Wednesday, April 30, 2014

မိုးမိတ်မြို့နယ်တွင် တရားမဝင်သစ်ခိုးထုတ်မှုများ ယနေ့ချိန်ထိ ရှိနေဆဲ

HTun Htun 30
မိုးမိတ်၊ ဧပြီ ၃ဝ။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်ဒေသမှထွက်သည့် သစ်များကို တစ်ဖက် တရုတ်နိုင်ငံသို့ တရားမဝင် ခိုးထုတ်တင်ပို့နေသည့် အပေါ် အစိုးရသက်ဆိုင်ရာ
ဌာနများကဖမ်းဆီးအရေးယူဆောင်ရွက်နေကြသည် ဟု ဆိုသော်လည်းတရားမဝင်သစ်ခိုးထုတ်မှုများလက်ရှိအချိန်ထိ ရှိနေသေးကြောင်း  မိုးမိတ်ဒေသခံများထံမှသိရသည်။

အဆိုပါမိုးမိတ်မြို့နယ်တွင် အထက်ပိုင်းဒေသနှင့် အောက်ပိုင်းဒေသဟူ၍ နှစ်ပိုင်းရှိရာ အထက်ပိုင်း မိုးလို၊ မိုးဘုံ၊ မန်အုံ၊ မန်ပတ် စသည့် ကျေးရွာများတဝိုက်ရှိ
သဘာဝအဖိုးတန်သစ်များကို တရုတ်နိုင်ငံသို့ခိုးထုတ်နေကြခြင်းဖြစ်ပြီး၊ မိုးလိုဒေသ၏ အရှေ့မြောက်စူးစူးရှိ ကြူဆာ၊ နားတီးတောနက်ထဲတွင် အဓိက
သစ်ခိုးထုတ်လုပ်မှုများရှိနေကြကြောင်းသိရသည်။

ယင်းခိုးထုတ်သစ်များကို ရွှေလီမြစ်ဆိပ်ကမ်းသို့သယ်ပြီး ၎င်းမှကူးတို့စက်လှေဖြင့် တစ်ဖက် မဘိမ်းမြို့နယ်သို့ ရောက်ကာ တရုတ်နယ်စပ်လမ်းကြောင်းအတိုင်း
တင်ပို့နေကြကြောင်း၊ ထို့အပြင်အထက်ပါဒေသထွက်ခိုးထုတ်သစ်များကို မန်တုံမြို့နယ်နှင့် ကျောက်မဲမြို့နယ်သို့လည်း အသီးသီးခိုးထုတ်မှုများရှိနေကြောင်းကို
သစ်လုပ်သားများထံမှ သိရသည်၊
ယင်းနောက်မိုးမိတ်မြို့နယ်အတွင်း(၂၆)မိုင်ကျော်ဝေးသည့် အောက်ပိုင်းဒေသရှိ ကင်းချောင်း၊ ဝဲပေါင်း၊ ဆည်ဦး စသည့်ကျေးရွာဒေသများဘက်မှ တရားမဝင်ခိုးထုတ်
သစ်ကားများမှာလည်း မနက် ၄းဝဝ နာရီအချိန်၌ မိုးမိတ်မြို့တွင်းသို့ တိတ်တဆိတ်ဝင်ရောက်ဖြတ်သန်းနေကြပြီး မြစ်ဆုံဒေသနှင့်မိုးလိုဒေသဘက်သို့ သစ်ခိုးထုတ်မှုများ
ရှိနေကြကာ တရုတ်နိုင်ငံနယ်စပ်သို့ တင်ပို့နေသည်ဟု မိုးမိတ်ဒေသခံများထံမှသိရသည်။

ယင်းအပြင်မိုးမိတ်-မိုးကုတ်သွားရာ(၁၃)မိုင်တောဘက်မှ သစ်ကားများသည် မြို့အဝင်ဂိတ်အသီးသီး ကိုဖြတ်သန်းဝင်ရောက်ပြီး ရွှေလီမြစ်ဆိပ်ကမ်းတွင် ကူးတို့
စက်လှေဖြင့် တဖက်ကမ်းမဘိမ်းမြို့နယ်သို့ ရောက်ကာ နန့်လင်းပါလမ်းမှ မန်ဝိန်းကြီးအရပ်ဘက် သို့ဦးတည်ကြောင်းထိုမှ တဆင့်တရုတ်နယ်စပ်နောင်တောင်းမြို့သို့
ခိုးထုတ်တင်ပို့နေကြကြောင်းသိရသည်။

လွန်ခဲ့သည်၂နှစ်ဝန်းကျင်၌တရုတ်သစ်ကုန်သည်များက ကျွန်း၊ ပိတောက်၊ သံမလန်းသစ်များကိုသာ အဓိကဝယ်ယူနေပြီး ယခုဆိုလျှင် သစ်အမျိုးအစားကြီး/ငယ်မရွှေး
ပေါက်ဈေးအလိုက်ဝယ်ယူနေကြသည်ကိုသိရသည်။ ၎င်းတောထဲတွင်လူများကြက်ပျံမကျ စည်ကား လျက်ရှိကာ“ကျွန်းပွဲတော်” ဟုပင်တင်စားခေါ်ဆိုနေကြကြောင်း
သစ်လုပ်သူများထံမှကြားသိရသည်။

၎င်းသစ်လုပ်ငန်းတွင်လုပ်ကိုင်နေသည့်သစ်ခုတ်လုပ်သားတစ်ဦးက`“အလုပ်အကိုင်မရှိတော့ကျွန်တော်တို့ဒေသခံတွေက ဝင်လုပ် နေတာပါ၊ တရားမဝင်ဘူးဆိုတာ
သိပါတယ်၊ ဒေသခံမြို့တွင်းသုံးသစ်မရှိပေမယ့် နယ်စပ်ကို တရားမဝင်ပို့နေတဲ့ သစ်တွေရှိနေတယ်၊ မြို့ထဲမှာအိမ်သုံးသစ်တို/သစ်သားများယူသုံးဘို့အတွက်ဖမ်းမယ်ဆီးမယ်
လုပ်နေတော့တာပါပဲ၊  တနည်းပြောရရင် ကျွန်တော်တို့ပြည်သူတွေဟာအလုပ်အကိုင်အခွင့်အလမ်းနည်းပါးတော့ ယခုလိုတွေ့ရာဝင်လုပ်နေရတာပေါ့ ”ဟု အဆိုပါသစ်ခုတ်
လုပ်သားတစ်ဦးကပြောသည်။

မိုးမိတ်မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိဦးအုန်းလွင်မှ “ တရားမဝင်သစ်နဲ့ပတ်သက်ပြီး ကျွန်တော်တို့ဌာနက ဦးဆောင်ဖမ်းဆီးအရေးယူနေပါတယ်၊ လုံခြုံရေးအရ
မရောက်နိုင်တဲ့နယ်မြေတွေမှာ တရားမဝင်သစ်ခိုးထုတ်မှု သတင်းကြားရင် လမ်းကြောင်းတစ်နေရာကနေ စစ်ဆေးဖမ်းဆီးဆောင်ရွက်နေပါတယ်၊ တရားမဝင်သစ်
မှောင်ခိုသွားရာ လမ်းကြောင်းမှန်သမျှ ပိတ်ဆို့တားဆီးနေပါတယ်”ဟု ပြောသည်။

မိုးမိတ်မြို့နယ်တွင် တရားမဝင်ဖမ်းဆီးထားသည့် သစ်များနှင့်ပတ်သက်၍ ၂ဝ၁၃-၁၄ ခုနှစ်အတွင်း ဖမ်းဆီးသစ်အမှုပေါင်း နှစ်ရာကျော် ရှိကာ သစ်တန်ချိန် တစ်ထောင်
ကျော်ရှိနေကြောင်း ၎င်းသစ်တောအရာရှိထံမှဆက်လက်သိရသည်။တရားမဝင်သစ်များအား အစိုးရ သက်ဆိုင်ရာဌာနမှ စစ်ကြောင်းထိုး၍ ဖမ်းဆီးဆောင်ရွက်နေသည့်
အခါသစ်လုပ်သူများက သစ်များကိုတောထဲ၌ သစ်ကိုင်း/သစ်ခက်များ ဖြင့် ဝှက်ကြပြီး၊ တချို့မှာ ရွှေလီမြစ်ဆိပ်တွင် ဖောင်ဖွဲ့၍ ခိုးထုတ်သစ်များကို မြစ်အောက်တွင်
သိုဝှက်ထားကြကြောင်း စုံစမ်းသိရသည်။

ထွန်းထွန်း

No comments: