မင်းကွန်းဆရာတော်ဘုရားကြီးကိုယ်တိုင်မိန့်ကြားတော်မူခဲ့တဲ့စကား



" . . . သာသနာ့ အာဇာနည် . . . "  ===================  ကမ္ဘာ့ ဥာဏ်အကောင်းဆုံး လူသားအဖြစ် ဘာသာခြားတို့ ၏ဂင်းနစ်မှတ်တမ်းတင်ခံရသူ ..။  သံဃာတော် အပေါင်းတို့ ၏ ဥသျှောင် သံဃာ့မဟာနာယကကြီးအဖြစ် တာဝန်ထမ်းခဲ့သူ...။ဲမြတ်စွာဘုရားရှင်၏ ညီတော် အရှင်အာနန္ဒာကဲ့သို့  တရားတော်၊ မြတ်ဓမ္မတို့ ရဲ့ ဘဏ္ဍာတိုက် ..။  သူ့ ဥာဏ်တော်ကို အများအကျိုး အတွက်အချိန်ပြည့် မနေမနား အသုံးချပေးခဲ့သူ .. ..။  မျိုးဖျက် အဓမ္မတို့ ၏ ဘာသာရေးလွှမ်းမိုးမှုကို ပေါ်ပေါ်တင်တင် ရဲရဲဝံ့ဝံ့ဆန့် ကျင်ခဲ့သူ ...။  တပည့်သံဃာတော်တွေကို ထိလာလျှင် သူကိုယ်တိုင်ပင် ရှေ့ ကရပ်၍ ကာကွယ်ပေးရဲသူ . .။  မြတ်ဗုဒ္ဓ၏ သာသနာတော်အတွက် အတုယူဖွယ်ရာ နိဗ္ဗာန်ဆော် ပုဂ္ဂိုလ်ကြီး တစ်ပါး . .။  ဘ၀နေ၀င်ချိန်ထိတိုင် လက်နှိပ်စက်တစ်လုံးဖြင့် ဓမ္မစာပေများကို ဘာသာပြန်ဆိုပေးခဲ့သူ ...။  ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော် ဘုရားကြီး၏ သေသည်အထိ သာသနာပြုနေပုံ . . .။   Admin - ဒေါက်တာကျော်လွင်  By မြန်မာပြည်မှမြန်မာလူမျိုး ----------------------------------------------------------------------- Posted By : မြန်မာ့သတင်းများစုစည်းရာ (MNC)
" . . . သာသနာ့ အာဇာနည် . . . "

===================

ကမ္ဘာ့ ဥာဏ်အကောင်းဆုံး လူသားအဖြစ် ဘာသာခြားတို့ ၏ဂင်းနစ်မှတ်တမ်းတင်ခံရသူ ..။

သံဃာတော် အပေါင်းတို့ ၏ ဥသျှောင် သံဃာ့မဟာနာယကကြီးအဖြစ် တာဝန်ထမ်းခဲ့သူ...။

ဲမြတ်စွာဘုရားရှင်၏ ညီတော် အရှင်အာနန္ဒာကဲ့သို့  တရားတော်၊ မြတ်ဓမ္မတို့ ရဲ့ ဘဏ္ဍာတိုက် ..။

သူ့ ဥာဏ်တော်ကို အများအကျိုး အတွက်အချိန်ပြည့် မနေမနား အသုံးချပေးခဲ့သူ .. ..။

မျိုးဖျက် အဓမ္မတို့ ၏ ဘာသာရေးလွှမ်းမိုးမှုကို ပေါ်ပေါ်တင်တင် ရဲရဲဝံ့ဝံ့ဆန့် ကျင်ခဲ့သူ ...။

တပည့်သံဃာတော်တွေကို ထိလာလျှင် သူကိုယ်တိုင်ပင် ရှေ့ ကရပ်၍ ကာကွယ်ပေးရဲသူ . .။

မြတ်ဗုဒ္ဓ၏ သာသနာတော်အတွက် အတုယူဖွယ်ရာ နိဗ္ဗာန်ဆော် ပုဂ္ဂိုလ်ကြီး တစ်ပါး . .။

ဘ၀နေ၀င်ချိန်ထိတိုင် လက်နှိပ်စက်တစ်လုံးဖြင့် ဓမ္မစာပေများကို ဘာသာပြန်ဆိုပေးခဲ့သူ ...။

ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော် ဘုရားကြီး၏ သေသည်အထိ သာသနာပြုနေပုံ . . .။

ကျနော့်မိတ်ဆွေများအားလုံး
မင်္ဂလာရှိသော ၂၀၁၄ ခုနှစ်ကို ပျော်ရွင်စွာဖြတ်သန်းနိုင်ကြပါစေ။
ဘလော့ဂါ








Sunday, April 27, 2014

“ဗီအိုင်ပီ”

April 27, 2014 at 2:48am
            လူတွေဟာ ဘီပိုးတို့ စီပိုးတို့ အေပိုးတို့ဆိုရင် ကုရာနတ္ထိ ဆေးမရှိဘူးဆို အသည်းအသန် ကြောက်ကြလန့်ကြလေရဲ့။ ကိုယ်တို့ဆရာဝန်တွေကတော့ အရှင်းမပျောက်နိုင်တောင် ကိုယ်တတ်ကျွမ်းတဲ့ ဆေးပညာအားကိုးနဲ့ လူနာရဲ့ ဝေဒနာ သက်သာအောင် ကုစားပေးလို့ရတာကြောင့် အဲ့လိုလူနာမျိုးကို ကုရမှာ တီ ဆားနဲ့တို့သလို ဖြစ်နေလေ့မရှိပါဘူး။ ဒါပေမယ့်လို့ ဆရာဝန်တော်တော်များများက ဖြစ်နိုင်ရင် “တခြားမှာ သွားကုပါလား ဟင်။” လို့ ထမင်းရည်ပူလာ လျှာလွှဲ လုပ်ချင်ကြတဲ့ ရောဂါတစ်ခု ရှိပါတယ်။ သူလည်းပဲ ဆေးကု၍မရပါ ဆိုတဲ့အထဲကပါပဲ။ ဆိုးတာက ဆရာဝန်ပါ တိုင်ပတ်ပတ်သွားတတ်လို့။ အဲသည်ရောဂါကတော့ ဗီအိုင်ပီရောဂါ လို့ ခေါ်ပါတယ်။

            ကိုယ်တို့မြန်မာတွေဟာ အားကြီးကို ဗီအိုင်ပီဖြစ်ချင်ကြတာ သူသူကိုယ်ကိုယ်ပဲ။ ဆေးခန်းပြလို့ လူနာလေးငါးဆယ်ယောက် တန်းစီနေရင် ကိုယ်ရောက်တဲ့နေရာက အလှည့်ကျအောင် စောင့်မပြချင်ဘူး။ နောက်မှမွေး မိဦးမှည့်ပြီး စွတ်ကနဲစွတ်ကနဲ တန်းဝင်ပြချင်တာ။ ကားတွေဘာတွေတိုက်လို့ လူ လေးငါးဆယ်ယောက် ဒဏ်ရာရနေလည်း အသက်နဲ့အဝေးကြီးလူတွေက သူ့ထက်ငါ ဦးအောင် ဆရာဝန်လာကြည့်စေချင်တယ်။ မီးပွိုင့်နီနေရင်တောင် “ဒါ လူကြီးအိမ်ကကား။ နားမလည်ဘူးလား။ ဘေးကပ်ပေးစမ်း။” ဆို မီးကြီးထွန်းပြီး နင်းဖြတ်ကြတဲ့သူချည့်ပဲ။ အလှူအတန်းများလုပ်လို့ကတော့ ဘုန်းကြီးအရင် ဦးဖယ်တာ ဗီအိုင်ပီလာရင် ဧည့်ခံဖို့။ အားလုံးကို အခကြေးငွေမယူပဲ အလကားဖျော်ဖြေပါတယ်ဆိုတဲ့ ကိုကြီးစိုးသူ စတိတ်ရှိုးတွေတောင် ဗီအိုင်ပီတင်မကဘူး။ ဗီအိုင့်ဗီအိုင်ပီတွေကိုပါ နတ်နေကိုင်းချန်ရတယ်။ မြို့ထဲမှာ မတော်မတည့် လမ်းပိတ်ရပ်ထားတယ်ဆိုပြီး ကရိန်းကြီးနဲ့ ဘဲဥချီသွားတဲ့အထဲမှာ ဗီအိုင်ပီကားများ ပါသွားလို့ကတော့ ဒဏ်ငွေတင် ကိုယ့်ဘာသာ စိုက်ဆောင်ရတာမဟုတ်ဘူး။ ကရိန်းဖိုးပါ အကုန်အကျခံပြီး အိမ်တိုင်ယာရောက် ပြန်ပို့ရတယ်။ ဒါတောင် ခြေသလုံးဖက်နိုင်ကာမှ အလုပ်မပြုတ်တာ။ (ဒါကြောင့် တော်ရုံတန်ရုံ မှတ်ဥာဏ်လောက်နဲ့ မော်တော်ပီကယ်လုပ်ဖို့ မစဉ်းစားနဲ့။ လူကြီးအိမ်က ကားမှန်သမျှ အမျိုးအစားရော နံပတ်ပါ အလွတ်ကျက်ထား။ နို့မို့ ပါးချည့် အရိုက်ခံနေရမယ်။) ဗီအိုင်ပီဆိုတာ ရီးတီးယားတားသွားလုပ်ရင် ဆီးသီးနွားစားတတ်တယ်ဗျ။

          အများနည်းတူ သာတူညီမျှ အတူတကွဆိုတဲ့ ယဉ်ကျေးမှု မထွန်းကားပဲ ဇမ္ဗူပေါ် လူဇော်ဆိုတဲ့ စိတ်ဓါတ်အခြေခံနဲ့မို့ ကိုယ်တို့ဆီမှာ ဘယ်နေရာမှာမှ အလှည့်ကျတန်းစီစောင့်တဲ့ထုံးစံ မရှိဘူး။ တို့က သည်လိုအတန်းအစားထဲက မဟုတ်ဘူးလို့ ဂုဏ်ယူချင်ကြတာကိုး။ အထူးသဖြင့် အဲဒီဗီအိုင်ပီရောဂါဟာ ကိုယ်တို့ဝန်ထမ်းလောကမှာ ခိုင်ခိုင်မာမာကြီး အမြစ်တွယ်နေပြီ။ ပြည်သူတွေက ရုံးပြင်ကန္နားလာရင် ၀န်ထမ်းကိုကြောက်ရတယ်။ ၀န်ထမ်းကတော့ အထက်အရာရှိကို ကြောက်ရတယ်။ ဒီအချက်ကိုသိထားတဲ့သူတွေက နိုင်ကွက်ကို အပိုင်ကိုင်ကစားနိုင်ဖို့ ကိုယ်ဆက်ဆံမယ့် ၀န်ထမ်းရဲ့ အထက်အထက်မှာ ပတ်သက်ရာပတ်သက်ကြောင်း ရှာပြီး သူတို့နဖူးမှာ ဗီအိုင်ပီ တံဆိပ်တုံး ထုကြတယ်။ အထက်ကလည်း မကင်းရာမကင်းကြောင်း ရှိရင် “ကြည့်ကြက်လုပ်ပေးလိုက်ပါကွာ။” ဆို တစ်ခွန်းတည်းနဲ့ နှုတ်၏စောင်မခြင်း ၀တ္တရားကျေလေတယ်။ စားနေကျ ကြောင်ဖားများကျတော့ ကြာကြာဝါးမယ့်သွား အရိုးကြည့်ရှောင် ဆိုသလို ဗီအိုင်ပီဆိုတာ အစားမတော်ရင် လည်ပင်းတစ်မယ့် အရိုးကြီး။ အလျော်ဇယားခင်းပေးလိုက်ပြီး  နောင်ကျမှ အလှည့်သင့်သလို ပြန်အပူကပ်ဖို့ မျှောထားလိုက်တာ အကောင်းဆုံးလို့ သဘောထားပြီး မချစ်သော်လည်း အောင့်ကာနမ်းကြတယ်။

            တချို့ကတော့ ချစ်လွန်းလို့ ဗီအိုင်ပီမှ ဗီအိုင်ပီကိုပဲ အလုအယက် ကုချင်တာလည်း ရှိတာပေါ့လေ။ လူကြီးဆေးရုံလာရင် စီးလာတဲ့ဘိနပ်ကအစ ကိုယ်တိုင်ကောက်သိမ်းပြီး ရေကြည်တော်ဆက်၊ လန်းဆန်းပုဝါကမ်း၊ လိုလေသေးမရှိ ဧည့်ခံနိုင်လို့ လူကြီးခရီးစဉ်ကပြန်တာနဲ့ ရာထူးတက်သွားတဲ့ ဆေးရုံအုပ်တွေ အများကြီးရှိခဲ့ဖူးတယ်။ (လက်ညှိုးကြီးထောင်မလာနဲ့ ဘိုးတော်။ ခင်ဗျားတစ်ယောက်တည်း မဟုတ်ဘူး။) ဒါကြောင့် သူတို့လည်း ဗီအိုင်ပီလာရင် ပျာပျာသလဲ ဖြစ်တာပေါ့။ ဘုရားတောင် ဆုတောင်းပြည့်ဘုရားမှာ ပန်းရေချမ်းဆီမီး ထိန်ထိန်ညီးတာ သဘာဝလေ။ လူမှာလည်း ဗီအိုင်ပီကြီးတွေ ကုလိုက်ရင် အနည်းဆုံးတော့ ဆုတောင်း မပြည့်တောင် မျက်နှာလိုမျက်နှာရ မဖြစ်ပါလား။ ဆရာဝန်ချင်းတူတောင် နန်းတွင်းသမားတော်များသာ ကျန်းမာရေးဝန်ကြီး ဖြစ်ရိုးထုံးစံ ရှိခဲ့တာလည်း အထင်အရှားပဲ။ အဲ့ဒါကျတော့ စောစောကပြောတဲ့ ဗီအိုင်ပီရောဂါဟာ လူနာတွေဆီမှာတင် မနေတော့ပဲ ဆရာဝန်တွေဆီမှာပါ ကူးစက်နေတာပေါ့နော်။

             သည်လောက်ဆိုရင်တော့ ဗီအိုင်ပီဆိုတာ ပို၍ကောင်းမွန်သော ၀န်ဆောင်မှုကို ကျိုးနွံစွာ ဖြည့်ဆည်းပေးအပ်သူ၊ တဘက်ကလည်း အပ္ပမာဒတရား လက်ကိုင်ထားလျက် အဆိပ်ရှိသော မြွေသဖွယ် လိမ်မာစွာ ကိုင်တွယ် ဖြေရှင်းအပ်သူ၊ ဦးစားပေးစာရင်းဝင် ပေါ့သေးသေး မဟုတ်သော လေးကြီးကြီးများ ဖြစ်တယ်လို့ သဘောပေါက်လောက်ပြီ ထင်ပါတယ်။ သာယာတတ်သောလူ့မနောနဲ့ ပျာယာခတ်သော လူ့သဘောတို့ အညမညဖြစ်နေတဲ့ အပြန်အလှန် ဆက်ဆံရေး တစ်ရပ်ပေါ့။ ထိုထိုဆိုအပ်ခဲ့ပြီးသော ဗီအိုင်ပီရောဂါကြီးဟာ မောင်စံဖားတို့အလုပ်လုပ်နေသော ပြည်သူလူထု ကျန်းမာရေးစောင့်ရှောက်မှုပေးရာ ရန်ကုန်ဆေးရုံကြီးကို ရောက်လာတော့ ဘာတွေ ဖြစ်ကုန်သလဲ။ ဖြစ်ကြောင်းရယ်မှ ကုန်စင် နတ်သံနှောကာ ပြောပြချင်ပါသေးတယ်လေ။

            စတုဒီသာ လေးမျက်နှာမှ နေမကောင်းထိုင်မသာ မကျန်းမာသူများဟာ အရေးပေါ်လို့ခေါ်ကြတဲ့ သရက်တောကျောင်းတိုက်ဘက်က လူနာဝင်တဲ့တံခါးပေါက်ကို ကားဆိုက်လိုက်တာနဲ့ သူတို့အရင်ဆုံး တွေ့ချင်တဲ့ မျက်နှာဟာ “ဆရာဝန် ဘယ်မှာလဲ” ဖြစ်ပါတယ်။ ဒါကြောင့် ဆရာဝန်တွေဟာ အဲသည်တံခါးဝမှာ ခြေလှမ်းငါးလှမ်းစာထက် မဝေးပဲ အချိန်ပြည့် အရံသင့် ကုညီရန် အသင့်ရှိပါတယ်။ သင်္ကြန်လို ကျိတ်ကျိတ်တိုးတဲ့ရက်မျိုးမှာ မနိုင်မနင်းဖြစ်မှာစိုးလို့ ဆရာဝန်များစွာကို အဲသည်နေရာမှာ ဂျူတီချထားပါတယ်။ သူတို့ရဲ့တာဝန်က အရေးပေါ်အသက်ကယ်ဆယ်ရေး ကုသမှုများ အမြန်ဆုံးပေးဖို့သာ ဖြစ်ပြီး သူတို့ဆုံးဖြတ်ရမှာက လူနာ ဘာဖြစ်သလဲ။ ဘယ်သူနဲ့ ပြပေးဖို့လိုသလဲကို တထိုင်တည်း ဆုံးဖြတ်ရပါတယ်။သူ့နောက်မှာ ကျွမ်းကျင်ရာ ကုသမှုပေးမယ့် ဆရာဝန်တွေ တစ်လှေကြီးစောင့်နေပါသေးတယ် ခင်ဗျ။ သူများဌာနတွေ မပြောနဲ့။
ကိုယ်တို့အလှည့်ကျတာဝန်ယူရတဲ့ အရေးပေါ်ခွဲစိတ်ကုသမှု စောင့်ကြည့်လူနာဌာနမှာ ဂျူတီတစ်ခါဆင်းရင် ဆရာဝန် တစ်ဒါဇင်လောက် ထိုင်စရာနေရာတောင် မလောက်ပဲ ဆင်းကြပါတယ်။ (လူနာတွေက များလွန်းလို့ သူတို့လည်း ထိုင်တောင် မထိုင်နိုင်ပါဘူး) အဲ့ဒီတစ်ဖွဲ့လုံးဟာ အလုပ်သင်ဆရာဝန်၊ လက်ထောက်ဆရာဝန်များနဲ့ ဘွဲ့လွန်အောင်ပြီးသား အထူးကုဆရာဝန်များပါ ပါပါတယ်။ လိုအပ်ရင် သူတို့အထက်က ဆရာဝန်အကြီး တစ်ယောက်ယောက်ကို အချိန်မရွေးခေါ်ဆိုနိုင်ပြီး ဆယ်မိနစ် ဆယ့်ငါးမိနစ်အတွင်းကို ရောက်လာရပါစေ့မယ်။ အဲသည်လောက် အစီအမံဟာ ဗီအိုင်ပီလူနာနဲ့တွေ့ရင်တော့ ဘယ်လုံလောက်ပါ့မလဲ။ သည်လောက်များပြားလှတဲ့ ဆရာဝန်တွေကို ဆရာဝန်လို့ကို မမြင်တော့ဘူး။ “ဆရာဝန် ဘယ်မလဲ။ အကြီးခေါ်။” လို့ ကြိမ်စကြာရိုက်ပါတော့တယ်။

           မြန်မာနိုင်ငံအတွက် ကြီးစွာသော ဆုံးရှုံးမှုတွေ ဖြစ်သွားစေတဲ့ မခင်နှင်းဆီတို့ ဟိုအကိုကြီး ဆေးရုံလာတုန်းကဆို နှလုံးရောဂါအထူးကု သမားတော်ကြီးကိုယ်တိုင် အရေးပေါ်မှာ လာစောင့်ကုခဲ့လျက်သားနဲ့ အသက်မကယ်နိုင်ခဲ့လို့ ကိုယ်တို့ဆရာဝန်တွေမှာ နှစ်ပြားမတန်အောင် အပြောခံအရေးခံခဲ့ရသဗျ။ သူတို့ပြောတာလည်း ဟုတ်ပါရဲ့။ အင်္ဂလန် အမေရိကားမှာဆို ဘယ်သေပါ့မလဲ။ အဲ့လူကြီးက ဟိုမှာမနေပဲ သည်မှာလာနေမိလို့ သူ့ခမျာ အရွယ်ကောင်းကလေးနဲ့ ပန်းညွန့်ညှာကြွေ ဖြစ်ရလေတယ်။ ကဲ အဲသည်တော့ သင်ခန်းစာယူလိုက်ကြရအောင်ကွယ်။ ဗီအိုင်ပီဆိုတာ လူချင်းတူပေမယ့် အသက်ချင်း မတူဘူး။ သာမာန်လူတွေ နေ့စဉ်နဲ့အမျှ အကြောင်းအမျိုးမျိုးနဲ့သေ။ သေလို့ရတယ်။ ဗီအိုင်ပီလူနာတစ်ယောက် သေကြည့်လိုက်။ မိုးမီးလောင်သွားမယ်။ ခိုင်လုံတဲ့ အကြောင်းပြချက်တစ်ခုခုနဲ့ မိမိဘက်မှ မပေါ့မလျော့ အစွမ်းကုန်ကြိုးစားခဲ့ပါကြောင်းကို သက်သေသက္ကာယနဲ့တကွ ရှာထားဖို့ လိုပေလိမ့်မယ်။ တရားနဲ့ဖြေရမယ့်သူက ကိုယ်သာ ဖြစ်တယ်။ သူတို့ မဟုတ်ဘူး။

            မကြာသေးခင်က “ရန်ကုန်ဆေးရုံကြီးမှာ စနေ တနင်္ဂနွေဆိုရင် အထူးကုဆရာဝန်တွေ လာမကြည့်ပါဘူး။” ဆိုတဲ့ စွပ်စွဲချက်တစ်ခုဟာ သမ္မကြီးထံပေးစာအဖြစ် ဖတ်လိုက်ရပါတယ်။ ရင်နာလိုက်တာ။ သူက ငါတို့ကို အထူးကုဆရာဝန်လို့ မမြင်ပဲကိုး လို့ အောင့်မေ့မိတယ်။ ဆင်းပါတယ်ဗျ။ ပိတ်ရက်တိုင်းမှာ Round Duty ရော၊ On Call Duty ရော အငယ်နဲ့မထားပါဘူး။ အကြီးလာတာပါ။ ပိတ်ရက်မှတင် မဟုတ်ပါဘူး။ နေ့စဉ်နဲ့အမျှ အဆောင်ထဲက လူနာ အတက်အဆင်း၊ အသေအပျောက်၊ အသည်းအသန်လူနာများရဲ့ အခြေအနေကို ပါမောက္ခဆရာကြီးတွေဆီကို အသေးစိတ် အစီရင်ခံပြီး မပြတ်မသားဖြစ်နေတဲ့ ဆုံးဖြတ်ချက်မှန်သမျှ ညွှန်ကြားဆုံးဖြတ်ပေးနေပါတယ်။ လူနာတွေကတော့ ဆရာဝန်ကြီး သူတို့ကို လာမကြည့်ဘူးဆို ဆေးခန်းမှာ ၀က်ခုတ်နေတယ်ပဲ ထင်တာ။ လူနာဆောင်ထဲ ဖြစ်သမျှ ပျက်သမျှ သူတို့ အဆက်ပြတ်မယ် မထင်ပါနဲ့လေ။

           အဲသည် မောင်စံဖားတစ်ယောက်ဟာလေ။ ဖြစ်လာသမျှ ဟိုစပုတ်တိုင်ဘဘကြီးလို ဖင်ပိတ်ငြင်းပြီး ရှေ့နေလိုက်ဖို့ပဲ စဉ်းစားတယ်။ သူတို့ဘက် ပေါ့လျော့နေတာတွေကျတော့ ဆင်သေကို ဆိတ်ရေနဲ့ ဖုံးလို့ရသလား။ ဂလိုတော့ မပြောပါနဲ့ညော်။ ဖေ့စ်ဘုတ်ပေါ် သူများဖွလို့ ပွတက်လာရင် အရင်ဆုံးဖတ်မိတာက လတ်လျားလတ်လျားနေတဲ့ အီစကိုကလေးတစ်ယောက်ရှိတာ။ သူတို့ ပြောသမျှတွေက အဟုတ်လား အမှန်လား အရင် ဆန်းစစ်ရသေးတာပေါ့။ အင်တွေမိတာ ခနခနဆိုတော့ လူကနပ်လာပြီ။ ကိုယ်ချင်းကိုယ်ချင်းအရင် သတင်းပလင်းလေး နားစွင့်ရတယ်။ “ဟိတ်ကောင်။ အဲ့လိုအဲ့လို ပြောနေကြပါလား။ ဂယ်ကြီးလား။ ဘလိုဖစ်။ အော် အေး ပေါက်ပြီ။” ဒါက သူပြောတဲ့သူ့စကား။ နှစ်ဘက်စလုံးကိုတော့ နားထောင်ရတာပဲ။ ဘယ်ဘက်ကမှ မှန်တယ်လို့ ဆုံးဖြတ်မထားပါဘူး။

            စကားပြောတဲ့သူတွေက စကားကုန်အောင် ပြောပြီးသွားရင် စကားမပြောတဲ့ ခြေရာလက်ရာ၊ အထောက်အထားတွေကိုလည်း ဆက်ကြည့်ရတယ်။ ဆေးမှတ်တမ်းဌာနကိုလည်း သွားတယ်။ ဥပဒေရေးရာ ဆေးပညာဌာနကိုသွားပြီး ရင်ခွဲစစ်ဆေးမှု မှတ်တမ်းတွေလည်း တောင်းကြည့်တယ်။ ကိုယ့်ဘယ်သူကမှ ဒေါက်တာဟောက်စ်လုပ်ပြီး စံရှား ဒိန်းဒေါင် တာဝန်ပေးမထားဘူး။ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးအရာရှိလို့လည်း ခန့်ထားတာ မဟုတ်ဘူး။ ဘာမှန်းမသိ ညာမှန်းမသိ စွတ်စွတ်တင်မိမှာစိုးလို့ ကိုယ့်ဘာသာကိုယ် ရေရေရာရာ သိအောင် အရင်လုပ်တာ သက်သက်ပဲ။ သိလာတာနဲ့ နှုတ်ခမ်းတလန်ပန်းတလန် ပြန်ရန်တွေ့ဖို့ စကားလုံးရှာတာပဲလား။ မဟုတ်ရပေါင်ဗျာ။ သူများလက်ညှိုးမထိုးခင် ကိုယ့်မျက်ချေးကိုယ် အရင် မှန်ကြည့်ရတာပ။ ကိုယ့်ဘက်က ဘယ်အချိန်မှာ ဘာတွေများ ပေါ့လျော့ခဲ့မိသလဲ။ ကိုယ့်ပေါင်ကိုယ် အရင်လှန်ထောင်းတယ်။ သင်ခန်းစာယူစရာရှိလည်း ယူတယ်။ ပြင်စရာရှိလည်း ပြင်တယ်။ တိုင်မှာကြောက်လို့လည်း မဟုတ်ဘူး။ ကိုယ့်အမှုပတ်မှာ ကြောက်လို့လည်း မဟုတ်ဘူး။

             ဒါပေမယ့် အဲသလို Peer Review လုပ်ခြင်းအားဖြင့် ကိုယ်လုပ်နေတဲ့အလုပ်မှာ ဆင်ခြင်တုံတရား၊ ဆုံးဖြတ်မှုစွမ်းရည် တက်လာတယ်။ သူများအတွက် လုပ်တာ မဟုတ်ဘူး။ ကိုယ့်အတွက်ကိုယ် လုပ်တာ။ ပိုမိုကောင်းမွန်သောကိုယ် ဖြစ်ဖို့ လူနာတွေဆီက Feedback ပြန်ယူရတယ်။ ဖေ့စ်ဘုတ်ပေါ်မှာလို Like ကလေးတွေချည့်ပဲ မနောခွေ့ပြီး သာယာနေလို့မရဘူး။ ဟဲဟဲ။ ဗီအိုင်ပီအကြောင်းဆိုပြီး ရိုးရာမပျက် သူများမကောင်းကြောင်း ကိုယ်ကောင်းကြောင်းတွေ ကြော်ငြာထိုးနေတာပေါ့နော်။ မှတ်လက်စနဲ့ မှတ်ထားလိုက်ပါဦးလေ။ အဲသလို ကိုယ့်ကိုယ်ကိုယ် အကောင်းပြောချင်ရင် ပြောစရာလေးတွေရှိလောက်တဲ့အထိ ကောင်းအောင်နေရတယ် သိလား။ ဘယ်သူမဆို သူ့ကိုယ်သူကောင်းပြောလာရင် မဟုတ်လို့ကတော့ ဖွပလိုက်ဦးမယ်ဆို မျက်လုံးဒေါက်ထောင်ကြည့်နေတဲ့သူတွေ တပုံကြီး။ (ကိုယ့်ကို ဘလောက်ထားပါတယ်ပြောပြီး သူများဝေါမှာ စကားသွားပြောတာတောင် မချွင်းမချန် လိုက်ဖတ်တဲ့သူတွေ ရှိသေး။ ဟိဟိ) အကောင့်တုနဲ့ လာကြူပြီး စကရင်ရှော့နဲ့ ဖွတဲ့ခေတ်မှာတောင် သားသားတို့ သက်ရှည်ကျန်းမာ ဧကမ္ဘာဖြစ်နေတာ ရှေ့တင်ရော ကွယ်ရာမှာပါ မကမြင်းတတ်လို့ လို့ မှတ်လိုက်ပါလေ။ (ဤကား စောင်းကာမြောင်းကာ အတင်းတုပ်နေသူတို့အား စောင်းကာမြောင်းကာ ချေပခြင်း မည်သတတ်။)

             အဲသလောက် ပွေလီခလောက်ဆန်တတ်သော မောင်စံဖားကလေး မျက်စိအောက်မှ ထွန့်ထွန့်လူးရောဂါလာတက်တဲ့ ဗီအိုင်ပီလူနာအကြောင်းလည်း ဖောက်သည်ချရပါဦးမယ်လေ။ ခုခေတ် ဗီအိုင်ပီဆိုတာ လူကြီးအိမ်နှင့် ပတ်သက်သမျှချည့်ပဲ မအောင့်မေ့နဲ့ဗျ။ မယ်မယ်ဖျား ဆေးရုံလာမယ်ဆိုလို့ သားသားတို့တတွေ နေရာတော်ခင်း အိပ်ယာခင်း ဆွတ်ဆွတ်လွလွကလေးတွေ ပြင်ဆင်နေသခိုက် အဲသည်ကိုကိုဗီအိုင်ပီကြီးဟာ ၀ုန်းဆို ကုတင်ပေါ် မတ်တပ်တက်ရပ်ပြီး ရှပ်ဖြူလည်ကတုံးကလေးနဲ့ ကချင်လုံချည်ကလေး ထဆင်ပါတယ်။ ကောင်းတာပေါ့။ အခန့်မသင့်လို့ တီဗီထဲပါသွားရင် သပ်သပ်ရပ်ရပ်ကလေး။ လက်ခုပ်မတီးပေမယ့် ပြုံးပြီး အားပေးလိုက်တယ်။ သူက ခေါင်းကလေးဆတ်လို့ အသိအမှတ်ပြုတဲ့အကြောင်း မူယာကြော့ကလေးနဲ့ နိုင်ငံရေးပါတီတစ်ခုရဲ့ ရင်ထိုးတံဆိပ်ကို ကောက်တပ်ပါတယ်။ သြော်။ ဂလိုလား။ ရပါတယ်။ ရပါတယ်။ အမေလာပြီ။ ရေပါသည်။ ကိုကြီးကျော် လာမယ့်လမ်း ဆီးကြိုလှည့်စမ်း လုပ်မလို့ကိုး။ သို့သော်လည်း သူက စကားစမြည် သွားမပြောရဲလောက်အောင် အာဘောင်အာရင်းတွေ သန်လာပါတယ်။ သူဟာ ဘယ်လို ဘယ်လောက်အထိ နိုင်ငံအတွက် စွန့်လွှတ်အနစ်နာခံခဲ့ပြီး နိုင်ငံရေးလောကထဲ ခြေစုံပစ်ဝင်လာတဲ့အကြောင်း၊ ရာထူး စည်းစိမ် အာဏာတွေ အလိုမရှိတဲ့အကြောင်း တရားထဟောတော့မတတ် တော်ကီတွေလွှတ်တော့ အဆောင်ထဲမှာ ဟိုလူကြည့်သူလူကြည့် ဖြစ်လာတာပေါ့။

            အလိုလေးလေး။ တကယ့်ဗီအိုင်ပီကြီးပါလားကွယ်။ ဦးစားပေး ကုသမှ ဖြစ်တော့မယ်။ အဲသည်နေ့က မှန်ပြောင်းကြည့်ဖို့လူနာ တစ်ဒါဇင်ထဲမှာ သူ့ကို ပထမဦးစားပေးအဖြစ် အရင် ကြည့်ပေးလိုက်တယ်။ ကုသမှုအတွက် သဘောတူမတူ ရှင်းပြလက်မှတ်ထိုးရင်း စက်ကိရိယာပစ္စည်းများ ထိန်းသိမ်းခအတွက် ဆေးရုံအုပ်ချုပ်ရေးရုံးကို တရားဝင်ကောက်ခံလွှဲအပ်ရတဲ့ ငွေကြေးအကြောင်း သေသေချာချာ ရှင်းပြတဲ့အခါ ဇနီးသည်က “အဲ့ဒါတွေ သူ့ဘာမှ လာမပြောနဲ့။ သူဘာမှ နားမလည်ဘူး။” လို့ ဘုတောပါတယ်။ သူတစ်ယောက်တည်း မဟုတ်ပဲ တခြားလူနာစောင့် လေးငါးယောက်နဲ့အတူ လူပုံအလယ်မှာ ရှင်းပြနေတဲ့ ဖြစ်ရပ်ဟာ လူနာကုတင်ဘေး ပြန်ရောက်သွားတော့ သူ့ကို ဆရာမက ရိုက်ပါတယ်ဆို ဖြစ်သွားပြီး ငိုကြီးချက်မဖြစ်တဲ့သူဖြစ်၊ ၀ုန်းဆို အာဠာဝက ၀င်စီးတဲ့သူစီး ဖြစ်ကုန်ပါလေရော။ ပြေလည်ချေငံစွာ ၀င်ရှင်းပေးပေမယ့်လည်းပဲ သူ့ဘက်ကတော့ ဟင် ဆို လှည့်မကြည့်တော့ဘူး။ နောက်တစ်နေ့မှာ ဆေးရုံကတောင်းဆင်းပြီး မီဒီယာသမားတွေနဲ့တောင် အင်တာဗျူးဖို့ ခေါ်ထားသတဲ့။ လူလယ်ခေါင် လမ်းလယ်ခေါင် အများရှေ့မှာ ဖြစ်တဲ့ကိစ္စမို့ အရှင်းကြီးကနေ ရှုပ်ရလေတာကြောင့် စိတ်ထဲ တော်တော်လေး မသင်္ကာ ဖြစ်သွားပါတယ်။ ကိုယ်ကိုယ်တိုင်အပါအ၀င် သူ့ကို မြင်တဲ့သူတိုင်း စိတ်ထဲမှာ ဖြစ်သွားရတဲ့ ခံစားချက်က အားလုံး အတူတူပဲ။ “မြတ်စွာဘုရား။ သူတို့များ အာဏာရသွားရင် ခက်ရချည်ရဲ့။” လို့။ သူဟာ တကယ်ပဲ အဲ့ဒီပါတီက ဟုတ်ပါ့မလား။ ဟုတ်တယ်ဆိုရင် သူ့အပြုအမူဟာ သူ့ပါတီကို အကြီးအကျယ် သိက္ခာကျစေတယ်။ ထောက်ခံမှုတွေ ကျဆင်းစေတယ်ဆိုတာ မသိဘူးလား။ တွေးစရာကြီးနော်။

             သူကတော့ ဆရာဝန်ဆရာမတွေနဲ့ ကျောင်းဆရာတွေအပေါ်မှာ ဘယ်တော့မှ အပြစ်မယူပဲ ခွင့်လွှတ်တဲ့အကြောင်း၊ မကြာမီ ဂျာနယ်တွေနဲ့ အင်တာဗျူးစရာရှိလို့ အိတ်စကျုမီလုပ်နေတဲ့အခါ ကြည့်ရင်းကြည့်ရင်း သနားလာတယ်။ ဖြစ်မှဖြစ်ရလေတယ်ဟယ်။ သူ့ခမျာ ငါနဲ့မှ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး လာတွေ့တတ်ပလေတယ်။ သူ့ဂျာနယ်တွေ ထည့်ပေးမပေးတော့ မသေချာဘူး။ ခုတော့ ငါ့လက်ချက်နဲ့ ဒင်းဖေ့စ်ဘုတ်ပေါ် အဖွခံရတော့မယ် လို့ တွေးမိတယ်။ အမယ် ဒါလည်း သွေးရိုးသားရိုး ဟုတ်ချင်မှဟုတ်မှာနော။ နန်းတော်ထဲက သိန်း၊ ဒေ၀ိန်း၊ ကာမိန်း၊ ပဂုတ်ဆိုတဲ့ အမတ်ကြီးတွေက မဟော်သထာသုခမိန်ကို ပညာစမ်းဖို့ နွားတရား မြွေတရားတွေ စီရင်ခိုင်းသလိုမျိုး “မင်း လော်ဘီလုပ်ချင်လှတဲ့ပါတီ။ ရေးစမ်းကွာ။ ဖတ်ကြည့်ရအောင်။” ဆို ကုန်ကြမ်းတွေ စေပို့လေသလားမှ မသိတာ။ (ဟိဟိ ဆေးကုလို့မရတဲ့အထဲမှာ ကိုယ်လည်းပါတယ်)

              တကယ်တော့ ပြောချင်တာက ခုခေတ်မှာ ဗီအိုင်ပီစာရင်းထဲ ထုံးတို့ထားသင့်တာက မီဒီယာများနှင့် ဆက်စပ်ပတ်သက်သမျှသော ဆိုတာတွေလည်း ပါနေတယ်။ တစ်ခုတစ်ခုဆို သူတို့က “ဂျာနယ်ထဲထည့်ပလိုက်မှာနော်။” “ဖေ့စ်ဘုတ်ပေါ် တင်ပလိုက်မှာနော်။” “သမ္မတကြီးရှင့်၊ ၀န်ကြီးမင်းခင်ဗျား။” နားကားသွားအောင် လိပ်စာတပ်ပြီး အရပ်ရှစ်မျက်နှာ မိတ္တူပေးလိုက်ရင် ရှင်းပေတော့။ ဟုတ်တာ မဟုတ်တာ နောက်ထား။ ရှင်းရမှာက အရင်။ မထူးတော့ပါဘူးဗျာ။ မြင်မြင်သမျှ ဗီအိုင်ပီ၊ ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးသာ ဆက်ဆံကြပါတော့။ ဆရာဝန်ဆိုတာ အနေလည်းစုတ်တယ်။ အခြေလည်း လှုပ်တယ်။ သူများတကာလို မိုးမွှန်အောင် ဆိုဆဲကြိမ်းမောင်းသမျှ မုန်လာဥလုပ်မရအောင် ဗီဒီယိုဖိုင်ကြီးနဲ့ထွက်လာတာတောင် ပန်းပန်လျက်ပါ ဖြစ်နေနိုင်တဲ့ ကိုယ်ခံအားမျိုး ရှိတာလည်း မဟုတ်။ ဆူးနဲ့ဖက်ဘ၀ပါဗျာ။

              ဒါကြောင့် မောင်စံဖားကလေးလည်း လူရိုသေ ရှင်ရိုသေ၊ ဂျာနယ်လစ် မီဒီယာမန်းဘက်ကို မျက်စောင်းထိုးလို့ စာတိုပေစကလေးတွေ ရေးနေပုံရတယ် လို့ ထင်ကြပေမယ်။ ဟုတ်ပါရဲ့. အားကျစရာကြီးဗျာ။ ဂျာနယ်လစ်များဖြစ်ရင်လေ စာတစ်ပုဒ်ရေးရင် ဟောသလောက် ဟောသလောက်ကို ၀င်ငွေရပါတယ်ဆိုတဲ့ ဆရာ့ဆရာကြီးများထက် အံ့သြလောက်ဖွယ် မီဂါ့မီဂါ ဆရာကြီးတွေ ပေါ်နေပြီဆရာ။ အဲ့ဒါ ကမ္ဘာမှာတောင် မပေါ်သေးဘူး။ ကိုယ်တို့ ရွှေပြည်ကြီးမှာသာ အံ့ဖွယ်သရဲ ထူးကဲလှစွာ မြင်ရကြားရလေတယ်။ ကမ္ဘာပေါ်မှာ ဘယ်လောက် နံမယ်ကြီးတဲ့စာရေးဆရာမျိုးပဲဖြစ်ဖြစ် စာမူခဆိုတာ သူရေးတဲ့စာအတွက်သာ ရကြလေတယ်။ ကိုယ်တို့ဆီမှာတော့ “မရေးပဲနေရင် ဘယ်လောက်ပေးရမလဲ။” ဆိုတဲ့ စာရေးဆရာကြီးတွေပေါ်နေပြီဗျ။ အင်မတန်ပေါက်နေတဲ့ အ၀ါရောင် ဂျာနယ်တိုက်ကြီးက မြန်မာပြည်ရဲ့ အိမ်ခြံမြေဈေးကွက်နဲ့ စီးပွားရေးလောကကို ကိုင်လှုပ်ချုပ်ကိုင်ကစားနေတဲ့ တရုတ်တရာအသင်းကြီးအကြောင်း ရေးလိုက်ရမလားလို့ လေသံပစ်လိုက်တဲ့အခါ လော်ပန်ကြီးများက တောင်းတောင်းပန်ပန်နဲ့ သိန်းထောင်ပေါင်းများစွာပေးပြီး အသံတိတ်စေလိုက်ရသတဲ့။ “ဟယ် ဒါမျိုး ကောလာဟလတွေလည်း ယုံယုံကြည်ကြည် ဖွတတ်ပေသကိုး” လို့ လာမပြောနဲ့။ အဲ့ဂျာနယ်တစ်စောင်လုံး အဲ့ဒါမျိုးသတင်းတွေချည့်ပဲ။ သွားလေသူ သတင်းစာဆရာကြီးများဖြစ်တဲ့ ဘဘဦးဝင်းတင်တို့၊ လူထုဦးလှ လူထုဒေါ်အမာ ဘိုးဘိုးဘွားဘွားတို့များ ကြားရင်မြင်ရင် ဘယ်လိုမှတ်ချက်ပေးလေမယ် မသိ။ ကဲ ပေါက်ဖော်ကြီးတွေရေ။ သားသားလည်း ဖွလိုက်ပြီနော်။ စိုက်ကြည့်ရင် အလိုက်သိ။ လက်တို့တောင်းတော့ ရှက်ဖို့ကောင်းသတဲ့။ လာထား အာဘွား။ လိုင်းလော လိုင်းလော။

No comments: