မင်းကွန်းဆရာတော်ဘုရားကြီးကိုယ်တိုင်မိန့်ကြားတော်မူခဲ့တဲ့စကား



" . . . သာသနာ့ အာဇာနည် . . . "  ===================  ကမ္ဘာ့ ဥာဏ်အကောင်းဆုံး လူသားအဖြစ် ဘာသာခြားတို့ ၏ဂင်းနစ်မှတ်တမ်းတင်ခံရသူ ..။  သံဃာတော် အပေါင်းတို့ ၏ ဥသျှောင် သံဃာ့မဟာနာယကကြီးအဖြစ် တာဝန်ထမ်းခဲ့သူ...။ဲမြတ်စွာဘုရားရှင်၏ ညီတော် အရှင်အာနန္ဒာကဲ့သို့  တရားတော်၊ မြတ်ဓမ္မတို့ ရဲ့ ဘဏ္ဍာတိုက် ..။  သူ့ ဥာဏ်တော်ကို အများအကျိုး အတွက်အချိန်ပြည့် မနေမနား အသုံးချပေးခဲ့သူ .. ..။  မျိုးဖျက် အဓမ္မတို့ ၏ ဘာသာရေးလွှမ်းမိုးမှုကို ပေါ်ပေါ်တင်တင် ရဲရဲဝံ့ဝံ့ဆန့် ကျင်ခဲ့သူ ...။  တပည့်သံဃာတော်တွေကို ထိလာလျှင် သူကိုယ်တိုင်ပင် ရှေ့ ကရပ်၍ ကာကွယ်ပေးရဲသူ . .။  မြတ်ဗုဒ္ဓ၏ သာသနာတော်အတွက် အတုယူဖွယ်ရာ နိဗ္ဗာန်ဆော် ပုဂ္ဂိုလ်ကြီး တစ်ပါး . .။  ဘ၀နေ၀င်ချိန်ထိတိုင် လက်နှိပ်စက်တစ်လုံးဖြင့် ဓမ္မစာပေများကို ဘာသာပြန်ဆိုပေးခဲ့သူ ...။  ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော် ဘုရားကြီး၏ သေသည်အထိ သာသနာပြုနေပုံ . . .။   Admin - ဒေါက်တာကျော်လွင်  By မြန်မာပြည်မှမြန်မာလူမျိုး ----------------------------------------------------------------------- Posted By : မြန်မာ့သတင်းများစုစည်းရာ (MNC)
" . . . သာသနာ့ အာဇာနည် . . . "

===================

ကမ္ဘာ့ ဥာဏ်အကောင်းဆုံး လူသားအဖြစ် ဘာသာခြားတို့ ၏ဂင်းနစ်မှတ်တမ်းတင်ခံရသူ ..။

သံဃာတော် အပေါင်းတို့ ၏ ဥသျှောင် သံဃာ့မဟာနာယကကြီးအဖြစ် တာဝန်ထမ်းခဲ့သူ...။

ဲမြတ်စွာဘုရားရှင်၏ ညီတော် အရှင်အာနန္ဒာကဲ့သို့  တရားတော်၊ မြတ်ဓမ္မတို့ ရဲ့ ဘဏ္ဍာတိုက် ..။

သူ့ ဥာဏ်တော်ကို အများအကျိုး အတွက်အချိန်ပြည့် မနေမနား အသုံးချပေးခဲ့သူ .. ..။

မျိုးဖျက် အဓမ္မတို့ ၏ ဘာသာရေးလွှမ်းမိုးမှုကို ပေါ်ပေါ်တင်တင် ရဲရဲဝံ့ဝံ့ဆန့် ကျင်ခဲ့သူ ...။

တပည့်သံဃာတော်တွေကို ထိလာလျှင် သူကိုယ်တိုင်ပင် ရှေ့ ကရပ်၍ ကာကွယ်ပေးရဲသူ . .။

မြတ်ဗုဒ္ဓ၏ သာသနာတော်အတွက် အတုယူဖွယ်ရာ နိဗ္ဗာန်ဆော် ပုဂ္ဂိုလ်ကြီး တစ်ပါး . .။

ဘ၀နေ၀င်ချိန်ထိတိုင် လက်နှိပ်စက်တစ်လုံးဖြင့် ဓမ္မစာပေများကို ဘာသာပြန်ဆိုပေးခဲ့သူ ...။

ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော် ဘုရားကြီး၏ သေသည်အထိ သာသနာပြုနေပုံ . . .။

ကျနော့်မိတ်ဆွေများအားလုံး
မင်္ဂလာရှိသော ၂၀၁၄ ခုနှစ်ကို ပျော်ရွင်စွာဖြတ်သန်းနိုင်ကြပါစေ။
ဘလော့ဂါ








Tuesday, April 8, 2014

“ဝေဇယန်နှင့်နှုန်းငြား”

          မြန်မာသီချင်းကြီးထဲမှာ သည်သီချင်းကလေးကိုတော့ ကျောင်းတော်ကြီးကြိုး လို့ ခေါ်ကြပါတယ်။ မင်း မိဖုရား သားတော် သမီးတော်များရဲ့ ကောင်းမှုကုသိုလ်တော် ရွှေကျောင်းကြီး ဆောက်လုပ်ပြီးစီးလို့ ရေစက်ချအခမ်းအနား ကျင်းပတဲ့အခါ တီးလေ့ရှိတဲ့ သီချင်းပါ။ ခုထက်ထိလည်း အညာဘက်က ကျောင်းရေစက်ချ အလှူမင်္ဂလာတွေမှာ မပါမပြီး နားထောင်လို့ မငြီးသေးပါဘူး။ ကြိုးသီချင်းဆိုတော့ အသံကလေးတွေက သွက်ပြီး မြူးနေသလို ဆိုရတာကလည်း ခဲရာခဲဆစ် မရှိလှဘူး။ သီချင်းမရတဲ့သူတောင်မှ သူ့တေးသွားတီးကွက်ကလေးတွေက နားနဲ့မစိမ်းပဲ ကြားဖူးသလိုလို ရှိနေလိမ့်မယ်။ အဆိုပိုင်တဲ့သူများကျတော့ သီချင်းကို ဘရိတ်ကလေးတွေနဲ့ တားတားပြီး အကြွဆိုလိုက်ရင် ဆိုရတာလည်း အရသာရှိ၊ ကြားရတာလည်း အရသာရှိ၊ တီးရတဲ့သူလည်း လက်တွေ့လာပြီး မြိုင်နေမှာပဲ။ ကိုယ်ကတော့ ကြိုက်တယ်။ ဒါပေမယ့် သိပ်မညွှန်းရဲဘူး။ တော်ကြာ ဗီဗာဟိန်းတို့ သားစိုးတို့ ကြားရင် ဒီဂျေနဲ့ ရောသမမွှေလိုက်မှ ဟုတ်ပေ့ ဖြစ်နေဦးမယ်။ သူ့သီချင်းမှာကိုက ဒီဂျေပွတ်ထားသလို ဆတ်တောက်ဆတ်တောက်ကလေးတွေ ပါပြီးသား။

          သီချင်းရဲ့ အဓိပ္ပါယ်ကတော့ ဘုရင်ထီးဖျားရဲ့ ရွှေကျောင်းတော်ကြီးဟာ ဘိုးတော်သိကြားမင်းရဲ့ ဝေဇယန္တာနတ်နန်းကြီးအလား ထင်မှားရပါပေတယ် လို့ ဆိုတာပါ။ ပြဿာဒ် ဘုံမြင့်တွေ တဆင့်ပြီးတဆင့် လွှင့်နေအောင် တက်သွားရတဲ့အထဲ၊ ဆန်းဆန်းကြယ်ကြယ် အဆောင်တွေ အဆောင်တွေကလည်း အံ့မခန်းပဲတဲ့။ အစိမ်း အနီ အပြာ အ၀ါ လှရာရာ အရောင်ကလေးများပေါ်မှာ ရွှေရောင် ငွေရောင် ဖန်ရောင် မှန်ရောင်များ ဟပ်လိုက်တော့ နေအရောင် လအရောင်များလို ၀ိုးဝိုးဝင်းဝင်း လင်းလင်းလက်လက် ရှိတယ်ပေါ့လေ။ ပြဿဒ်ထိပ်ဖျားများ မော်ကြည့်လိုက်ရင် ဟိုးကောင်းကင်က တိမ်တွေဆီရောက်သွားမလား အောင့်မေ့လို့ ရဲရဲတောင် မကြည့်ဝံ့ကြဘူးတဲ့။ အဲဒါ တို့ မင်းတြားကြီးရဲ့ သံသရာ ၀ဋ်ဒုက္ခက လွတ်ရာလွတ်ကြောင်း နိဗ္ဗာန်ကို ရည်စူးတဲ့ ကောင်းမှုတော်တဲ့လေ။ တို့တိုင်းသူပြည်သားများလည်း ကြည်နူးအားရစွာ သာဓုခေါ်လိုက်တော့ သာသာယာယာ ချမ်းချမ်းမြမြ မရှိပါလားတဲ့။

          ဟင့်။ ပေါ်လစီသီချင်းကြီးနော်။ ဖားချက်ကတော့ ၉လောက်ရှိလိမ့်မယ်။ တကယ်ပဲ အဲသလောက် လှလို့လား စဉ်းစားကြည့်ကြဦးစို့။ နီးနီးစပ်စပ် မျက်စိထဲမြင်ဖူးချင်ရင်တော့ မန္တလေးက ရွှေကျောင်းကြီးကို သွားလည်ကြည့်လို့ရတယ်။ ဧည့်သည်တွေ မန်းလေးလာတဲ့အခါ ရွှေကျောင်းကြီးရောက်လို့ ဓါတ်ပုံမရိုက်ပဲ နေနိုင်တဲ့သူ ရှိသလား။ အဲ့ဒါ အသက်ရာကျော်ရှည်တဲ့ အမယ်ကြီးအိုတစ်ယောက်ရဲ့ အလှဖြစ်နေပြီ။ ခြူးပန်းခွေ ရွှေကနုတ်တွေမပါပဲ တိုင်လုံးချည့်သက်သက် ဖြောင့်နေအောင် တံတားထိုးထားတဲ့ တောင်သမန်က ဦးပိန်လက်ရာတောင်မှ ရွှေမန်းမြို့ ကျက်သရေဆောင် ဖြစ်နေတာ ဘယ်သူမှ မငြင်းနိုင်ဘူး။ မြန်မာ့အနုပညာလက်ရာ ပန်းဆယ်မျိုးနဲ့ ထုံမွှန်းထားတဲ့ ရွှေကျောင်းကြီးဆို ဘယ့်နှယ်ပြောပါလိမ့်နော်။ သူ့ကျောင်းတံခါးချပ်က အရုပ်တစ်ရုပ်ဖဲ့ရောင်းလိုက်ရင် ဒေါ်လာတွေ နင့်နေအောင်ရလို့ ရတနာစိန်ကျောက်များလို သူခိုးသူဝှက်ရန်က အသည်းအသန် ကာကွယ်နေရတယ်။ ဒါတောင် အခုမြင်ရတာက ရေနံချေးတွေဝနေလို့ (စစ်စေးတွေလည်း ဖြစ်ချင်ဖြစ်မယ်) မည်းနက်နက် အရောင်ထွက်နေတဲ့ ကျောင်းတော်ကြီး။ ဟိုတုန်းကလို ရွှေရောင် ဖန်ရောင် မှန်ရောင်များနဲ့ဆို ဘယ်လောက်များ လှလိုက်မတုန်း။

          မလှပဲ ဘယ်နေပါ့မလဲ။ ရွှေကျောင်းကြီးရဲ့ နံမယ်အပြည့်အစုံက ရွှေနန်းတော်ကျောင်း လို့ခေါ်တာ။ ဘာဖြစ်လို့ ရွှေနန်းတော်ခေါ်သလဲဆိုတော့ မန္တလေးမြို့ကို နန်းစိုက်တဲ့အခါ နန်းတော်ဟောင်းဖြစ်တဲ့ အမရပူရရွှေနန်းတော်ကြီးကို ပုံစံမပျက် တစစီဖြုတ်ယူပြီး အခုလက်ရှိနေရာမှာ မူရင်းပုံစံအတိုင်း ပြန်လည်ဆောက်လုပ်ထားတာတဲ့။ ဒါကြောင့် ဘုန်းကြီးကျောင်းဆိုပေမယ့်လည်း မော်ဒယ်တစ်ခုပဲ အောက်သေးတဲ့ ရွှေနန်းတော်ကြီး မဟုတ်ဘူးလား။ အမရပူရနန်းတော်က ဘိုးတော်ဘုရားတည်ထားတာ။ ကုန်းဘောင်မင်းဆက်ထဲမှာ သူ့ထက်နန်းသက်ရှည်တာ မရှိဘူး။ သူ့တစ်သက် စုစည်းသိမ်းပိုက်ခဲ့တဲ့ အနုသုခုမလက်ရာမွန်တွေဆိုတာ သူ့ခေတ်သူ့အခါက အဆီအနှစ်တွေချည့်ပဲ။ သူ့နန်းတော်က တပတ်နွမ်းတဲ့ ဘုန်းကြီးကျောင်းဆိုတော့ ကိုယ်တို့ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်တွေထဲမှာဆိုရင် ပြင်သစ်က ဗာဆိုင်းနန်းတော်ကြီးတမျှ ခမ်းနားပေလိမ့်မယ်။ အဲသလိုတွေးကြည့်လိုက်တော့ သီချင်းထဲမှာ ဆိုတာ မလွန်ဘူး။ ခင်သန်းနု အခုလှတာ မြင်ရင် ဟိုးငယ်ငယ်က သူဘယ်လောက်လှမလဲ စဉ်းစားကြည့်လေ။

          ရှင်ဘုရင့်ပုဆိုးမို့လို့ ပိုးချည့်ပဲဖြစ်တာ မထင်နဲ့။ စလေက ရုပ်စုံကျောင်းဆိုတာလည်း ကမ္ဘာကျော်တယ်။ ရုပ်လုံးရုပ်ကြွတွေ စုံလွန်းလို့ ရုပ်စုံကျောင်း လို့ခေါ်တာ။ ကိုယ်တို့မြန်မာတွေဟာ ရှေးက ဘုရားတည်ကျောင်းဆောက် လှူတဲ့တန်းတဲ့အခါမှာ သူ့ခေတ်သူ့အခါအလျောက် ကောင်းပေ့ညွန့်ပေ့ဆိုတာတွေနဲ့ ဆန်းသထက်ဆန်းကြယ်အောင် မွန်းမံတတ်ကြတယ်။ အနောက်နိုင်ငံတွေမှာလည်း သည်လိုပဲလေ။ မိုက်ကယ်အိန်ဂျလိုကြီး လက်ရာတွေ မြင်ချင် ဘုရားရှိခိုးကျောင်းထဲ သွားကြည့်ရတာ မဟုတ်လား။ ကိုယ့်ဆီကို နိုင်ငံခြားသားဧည့်သည်တွေလာရင် ဘုရားတွေကျောင်းတွေလိုက်ပို့ရတာဟာ သူတို့က ကိုယ်တို့လို ရတနာသုံးပါး ကြည်ညိုသဒ္ဓါပွားများဖို့အတွက် မဟုတ်ဘူး။ ကိုယ်တို့ရဲ့ ယဉ်ကျေးမှုလက်ရာ အမွေအနှစ်တွေကို တအံ့တသြ မြင်ဖူးချင်လို့ လိုက်ပြရတာ။ ဒါကြောင့် ကိုယ်ကတော့ ကျောင်းတော်ကြီးကြိုးဟာ ရှင်ဘုရင်တွေကို ဖော်လံဖားတဲ့ ဘုန်းတော်ဘွဲ့တစ်ပုဒ်လို့ မမြင်ပါဘူး။ ကောင်းမှုဟာ မင်း မိဖုရား မူးမတ်များပေမယ့်လည်း အနုပညာလက်ရာမှာတော့ တိုင်းသူပြည်သား လူအများရဲ့ လက်ရာပဲ။ သူတို့ရဲ့စေတနာ သူတို့ရဲ့ ကုသိုလ်တွေလည်းပါတာပဲ။ သူကြီးဘုရား ရွာသားကောင်းမှုပေါ့။

          ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ကျောင်းတော်ကြီးတွေ ဆောက်လုပ်လှူဒါန်းတာ သာသနာတော်တလျှောက်လုံးပါပဲ။ ဘုရားရှင်လက်ထက်ကဆို သာဝတ္ထိပြည်မွန် ဇေတ၀န်ကျောင်းတော်ကြီးရှိတယ်။ အနာတပိဏ်သူဌေးကြီးလှူတာ။ ၀ိသာခါကျောင်းအမကြီးလှူတဲ့ ပုဗ္ဗာရုံကျောင်းတော်ကြီး ရှိတယ်။ ဝေဠုဝန်ကျောင်းတော်ကြီးဆိုတာလည်း ရှိသေးတယ်။ ကျောင်းဆောက်ဖို့ မြေကိုတောင်မှ ရွှေဒင်္ဂါးချင်းထိစပ်အောင် ခင်းပြီးဝယ်ရသတဲ့။ အဖိုးကိုးကုဋေထိုက်သော မဟလ္လတ္တာတန်းဆာကြီးကို ရောင်းပြီး ဆောက်ရသတဲ့။ သာသနာတော် ထွန်းကားပြန့်ပွားနေတဲ့ အချိန်မှာဆိုတော့ မထေရ်သံဃာများ သီတင်းသုံးနေထိုင် ကျင့်ကြံအားထုတ်၊ ဟောကြားပွားများနေလိုက်ကြတာ ဘယ်လောက်ကြည်ညိုစရာကောင်းသလဲ။

          သို့သော်လည်း တရားနာပရိသတ်ရယ်။ မြတ်စွာဘုရားရှင် နိဗ္ဗာန်စံဝင်တဲ့အခါ ထိုထိုဤဤသော ကျောင်းတော်ကြီးများအား အမွေစားအမွေခံအဖြစ် ရှင်အာနန္ဒာ၊ ရှင်မဟာကဿပ၊ ရှင်ရာဟုလာ ဘယ်ရဟန္တာမထရ်မြတ်ကိုဖြင့် လွှဲပြောင်းပေးအပ်သွားလေတယ်လို့ ကျမ်းဂန်တွေမှာ ဖတ်ဖူးသလဲ။ ကြားဖူးသလဲ။ မဇ္ဇိမက သံဝေဇနိယဌာနတွေတောင်မှ အိန္ဒိယ၊ နီပေါ အစိုးရက ဘုရားဖူးခရီးသည်တွေ လာနိုင်အောင် သီးသီးခြားခြားထားနိုင်လို့ သည်ကနေ့ကျန်တာ။ နို့မို့သူ့အနားက ရှင်ဘုရင်လှူတဲ့မြေကွက်တွေလို ဘာသာခြားတွေ ပိုင်းရောင်းလို့ ကုန်တာကြာပေါ့။ ကိုယ်နားလည်သလောက်တော့ ကျောင်းဆိုသော ဒါန၀တ္ထုပစ္စည်းဟာ သံဃိကအမှု သံဃာကိုရည်မှန်း လှူဒါန်းသောအရာသာဖြစ်တယ်။ နန္ဒိယကိုလှူထားတာ။ သူပျံတော်မူရင် သူ့သားလည်းဆိုင်တယ်။ သူ့တူဘုန်းကြီးဆက်ခံရမယ်။ လူထွက်တော့ ရင်းနှီးစားလို့ရတာပေါ့။ ဆိုတာမျိုး မဟုတ်ဘူး။ (မိုးကြိုးပစ်မယ့်သူငယ်ကွယ်။ မွှေချက်ကတော့ ကမ်းကုန်ပဲ။)

          ဒုကုဋ်သင်္ကန်းကြီးကိုစွဲလန်းလို့ သန်းကြီးမတစ်ကောင်ဖြစ်သွားတဲ့ ဇာတ်ကြောင်းတွေနဲ့လည်း ဘုန်းကြီးစာချ မလုပ်ချင်ပါဘူး။ ကိုယ်လှူထားတာ ငါးပြားတစ်စေ့မပါပဲနဲ့ သူများတကာ တရားတဘောင် ရင်ဆိုင်နေရတဲ့ကြားထဲမှာလည်း ၀င်မညှော်ချင်ပါဘူး။ ဒါပေမယ့် သံဃာတော်တွေအကြားမှာ ကျောင်းပိုင်ဆိုင်မှု အမှုအခင်းဆိုတာ အတော်ကို မဆန်းကြယ်တဲ့ဖြစ်ရပ်ပါ။ တကယ်တော့ ကျောင်းထိုင်ဆရာတော်သာ ရှိတာ။ ကျောင်းပိုင်ဆရာတော်ဆိုတာ မရှိဘူး။ သည်လိုဆိုတော့ “ငါ့ဒကာ ဒကာမက ငါ့လှူထားတာ။ ဟောသည်မှာ ပိုင်ဆိုင်မှုအထောက်အထား” ဆိုတာမျိုးက လူစကားပြောရာကျတာပေါ့။ လက်ခုပ်ဟူသည် တစ်ဘက်တည်း မမြည်တဲ့။ သည်ဘက်ကရော။ ငါတို့ဘက်ကလှူထားတာက ပိုများနေတာမို့ ပြန်မပေးနိုင်ဘူးဆိုတာ တမျိုးကြီးပဲ။ ရှေးက မိန်းမရှုပ်တစ်ယောက်နဲ့ရတဲ့ ဘုန်းကြီးလူထွက်ဟာ သူ့သားငိုရင် “ဘယ်သူမရော ဖေ့သားချော။ ဘယ်သူမရော ဖေ့သားချော။” လို့ ချော့သတဲ့။ နားကြားပြင်းကပ်တဲ့ ကာလသားများက “ရောမိရောရာ ငါတောင်ပါသေး။ ရောမိရောရာ ငါတောင်ပါသေး။” လို့ နောက်တဲ့အခါ အဲသည်လူပြန်တော်ကလည်း အားကျမခံ “အို ဘယ်သူရောထား ငါကများသကွ။ ဘယ်သူရောထား ငါကများသကွ။” လို့ ပြန်အော်သတဲ့။ သူကတော့ ဘုန်းကြီးလူထွက်မို့ အော်တာ ရှိပါစေလေ။ သင်္ကန်းကြီးနဲ့ အော်ရမယ်ဆိုရင် ဘယ်လောက် ရှက်ဖို့ကောင်းသလဲ။ ဗြိတော်ကတော့ အဲ့ဒါကြီး စာမျက်နှာပေါ်ဖတ်ရရင် ရှက်လှချည်ရဲ့ဖျား။

          အကြောင်းပြချက်ဆိုတာကတော့ နှစ်ဘက်စလုံးမှာ ခိုင်ခိုင်လုံလုံ ရှိတာပေါ့လေ။ သို့သော်လည်း အနိုင်အရှုံးဆိုတာကတော့ အသာစီးရသွားတဲ့သူက မနိုင်ဘူး။ အလျှော့ပေးလိုက်တဲ့သူသာ အနိုင်ရတယ် လို့ ဖြုတ်ချေးဦးနှောက်နဲ့ ဟောသည်အန္ဓပုထုဇဉ် ငမိုက်သားကတော့ အောင့်မေ့တာပဲဖျာ့။ ဒီမြေပေါ်မှာ ဒီကျောင်းပေါ်မှာ သူ့ဘာသူ ဗီဒီယိုရိုက်ရိုက်၊ ကင်းမြီးကောက်ထောင်ထောင် အဲ့ဒါ သူ့အကုသိုလ်။ ကိုယ်က သူနဲ့ အမျှဝင်ယူစရာလား။ ဒီသာသနာတော်ကြီးကို ဒီကျောင်းတော်ကြီးတစ်ခုနဲ့ ထိန်းသိမ်းသန့်စင်စေချင်လို့လည်း မရဘူး။ အပြင်မှာ ထောင်းလမောင်းကိုကြေလို့။ နှစ်ဘက်စလုံးဟာ သူတော်စင်သူတော်ကောင်း ရဟန်းကောင်းတွေမို့ ဘယ်ဘက်ကိုမှ အပြစ်ဆိုစရာ မရှိပါဘူး။ ပြောင်းလဲလာတဲ့ ခေတ်ရဲ့သဘောမှာ အပ္ပမာဒတရားလေးတွေ ချွတ်ချော်တိမ်းပါးကုန်တာပါ။ ခေတ်ကိုက ရှေးကလို အရည၀ါသီ တောကိုမှီလို့ သစ်တစ်ပင်အောက် ၀ါးတစ်ပင်ရင်း အားထုတ်ချင်လို့ မရတော့ဘူးလေ။ “ကိုယ်တော် အဲ့ဒါ တပ်ပိုင်မြေပါ” ဆိုမှ ဘဒ္ဒန္တ၀ါးရမ်းပြေးဘိဝံသဘွဲ့ အပ်နှင်းခံနေရဦးမယ်။

          ကျောင်းတော်ကြီးကြိုးနဲ့ သံသရာလေ ၀ဋ်နှင့်ကင်းကြောင်း ရှင်းကြောင်း အနုမောဒနာတရားလေးများ နာကြားမယ်ကြံကာမှပဲ ကျောင်းကြီးပေါ်မှာ မောင်ငယ်ကညော့လို့ ဘုန်းကြီးအော့လို့ ရိုက်တော့မယ်။ လွန်တာရှိရင် ၀န္တာမိပါဖျား။ ဆရာတော်ဘုရားကြီးများရဲ့ သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ်တို့အပေါ် ယုံမှားသံသယ စိုးစဉ်းမျှ မရှိပါ။ တပည့်တော်တို့က ဟောသမျှပြောသမျှ နာကြားမှတ်သားရမယ့်သူတွေပါ။ လောဘကိလေသာ၊ ဒေါသကိလေသာ၊ မောဟကိလေသာများ ပါးလျားလျော့နည်းစေမည့် တရားဒေသနာများ ဆက်လက် ချီးမြှင့်တော်မူပါဘုရား။ အဲသည်တရားပွဲရှေ့နားက တိုက်ပုံနဲ့တကာကြီးများကို နာနာသာဖိဟောတော်မူပါ။ တပည့်တော်လည်း တူတူပဲ။ အသက်ကြီးလေ အတ္တကြီးလေမို့ ရှင်ဖျားတို့မှ မဟောရင် သံသရာရေယာဉ်ကြောမှာ မျောချင်တိုင်းမျောမယ့် အကုသိုလ်တုံးကြီးဖျ။ သည်ဘ၀မှာဖြင့် မဟာဒုက်လောက်နီးနီး ဆွမ်းတစ်နပ်အနိုင်နိုင် အားခဲလှူဒါန်းနေရပေမယ့် နောင်ဖြစ်လေရာဘ၀တိုင်းမှာ ဝေဇယန်နှင့်နှုန်းငြားသော ရွှေကျောင်းတော်ကြီး လှူဒါန်းနိုင်သောကိုယ် ဖြစ်ရပါလို၏ အရှင်မြတ်တို့ဘုရား။



“ဝေဇယန်နှင့် နှုန်းငြား၊ မထူးခြား။ ရွှေကျောင်းတော်ကြီး ဘုံဆောင် ကျူးတည့် ကျူးလွန်အောင်။ ဆောင်တကာလေ ဆန်း ဆန်း ထွေတလာလေပန်း။ နေအရောင်လိုပင်၊ လအရောင်လိုပင်။ စိမ်းရရိမ်း နီရရီ ပြာရရာ ၀ါအ၀ါ ရွှေအရွှေ၊ ရွှေတည့်ရွှေအရွှေ။ သယ်လေ ကျောင်းတော် ကျောင်းတော် ကျူးကျော်ယဉ်လေဟန်။ ဖလ်မှန်ရှိန် မြနှယ်စိန် နေခြည်ရောင် လင်းသောခါ ဘယ်သူပင်ရှုဝံ့ဘူး။ ဆန်းလှထူးထူး။ တိမ်ဆီ အံ့ကြသြမည် အံ့သြမည်။ သံသရာလေ၀ဋ်နှင့် ကင်းအောင် ရှင်းအောင်။ သံသရာလေ၀ဋ်နှင့် ကင်းကြောင်း ရှင်းကြောင်း။ ချမ်းမြမြကြည်စွာ သာယာရွှင်ပြုံး တေဇာတုန်ရိုက်ချုန်းပါလို့ မိုးလုံးတိမ်တိက်ဖြာလေတည့်မှ မိုးလုံးတိမ်တိုက်ဖြာ။”

No comments: