Monday, April 7, 2014

မျောက်သုံးကောင်အစိုးရနှင့် Coma ဝင်နေတဲ့တပ်မတော်


***********************************
၂၀၀၈နာဂစ်ဖွဲ့စည်းပုံကိုပြင်ဖို့အတွက် ပြည်သူတွေကဆန္ဒပြနေကြပါတယ်။ ဗမာပြည်ရဲ့နယ်နမိတ်အတွင်းမှာ နေ့တိုင်း တစ်မြို့မဟုတ်တစ်မြို့မှာ တစ်ချို့ရက်တွေနှစ်မြို့သုံးမြို့ တစ်ပြိုင်တည်းပြနေကြတာ။ လွတ်လပ်တဲ့ပုဂ္ဂလိကသတင်းစာတွေမှာပါပေမယ့် ပြည်သူ့ဝန်ဆောင်သတင်းစာတွေဆိုတဲ့ "မြန်မာ့အလိမ်"တို့"ကြေးမှို"တို့မှာတော့ ဘယ်တော့မှမပါ။ အစိုးရကလည်းဘယ်တော့မှမပြော မသိ မမြင် မကြားသယောင်ပြုနေပါတယ်။ ဒဏ္ဍာရီထဲမျောက်သုံးကောင်အတိုင်းပါပဲ။ ဟိုမျောက်သုံးကောင်ကအကုသိုလ်ကို မမြင်လို မကြားလို မသိလိုတာ။ ဒီမျောက်သုံးကောင်ကအမှန်တရားကို မမြင်လို မကြားလို မသိလိုတာ။
အဲဒီလိုနိုင်ငံတစ်ဝန်းလုံး ဖွဲ့စည်းပုံပြင်ဖို့လှုံ့ဆော် ဆန္ဒပြနေတဲ့ကြားက မတ်၂၇ တော်လှန်ရေးနေ့မိန့်ခွန်းမှာ ကာချုပ်မင်းအောင်လှိုင်က ဖွဲ့စည်းပုံကိုအခန်း(၁၂)ပါပြဋ္ဌာန်းချက်အတိုင်းပဲပြင်မယ်လို့ ပြောလိုက်ပါတယ်။ အဲဒီပြောကြားချက်ရဲ့အဓိပ္ပါယ်က ပြင်မပေးနိုင်ဘူးလို့ပြောတာနဲ့အတူတူပါပဲ။ လွှတ်တော်ကိုယ်စားလှယ် ၇၅%ကျော်မှ ပြင်လို့ရမယ်လို့ပြောနေတာ။ လုံးဝရွေးကောက်ပွဲမလုပ်နိုင်တဲ့ မဲဆန္ဒနယ်တွေရှိနေလို့ ဒီအတိုင်းတောင် ၇၅%မပြည့်တာပါ။ မဖြစ်နိုင်တဲ့အကြောင်းအရာတွေကို ခံစားမှုကင်းကင်းသွေးအေးအေးနဲ့ပြောနေတာမို့ မြန်မာ့တပ်မတော်ကြီးဟာလည်း Coma ဝင်နေတဲ့လူနာတစ်ယောက်လို အာရုံငါးပါးခံစားမှုကင်းမဲ့နေတဲ့ လူသေကောင်သာသာ အသက်ရှင်နေတဲ့ ဖုတ်ကောင်လိုပါပဲ။
သက်ဆိုင်တဲ့သူတွေက ဒီလိုလုပ်နေတိုင်း ပြည်သူတွေကငြိမ်နေကြရမှာမဟုတ်ပါ။ တစ်နိုင်ငံလုံးမြို့တိုင်းမှာသက်မှတ်တဲ့ရက် သက်မှတ်တဲ့အချိန်ကိုက် ၂၀၀၈နာဂစ်ဖွဲ့စည်းပုံပြင်ဖို့ ဆန္ဒပြကြရမှာပါ။ ပုဒ်မ ၁၈ ကို လိုက်နာချင်ရင်လည်းခွင့်ပြုချက်တင်ကြ မလိုက်နာချင်ရင်လည်းမတင်နဲ့။ အားလုံးဟာတစ်ညီတည်း တစ်ကြိမ်တည်းလုပ်ကြရမှာ။ ရှစ်လေးလုံးပုံစံမျိုး ရှစ်လေးလုံးစိတ်ဓာတ်မျိုးတွေနဲ့လုပ်ကြရမှာ။ တစ်ချို့ကထင်တယ်။ ဒီလိုသာဆန္ဒပြရင်ထိုင်းမှာလို ခြေကုန်လက်ပန်းကျပြီး နောက်ဆုံးအစိုးရကဆင်းမပေးပဲ အစိုးရဘက်သားတွေကတန်ပြန်ဆန္ဒပြတဲ့အထိဖြစ်သွားမယ်။ ရှစ်လေးလုံးတုန်းက ပြည်သူကသေနက်ပစ်ခံရလို့နာကြည်းပြီး ဒီလောက်အထိပါလာတာလို့ပြောကြတယ်။ ဒီလိုပြောတာဟာရှစ်လေးလုံးကာလကို မဖြတ်သန်းဖူးတဲ့သူတွေပြောကြတာ။ ရှစ်လေးလုံးကာလအပြင် ၁၃၀၀ပြည့်အရေးတော်ပုံကိုကြုံခဲ့လိုက်တဲ့ အဘိုးအဘွားတွေကတော့ ရှစ်လေးလုံးအရေးတော်ပုံဟာ ဗမာပြည်သမိုင်းမှာ ၁၃၀၀ပြည့်အရေးတော်ပုံထက် ကြီးမားပြင်းထန်ပြီးပြည်သူတွေ လှည်းနေ လှေအောင်း မြင်းဇောင်းပါမကျန် ဘုန်းကြီးသံဃာနဲ့သီလရှင်တွေအပြင် ဝန်ထမ်းနဲ့နောက်ဆုံးစစ်သားတွေပါ ပါလာတဲ့အထိပြင်းထန်ခဲ့တာ။ အဲဒီအချိန်ကသမ္မတမောင်မောင်က အိမ်ထဲကလူတွေမပါသေးဘူးဆိုပြီး ပြည်သူတွေကိုရိသဲ့သဲ့လုပ်ခဲ့တာပါ။ ခုလည်းဒီအတိုင်းပဲ စစ်တစ်ပိုင်းအစိုးရနဲ့ စစ်တပ်ကာချုပ်က သမ္မတမောင်မောင်လောက်တောင် သတ္တိမရှိဘဲ လုံးဝကိုမျောက်သုံးကောင်နဲ့ Comaဇာတ်ခင်းပြနေတာ။ ဒါလည်း "ဖွတ်တို့ရဲ့သက်တော်ရှည်နာယကအဘယုတ်"ကြီးရဲ့ သင်ကြားချက်တွေပါပဲ။ "အဘယုတ်"တို့ကတော့ သမိုင်းသင်ခန်းစာယူတဲ့နေရာမှာ ဒါမျိုးတော့ပီပြင်ပါပေတယ်။ သမ္မတမောင်မောင်လိုအာချောင်ရင်ဇာတ်ရှုတ်ကုန်မယ်။ ဘာမှဂရုမစိုက်နဲ့ကိုယ်လုပ်ချင်တာလုပ် ဆိုတဲ့အတိုင်း ပေကပ်ကပ်လုပ်နေတာဖြစ်တယ်။ အဲဒီတော့ဒီအချိန်မှာပြည်သူတွေအားလုံးဟာ သမိုင်းကကိုယ့်ပခုံးပေါ်တင်ပေးလိုက်တဲ့တာဝန်တွေကို ကိုယ်စီကျေပွန်ရတော့မှာမို့ ၂၀၀၈နာဂစ် ဖွဲ့စည်းပုံပြင်ဖို့အရေးမှာ တက်ညီလက်ညီပါဝင်ကြရမယ်။ ဒီဖွဲ့စည်းပုံမှာ စစ်အနံဲ့အငွေ့အသက် (ဖက်စစ်အနံ့အငွေ့အသက်)တွေကင်းပြီး ဒီမိုကရေစီရနံ့သင်းပါမှ သားစဉ်မြေးဆက် နှစ်ငါးဆယ်ကျော်ကြာ စစ်ကျွန်ဘဝကလွတ်မှာမို့ ဘယ်သူ့ရဲ့တိုက်တွန်းမှုကိုမှစောင့်မနေပဲ အချိန်ကျတာနဲ့လမ်းပေါ်ထွက်ကြဖို့သာအဓိကပါပဲ လို့တိုက်တွန်းနှိုးဆော်ရင်း.....။
*********************************************ဲ

No comments: