Saturday, April 26, 2014

သန်းရွှေမှာ ဘယ်လို အရည်အချင်းမျိုးတွေ ရှိလို့လဲ ၊

Hawdeka Khalaylay >>> ဦးသန်းရွှေဟာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး စစ်တပ်အပေါ် အနန္တဂိုဏ်းဝင်စတိုင် ကျင့်သုံးနေဆဲဖြစ် ဦးသန်းရွှေမှာ စစ်တပ်ရဲ့ အနန္တဂိုဏ်းဝင် အဖြစ် သတ်မှတ်ဖို့ ဘယ်လို အရည်အချင်းမျိုးတွေ ရှိလို့လဲ (အငြိမ်းစား စစ်ပြန်တစ်ဦးမှ ပေးပို့သည်)
စစ်တပ်ဆိုတာ တာဝန်လုပ်ပိုင်ခွင့်တွေ နဲ့ ကိုယ်ရေးကိုယ်တာကို လုံးဝလုံးဝ ခွဲထားရမယ့်နေရာဖြစ်ပါတယ် ၊စစ်တပ်ရဲ့ မွေးသဖခင် တစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် စစ်တပ်ထဲမှာ ရှိစဉ်က ဘယ်လို ပြုမူဆောင်ရွက်ခဲ့သလဲဆိုတာတွေ ပြန်ကြည့်ရင် သိနိုင်ပါတယ် ၊
စစ်တပ်ရဲ့ မွေးသမိခင်ကတော့ မြန်မာပြည်သူပြည်သားတွေပါပဲ ၊ဦးသန်းရွှေဟာ ရာထူးကြောင့် ယာယီရလာတဲ့ လုပ်ပိုင်ခွင့်တွေကို ကိုယ်ကျိုးအသုံးချပြီး စစ်တပ်အတွင်းမှာ ကိုယ်ပိုင်ကွန်ယက်တွေကို ထူထောင်ခဲ့ပါတယ် ၊အမှန်တော့ စစ်တပ်ဆိုတာ တာဝန်လုပ်ပိုင်ခွင့်တွေ နဲ့ ကိုယ်ရေးကိုယ်တာကို လုံးဝလုံးဝ ခွဲထားရမယ့်နေရာပါ ၊
တာဝန်ခံမှုအဆင့်အရ ဗိုလ်ကြီးကို အမိန့်ကို ဗိုလ်လေးက နာခံရမှာဖြစ်ပေမယ့် ဗိုလ်ကြီးမိန်းမ စကားကို ဗိုလ်လေးမိန်းမက နားထောင်ရမယ်ဆိုတာကတော့ စစ်တပ်ကို မဟုတ်မမှန်တဲ့ ပုံစံခွက်တစ်ခု အထဲကို ရိုက်သွင်းလိုက်တာပါပဲ ၊အဲဒီနည်းနဲ့ ဦးသန်းရွှေဟာ အသက် ၆၀ ဟိုဘက်ကို တော်တော်များများ ကျော်တဲ့ အထိ အငြိမ်းစားမယူနိုင်ပဲ စစ်တပ်ကို အသုံးချပြီး မြန်မာပြည်ကို ဗျောင်ကျကျ ခြယ်လှယ်ခဲ့ပါတယ် ၊
အခုအချိန်မှာ စစ်တပ် နဲ့ ဦးသန်းရွှေကို တွဲမြင်ရမှာလား ခွဲမြင်ရမျာလား လို့ မေးခွန်းထုတ်လာရင် ခွဲမြင်ရမှာပါ ၊မြန်မာ့စစ်တပ်ဖွဲ့စည်းပုံအထဲမှာ အဓိက အားနည်းချက်က ကိုယ့်အပေါ်က အရာရှိဟာ အရာရှိဂုဏ်အရာရှိစည်းကမ်းနဲ့ပတ်သတ်လို့ ချွတ်ယွင်းချက်ရှိလာရင် ဖောက်ဖျက်ကျူးလွန်တာတွေရှိလာရင် အဲဒီအရာရှိကို ဘယ်လိုဘယ်နည်း နဲ့ စစ်တပ်အထဲက ဖယ်ရှားပစ်ရမှာလဲ ဆိုတဲ့ အချက်ပါပဲ ၊
ပြည်သူ့ကျွေးတဲ့ ထမင်းကို စားနေတဲ့ ပြည်သူကိုကာကွယ်ရမယ့်စစ်တပ်က အခုတော့ ပြည်သူ့ခေါင်းပေါ်တက်နင်း ၊ ကိုယ့်ကိုယ်ကို ပြည်သူ့ခေါင်းဆောင် လိုလို ပြည်သူ့အကြီးအကဲလိုလို မဟုတ်မမှန်တဲ့ စိတ်ကြီးဝင် ၊ မှားနေတဲ့ လမ်းကို လျှောက်နေတဲ့သူတွေ ဖြစ်နေပါတယ် ၊
ဘယ်သူကိုမှ စစ်တပ်ထဲ အတင်းဝင်ရမယ်လို့ ဆွဲမသွင်းခဲ့ပါဘူး ၊ စစ်တပ်ဟာ စီးပွားရှာရမယ့်နေရာမဟုတ်ပါဘူး ၊ စစ်တပ်ဟာ အာဏာထူထောင်ရမယ့်နေရာ မဟုတ်ပါဘူး ၊ ကိုယ့်ဘဝတစ်ခုလုံးကို အများအကျိုးအတွက် နှစ်မျြုပ်မယ် ၊ လိုအပ်ရင် အသက်တောင်စွန့်မယ်ဆိုတဲ့ ပရဟိတစိတ်ဓါတ်တွေ စေတနာကောင်းတွေ နဲ့ လာခြင်းကောင်းသော လာခြင်းနဲ့သာ လာရမယ့်နေရာပါ ၊
လူမိုက်ကြီးကို လူမိုက်ကလေးတွေက လက်ခုပ်ဝိုင်းတီးလို့ ငါကွ ဆိုတဲ့ စိတ်ဓါတ်ဝင်သွားရင်တော့ သေခါနီး ကိုယ်ကိုယ်တိုင်ရမယ့်နောင်တတရားတွေရှိခဲ့ရင်တောင် ကိုယ့်အမှားတွေကို သင်ပုန်းချေဖို့ တတ်နိုင်မှာ မဟုတ်တော့ပါဘူး ၊
စစ်တပ်ကြီး အဖျက်ဆီးခံရလို့ စိတ်ဓါတ်ကျပြီး စစ်တပ်ထဲကထွက်လာခဲ့တဲ့ စိတ်ကောင်းစေတနာကောင်း ရာဇဝင်ကောင်းရှိတဲ့ အငြိမ်းစားတွေ အပြင်မှာ တစ်ပုံတပင်ကြီးရှိပါတယ် ၊
အခုအချိန်အထိ စစ်တပ်အထဲမှာရှိတဲ့ အရာရှိကြီး အရာရှိငယ် အရာရှိပေါက်စတွေက လမ်းမှာနေတဲ့စစ်တပ်ကြီးကို ဘယ်လိုပြုပြင်ပြီး ကိုယ့်သမိုင်းကိုယ် မြင့်မြင့်မားမားထူထောင်မယ် ဆိုတာမျိုးတွေ မရှိသေးပဲ အရာရှိကို အရာရှိမိန်းမကို ဘယ်လိုကပ်မယ် ဖားမယ်
ဆိုတာချည်းပဲတွေ့နေရတာ စိတ်မကောင်းပါဘူး ၊

ဒီမိုကရေစီခေတ်မှာ ဒီမိုကရေစီပြည်သူတွေကို ဘယ်လိုခေါင်းပေါ်တင် စောင့်ရှောက်ရမှာလဲ ဆိုတာကိုပဲ စစ်တပ်က စပြီးတွေးသင့်နေပါပြီ ၊အခုအချိန်အထိ ဦးသန်းရွှေတစ်ယောက် ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင် ဖြစ်နေတာကိုကြည့်ပြီး ဦးသန်းရွှေ ရွှေမျိုးတစ်သိုက် တစ်သက် စားမကုန်ဖြစ်သွားတော့မယ်လို့ မထင်ကြပါနဲ့ ၊ အဲဒါမျိုးဖြစ်ချင်စိတ် မမွေးကြပါနဲ့ ၊ ဒီပုံစံအတိုင်းပဲ ဦးသန်းရွှေ ခေါင်းချသွားမယ်လို့ မထင်ကြပါနဲ့ ၊ သဘာဝတရားကြီးက အားလုံးကိုစောင့်ကြည့်နေတယ်လို့ ယုံထားပါ ၊ ဦးသန်းရွှေရဲ့ ဇာတ်သိမ်းခမ်းကို မကြာခင် တွေ့ရတော့မှာပါ ၊
အခုစစ်တပ်အထဲမှာရှိနေတဲ့ ဗိုလ်လေး ဗိုလ်ကြီးတွေကနေ ဗိုလ်ချုပ်မှူးကြီး အဆင့်အထိ ကို ပြောလိုက်ပါမယ် ၊ ကိုယ့်အကြောင်းကိုယ်အသိဆုံးပါ ၊ ကိုယ်ုကိုယ်ကို လိမ်လို့မရပါဘူး ၊ အခုအချိန်မှာ ကိုယ့်မှာ မှားခဲ့တာတွေရှိရင် ပြင်ဆင်ဖို့ သဘာဝတရားကြီးကရော
မြန်မာပြည်သူတွေကပါ ခွင့်ပေးထားတဲ့ အချိန်ဖြစ်နေပါတယ် ၊ အချိန်က သိပ်ကြာကြာရမှာမဟုတ်တော့ပါဘူး ၊ ဒီအချိန်မှာ ကိုယ်က ဘာကောင်အဖြစ်နဲ့ နိဂုံးချုပ်မှာလဲ ၊ ကိုယ့်သမိုင်းကို ကိုယ်ကိုယ်တိုင် ဘယ်လိုရေးမှာလည်း လို့ သေသေချာချာ စဉ်းစားရမယ့်အချိန်ဖြစ်နေပါပြီ ၊

အုပ်တောင့်လို့ လုပ်ချင်ရာလုပ်မယ်ဆိုတဲ့ အတွေးကို စွန့်လွှတ်ရမယ့် အချိန်ဖြစ်နေပါပြီ ၊ ဘယ်သူဘယ်ဝါကိုကြောက်ရလို့ လိုက်လုပ်ရပါတယ်ဆိုတဲ့ ဆင်ခြေတွေပေးရမယ့် အချိန်မဟုတ်တော့ပါဘူး ၊မှန်ထဲပြန်ကြည့်ပြီး ငါဟာ စစ်သားလား ၊ စစ်သားနဲ့ရော တူရဲ့လား လို့ ကိုယ့်ကိုယ်ကို ပြန်မေး ပြန်ပြင်ရတော့မယ့် အချိန်ကိုရောက်နေပါပြီ ၊
လက်ရှိစစ်မှုထမ်းနေတဲ့ စစ်သည်အားလုံးကိုပြောပါရစေ ၊ဗိုလ်ချုပ်အောင်ဆန်း မရှိတော့တဲ့ နောက်ပိုင်းမှာ စစ်တပ်ရဲ့ မိခင် ဖခင် ဟ ပြည်သူတွေပါ ၊ဦးသန်းရွှေကို စစ်တပ်ရဲ့ အနန္တဂိုဏ်းဝင် အဖြစ် ဘယ်သူတွေက သတ်မှတ်ထားကြတာလဲ ၊အဲလိုစစ်တပ်ရဲ့ အနန္တဂိုဏ်းဝင် အဖြစ် သတ်မှတ်ဖို့ ဦးသန်းရွှေမှာ ဘယ်လို အရည်အချင်းမျိုးတွေ ရှိလို့လဲ ၊

No comments: