Monday, April 14, 2014

မိုင် ၁၆၀၀ လမ်းလျှောက် အဖွဲ့ခေါင်းဆောင် တရားစွဲ ခံရ


2014-04-14
RFA

ရန်ကုန်မြို့ကနေ ကချင်ပြည်နယ် ဧရာဝတီမြစ်ဆုံနားက တန်ဖဲကျေးရွာအထိ ဧရာဝတီမြစ်ဆုံစီမံကိန်း ဖျက်သိမ်းဖို့အတွက် လမ်းလျှောက်ဆန္ဒပြသူတွေထဲက အဖွဲ့ခေါင်းဆောင် ကိုရဲထွဋ်ခေါင်နဲ့ သံဃာတော် ၂ ပါးကို မြို့နယ် ၆ မြို့နယ်က ပုဒ်မ ၁၈၊ တရားမ၀င် စီတန်းလှည့်လည်မှုနဲ့ တရားစွဲဆိုလိုက်ပါတယ်။
တရားစွဲဆိုခံထားရတဲ့ ကိုရဲထွဋ်ခေါင်က ဧရာဝတီမြစ်ဆုံ အထိ ရောက်ရှိပြီးမှသာ မိမိတို့အနေနဲ့ အဲဒီအမှုကို တရားရင်ဆိုင်သွားမှာဖြစ်ကြောင်း ပြောပါတယ်။
"ခွင့်ပြုချက်မရဘဲ ဆန္ဒဖော်ထုတ်တဲ့အတွက်ကြောင့် ကျနော်အပါအဝင် ဦးဇင်းနှစ်ပါးကို ပဲခူးတိုင်းဒေသ ကြီးနဲ့ မန္တလေးတိုင်းဒေသကြီးမှာ တရားစွဲဆိုထား တာရှိပါတယ်၊ ကျနော်တို့က ငြိမ်းချမ်းရေး လမ်းလျှောက်ပြီးအပြန်မှ ရန်ကုန်မှာ အမှုရင်ဆိုင်ရမှာဖြစ်ပါတယ်"
ဧရာဝတီ မြစ်ဆုံလမ်းလျှောက်အဖွဲ့ဟာ ပြီးခဲ့တဲ့ မတ်လ၂၃ရက်နေ့မှာ ရန်ကုန်ကနေ စတင်ထွက်ခွာသွားတာဖြစ်ပြီး အခုမန္တလေးတိုင်း မြင်းခြံမြို့ကို ရောက်ရှိနေပါတယ်။
သင်္ကြန်ကာလဖြစ်တဲ့အတွက် မြင်းခြံမြို့ကနေ နှစ်ဆန်းတစ်ရက်နေ့မှာ ဆက်လက်လမ်းလျှောက်ကြမှာ ဖြစ်ကြောင်း သိရပါတယ်။ အခုလက်ရှိမှာ လမ်းလျှောက်ဆန္ဒပြသူအင်အား တစ်ရာကျော်ရှိနေပြီး မန္တလေးမြို့ကိုရောက်ရှိချိန်မှာ လမ်းတစ်လျှောက်ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကို သတင်းစာရှင်းလင်းပွဲလုပ်ဖို့ အစီအစဉ်ရှိတယ်လို့ သိရပါတယ်။
====================
ဘမ်ခုန်ယန်ကျေးရွာ KIA အုပ်ချုပ်ရေရုံးကို အစိုးရ သိမ်းပိုက်
Kachin News Group
12 April 2014

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်ရင်း ၂၇ ဒေသ ဥလန်ပါတိုက်နယ် (U Lang Pa ginwang) ဘမ်ခုန်ယန် (Bang Hkung Yang) ကျေးရွာရှိ KIO အုပ်ချုပ်ရေးရုံးအား ဧပြီလ ၁၀ ရက် ညနေ ၆နာရီချိန် အစိုးရတပ်မှ သိမ်းပိုက်လိုက်ကြောင်းသိရသည်။
အစိုးရခြေလျင်တပ်ရင်း ၆၉ အင်အား ၁၀၀ ကျော်သည် လက်နက်ကြီးများဖြင့် ပစ်ခတ် ဝင်ရောက်လာခြင်းကြောင့် KIO မှ နောက်ဆုတ်လိုက်ခြင်းဖြစ်ကြောင်း KIA တပ်ရင်း ၂၇ ဒေသ အရပ်ဖက် အုပ်ချုပ်ရေးမှူး ((D.O) လရှီးလဆိုင်း KNG ကချင်သတင်းဌာန သို့အတည်ပြုပြောသည်။
အစိုးရခြေလျင်တပ်ရင်း ၆၉ အင်အား ၁၀၀ ကျော်သည် လက်နက်ကြီးများဖြင့် ပစ်ခတ် ဝင်ရောက်လာခြင်းကြောင့် KIO မှ နောက်ဆုတ်လိုက်ခြင်းဖြစ်ကြောင်း KIA တပ်ရင်း ၂၇ ဒေသ အရပ်ဖက် အုပ်ချုပ်ရေးမှူး ((D.O) လရှီးလဆိုင်း KNG ကချင်သတင်းဌာန သို့အတည်ပြုပြောသည်။
“အုပ်ချုပ်ရေးမှူး၊ တိုက်နယ်အုပ်ချုပ်ရေးမှူးနဲ့ စာရေးများ ၄ ယောက်ရှိစဉ် လက်နက်ကြီးများဖြင့် ဝင်ရောက်ပစ်ခတ်လာလို့ နောက်ဆုတ်ခဲ့တာ” ဟု ဆိုသည်။
၎င်းအစိုးရတပ်သည် KIO စခန်းအားသိမ်းပိုက်ပြီးနောက် အုပ်ချုပ်ရေးရုံးအနီးတဝိုက်လှုပ်ရှားနေပြီး ဧပြီလ ၁၁ ရက်နံနက် ၈ နာရီခွဲချိန် မော်ရွှေ (Maw Shwi) တွင် KIA တပ်ရင်း ၁၂ နှင့် ၁၀ မိနစ်ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း KIO အရာရှိများပြောသည်။
ထို့ပြင် အစိုးရတပ်မ ၈၈ စစ်ကြောင်း ၃ ကြောင်းသည် ယမန်နေ့မှလက်နက်ကြီးများဖြင့် ပြင်းထန်စွာ ပစ်ခတ်တိုက်ခိုက်လာသောကြောင့် ယနေ့ ၁ နာရီခွဲချိန် KIA တပ်ရင်း ၂၇ လှုပ်ရှားနေရာ ၂ ခု နောက်ဆုတ်လိုက်ကြောင်း KIA ရှေ့တန်းမှ ပြောသည်။
ယနေ့နံနက် ၇ နာရီချိန်မှ စတင်သောပြင်းထန်တိုက်ပွဲသည် နားလုံဘွမ် (Na Lung Bum)၊ နောင်းလုပ် (Nawng Luk)၊ ကျားကောင်းတောင်နှင့် ခခေရွာ (Hka Hkye mare) အောက်တွင် ပြင်းထန်တိုက်ပွဲဖြစ်ပွားပြီး ညနေ ၁ နာရီခွဲချိန်တွင် နားလုံဘွမ်နှင့် ကျားကောင်းတောင်အား နောက်ဆုတ်လိုက်ကြောင်း KIA အရာရှိများပြောသည်။
အစိုးရတပ်မှ လက်နက်ကြီးများဖြင့် ပြင်းထန်စွာတိုးစစ်တိုက်ခိုက်သောတိုက်ပွဲတွင် KIA မှ ၄ ဦး ထိခိုက်ဒဏ်ရာရှိပြီး ကျဆုံးမှုမရှိကြောင်း၊ အစိုးရတပ်မှ ကျဆုံးဒဏ်ရာရရှိမှုရှိသော်လည်း တိကျ မသိသေးကြောင်း တပ်ရင်း ၂၇ ဒေသ တိုက်နယ်အုပ်ချုပ်ရေးမှူး (D.O) လရှီးလဆိုင်း ပြောသည်။
ဧပြီလ ၁၀ ရက်နေ့မှ စတင်ဖြစ်ပွားသောတိုက်ပွဲကြောင့် တိမ်းရှောင်လာသော လဂါတ်ယန် (Lagat Yang) ဒုက္ခသည်စခန်းနှင့် ရွာသားများသည် ၂ ထောင်ကျော်ရှိနေပြီး တရုတ်ပြည်နောင်းတောင်မြို့ ကောင်းချန်းတွင် ၁ ထောင် ကျော် ထွက်ပြေးတိမ်းရှောင်လာကြောင်းသိရသည်။
ထွက်ပြေးတိမ်းရှောင်းသူများသည် မန်ဝင်းတွင် နေရာထိုင်ခင်းနှင့်လုံခြုံရေးကြောင့် စစ်ပြေးအချို့သည် ရှမ်းပြည်ဘက်ခြင်း နမ့်ခမ်းသို့တိမ်းရှောင်နေကြောင်းသိရှိရသည်။ နှစ်ဖက်တင်းမာမှုနှင့်ပတ်သက်၍ အစိုးရဖက်မှ အတည်ပြုချက်မရသော်လည်း အစိုးသတင်းစာတွင် သန်းခေါင်စာရင်းကောက်ခံမှုပိတ်ပင်ထားသော KIO နယ်မြေများတွင် စစ်တပ်အင်အားဖြင့် ၀င်ရောက်လျက်ရှိကြောင်း ဖော်ပြထားသည်။
အစိုးရတပ်သည် သန်းခေါင်စာရင်းခေါင်းစဉ်ဖြင့် KIA တပ်ရင်း ၂၇ ဒေသသို့ စစ်အင်အားတိုးချဲ့ လှုပ်ရှားနေခြင်းဖြစ်ပြီး တရုတ်နယ်စပ် ရွှေလီမြစ် နောင်းတောင်းတံတား ဘန်ခမ်းဂိတ် (Bang Hkam gate) အားသိမ်းပိုက်ရန် လက်နက်ကြီးများဖြင့် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း KIA တပ်ရင်း ၁၂ အရာရှိများ ပြောသည်။
=====================
ပတ်ဝန်းကျင်ထိခိုက်မှု ပြည်ပ ကုမ္ပဏီ လေ့လာ
2014-04-14
RFA

လက်ပံတောင်းတောင်ဒေသ၊ စီမံကိန်းနယ်မြေအတွင်း သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံး နဲ့ ဆောင်ရွက်မယ့် အခြေအနေတွေကို သြစတြေးလျနိုင်ငံအခြေစိုက် Knight Pie’sold ကုမ္ပဏီက ဒေသခံရွာတွေကို ရှင်းလင်းနေရာမှာ တကယ်နစ်နာတဲ့ရွာတွေကို လာရောက်ခြင်းမရှိဘဲ စီမံကိန်းနဲ့ မပတ်သက်တဲ့ ရွာတချို့ကိုတော့ အာဏာပိုင်တွေက လိုက်လံပို့ဆောင်ခဲ့တယ် လို့ ဒေသခံတွေကပြောပါတယ်။
Knight Pie’sold ကုမ္ပဏီ လာရောက်ခြင်းမရှိတဲ့ ရွာတွေကတော့ ၀က်မှေး၊ ကံတော၊ ဆည်တဲနဲ့ ဇီးတောရွာတွေဖြစ်တယ်လို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ၀ှက်မှေးရွာက မသွဲ့သွဲဝင်းက ခုလိုပြောပါတယ်။
"ကျမတို့သိချင်တာက ကျမတို့ တကယ်နစ်နာ ဆုံးရှူံးနေတာတွေကို ဒီကုမ္ပဏီက သိသွားမှာ စိုးလို့လား၊ မြင်သွားမှာစိုးလို့လား၊ အစိုးရက အဲဒီလိုပဲ မျက်ကွယ်ပြုပြီးတော့ ဒေသခံတွေ တကယ်ဆုံးရှူံးနေတာတွေကို မျက်ကွယ်ပြုပြီး ဒီလိုလိုက်ပေးနေတာလားဆိုတာ ကျမတို့က မပြောတတ်တော့ဘူး"
အာဏာပိုင်တွေက ခုလိုရွာတချို့ကို လိုက်လံပို့ဆောင်ခြင်းမရှိခြင်းဟာ လုံခြုံရေးအရ အာမမခံနိုင်တဲ့အတွက်ဖြစ် တယ်လို့ ပြောကြောင်း Knight Pie’sold နဲ့ နီးစပ်သူတွေထံကတဆင့် သိရတယ်လို့ ဒေသခံတွေကပြောပါတယ်။
ကုမ္ပဏီအနေနဲ့ ၀င်ရောက်ခွင့်ရတဲ့ကျေးရွာတွေကို စီမံကိန်းနဲ့ ပတ်သက်တာတွေကို ရှင်းလင်းပြောကြားပြီး ဒေသတွင်း သဘာဝပတ်ဝန်းကျင် ပျက်စီးမှုအနည်းဆုံးနဲ့ စီမံကိန်းအကောင်အထည်ဖော်ရေးအတွက် ဆောင်ရွက်နေတာတွေကို ရှင်းပြသလို ဒေသခံတွေရဲ့ တင်ပြချက်တွေ အတွေ့အကြုံတွေကိုလည်း မှတ်သားခဲ့တယ်လို့ သိရပါတယ်။
ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး ဦးတင်အောင်ခိုင်ရဲ့သတင်းပေးပို့ချက်ကို နားဆင်နိုင်ပါတယ်။
http://www.rfa.org/burmese/news/expert-lpt-04142014105628.html/1021101e10361016102d102f10041039-1014102c103810311011102c10041039101b10141039108f103d100410391037-101b101a1030101b10141039/inline.html
=====================
ကချင်တိုက်ပွဲကြောင့် ဒုက္ခသည်တွေ တရုတ်ပြည်ဖက် ထွက်ပြေး
14.04.2014
VOA

ကချင်ပြည်နယ်၊ မန်စီမြိုနယ်နဲ့ ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့နယ်အတွင်းမှာ မြန်မာအစိုးရတပ်တွေနဲ့ ကချင်တပ်တွေတိုက်ပွဲတွေဖြစ်ပြီး လက်နက်ကြီးတွေကျတာကြောင့် ဒုက္ခသည်တွေ တရုတ်ပြည်နယ်စပ်ဘက်ကို ထောင်ဂဏန်းလောက် ထွက်ပြေး တိမ်းရှောင်နေကြပါတယ်။ ဒီအတောအတွင်း ဧပြီလ ၁၃ ရက်နေ့ကစပြီး မြန်မာစစ်တပ်ဘက်က စစ်အင်အားတွေ တိုးချဲ့လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
မြန်မာနိုင်ငံမှာ တပြည်လုံးအပစ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ဖို့ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ သဘောတူညီမှုတွေ ရရှိနေချိန်မှာပဲ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အတွင်းမှာ ဧပြီလ ၁၀ ရက်ခန့်ကစလို့ တိုက်ပွဲတွေဖြစ်နေပြီး လက်နက်ကြီးတွေ ကျရောက်နေတဲ့အတွက် ကချင် ဒုက္ခသည် တွေနဲ့ ရှမ်းရွာသားတွေဟာ နီးစပ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး တချို့ကတော့ တရုတ်ပြည်နယ်စပ်အထိ တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။ တရုတ်နယ်စပ်က အခြေအနေကို ဗမာပြည်ကွန်မြူနစ်ပါတီက ဒေါ်လှကျော်ဇောက အခုလို ပြောပါတယ်။
“မနေ့တုန်းက တရုတ်ပြည်ထဲကို ဒုက္ခသည်တွေ အများကြီး ပြေးဝင်လာတယ်။ တိုက်ပွဲတွေကြောင့်-တဲ့၊ ဒုက္ခသည်စခန်းနားမှာကို ကျည်ဆံတွေကျလို့-တဲ့။ ဒုက္ခသည်စခန်းက လူတွေကကိုက ထပ်ပြေးလာရတာ။ လူပေါင်း ၂ ထောင်လောက် ပြေးဝင်လာတယ်လို့ ပြောတယ်။ ပထမတော့ တရုတ်က ပိတ်ထားတယ်-တဲ့။ နောက်တော့ ဖွင့်လိုက်တယ်လို့ ပြောတယ်။ ရွှေလီတို့၊ လုံတောင်းတို့ဘက်-တဲ့။ လုံတောင်းလေ- ရွှေလီနဲ့ ကပ်နေတာရော၊ ဗမာနယ်စပ်နဲ့၊ အဲဒီနား ကပ်နေတာပဲ။ ရှမ်းအများစု၊ လွယ်ကျယ်ဘက်လည်း ဝင်တယ်-တဲ့။ အဲဒီဘက်လည်း တပ်တွေ အပြောင်းအရွှေ့တွေ တအားဝင်လာလို့-တဲ့။ လွယ်ကျယ်ဘက်ကလည်း လူတွေ ထွက်ပြေးလာတာတွေ ရှိတယ်။ ရွှေလီ- လုံတောင်းဘက်ကိုလည်း ထွက်ပြေးလာတာတွေ ရှိတယ်-တဲ့။ လူ ၂ ထောင်လောက်တော့ ရှိပါတယ်။”
တိုက်ပွဲဖြစ်တဲ့အတွက် တရုတ်နိုင်ငံဘက်က နယ်စပ်တွေကို ပိတ်ထားပါတယ်။ ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ ကချင်အမျိုးသမီး အစည်းအရုံးက အော့နန်းကတော့ တိုက်ပွဲတွေကြောင့် ဒုက္ခသည်တွေ ထွက်ပြေးတိမ်းရှောင်မှုတွေ များလာတယ်လို့ ဆိုပါတယ်။
“ကျမသိသလောက်က အခုက စစ်ပြေးဒုက္ခသည်တွေ ဝင်းပင်းနားက လဂျားယမ်ကမ့် ရှိတယ်လေ။ အဲဒီကမ့်နားက လူတွေက များသောအားဖြင့် ပြေးလာကြတော့ IDP ကမ့်မှာ နေလို့ မရတော့ဘူး။ နေလို့မရတော့ အဲဒီ လဂျားယမ်ဘက်နဲ့နီးတဲ့ တရုတ်နယ်စပ်မှာ အဲဒီမှာ တချို့အဖွဲ့တွေ ပြေးဝင်သွားတဲ့သူတွေရှိတယ်။ တချို့အဖွဲ့တွေက မန်ဝိန်းမြို့ဘက်မှာပေါ့- -- ဘက်မှာ ပြေးသွားတဲ့သူရှိတယ်ပေါ့။ ပြီးရင် ရှမ်းရွာဘက်မှာရော ဒီဘက်နဲ့ကျတော့ မန်ဝိန်းဘက်က ရှမ်းရွာဘက်က လူတွေရော၊ များသောအားဖြင့် နမ့်ခမ်းဘက်က ကချင်ဘုရားကျောင်းဘက်နဲ့ ဘုန်းကြီးကျောင်းဘက် ပြေးသွားတဲ့လူတွေ ရှိတယ်ပေါ့နော်။ အခုတော့ IDP တွေ အဲဒီနေရာတွေမှာ ပြေးသွားနေတယ်-တဲ့။”
တိုက်ပွဲဖြစ်နေတဲ့နေရာက ကချင်အမျိုးသမီးတစ်ဦးကတော့ စစ်အင်အားတွေတိုးချဲ့ပြီး တက်လာနေတယ်ဆိုတာတွေ ကြားနေရကြောင်းနဲ့ ရှမ်းရွာသားတချို့ လက်နက်ကျည်ဆံထိမှန်ခဲ့ကြောင်း လက်ရှိ ဒုက္ခသည်တချို့ရဲ့ ခိုလှုံနေထိုင်မှု အခြေအနေတွေကို ပြောပြပါတယ်။
“အမြဲတမ်း တိုးချဲ့နေတာပေါ့နော်။ အခုက ကျမတို့ ဒီမှာ နေတဲ့နေရာက တနေ့ကဖြစ်တဲ့ တိုက်ပွဲနားမှာပေါ့၊ ရှမ်း၊ ပမ့်ခမ်းပါဆိုတဲ့ ရှမ်းရွာလေးက ရွာသူ ရွာသားတွေပေါ့။ တယောက်တော့ နည်းနည်း ထိသွားတာပေါ့။ တချို့ရှမ်းရွာတွေကတော့ နောင်တောင်းဘက်၊ သူတို့ ဆွေမျိုးတွေရှိတဲ့ဆီမှာ ခိုလှုံနေတယ်ပေါ့နော်။ ထွက်ပြေးနေရတဲ့စာရင်းက အတိအကျမရဘူးပေါ့နော်။ အခု ကျမတို့နဲ့ လမ်းပေါက်နေတဲ့ နေရာကတော့ ၂၀၀ နီးပါး၊ ၁၀၀ ကျော်လောက်၊ တရုတ်ပြည်ရဲ့ ---ချီရွာနားမှာပေါ့၊ မနောကွင်းရဲ့ခမ်းမမှာနေတာပေါ့။”
ဧပြီလ ၁၃ ရက်နေ့ကရတဲ့သတင်းတွေအရ စစ်အင်အားဖြည့်ဖို့လာတဲ့ မြန်မာစစ်တပ်ရဲ့ကားတန်းတွေကို KIO ကနေ တိုက်ခိုက်မှုတွေကြောင့် သေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရမှုတွေ ရှိခဲ့ကြောင်း၊ နောက်ဆုံးရတဲ့သတင်းတွေအရ ကချင်ပြည်နယ်၊ ဗန်းမော်ဘက်ကနေလာတဲ့ စစ်ကားတွေ၊ ရှမ်းပြည်နယ် နမ့်ခမ်းဘက်က တက်လာတဲ့စစ်ကားတွေဟာ အနည်းဆုံး ၁၀ စီးကျော်ရှိပြီး တိုက်ပွဲတွေရှိရာဘက်ကို ဦးတည်လာနေတဲ့ အကြောင်း သိရပါတယ်။
တိုက်ပွဲအခြေအနေနဲ့ပတ်သက်လို့ ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်က တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
အသံဖိုင် - http://burmese.voanews.com/audio/audio/398351.html

No comments: