Monday, April 21, 2014

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက၊ စာရေးဆရာ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်းအတွက် ပေးပို့သော ၀မ်း နည်းကြောင်းသ၀ဏ်လွှာ။


မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက၊
စာရေးဆရာ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်းအတွက်
ပေးပို့သော ၀မ်းနည်းကြောင်း သ၀ဏ်လွှာ
စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး နှင့် မြန်မာ့ဒီမိုကရေစီရေး တိုက်ပွဲစဉ်ကာလတစ်လျှောက် မိမိ၏ ယုံကြည်မှုကို တသမတ်တည်းဆုပ်ကိုင်လျက် ပြည်သူတစ်ရပ်လုံး၏ဖက်တွင် ခြေစုံရပ်ကာ မဆုတ်မနစ် တိုက်ပွဲဝင်ခဲ့ သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက၊ ယူနက်စကို၊ ဂွီလာရ်မိုကာနို ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်ဆုရှင်၊ စာရေးဆရာ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် သည် ၂၁-၄-၂၀၁၄ မနက် ၆း၃၀ နာရီကွယ်လွန် သွားကြောင်း မိမိတို့ သတင်းရရှိပါသည်။
မြန်မာ့ နိုင်ငံရေးတွင်ပါဝင်ခဲ့သည့် သမိုင်းစဉ်ကာလတစ်လျှောက်လုံး ပြည်သူတစ်ရပ်လုံး၏ ဖက်မှ ရပ်တည် ကြံ့ကြံ့ခံလျက် သေတပန်သက်တဆုံး မလျှော့တမ်း မဆုတ်မနစ် တိုက်ပွဲဝင်ခဲ့သော ဆရာကြီး ဦးဝင်းတင်ကဲ့သို့ မြန်မာနိုင်ငံရေးတွင် အစားထိုးမရသည့် လူပုဂ္ဂိုလ် တစ်ဦးအား ဆုံးရုံးရသည့်အတွက် မိမိတို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ကျောင်းသားတပ်မတော်) သည်လည်း ၀မ်းနည်းကြေကွဲရပါသည်။
မြန်မာ့နိုင်ငံရေးဖြစ်စဉ်များအား တွေ့ဆုံဆွေးနွေးခြင်းဖြင့် ဖြေရှင်းနိုင်ရေးအတွက် ဦးဆောင် နှိုးဆော်ပေးခဲ့သူ တစ်ဦးဖြစ်သော ဆရာကြီး ဦးဝင်တင်အား တိုင်တည်လျက် မိမိတို့ တပ်ဦး နှင့် တပ်မတော်သည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ခိုင်မာစွာ ပေါ်ပေါက်လာရေး၊ စစ်အာဏာရှင်စနစ် အကုန်အစင် ဖျက်သိမ်းရေး၊ စစ်မှန်သော၊ တည်တံ့ခိုင်မြဲသော ပြည်တွင်းငြိမ်းချမ်းရေးရရှိရေး နှင့် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်လာရေး တို့ အတွက် မဆုတ်မနစ် ဆက်လက် တိုက်ပွဲဝင်သွားမည် ဖြစ်ပါကြောင်း ခိုင်မာသောကတိဖြင့် လေးနက်တည်ကြည်စွာ ဂုဏ်ပြု အလေးပြုအပ်ပါသည်။
ဆရာကြီး ဦးဝင်းတင် ကောင်းရာ သုဂတိ လားပါစေ။
ဒီမိုကရေစီအရေးတော်ပုံ မုချအောင်ရမည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး
ကျောင်းသားတပ်မတော်။

ရက်စွဲ ။ ။ ၂၀၁၄ခုနှစ်၊ ဧပြီ လ ၂၁ ရက်။

No comments: