရှင်က အစ္စရေးလ်တွေကိုမလေးစားဘူးလို့ ပြောကြတယ်။ ရန်သူကို ရှင် လေးစားတတ်သလား။
ဖြေ။ ။ အစ္စရေးလ်တွေကို စစ်သားတွေအနေနဲ့၊ ပြီးတော့ စစ်ပညာသမားတွေအနေနဲ့ကြည့်မယ်ဆိုရင် ကျုပ် သူတို့ကို လေးစားတယ်လို့ ပြောမယ်။ အစ္စရေးလ်တွေရဲ့စစ်ဗျူဟာတချို့ဟာ ပြောင်မြောက်ပြီး လေးစားလောက်တယ်ဆိုတာကို ဝန်ခံရမယ်။ ဒါပေမယ့် လူတွေအနေနဲ့တော့ အစ္စရေးလ်ကောင်တွေကို ကျုပ်မလေးစားဘူး။ သူတို့ဟာ လူစိတ်ဆိုလို့ တစ်စက်ကလေးတောင်ရှိကြတာ မဟုတ်ဘူး။ လူတွေက သူတို့အောင်ပွဲတွေအကြောင်း ဖွဲ့နွဲ့ပြောဆိုကြတယ်။ ကျုပ်တို့သဘောမတူဘူး။ သူတို့ရဲ့အောင်ပွဲတွေဟာ အမေရိကန်တွေကူလို့ ရတာ။ အမေရိကန်တွေက အစ္စရေးလ်တွေကို ငွေတွေ အောတိုက်ကူတယ်။ တကယ့်ဗျူဟာမြောက်လက်နက်တွေကို သင်္ဘောတွေနဲ့ အစီးလိုက်ချပေးတယ်။ ထိပ်တန်းနည်းပညာတွေ ပေးတယ်။ ဒါတွေကြောင့် သူတို့ နိုင်နေတာပါ။
မေး။ ။ ရိုးရိုးပဲ ပြောကြပါစို့…အဘူအမ်မာရယ်။ သူတို့ဟာ တကယ့်စစ်သားကောင်းတွေပဲ။
ဖြေ။ ။ နိုး..။ နိုး…။ နိုး…။ နိုး…။ မဟုတ်ဘူး။ ရင်ဆိုင်တိုက်ပွဲတွေမှာဆို ဟုတ်ကိုမဟုတ်ဘူး။ ကုန်ကုန်ပြောရကြေးဆိုရင် အစ္စရေးလ်တွေဟာ စစ်သားကောင်းဖြစ်ဖို့ မပြောနဲ့။ စစ်သားတောင် မ‘စစ်’ဘူး။ သေမှာ သိပ်ကြောက်ကြတာ။ သတ္တိပြတာဆိုလို့ တစ်ခါမှတောင် မတွေ့ဖူးဘူး။ စစ်ပွဲတွေမှာ သူတို့တိုက်ပုံတိုက်နည်းက အရင်ဆုံး လေယာဉ်တွေနဲ့ ဗုံးမိုးရွာချမယ်၊ ဟယ်လီကော့ပတာတွေနဲ့ မီးလောင်ဗုံးတွေ ကြဲချမယ်၊ ပြီးတော့ လက်နက်ကြီးတွေနဲ့ စေ့စေ့ညက်ညက်ကြေအောင် ထုမယ်၊ နောက်ဆုံးကျမှ ‘လူ’ တက်မယ်၊ ဒါပါပဲကွာ။
အယ်အင်မေရီတောင်ကြားတိုက်ပွဲအကြောင်း ကျုပ် ပြောပြမယ်။ ကျုပ် ပြောခဲ့တဲ့နည်းနဲ့ သူတို့တိုက်တယ်။ ဒါပေမယ့် နှစ်ဆယ့်ငါးနာရီကြာတဲ့အထိ အဲဒီတောင်ကြားကို သူတို့မသိမ်းနိုင်ဘူး။ မသိမ်းနိုင်ရုံမက ကျုပ်တို့က သူတို့ကို ပြန်တောင် မောင်းထုတ်လိုက်နိုင်သေးတယ်။ ဘာ့ကြောင့်လဲ၊ သိလား။ ကျုပ်တို့က သူတို့ထက် သတ္တိပိုရှိလို့။ သူတို့ကို ကျုပ်တို့ ဝိုင်းလိုက်တယ်။ ပြီးတော့ သေနတ်ဒင်တွေနဲ့ တက်ထုတယ်။ ကျုပ်တို့မှာ သေမှာကြောက်တဲ့စိတ် အလျှင်းမရှိဘူး။ နောက်ဆုံးဘာဖြစ်သလဲ။ အစ္စရေးလ်တွေ ထွက်ပြေးကြရော။ အသက်မစွန့်ရဲတာ စစ်သားကောင်းတဲ့လား။ တိုက်ပွဲကနေ ထွက်ပြေးတာ စစ်သားကောင်းရဲ့လက္ခဏာတဲ့လား။
မေး။ ။ အဘူအမ်မာ။ အစ္စရေးကွန်မန်ဒိုတွေရဲ့ အစွမ်းသတ္တိကို ဘယ်လိုပြောမလဲ။ ဥပမာဆိုပါတော့…(ရန်သူ)အီဂျစ်နိုင်ငံမှာရှိတဲ့ရေဒါစနစ်ကိုတောင် အဲဒီနိုင်ငံထဲဝင်၊ သွားဖြုတ်ပြီး အစ္စရေးလ်ကို သယ်ထုတ်လာနိုင်ခဲ့တာပဲ။
ဖြေ။ ။ သွားစမ်းပါ။ လုပ်လို့ရဖို့သေချာတာကိုသာ အစ္စရေးလ်တွေ ရွေးလုပ်တာပါ။ ခက်တဲ့ဟာဆို ဘယ်တော့မှ အစ္စရေးလ်တွေမလုပ်ဘူး။
မေး။ ။ ကာရာမဲတိုက်ပွဲမှာ အသေအပျောက် ဘယ်သူကပိုများသလဲ။
ဖြေ။ ။ အစ္စရေးလ်တွေ ဘယ်တော့မှ ဝန်မခံဘူး။ အမေရိကန်တွေရဲ့ စာရင်းဇယားအရ ကာရာမဲတိုက်ပွဲမှာ အစ္စရေးလ် ၁၂၄၇ ယောက် သေတယ်။
မေး။ ။ ရှင်တို့ဘက်ကရော…။
ဖြေ။ ။ ကာရာမဲတိုက်ပွဲ ကျဆုံးစာရင်းလောက်ကို မပြောနဲ့။ ၁၉၆၅ ခုနှစ်ကတည်းကအခုချိန်ထိ အစ္စရေးလ်နဲ့ရင်ဆိုင်တိုက်ပွဲတွေမှာ ကျုပ်တို့ဘက်က ကျတာ ကိုးရာ (၉၀၀) ထက် နည်းနည်းလေးပဲ စွန်းတယ်။ ဒါပေမယ့် စဉ်းစား။ အစ္စရေးလ်လေယာဉ်တွေ ဗုံးကြဲလို့ ပါလက်စတိုင်းအရပ်သားတွေသေတာ ခြောက်ထောင်ကျော်တယ်။
မေး။ ။ ကာရာမဲတိုက်ပွဲမှာ ရှင်တို့ဘက်က အင်အားဘယ်လောက်နဲ့ တိုက်တာလဲ။
ဖြေ။ ။ ဒီမေးခွန်းဖြေနိုင်ဖို့ စစ်ကောင်စီရဲ့ ခွင့်ပြုချက်ကို တောင်းရမယ်။ ထားပါလေ။ ကျုပ် ဖြေလိုက်ပါမယ်။ အဲဒီတိုက်ပွဲမှာ ကျုပ်တို့ဘက်က အင်အား ၃၉၂ ယောက်။ အစ္စရေးလ်ဘက်က ၁၅,၀၀၀။
မေး။ ။ တစ်သောင်း ငါးထောင်…။ ဟုတ်ပါ့မလားအဘူအမ်မာရယ်…တစ်ထောင့်ငါးရာများလား။
ဖြေ။ ။ နိုး။ နိုး။ နိုး၊ တစ်သောင်းငါးထောင်မှ တစ်သောင်းငါးထောင်၊ အတိအကျ။ ပြီးတော့ အဲဒီ အစ္စရေးလ်(ခြေလျင်တပ်)တွေနဲ့အတူ လက်နက်ကြီးတွေ၊ တင့်ကားတွေ၊ တိုက်လေယာဉ်တွေ၊ ဟယ်လီကော့ပတာတွေ၊ လေထီးစစ်သားတွေတောင် ပါလိုက်သေးတယ်။ ကျုပ်တို့ပြောတာတွေဆိုရင် မင်းတို့အနောက်နိုင်ငံသားတွေ ဘယ်တော့မှ မယုံဘူး။ အစ္စရေးလ်တွေပြောတာပဲ မင်းတို့ နားထောင်တယ်။ ဒါပဲ။ အစ္စရေးလ်တွေကိုပဲ မင်းတို့ယုံတယ်။ ဒါပဲ။ အစ္စရေးလ်တွေပြောတာပဲ မင်းတို့ သတင်းပို့တယ်။ ဒါပဲ။
မေး။ ။ အဘူအမ်မာ။ ရှင် မတရားမပြောနဲ့။ ကျမ ဒီမှာရှိတယ်။ ရှင်ပြောတာကို ကျမနားထောင်တယ်။ အခု အင်တာဗျူးကိုလည်း သတင်းစာကို ရှင်ပြောတဲ့အတိုင်း လုံးစေ့ပတ်စေ့ပို့မှာပဲ။
ဖြေ။ ။ မင်းတို့ ဥရောပသားတွေဟာ အမြဲပဲ အစ္စရေးလ်တွေဘက်ကပါကွာ။ မင်းတို့ထဲက တချို့က ငါတို့ကို နားလည်စ ပြုရင်ပြုလာမယ်။ ဒါပေမယ့် လေထဲမှာပါပဲ။ အဲဒီလို နားလည်စပြုတယ်ဆိုတာ အနံ့လေးလောက်ပါပဲ။ တကယ်တော့ မင်းတို့ဟာ အစ္စရေးလ်တွေအတွက်ပါပဲ။
မေး။ ။ အခုစစ်ပွဲက ရှင်တို့စစ်ပွဲပါ အဘူအမ်မာရယ်။ ကျမတို့စစ်ပွဲ မဟုတ်ပါဘူး။ ရှင်တို့စစ်ပွဲမှာ ကျမတို့က ပရိတ်သတ်ပဲ။ ရှင်တို့က အဲဒီပရိတ်သတ်တွေကို အစ္စရေးလ်တွေကို သွားမုန်းခိုင်းလို့ ဘယ်ရနိုင်ပါ့မလဲ။ တခါတုန်းက ဂျူး(အစ္စရေးလ်)တွေဟာ ဥရောပတိုက်မှာ အကြီးအကျယ် ဒုက္ခကြုံခဲ့ကြရတယ်။ ကျမတို့ဥရောပသားတွေပဲ သူတို့ကို ဒုက္ခပေးခဲ့ကြတာ။ အဲဒါမျိုး သူတို့ကို ထပ်မကြုံစေချင်ဘူး။
ဖြေ။ ။ ဒါပေါ့။ ဟုတ်တာပေါ့။ မင်းတို့အပေါ်တင်နေတဲ့အကြွေးတွေကို မင်းတို့ဖာသာမင်းတို့ ဆပ်ရမှာပေါ့။ ဒါပေမယ့် မင်းတို့အကြွေးတွေကို မင်းတို့သွေးတွေနဲ့ ဆပ်ရမယ့်အစား ငါတို့သွေး၊ ငါတို့မြေတွေနဲ့ ဘာလို့ လာဆပ်ခိုင်းချင်ရတာလဲ။ ဒီဂျူးတွေကို ငါတို့မြေတွေ မပေးနိုင်ဘူး။
မေး။ ။ ကမ္ဘာကြီးမှာ ဂျူးတွေကို အိမ်မဲ့ယာမဲ့၊ ခြေသားလုံးအိမ်တိုင်တွေ လုပ်ခိုင်း။ ပြီးတော့ အော့ရှ်ဝစ်ဇ်အကျဉ်းထောင်လိုမျိုး ညှင်းပမ်းရေးစခန်းတွေကိုပို့၊ သွားသေခိုင်းလို့ ဘယ်ရမလဲ။
ဖြေ။ ။ ဒါပေမယ့် ငါတို့ကိုကျတော့ ဂျူးတွေလို ခြေသားလုံးအိမ်တိုင်ဘဝကို မင်းတို့က ရောက်စေချင်နေတယ်မဟုတ်လား။
မေး။ ။ နိုး…။ ကျမတို့အနေနဲ့ ဘယ်သူ့ကိုမှ အဲဒီလိုမျိုး မဖြစ်စေချင်ဘူး။ ရှင်တို့ကိုလည်း မဖြစ်စေချင်ဘူး။
ဖြေ။ ။ ဒါပေမယ့် အခု အိမ်မဲ့ယာမဲ့ ခြေသားလုံးအိမ်တိုင်ဘဝရောက်နေတာ ငါတို့ပါလက်စတိုင်းတွေပဲလေ။ တကယ်လို့ အစ္စရေးလ်တွေ အိမ်ခြေယာခြေမရှိမှာ နယ်မြေမရှိမှာကို မင်းတို့ သိပ်ပူပန်နေတယ်ဆိုရင် မင်းတို့မြေတွေ သူတို့ကိုပေးလိုက်ပါလား။ ဥရောပတိုက်မှာ မြေတွေအများကြီး။ အမေရိကားမှာလည်း မြေတွေ အများကြီး။ အဲဒီမြေတွေ ဂျူးတွေကို ပေးလိုက်ပါလား။ တစ်နေ့ကျရင် မင်းအမြင်မှန် ရလာမှာပါ။ အဲဒီနေ့အထိ တို့ မတွေ့ကြ၊ မမြင်ကြရင် ကောင်းမယ်။
ဖဲလက်ချာ။ ။ ဒါကြောင့် မျက်မှန်အမည်းကြီးကို ရှင် တပ်ထားတာလား။ (အာရဖတ်က အမြဲလို နေကာမျက်မှန် တပ်ပါတယ်။)
အာရဖတ်။ ။ နိုး…။ ကျုပ် အိပ်နေလား နိုးနေလားဆိုတာ ဘယ်သူ့ကိုမှ မသိစေချင်လို့။ ကျုပ်ပြောပြီးပြီပဲ။ ကိုယ်ရေးကိုယ်တာမေးခွန်းတွေ မမေးနဲ့လို့ဆိုမှ။
ဖဲလ်လက်ချာ။ ။ ကဲ တစ်ခုပဲ မေးပါတော့မယ်ရှင်။ အဘူအမ်မာ…ရှင် အိမ်ထောင်မရှိဘူး။ ရှင့်ဘဝမှာ ဘယ်မိန်းမမှ မရှိခဲ့ဖူးဘူးလို့ပြောကြတယ်။ ရှင် ‘ဟိုချီမင်း’ ဖြစ်ချင်လို့လား။ ဒါမှမဟုတ် မိန်းမတစ်ယောက် ရှင့်ဘေးမှာထားရတာကိုပဲ စက်ဆုပ်စရာလို့ယူဆနေလို့လား။
အာရဖတ်။ ။ ဟိုချီမင်း…။ နိုး…။ ထားပါတော့၊ ကျုပ်နဲ့ လိုက်ဘက်တဲ့ မိန်းမ တစ်ခါမှမတွေ့ခဲ့ဖူးဘူးပဲ ထားပါတော့။ အခု လက်ထပ်ဖို့လည်း အချိန်မရှိတော့ဘူး။ ‘ပါလက်စတိုင်းလို့ခေါ်တဲ့မယား’နဲ့ ကျုပ် လက်ထပ်ထားပြီးပြီ။
ဒါပါပဲခင်ဗျာ။ ‘ကစ်ဆင်းဂျား’ကြီးကို မျက်မှန်ဆွဲဖြုတ်ခဲ့သူ ဖဲလ်လက်ချာတစ်ယောက်၊ အာရဖတ်ကြီးရဲ့ခေါင်းပေါင်းကိုတော့ ခမျာ မချွတ်နိုင်ခဲ့ရှာပါ။
မောင်ဝင်းနိုင်ဦး
၁၄၊ ဇူလိုင်၊ ၁၉၉၉ ခုနှစ်။
အော်စလိုမြို့၊ နော်ဝေ။

နိဂုံး။ ။ တစ်ခုပြောပါရစေခင်ဗျား။ ကျနော်က ‘အာရဖတ်သမား’ မဟုတ်ပါ။ သူ့ကို ‘အသိအမှတ်ပြုသူ’မျှသာ ဖြစ်ပါတယ်။ ဒီလိုပါပဲ။ ဖဲလ်လက်ချာကို ‘စိုးစဉ်းမျှအပြစ်မမြင်သူ’လည်း မဟုတ်ပါ။ ဖဲလ်လက်ချာရဲ့ အင်တာဗျူးနည်းဟာ အဲဒီကာလတုန်းက အမေရိကားနဲ့ကနေဒါမှာ (မြောက်အမေရိကမှာ) အင်မတန်သြဇာကြီးခဲ့တယ်လို့ ဆိုကြပါတယ်။ သို့သော် ဖဲလ်လက်ချာကို ချို့ယွင်းချက်မဲ့အင်တာဗျူးအတတ်ပညာရှင်အဖြစ် ကျနော်မယုံပါ။ ဒါပေမယ့် အင်တာဗျူးရာမှာ လိုအပ်ရင် ‘မျက်မှန်ဆွဲချွတ်တတ်ဖို့’ ‘ခေါင်းပေါင်းစဆွဲချွတ်တတ်ဖို့’ အရေးကြီးတယ်ဆိုတဲ့အချက်ကိုတော့ ကျနော်ယုံပါတယ်။
ဒါကြောင့် အဲဒီတုန်းက ရေဒီယိုသတင်းဌာနတစ်ခုရဲ့တာဝန်ရှိသူတစ်ဦးအနေနဲ့ Fallaci ရဲ့ အင်တာဗျူးစာအုပ်ထဲက စိတ်ဝင်စားစရာအကောင်းဆုံးဖြစ်ဖွယ်ရှိမယ်လို့ ယူဆမိတဲ့ Arafat အင်တာဗျူးကို ကျနော် ရွေးပြီး ဘာသာပြန်ခဲ့မိတာပါ။ အမှန်က ဆက်ပြန်မလို့ပါပဲ။ ဒါပေမယ့် ကျနော့်ရဲ့ ‘မအောင်မြင်ပုံ’က Fallaci ရဲ့ အဲဒီအင်တာဗျူးဘာသာသာပြန်ကို ဒီဗွီဘီမှာ ဘယ်သူကမှ စိတ်မဝင်စားကြပါ။ မဖတ်ကြပါ။ ဒါနဲ့ပဲ ဝမ်းနည်းစွာ Fallaci နဲ့ ကျနော် လမ်းခွဲလိုက်ရပါတယ်။ အခုစာကို ဖတ်တဲ့အတွက် ကျေးဇူးပါ…။.

အစိုးရ နှင့် ပြည်ပနိုင်ငံများ စစ်တပ်ချင်း ဆက်ဆံမှု စိုးရိမ်ကြောင်း ဗိုလ်ချုပ် ဂွန်မော် ပြော



အစိုးရ နှင့် ပြည်ပနိုင်ငံများ စစ်တပ်ချင်း ဆက်ဆံမှု
===========================
စိုးရိမ်ကြောင်း ဗိုလ်ချုပ် ဂွန်မော် ပြော
===================
April 30, 2014
ဧရာဝတီ

အမေရိကန် အပါအ၀င် နိုင်ငံတကာက မြန်မာနိုင်ငံနှင့် ဆက်ဆံရာတွင် စစ်တပ်ချင်း ထိတွေ့ဆက်ဆံမှုများ အပေါ် စိုးရိမ်မကင်း ဖြစ်မိကြောင်း ကချင် လွတ်လပ်ရေး တပ်မတော်(KIA) ဒု စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော်က ပြောသည်။
နိုင်ငံတကာက မြန်မာနှင့် စစ်တပ်ချင်း ဆက်ဆံရေးကိစ္စများတွင် စစ်ရေးနှင့် ပတ်သက်သည့် တိုက်ပွဲ စွမ်းရည်မြှင့်တင်ပေးသည့် လေ့ကျင့် သင်ကြားမှုမျိုး မလုပ်ဟု ဆိုနေသော်လည်း သင်ကြားပေး သည့် နည်းပညာများအား တိုင်းရင်းသားတော်လှန်ရေး အင်အားစုများအပေါ် အသုံးချလာမည်ကို စိုးရိမ်ကြောင်း ဗိုလ်ချုပ် ဂွန်မော် က ဧရာဝတီနှင့် သီးသန့် တွေ့ဆုံမှုတွင် ပြောဆို သည်။
“ဒီကိစ္စက အတိအကျ လက်ခံဖို့ ခက်ပါတယ်၊ နည်းပညာတခုကို ဘယ်နေရာမှာမဆို အသုံးပြုလို့ ရပါတယ်၊ တကယ်လို့ ဒီလို နည်း ပညာများနဲ့ တိုင်းရင်းသားများကို အကျိုးထိခိုက်စေနိုင်တဲ့၊ စစ်ရေးမှာ တိုက်ခိုက်ရေးစွမ်းရည် မြှင့်တင်ပေးနိုင်တဲ့ ပုံစံမျိုး ဖြစ်လာလို့ ရှိရင် ကျနော်တို့ တိုင်းရင်းသားများက စကားပြောလာဖို့ ရှိပါတယ်”ဟု သူက ဆိုသည်။
အဆိုပါ ကိစ္စကို အမေရိကန် သို့ တရားဝင် သွားရောက်ခဲ့သော ခရီးစဉ်အပြီး တိုင်းရင်းသား တော်လှန်ရေး အင်အားစုများ၏ အစည်းအဝေး တက်ရောက်ရန် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင်ရောက်ရှိစဉ် ပြောဆိုခြင်းဖြစ်သည်။
သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီးနောက်ပိုင်း အမေရိကန်က မြန်မာနိုင်ငံနှင့် စစ်တပ်ချင်း အကန့်အသတ်ဖြင့် ဆက်ဆံ ရေး မျက်နှာစာများ ပြန်လည် ဖွင့်လှစ်ရေး ကြိုးပမ်းခဲ့သည်။
မြန်မာ တပ်မတော် အရာရှိများကို အမေရိကန်နိုင်ငံ ပင်တဂွန် စစ်ဋ္ဌာနချုပ်က တိုက်ခိုက်ရေးနှင့် မသက်ဆိုင်သည့် စစ်ဘက် ဆိုင်ရာ သင်တန်းများ ပေးရန် ၂၀၁၂ ခုနှစ်ကတည်းက အိုဘားမား အစိုးရက နည်းလမ်း ရှာနေခဲ့ခြင်းဖြစ်သည်။
လက်ရှိဖြစ်ပေါ်နေသည့် မြန်မာ့ပြုပြင်ပြောင်းလဲမှုများကို အားပေးသည့်အနေဖြင့် နှစ်နိုင်ငံ စစ်ရေး ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပြီး အဓိကအားဖြင့် လူသားချင်းစာနာမှုဆိုင်ရာ ကူညီကယ်ဆယ်ရေး၊ စစ်ဘက်ဆိုင်ရာ ဆေးဝါးကုသရေးနှင့် ကာကွယ်ရေးကဏ္ဍ ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို ပို့ချမည်ဟု ပင်တဂွန် စစ်ဌာနချုပ်မှ အရာရှိတဦးက ပြောခဲ့သည်။
“ဒီ စစ်တပ်ချင်း ဆက်ဆံတဲ့ကိစ္စက ကျနော်တို့ တိုင်းရင်းသားများအတွက် အရေးကြီးသလို နိုင်ငံတကာရဲ့ အခန်းကဏ္ဍလည်း အရေးကြီးတဲ့ အနေအထားမျိုးဖြစ်နေတယ် ဆိုတာကို ကျနော်တို့လည်း အခုမှ ပိုပြီး သေသေချာချာ သိလာရပါတယ်၊ တကယ် တော့ ဒီ စစ်တပ်ချင်း ဆက်ဆံတဲ့ကိစ္စက နိုင်ငံတကာက တော်တော်များများ လုပ်ဆောင်နေပြီလို့ ကျနော်တို့က ခံစားရတယ်” ဟု လည်း သူက ဆက်ပြောသည်။
အမေရိကန် ကွန်ဂရက် လွှတ်တော်အမတ်များကလည်း မြန်မာနှင့် စစ်တပ်ချင်း ထိတွေ့ဆက်ဆံလိုနေသည့် အိုဘားမား အစိုး ရ ကို ကန့်ကွက်ဝေဖန်မှုများ ရှိနေဆဲဖြစ်သည်။
အမေရိကန် အနြေုဖင့် လူအခွင့်အရေး ချိုးဖောက်မှုများ ဆက်လက်ကျူးလွန်နေဆဲ မြန်မာစစ်တပ်နှင့် စစ်တပ်ချင်း ထိတွေ့ဆက်ဆံရေးသည် အချိန်အလွန်စောနေသေးကြောင်းလည်း ကွန်ဂရက် လွှတ်တော်အမတ်များက ထောက်ပြကြသည်။
မြန်မာ-အမေရိကန် ၂ နိုင်ငံ စစ်ဘက်ဆက်ဆံရေး တိုးမြှင့်ရန် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာ နိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာ ဒဲရစ် မစ်ချဲလ် တို့လည်း ဆွေးနွေးခဲ့ကြသည်
“မြန်မာ-အမေရိကန် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်ကြား ဆက်ဆံရေး တိုးမြှင့် ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာ့ ဒီမိုကရေစီ အရေးတွင် တပ်မတော်၏ အရေးပါမှုများ၊ လွှတ်တော်အတွင်း တပ်မတော်သား ကိုယ်စားလှယ်များ၏ ဆွေးနွေးမှု ဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာကိစ္စရပ်များ၊ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု ဆိုင်ရာ ကိစ္စရပ်များနဲ့ နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနဲ့ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များအား အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါတယ်”ဟု ယမန်နှစ် သြဂုတ်လကုန်ပိုင်းက မြန်မာ့အသံနှင့် ရုပ်မြင်သံကြား MRTV က ကြေညာခဲ့သည်။
ထို့အပြင် နေပြည်တော်၌ ယမန်နှစ် သြဂုတ်လ ၂၈ ရက်နေ့မှ စတင်၍ ၂ ရက်ကျင်းပသော အမေရိကန် ကာကွယ်ရေး ၀န်ကြီး ဌာန အပြည်ပြည်ဆိုင်ရာ ဥပဒေရေးရာ လေ့လာရေးဌာန (DIILS) နှင့် မြန်မာ့ တပ်မတော် တို့၏ ဥပဒေရေးရာ ဆွေးနွေးပွဲကို လည်း ကျင်းပခဲ့သည်။
ဗိုလ်ချုပ် ဂွန်မော်က မြန်မာအစိုးရက နိုင်ငံတကာ၏ စစ်တပ်ချင်း ဆက်ဆံလာမှုများအပေါ် တလွဲ အသုံးချနေကြောင်းလည်း ထောက်ပြသည်။
“မြန်မာနိုင်ငံ အစိုးရက ပြည်သူလူထုကို ပေးနေတဲ့ သတင်းစကားက ဘာလဲဆိုတော့ အခုလို စစ်တပ်ချင်း ဆက်ဆံတယ် ဆို တာက အခုအစိုးရရဲ့ လုပ်ဆောင်ချက်များ မှန်ကန်လို့ အမေရိကန်လို နိုင်ငံကြီးတွေက ထောက်ခံနေတာ ဖြစ်တယ်လို့ လူထု ကို သတင်းစကား ပေးနေတယ်၊ ကျနော်တို့ နားလည်တာက ဒီ သတင်းစကားက မှားတယ်”ဟု သူက ဆိုသည်။
ဗိုလ်ချုပ် ဂွန်မော်က ဆက်လက်ပြီး“အမေရိကန် အစိုးရက ပြုပြင်ပြောင်းလဲရေးအတွက် ကူညီတာဖြစ်တယ်၊ မှန်ကန်လို့ အကူ အညီ ပေးတာ မဟုတ်ဘူး၊ အဲဒီတော့ အမေရိကန် အစိုးရက လူထုကို အသိပေးသင့်တယ်”ဟုလည်း ပြောဆိုသည်။
ဗိုလ်ချုပ် ဂွန်မော်အား အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက ဖိတ်ကြားခဲ့၍ ဧပြီ လလယ်ပိုင်းက အမေရိကန်သို့ သွားရောက် ခဲ့ပြီး အမေရိကန် ထိပ်တန်း အရာရှိကြီးများ၊ လွှတ်တော်အမတ်များနှင့် တွေ့ဆုံခဲ့သည်။
အမေရိကန်အနေဖြင့် ကချင်ပြည်နယ်အပါအ၀င် တိုင်းရင်းသားနယ်မြေများတွင် တိုက်ပွဲများ ဖြစ်ပွားနေမှု အဆုံးသတ်စေရေး၊ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အပါအ၀င် မြန်မာ့ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်အားလုံးအပေါ် စိတ်ဝင်စားပြီး ပါဝင်လိုသည့် ဆန္ဒရှိနေ သော်လည်း မြန်မာအစိုးရနှင့် ညှိနှိုင်းရန် လိုအပ်ကြောင်းး ဗိုလ်ချုပ် ဂွန်မော်က ဆိုသည်။
ကချင်ပြည်နယ်တွင်း အပစ်အခတ် ရပ်စဲရေး၊ စစ်မှန်သည့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုတို့အတွက် ကချင် လွတ်လပ်ရေး အဖွဲ့(KIO) အနေဖြင့် အမေရိကန် အပါအ၀င်၊ ကုလသမဂ္ဂ တရုတ်နှင့် ဗြိတိန်နိုင်ငံတို့ ပါဝင်စေရေး ယမန်နှစ် နှစ်ဆန်းကတည်းက ဖိတ်ခေါ် ထားကြောင်းလည်း သိရသည်။
ဗိုလ်ချုပ် ဂွန်မော်၏ အမေရိကန် ခရီးစဉ်အတွင်း မြန်မာနိုင်ငံတွင် အပစ်အခတ်ရပ်စဲရေးနှင့် စစ်မှန်သည့် ငြိမ်းချမ်းရေး ပေါ်ထွန်း ရေးအတွက် အမေရိကန် အနေဖြင့် ပါဝင်စေလိုကြောင်းလည်း ထပ်လောင်း ဖိတ်ခေါ်ခဲ့ကြောင်း သိရသည်။
“KIO အနေနဲ့ရော တိုင်းရင်းသား အဖွဲ့တွေ အနေနဲ့ရောက ဒါတွေကို ပါဝင်စေလိုတဲ့ ဆန္ဒရှိပါတယ်၊ အစိုးရက မဖိတ်ခေါ်သော် လည်း နည်းလမ်းရှာပြီး ပါဝင်ဖို့ သင့်တယ်ဆိုတာ တင်ပြထားပါတယ်”ဟု ဗိုလ်ချုပ် ဂွန်မော် က ဆိုသည်။
ဗြိတိန် တပ်မတော်ကလည်း မြန်မာ့ တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိ ၃၀ ကို မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ ထောက်ခံမှုဖြင့် ဗြိတိန် ကာကွယ်ရေးဋ္ဌာနက မြန်မာကို ကမ်းလှမ်းခဲ့သည်။
အဆိုပါ ကိစ္စကို သမ္မတ ဦးသိန်းစိန်၏ ယမန်နှစ် ဇူလိုင် လလယ်ပိုင်းက သွားရောက်ခဲ့သည့် ဗြိတိန်ခရီးစဉ်၌ ၂ နိုင်ငံ ခေါင်း ဆောင်များ သဘောတူခဲ့ပြီး ဗြိတိန် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆာ ဒေးဗစ် ရစ်ချတ်စ် (General Sir David Richards) မြန်မာနိုင်ငံ ရောက်ရှိလာပြီး ဦးသိန်းစိန်နှင့် တွေ့ဆုံပြီးနောက် ယမန်နှစ်က စတင်ကာ သင်တန်းပေးသည့် အစီ အစဉ် လုပ်ဆောင်ခဲ့သည်။
“မြန်မာ့ တပ်မတော်ကို ဒီမိုကရေစီနည်းကျ တာဝန်ယူတတ်ပြီး လူ့အခွင့်အရေး လေးစားတဲ့၊ ပွင့်လင်းမြင်သာမှု ရှိတဲ့၊ အုပ်ချုပ်မှု တာဝန်နားလည်တဲ့ တပ်မတော်ဖြစ်လာဖို့ အားပေးတဲ့ အနေနဲ့ အဓိက လုပ်ပေးမယ့် သင်တန်းပါ”လို့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန် သံရုံး နိုင်ငံရေးရာ ဌာန ဒု အတွင်းဝန် မစ္စတာ ဂျိုးဇက် ဖစ်ရှာက ပြောဆိုခဲ့ဖူးသည်။
ယမန်နှစ် ဇူလိုင်လဆန်းက မြန်မာနိုင်ငံကို လာရောက်ခဲ့သော ဗြိတိန်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Sir David Richards ကလည်း မြန်မာ့တပ်မတော်နှင့် ဗြိတိန်တပ်မတော် ပူးပေါင်းဆောင်ရွက်မည့် လေ့ကျင့်ရေးအစီအစဉ်များနှင့် ပတ်သက်၍ ညှိနှိုင်း ဆွေးနွေးခဲ့မှု သတင်းကို အတည်ပြုပြောကြားပြီး ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် အမြဲတမ်းစစ်သံမှူး တဦး ခန့်အပ် တာဝန်ပေး သွားမည်ဟုလည်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက ပြောကြားခဲ့သည်။
သို့သော် ဗြိတိန်အနေဖြင့် ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် ဒဏ်ခတ် ပိတ်ဆို့ထားသော စစ်လက်နက်ပစ္စည်းနှင့် ဆက်စပ် သည့်အရာများ တင်သွင်းရောင်းချမှု ပိတ်ပင်ထားခြင်းကို လိုက်နာနေဆဲဖြစ်သည်။

ပရဟိတ ကာ/ချုပ့်ကြီး ဦးကျော်သူထံ အိတ်ဖွင့်ပေးစာ

(နိုင်ငံတော်အစိုးရထုတ် သတင်းစာများတွင် ကြော်ငြာထည့်ခွင့်မရရှိခဲ့သည့် Popular News Journal ၂ဝ၁၄ ခုနှစ်၊ မတ်လ (၁၃) ရက်နေ့ထုတ် ဦးကျော်သူ၏ ဆောင်းပါး)
ကျွန်တော်သည် ပရဟိတလုပ်ငန်းဖြင့် အများပြည်သူတို့အား အတ္တဖြုတ်၍ အနစ်နာခံ ပေးဆပ်ခဲ့ရာ ယခုဆိုလျှင် (၁၃) နှစ်ကျော်ခဲ့ပြီဖြစ်သည်။ (၁၃) နှစ်ပြည့်သော အချိန်ကာလဖြစ်သည့် ၂ဝ၁၄ ခုနှစ် ဇန်နဝါ ရီလ (၁) ရက်နေ့တွင် ကျွန်တော်၏ စိတ်အလျင်တို့သည် သာသနာပြုလိုသောစိတ်၊ သာသနာ ပြန့်ပွားလို သောစိတ်နှင့်အတူ ပရဟိတလောကသားများအတွက် ကမ္ဘာတည်သရွေ့ မှတ်ကျောက်တင်နိုင်ရန် ပရဟိ တစေတီတော် တည်ထားကိုးကွယ်ရန် ဖြစ်ပေါ်ခဲ့သည်။ ထို့ကြောင့် ယခု ၂ဝ၁၄ ခုနှစ် မတ်လတွင် မိမိစိတ် တွင် ဖြစ်ပေါ်လာသော ကောင်းမှုကုသိုလ်တော်ကြီးအား ဆရာတော်ကြီးများနှင့် ဆွေးနွေးတိုင်ပင် အကြံ ဉာဏ်များ တောင်းခံခဲ့ပြီးသည့်နောက် ပြည်မြို့တစ်ဖက်ကမ်းရှိ မြတ်စွာဘုရား သက်ရှိထင်ရှား ရှိစဉ်ကာလ တွင် မြတ်စွာဘုရား ကြွရောက်သာသနာပြုခဲ့သည့် တောင်ကိုးလုံးတွင် ပါဝင်သော ဖိုးဦးတောင်အနီးရှိ ကြခတ်တောင်တော်ပေါ်တွင် "မဟာပဏ္ဍိတပရဟိတအောင်တော်မူစေတီ" နှင့်မြတ်စွာဘုရားဆင်းတုတော် ကြီးအား တည်ထားကိုးကွယ်ရန်အတွက် ရည်စူး၍ နတ်မောက်မြို့နယ်အတွင်းရှိ သမိုင်းဝင် နှစ်ပေါင်းတစ် ထောင်ကျော် ရှိပြီဖြစ်သော ပင်းမဟာဗောဓိ ရွှေညောင်တော်နှင့် သပြေညီနောင်တို့ရှိရာ နတ်မောက်မြို့ နယ် ပင်းဂွေးချိုကျေးရွာအုပ်စု၊ ပင်းမြို့ဟောင်းကျေးရွာ၊ ပုဗ္ဗရုံကျောင်းတွင် လာရောက်၍ အဓိဋ္ဌာန်ဝင်ခဲ့ တော့သည်။ ထိုသို့ အေးချမ်းတိတ်ဆိတ် ငြိမ်သက်သောအရပ်ဒေသတွင် အဓိဋ္ဌာန်ဝင်စဉ် ကျွန်တော့်ထံသို့ အထက်ပါခေါင်းစဉ်ဖြင့် အိတ်ဖွင့်ပေးစာတစ်စောင် ရောက်ရှိလာခဲ့တော့သည်။ ထိုစာ၏ အကြောင်းအရာ အချက်အလက်များသည် လောကီကိစ္စရပ်များ ဖြစ်နေသည့်အတွက် ကျွန်တော့အနေဖြင့် လောကုတ္တရာ နယ်ပယ်အတွင်းမှ မည်သို့မျှမစဉ်းစား မဆုံးဖြတ်လိုပေ။ ထို့ကြောင့် လောကီကိစ္စ ပရိဟိတကိစ္စများနှင့် ပတ်သက်နေ၍ အနယ်နယ်အရပ်ရပ်ရှိ ပြည်သူလူထုများ၊ ပရဟိတသမားများ၊ ပရဟိတအသင်းအဖွဲ့များ အား သိရှိစေရန် စာပေတိုက်များသို့ ပြန်လည်၍ ပေးပို့သူရေးသားထားသော မူရင်းအတိုင်း တစ်ဆင့်ပေးပို့ လိုက်ခြင်းပင် ဖြစ်တော့သည်။

ရက်စွဲ - ၄ - ၃ -၂၀၁၄
"ပရဟိတကာ/ ချုပ်ကြီး ဦးကျော်သူထံ အိတ်ဖွင့်ပေးစာ"
"အသင်းအဖွဲ့များဆိုင်ရာ ဥပဒေကြမ်းကို လွှတ်တော်က အတည်ပြုပြဋ္ဌာန်းလိုက်ရင် လူမှုရေးလော က,ကနေ နုတ်ထွက်တော့မည်ဟု နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ" ပြောဆိုပြီး (၂၈-၂-၂၀၁၄) သောကြာနေ့ထုတ် မော်ဒန်ဂျာနယ်မျက်နှာဖုံးမှာ စာလုံးအကြီးကြီးနှင့် နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူရဲ့ ဓာတ်ပုံအကြီးကြီးကို တွေ့လိုက်ရတော့ ကျွန်ုပ်တို့ တော်တော်လေး တုန် လှုပ် ချောက်ချားသွားမိတယ်။ ဦးကျော်သူကို ကျွန်ုပ်တို့အနေဖြင့် လူမှုရေးအရ ခင်မင်ရင်းနှီးမှု ရှိပါသော် လည်း ယခုကိစ္စကို ကျွန်ုပ်တို့၏နှုတ်မှ ပြောကြားခြင်းထက် "နှုတ်တစ်ရာစာတစ်လုံး" ဆိုသလို လေးလေး စားစား စာရေးသားပေးပို့ဖို့ စိတ်ကူးဖြစ်မိတာပါ။ စာတစ်တန် ပေတစ်တန်နဲ့ ကြီးကြီးကျယ်ကျယ် ရေးသား ပေးပို့တယ်လို့ မယူဆဖို့ ဦးစွာမေတ္တာရပ်ပါရစေ။ ပြီးခဲ့တဲ့ရက် အနည်းငယ်ကတောင် ဦးကျော်သူနဲ့ ကျွန်ုပ် ပုသိမ်မြို့ စာပေဟောပြောပွဲမှာ အတူတကွ သွားတုန်းကတောင် ဧရာဝတီတိုင်းဝန်ကြီးချုပ်ရဲ့ ဖိတ်ကြား ချက်နဲ့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ ဝန်ကြီး (၅) ဦးနဲ့ တွေ့ဆုံတော့ ကျွန်ုပ်အတူပါခဲ့သေး တယ်။ အဲဒီမှာ ဦးကျော်သူကိုတောင် ဝန်ကြီးတွေက လူမှုရေးနဲ့ပတ်သက်ပြီး အကြံဉာဏ်ပေးဖို့နဲ့ "လူမှုရေး အဖွဲ့တွေကို ကျွန်တော်တို့စကား အခွန်းတစ်ရာပြောတာနဲ့ ဦးကျော်သူစကားတစ်ခွန်းပြောတာ ပိုထိရောက် ကြောင်း" ကို ဝန်ကြီးအဖွဲ့တွေက တကယ့်ကို လေးလေးစားစားနဲ့ ခင်မင်ရင်းနှီးစွာ တွေ့ဆုံခဲ့တာ အမှတ်ရမိ သေးတယ်။ အဲဒီမှာ ဝန်ကြီးတစ်ဦးက အသင်းအဖွဲ့တွေမှာ လိုင်စင်မဲ့ကားကိစ္စတွေ တရားဝင်ဖြစ်ဖို့ အ ကြောင်း ဦးကျော်သူနဲ့ ဆွေးနွေးခဲ့တာ ကျွန်ုပ်မှတ်မိနေပါတယ်။ အဲဒီနောက် ကျွန်ုပ်တို့ မိမိတို့ ကိုယ့်အရပ် ဒေသကို ပြန်ပြီးရောက်ရုံ ရှိသေးတယ်။ မော်ဒန်ဂျာနယ်က ဦးကျော်သူအင်တာဗျူး ဖတ်လိုက်မိတော့ မတုန်လှုပ်ဘဲ ရှိနိုင်ပါ့မလားဗျာ။ အဲဒါနဲ့ ဦးကျော်သူထံ ဖုန်းဆက်ပြီးမေးကြည့်မယ်။ လုပ်ပြန်တော့ မကွေး တိုင်း၊ နတ်မောက်မြို့ကို သွားရောက်ပြီး အဓိဋ္ဌာန် စခန်းဝင်တယ်ဆိုတာ သိရပါတယ်။ အဲဒါကြောင့် အခုလို စာရေးပြီး အိတ်ဖွင့်ပေးစာ ပေးပို့ရတာကို သာသနာပြုအလုပ် သွားရောက်လုပ်ကိုင်နေတဲ့ ဦးကျော်သူ အနေနဲ့ အနှောင့်အယှက်ပေးတယ်လို့ သဘောမထားဘဲ သတိတရ ဖတ်မိပါစေလို့ ဆုတောင်းရင်း ဒီစာကို ရေးပါရစေ။
ဦးကျော်သူခင်ဗျာ ကျွန်ုပ်တို့ မြန်မာတစ်နိုင်ငံလုံးမှာရှိကြတဲ့ လူမှုရေးအသင်းများ အားလုံးနီးပါးဟာ သူတို့ရဲ့ ပရဟိတ ခေါင်းဆောင်ကြီးအဖြစ်၊ ပရဟိတ ဖခင်ကြီးအဖြစ်၊ လူမှုရေးပရဟိတ သူရဲကောင်းကြီး အဖြစ်၊ လူမှုရေးအသင်းအဖွဲ့များ၏ စံပြပုဂ္ဂိုလ်ကြီးအဖြစ်၊ လူမှုရေးအသင်းအဖွဲ့များရှေ့မှာ မားမားမတ်မတ် နှင့် ရပ်တည်ကာကွယ် စောင့်ရှောက်ပေးနေတဲ့ ပရဟိတ ကာ/ချုပ်ကြီးအဖြစ် သတ်မှတ်ထားကြတယ် ဆို တာ ဦးကျော်သူတစ်ယောက် သိစေချင်ပါတယ်။ ဦးကျော်သူအနေနဲ့ ဒီအသင်းအဖွဲ့ ဥပဒေကြမ်းကို လွှတ် တော်က အတည်ပြုလိုက်လို့ ပရဟိတလောက,ကနေ အပြီးနုတ်ထွက် သွားတော့မယ်ဆိုရင် ကျွန်ုပ်တို့ လူမှုရေးလောကကြီးရဲ့ခေါင်းဆောင် သူရဲကောင်းတစ်ယောက် ကျဆုံးသွားသလို ခံစားကြရမှာပါ။ ဒီနေရာ မှာ ကျွန်တော်ဥပဒေကြမ်းနှင့် ပတ်သက်လို့ လေ့လာမိသလောက် (မိချောင်းမင်း ရေခင်းပြတယ်လို့ မထင် ပါနဲ့) နားလည်သလို တင်ပြပါရစေခင်ဗျာ။ ဒီအသင်းအဖွဲ့ဆိုင်ရာဥပဒေကြမ်းကို ကျွန်တော် စတင်လေ့လာမိ သည်မှာ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက (၂၇-၇-၂ဝ၁၃) ရက်စွဲနဲ့ ကြေးမုံသတင်းစာမှာ စတင်ဖော်ပြတဲ့အချိန်မှာ သေသေချာချာ လေ့လာကြည့်မိပါတယ်။ အဲဒီဥပဒေထဲမှာ အဓိက ပြဿနာသည် ယခုတည်ဆဲဥပဒေဖြစ်သော ၆/၈၈ အသင်းအဖွဲ့များဆိုင်ရာ ဥပဒေထက်မနိမ့်သော ပြစ်မှု/ပြစ်ဒဏ် အခန်း တွေကအစ ပါလာတာ တွေ့ရှိရပါတယ်။ ဦးကျော်သူ အင်တာဗျူးတွေမှာ ပြောနေသလို ကိုယ့်ထမင်း ကိုယ် စားပြီး ကြီးတော်နွားကျောင်းနေရတဲ့ ကျွန်တော်တို့ ပရဟိတသမားတွေဟာ ဥပမာ - ခန္ဓာကိုယ်ထဲက သွေးလည်းဖောက်ပြီး လှူခွင့်ရဖို့ အစိုးရကို မှတ်ပုံတင်ကြေးတင်ဆောင်ပြီးမှ လုပ်ရမယ်ဆိုတာ ဖြစ်သင့် သလား။ နောက်ပြီး မြတ်စွာဘုရားရဲ့ ဗြဟ္မစိုရ်တရားလေးပါး လက်ကိုင်ပြုနေတဲ့ လူမှုရေးသမားတွေကို ဥပဒေတွေနဲ့ ကိုင်ချုပ်နေတာဟာ မြတ်စွာဘုရားကို ဥပဒေနဲ့ထိန်းချုပ်နေသလို မဖြစ်ဖူးလားဆိုပြီး ဦးကျော် သူပြောခဲ့တာကို ကျွန်တော်တို့ လူမှုရေးအသင်းတွေအားလုံး တစ်ညီတစ်ညွှတ်တည်း ထောက်ခံခဲ့ကြပါ တယ်။ နောက်ပြီး ဦးကျော်သူအမြဲတမ်း ပြောပြောနေတဲ့ NGO အဓိပ္ပါယ်ဟာ အစိုးရမဟုတ်သော အဖွဲ့ အစည်းဆိုပြီး ဘာလို့ အစိုးရက ဥပဒေထုတ်ပြီး ထိန်းချုပ်ချင်နေတာလဲဆိုတာကိုလည်း ကျွန်တော်တို့ တော်တော်လေး စဉ်းစားမိပါတယ်။ ထားလိုက်ပါတော့လေ။ အဲဒီ ၂၇.၇.၂ဝ၁၃ ရက်နေ့ထုတ် ကြေးမုံမှာ ပါတဲ့ အသင်းအဖွဲ့ဆိုင်ရာ ဥပဒေကြမ်းကို လူမှုရေးအသင်းအဖွဲ့တွေက လက်မခံနိုင်ကြောင်း အသံတွေ ထွက်လာတော့ ၁၉.၈.၂ဝ၁၃ မှာ ဒုတိယအကြိမ်မူကြမ်းအဖြစ် ပြန်လည်ထွက်ရှိ လာပြန်ပါတယ်။ အဲဒီ ထဲမှာ ပြစ်မှု/ပြစ်ဒဏ်တွေ ပါလာတာ မတွေ့တော့ပြန်ဘူး။ အဲဒီနေရာမှာ ဦးကျော်သူပဲ စဉ်းစားကြည့်ပါဗျာ။ ဒီဥပဒေကြမ်းကို ဘယ်သူတွေရေးဆွဲနေတာလဲ၊ ဘယ်သူတွေက အကြံဉာဏ်တွေ ပေးနေတာလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာတာပေါ့။ ဒါနဲ့ ဒီဥပဒေကြမ်း ရေးဆွဲနေတဲ့ပုဂ္ဂိုလ် အဖွဲ့အစည်းတွေကို လေ့လာ ကြည့်မိပါတယ်။ ဘာတွေ့ရသလဲဆိုတော့ ဒီအသင်းအဖွဲ့များဆိုင်ရာ ဥပဒေကြမ်းကို ဦးဆောင်ရေးဆွဲနေတဲ့ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာ အရပ်ဘက်အဖွဲ့အစည်း ကိုယ်စားလှယ်တွေနဲ့ အကြိတ်အနယ် ဆွေး နွေးပြီးမှ ရေးဆွဲနေပါတယ်လို့ ဂျာနယ်တစ်စောင် အင်တာဗျူးတွေကနေ တွေ့မြင်နေရပါတယ်။ ဟုတ်ပါပြီ အဲဒီအရပ်ဘက်အဖွဲ့အစည်းတွေဆိုတာ ဘယ်အရပ် ဘယ်အဖွဲ့အစည်းတွေလဲ ဘယ်တိုင်း ဘယ်မြို့နယ်က အသင်းအဖွဲ့တွေကို ဘယ်လောက်ကိုယ်စားပြုနိုင်တဲ့ မေးခွန်းထုတ်စရာ ဖြစ်မလာဘူးလား။ ကောင်းပြီ ဒီလို အကြိတ်အနယ်ဆွေးနွေးဖို့ နေပြည်တော်သင်္ဂဟဟိုတယ်ကြီးမှာ တွေ့ဆုံဆွေးနွေးပွဲမှာ ပါဝင်ခဲ့တဲ့သူ တစ် ယောက်ရဲ့ ရင်ဖွင့်သံကို ဦးကျော်သူကြီးပဲ နားထောင်ပြီး စဉ်းစားကြည့်ပါဦးဗျာ။ သူက ဘာပြောသလဲဆို တော့ သူဟာမန္တလေးမြို့နယ်ထဲက အဖွဲ့အစည်းတစ်ခုရဲ့ ခေါင်းဆောင်တစ်ယောက်ပေါ့။ သူတို့ နေပြည် တော်မှာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဒီအသင်းအဖွဲ့ ဥပဒေကြမ်းကိစ္စဆွေးနွေးဖို့ ဖိတ်ကြားခြင်း ခံရ တယ်တဲ့။ (၃) ရက်ကြာတယ်လို့ ပြောပါတယ်။ နေ့တွက်တစ်ရက်ကို ကျပ် (၁ဝဝဝဝိ/-) ပေးတဲ့အပြင် ခရီး စရိတ် အသွား/အပြန်နဲ့ တည်းခိုစရိတ် (နှစ်ယောက်ခန်းကို ၈ဝဝဝဝိ/- လောက်တန်တဲ့ ဟိုတယ်နဲ့) အစား အသောက် အလျှံအပယ် ကျွေးမွေးဧည့်ခံကြောင်း၊ တယ်လီဖုန်းကဒ်တွေပေးပြီး စည်ရုံးပြောဆိုသွားတော့ ကျွန်တော်လည်း ယောင်တောင်တောင်နဲ့ ပါသွားတာပေါ့။ ပထမတော့ ဦးကျော်သူဦးဆောင်တဲ့ အဖွဲ့ဆိုပြီး ဘာပဲဖြစ်ဖြစ် တစ်ခုခုတော့ ထူးခြားမှုရှိမှာပဲလို့ထင်ပြီး လိုက်သွားတာ ဟိုရောက်တော့မှ နာရေးကူညီမှု အသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူမဟုတ်ဘဲ သူနဲ့နာမည်တူတဲ့ အဲဒီပုဂ္ဂိုလ်ကလည်း ဆံပင်အရှည် နှုတ် ခမ်းမွေးနဲ့ အရပ်ထောင်ထောင်မောင်းမောင်းနဲ့ NGO အဖွဲ့တစ်ခုက ဦးကျော်သူ ဖြစ်နေတော့ နည်းနည်း ကြောင်သွားတယ်။ ကျွန်တော်တို့လို ဦးကျော်သူမှားပြီး ယောင်တောင်တောင် ပါသွားတဲ့သူတွေ အများကြီး ဆိုတာ ဟိုရောက်မှသိတော့ ကျွန်တော်နည်းနည်း ဖြေသာလိုက်ပါတယ်။ ဒါတင် ဘယ်ကမလဲ နာမည်တူ ကိစ္စ ဂျာနယ်တွေမှာ ဖတ်မိသေးတယ်။ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူထံကို မန္တလေး မြို့မှာ ရှိနေတုန်း ဖုန်းဝင်လာတယ်။ "ဦးကျော်သူ ဘယ်ရောက်နေလဲ ကျွန်တော်တို့ တောင်ကြီးကပါ" တဲ့ အဲဒီမှာ ဦးကျော်သူက ကျွန်တော်အခု မန္တလေးမှာလို့ပြောတော့ ဒီနေ့ တောင်ကြီးကိုလာပြီး အသင်းအဖွဲ့ တွေနဲ့ တွေ့ဖို့ရှိတယ်လို့ဆိုပြီးမေးတော့ ဘယ်ကလာရှိရမှာလဲ ကျွန်တော်က အခုရန်ကုန် ပြန်တော့မှာဆို တော့ အဲဒီတောင်ကြီးက လူက ဒီနေ့ဦးကျော်သူတောင်ကြီးက လူမှုရေးအဖွဲ့တွေကို တွေ့မယ်ဆိုတော့ ဒီက အသင်းအဖွဲ့တွေက ဝမ်းသာအားရနဲ့ ဦးကျော်သူကို ကြိုဆိုနေတာ သွားပါပြီဗျာ။ ဘယ်က နာမည်တူက ပေါ်လာပါလိမ့်ဆိုပြီး စိတ်ပျက်လက်ပျက်နဲ့ ဖုန်းချသွားတယ်။ အဲဒီမှာဦးကျော်သူကတောင် ပြန်ပြောလိုက် သေးတာ ကျွန်တော်မှတ်မိသေးတယ်။ ခင်ဗျားတို့ ကျော်သူ စစ်/မစစ် သိချင်ရင် "သင်္ချိုင်းကုန်းတစ်ခုကို ခေါ်ပြီး မသာထမ်းသွားခိုင်းလို့ရရင် ကျော်သူစစ်တယ်" လို့ တောင်ပြောတော့ ကျွန်တော်ကိုယ်တိုင် ဖတ် ကြည့်ပြီး သက်ပျင်းအခါခါ ချမိပါသေးတယ်။ ဦးကျော်သူရေ ပုသိမ်ဘက်တုန်းကလည်း ပြောသံကြားလိုက် သေးတယ်။ ပုသိမ်ကို ဦးကျော်သူလာပြီး အသင်းအဖွဲ့တွေနဲ့ တွေ့ဖို့လာမယ်ဆိုတော့ ပုသိမ်မြို့က အာဏာ ပိုင်ကတောင် မင်းသားကျော်သူထင်ပြီး ခွင့်ပြုမိန့်တောင်း လက်မှတ်ထိုးပေးပြီးမှ နာမည်တူတဲ့ ဦးကျော်သူ ဖြစ်နေကြောင်း၊ ပုသိမ်မြို့နယ် အုပ်ချုပ်ရေးကတောင် ဖုန်းဆက်ပြီး ပြောတယ်ဆိုတော့ ဒီနာမည်တူကိစ္စ အား ကာယကံရှင်တွေ နာမည်တူနေတာ ဘာမှမထူးဆန်းပေမယ့် လူတူမရှား၊ နာမည်တူမရှားဆိုတာ လက်ခံပေမယ့် အခုကိစ္စက ဒီနာမည်တစ်ခုနောက်မှာ ရှိနေတဲ့ လူမှုအဖွဲ့အစည်းတွေ အနေနဲ့ကတော့ တော်တော်လေး ယောင်တောင်တောင် ဝါးတားတားနဲ့ ဖြစ်သွားကြတာတော့ မကောင်းဘူးပေါ့။ ဦးကျော်သူ (မင်းသားဦးကျော်သူ) ကြီးရေ အဲဒီတော့ မင်းသားဦးကျော်သူနဲ့ အမည်တူ NGO က ကိုကျော်သူကိုလည်း တွေ့ရင်ပြောပေးပါ။ နောက်နောင် နယ်အသင်းအဖွဲ့တွေကို တွေ့တော့မယ်ဆိုရင် ကျွန်တော်ကတော့ ဘယ် အဖွဲ့က၊ ဘယ်သူပါ၊ ဘာအတွက် လာရောက်ဖို့ရှိကြောင်း ရှင်းလင်းစွာ အရင်ပြောဆိုပြီးမှ သွားရောက် တွေ့ဆုံရင် ပိုကောင်းပါလိမ့်မယ်လို့ အကြံပြုပေးချင်ပါတယ်။ တချို့အသင်းအဖွဲ့တွေက ကျော်သူကို နာရေး ကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူပဲ ထင်ထင်နေကြတော့ မိမိအတွက်လည်း မကောင်းကြောင်း အကြံပြုပေးပါခင်ဗျာ။ လူတစ်ယောက်ကို ၃ဝဝဝဝဝိ/- သုံးသိန်း ဝန်းကျင်လောက် အကုန်အကျခံပြီးသုံးပြီး ဒီဥပဒေမူကြမ်း ကိစ္စတိုင်ပင်ဖို့ကို ဘယ်သူက အဲဒီစရိတ် စိုက်ထုတ်သလဲ။ INGO လို့ခေါ်တဲ့ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းကနေ မှတ်ပုံတင်လိုချင်အားကြီးပြီး စိုက်ထုတ်ပေးနေသလား၊ အစိုးရ ဘက်ကပဲ လူမှုရေးအသင်းတွေကို ထိန်းချုပ်ချင်အားကြီးပြီး အကုန်အကျခံသလား စသည်ဖြင့် သို့လော သို့လောတွေ ကျွန်တော်တို့ လူမှုရေးအမည်တွေ ကြားဂယက်ရိုက်သွားတာပေါ့။ ဦးကျော်သူကြီးပဲ စဉ်းစား ကြည့်လေ ကျွန်တော်တို့ လူမှုရေးအဖွဲ့အစည်းဆိုတာ အများပြည်သူ ချွေးနည်းစာထဲကနေ အများပြည်သူ အတွက် သဒ္ဓါတရားထက်သန်စွာနဲ့ လှူဒါန်းပေးတဲ့ ဒီအလှူငွေတွေကို ဒီလိုမလိုအပ်ပဲ အကုန်အကျ အများ ကြီးခံပြီး လုပ်သင့်ပါသလားဗျာ။ သုံးတဲ့သူတွေရော စားတဲ့သူတွေပါ သံရည်ပူတွေ စားမိသလို အပူတွေ တစ်ပွေ့တပိုက်ကြီး ရသွားကြမှာပေါ့။ ဒါနဲ့ သေသေချာချာ အကဲခတ်ကြည့်တော့ အဲဒီအဖွဲ့တွေ အများစုဟာ INGO တွေများနေတာ တွေ့ရပါတယ်။ INGO ဆိုတာ ပြည်ပအထောက်အပံ့နဲ့ ပြည်တွင်းမှာပြန်ပြီး ကူညီ နေကြတာဆိုတော့ သူတို့အနေနဲ့ တရားဝင်မှတ်ပုံတင် ရရှိရေးအတွက် ငွေကြေးပေးဆောင်ဖို့ အခက်အခဲ မရှိသလို (ဒီနေရာမှာ INGO များကို ကျွန်ုပ် မကောင်းပြောနေတာ မဟုတ်ပါ) INGO တွင် လုပ်အားပေး မရှိပါ။ အားလုံး လခစားဝန်ထမ်းများဖြင့် ဆောင်ရွက်နေသော အဖွဲ့အစည်းများ ဖြစ်သည့်အတွက် သူတို့ အိတ်စိုက် ဘယ်သူမှမလုပ်ကြပါဘူး။ NGO ဆိုသော ကျွန်ုပ်တို့ အစိုးရမဟုတ်သော ပြည်တွင်းအဖွဲ့တွေ ကျတော့ ပြည်တွင်းရှိ အများပြည်သူများရဲ့ ချွေးနဲစာနဲ့ လှူဒါန်းငွေတွေနဲ့ ရပ်တည်နေရတဲ့ လူမှုရေး ပရဟိတအဖွဲ့တွေ အနေနဲ့ကတော့ ဒီအသင်းအဖွဲ့ ဥပဒေမူကြမ်းဟာ လက်ခံစရာလုံးဝမရှိကြောင်း တွေ့နေ ရပါတယ်။ နိုင်ငံတကာစံနှုန်းနဲ့ လေ့လာပြီးမှ ရေးဆွဲနေတာပါလို့ပြောတဲ့ ပုဂ္ဂိုလ်ကြီးကိုလည်း ဦးကျော်သူ ပြောပေးစမ်းပါဗျာ။ ကိုယ့်ပြည်တွင်းစံနှုန်းနဲ့ ကိုက်ညီအောင်ပဲ အရင်လုပ်ပါ။ နိုင်ငံတကာစံနှုန်းဆိုရင် ထပ်ပြောမယ်။ အခြားနိုင်ငံတွေမှာ ပရဟိတ လူမှုအဖွဲ့အစည်းတွေကို ဒီလိုအခွန်အခကောက်ခံပြီး ဥပဒေနဲ့ ထိန်းချုပ်ဖို့ နေနေသာသာ သူတို့အစိုးရတွေက လူမှုရေးအဖွဲ့အစည်းတွေ လိုအပ်သမျှ ပံ့ပိုးကူညီသလို ၎င်း လူမှုရေးအဖွဲ့အစည်း လှူဒါန်းနေတဲ့ အလှူရှင်တွေရဲ့ စီးပွားရေးဝင်ငွေခွန် (အမြတ်ခွန်) တွေကိုတောင် အဲဒီလိုလှူဒါန်းတဲ့ အလှူငွေပေါ်ကြည့်ပြီး အခွန်လျှော့ချ ပေးတာမျိုးတွေရှိနေတယ်။ ဒီမှာလို ပြည်ပက အလှူငွေတွေကိုတောင် ၁ဝ % အခွန်ဖြတ်တာမျိုးက ဝေးစွ။ အဲဒီလိုနဲ့ ၂-၁၁-၂ဝ၁၃ ကြေးမုံမှာ တတိယ အကြိမ် အသင်းအဖွဲ့မူကြမ်းဆိုပြီး ၂၉-၁-၂ဝ၁၃ ရက်နေ့ထပ်မံပြီး မူကြမ်းထွက်လာပြန်တယ်။ ဒါကိုပဲ ဒီကနေ့လွှတ်တော်မှာ ဆွေးနွေးအတည်ပြုဖို့ လုပ်နေတာဆိုတာ သိရပါတယ်။ မသာ အလောင်းတစ် လောင်းမချဘူးသူ၊ သွေးတစ်လုံးမှ ခန္ဓာကိုယ်က ဖောက်ထုတ်အလှူ လူနာတစ်ယောက်တောင် ကျန်းမာ ရေးစောင့်ရှောက်မပေးရသူ၊ ပရဟိတလူမှုရေး ဘာတစ်ခုမှ အတွေ့အကြုံမရှိသော ပုဂ္ဂိုလ်တွေက တကယ် လူမှုဒုက္ခတွေကို နေ့စဉ်နဲ့အမျှ နဖူးတွေ့ဒူးတွေ့ ကူညီလုပ်ဆောင်ပေးနေသော အနယ်နယ် အရပ်ရပ်က လူမှုရေးသမားတွေလောက် သိပါ့မလား။ လူမှုရေးအဖွဲ့အစည်းတွေမှာ ဘာအခက်အခဲရှိသလဲ၊ နာရေးကိစ္စ တွေမှာ ဘာအခက်အခဲရှိသလဲ၊ ကျန်းမာရေး စောင့်ရှောက်မှုတွေမှာ ဘာတွေလိုအပ်နေသလဲ စသည်ဖြင့် ဘယ်သူတွေက ပိုသိနိုင်မလဲ။ ဦးကျော်သူတို့ နာရေးကူညီမှုအသင်း(ရန်ကုန်)ကို ချန်လှပ်ရုံတင်မကဘဲ တစ်တိုင်းပြည်လုံးမှာရှိတဲ့ လူမှုရေးဆန္ဒသဘောထားတွေကို လျစ်လျူရှုပြီး ရေးဆွဲမယ်ဆိုရင်တော့ ဒီ အသင်းအဖွဲ့ဥပဒေက ဘယ်လိုမှပြည့်စုံလာမှာ မဟုတ်သလို တစ်ချိန်မှာ ကန့်ကွက်မှုတွေ ကြုံတွေ့လာလိမ့် မယ်ဆိုတာ မလွဲမသွေ ကျွန်တော်ပြောရဲတယ်။ တကယ်တမ်း ပြင်သင့်တာကတော့ ဒီဥပဒေကြမ်းကို ရေးဆွဲတော့မယ်ဆိုရင် အရေးကြီးဆုံးက ဒီဥပဒေသက်ရောက်မည့် အသင်းအဖွဲ့တွေရဲ့ သဘောဆန္ဒတွေ ဟာ အဓိကကျပါတယ်။ ဥပဒေရေးဆွဲမယ့် ပုဂ္ဂိုလ်တွေအနေနဲ့ နယ်ပေါင်းစုံက အသင်းအဖွဲ့တွေကို တွေ့ဆုံ ဖို့ ခက်ခဲနေမယ်ဆိုရင် ဥပမာ သက်ဆိုင်ရာတိုင်းက တာဝန်ခွဲဝေယူပြီး နောက်ခရိုင်၊ မြို့နယ်၊ ရပ်ကွက် အဆင့်ဆင့် တာဝန်ခွဲဝေယူပြီး ၎င်းတို့သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှာရှိနေတဲ့ လူမှုရေးအသင်းအဖွဲ့တွေ ရဲ့ ဆန္ဒသဘောထားတွေကို တင်ပြပေးဖို့ တောင်းခံမယ်ဗျာ။ ပြီးရင် အသင်းအဖွဲ့တွေက တင်ပြလာတဲ့ သဘောထားတွေကို ဥပဒေကြမ်းရေးဆွဲမယ့် ပုဂ္ဂိုလ်တွေက လေ့လာပြီး ဘုံတူညီတဲ့ သဘောထားလေး တွေ ရွေးချယ်ပြီး သတ်မှတ်ရေးဆွဲမယ်ဗျာ။ ပြီးရင်ပြန်ပြီး အသင်းအဖွဲ့တွေကို ပြန်ပြောမယ်ဗျာ။ လိုအပ်ရင် ပြင်ဆင်ညှိနှိုင်းပြီး သဘောတူညီမှု ရယူပြီး ပြဋ္ဌာန်းမယ် ဆိုရင်တောင် နည်းနည်းခံသာသေးတယ်။
ဧရာဝတီတိုင်း ဝန်ကြီးပြောသလို အသင်းအဖွဲ့တွေက လိုင်စင်မဲ့ကားကိစ္စကို သူတို့ဘက်က တရား ဝင် ဖြစ်ချင်နေကြောင်းပြောတာ ကျွန်တော်ကြားတော့ ကျွန်တော်တို့အသင်းတွေ ကိုယ်တိုင်ကပိုပြီး တရား ဝင် လိုင်စင်ကားကိုပဲ သုံးချင်တာပေါ့ဗျာ။ ဒါပေမယ့် အသင်းတွေရဲ့ ရန်ပုံငွေကြေး မပြည့်စုံလို့သာ အခုလို သင့်တော်တဲ့ လိုင်စင်မဲ့ကားတွေကို သက်ဆိုင်ရာမြို့နယ် က-ည-န တွေမှာ သွားရောက်စာရင်းပေးပြီး အစိုးရဘက်က ဥပမာ-နာရေးကားဆို နိဗ္ဗာန်ယာဉ်နံပါတ်နဲ့ တပ်ဆင်ပြီး ကျန်းမာရေးသုံးကားဆို ကျန်းမာ ရေးနံပါတ်ပေးပြီး တရားဝင်အသိအမှတ်ပြုမယ်ဆို ဘယ်လောက်ကောင်းမလဲ။ ကျွန်တော်တို့အသင်းတွေ က လိုင်စင်မဲ့ကားတွေကို 4/G ၊ 5 /G တွေ ပေးစရာမလိုပါဘူး။ ပြန်လည်ရောင်းချလို့မရ၊ ကိုယ်ပိုင်လည်း စီးခွင့်မရှိအောင် နိဗ္ဗာန်ယာဉ်နံပါတ်၊ ကျန်းမာရေးနံပါတ် စသည်ဖြင့် သတ်မှတ်ပေးမယ်ဆိုရင် မရနိုင်ဘူး လားခင်ဗျာ။ အကယ်၍ အသင်းတွေက ၎င်းကားတွေကို ကိုယ်ကျိုးရှာပြီး အမြတ်ထုတ်တာတွေ့ရင် လိုင်စင် ပြန်လည်ရုတ်သိမ်းပြီး ထိရောက်စွာအရေးယူပါလို့ အကြံပြုပေးပါ ဦးကျော်သူကြီးရေ။ ဦးကျော်သူရေ ဥပဒေဆိုတာထုတ်ပြီးရင်လည်း ပြည်သူလက်မခံရင် ပြန်ပြင်ဆင်ခွင့် ရှိနေတဲ့ခေတ်ဆိုတော့ ဦးကျော်သူ ကြီးအနေနဲ့ ဒီဥပဒေကြောင့်တော့ ပရဟိတလူမှုရေးလောက ကနေ နုတ်ထွက်တာမျိုး လုပ်မဲ့အစား ကျွန်တော်တို့ လူမှုရေးအဖွဲ့အစည်းတွေအားလုံးနဲ့ အတူတကွ ဆက်လက်လက်တွဲဦးဆောင်ပြီး ၎င်းဥပဒေ ကို လက်မခံနိုင်ရင် ပြင်ဆင်ပေးဖို့ လမ်းမပေါ်ထွက်ပြီး ဆန္ဒဖော်ထုတ် သွားကြတောပေါ့ဗျာ။ တစ်တိုင်းပြည် လုံးမှာရှိကြတဲ့ ပရဟိတအသင်းများအနေနဲ့ မိမိတို့နှင့် တိုက်ရိုက်သက်ဆိုင်သော ၎င်းအသင်းအဖွဲ့ဥပဒေကို လက်ခံနိုင်ခြင်း မရှိခဲ့ရင် ကန့်ကွက်ဆန္ဒဖော်ထုတ်သွားဖို့ ပရဟိတလူမှုရေး သူရဲကောင်းအပေါင်းတို့ဟာ ပရဟိတ ကာ/ချုပ်ကြီး (သို့မဟုတ်) နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူရဲ့ ဦးဆောင်မှု အောက်မှာ အသင့်ရှိနေပါကြောင်းနှင့် ကျွန်ုပ်တို့ဟာ ပရဟိတကိုအသုံးချသော အနုပညာသမားများ ပရ ဟိတကို ခုတုံးလုပ်သော စီးပွားရေးသမားများ၊ ပရဟိတကို နင်းချေတက်လှမ်းဖို့ ကြိုးစားနေသော နိုင်ငံ ရေးသမားများ ၊ ပရဟိတကို ဗန်းပြလုပ်စားနေသော အတ္တသမားများ မဟုတ်သော အများပြည်သူအတွက် ကိုယ်ကျိုးမဖက် ပေးဆပ်နေသော ပရဟိတစစ်စစ် လူမှုရေးသမားများ ဖြစ်ကြပါသည်ဟု သစ္စာဓိဋ္ဌာန် ပြုကြပါကုန်စို့။
ပရဟိတ မျိုးဆက်သစ် ခေါင်းဆောင်များမှ ရေးသားပေးပို့ပါသည်။
ထို့ကြောင့် ယခုပရဟိတ မျိုးဆက်သစ်ခေါင်းဆောင်များ စိုးရိမ်တကြီး ရေးသားပေးပို့လိုက်သော အထက်ပါစာအား ဖတ်ရှုပြီးသူ ပရဟိတ စိတ်ဓာတ်ထက်သန်ကြသော ပရဟိတသမားများ လူသားချင်း စာနာစိတ် မွေးမြူကြသော မြန်မာပြည်သားများအနေဖြင့် မည်သို့ခံစား တွေးတောမိမည်ကိုတော့ ကျွန် တော်မသိ။ ထို့ပြင် ယင်းအရပ်ဘက်လူ့အဖွဲ့အစည်းဥပဒေအား ဗြဟ္မစိုရ်တရားလေးပါးလက်ကိုင်၍ အတည် ပြုသည်ဟုလည်း ကျွန်တော်မသိ။ ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပြီးသည့်နောက် သမ္မတကြီးမှ လည်း သန်း (၆ဝ) ပြည်သူလူထုတို့ ကိုယ်စားပြုပြီး လက်မှတ်ထိုးမည်လား ဆိုသည်ကိုလည်း ကျွန်တော် မသိ။ ကျွန်တော် အခုအချိန်တွင် အနတ္တနယ်ပယ်အတွင်း ရောက်ရှိနေစဉ်ကာလ အတိုင်းအတာအတွင်း ကျွန်တော်ဘာကိုမှ မသိချင်တော့။ ကျွန်တော် အကောင်အထည်ဖော်တော့မည့် မဟာပဏ္ဍိတပရဟိတ အောင်တော်မူ စေတီတော်ကြီး မြန်မာပြည်တွင်းရှိ ပရဟိတသမားများ၊ ပရဟိတလောကကို ခြေစုံချမည့် သူများအတွက် မရှိမဖြစ် ဦးတိုက်ကိုးကွယ် သစ္စာဆိုနိုင်မည်။ အောင်မြင်တည်ထား ကိုးကွယ်နိုင်ရန်အ တွက်သာ ကျွန်တော်ခေတ္တ ရောက်ရှိနေသော လောကီနယ်ပယ်အတွင်း အဓိဋ္ဌာန်ပြု ကျင့်ကြံပွားများလျှက် ရှိပါတော့သည်။ နောင်တစ်ချိန်ချိန်မှာတော့ လောကီနယ်ပယ်တွင်ကျင်လည်ရင်း ပရဟိတနယ်မြေ အတွင်း ၌ ပြန်လည်ခြေချမိခဲ့ပြီဆိုရင်တော့ ဗြဟ္မစိုရ်ကျည်ဆန်များဖြင့် ပရဟိတစစ်ပွဲများကို မေတ္တာလက်နက်ကြီး များဖြင့် ဆင်နွှဲကြပါစို့ဟု ပရဟိတ လူမှုရေးသမားစစ်စစ်များအား နှိုးဆော်လိုက်ရပါသည်။
ကျော်သူ