Friday, April 4, 2014

မြစ်ဆုံစီမံကိန်း အပြီးအပိုင် ရပ်ဆိုင်းရေး လမ်းလျှောက်ဆန္ဒပြသူများ အောင်လံသို့ ရောက်ရှိစဉ် ဒေသခံ တစ်ထောင်ကျော် ပူးပေါင်းဆန္ဒပြ


မြစ်ဆုံစီမံကိန်း အပြီးအပိုင် ရပ်ဆိုင်းရေး ရန်ကုန်မြို့မှ မြစ်ဆုံဒေသသို့ လမ်းလျှောက်ဆန္ဒပြသူများ ဧပြီ ၂ ရက်က အောင်လံမြို့သို့ ရောက်ရှိလာပြီး ဒေသခံပြည်သူ တစ်ထောင်ကျော်ကလည်း ပူးပေါင်းဆန္ဒပြခဲ့ကြောင်း သိရသည်။
ယင်းမြစ်ဆုံစီမံကိန်း အပြီးအပိုင် ရပ်ဆိုင်းရေး လမ်းလျှောက်ဆန္ဒပြမှုကို နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ချူပ် (နိုင်ငံရေး အကျဉ်းသားဟောင်းများ အင်းအားစုကော်မတီ)မှ ဦးဆောင်ခြင်းဖြစ်ပြီး မတ် ၂၃ ရက် ကစတင်၍ ရန်ကုန်မြို့မှ လမ်းလျှောက်ခဲ့ခြင်းဖြစ်ကာ မြစ်ဆုံဒေသရှိ CPI တရုတ် ကုမ္ပဏီအထိ လမ်းလျှောက်ဆန္ဒ ပြသွားမည်ဖြစ်ကြောင်း သိရသည်။
"တစ်အချက်ကတော့ မြစ်ဆုံစီမံကိန်း ထာဝရဖျက်သိမ်းရေးကို တောင်းဆိုမယ်။ နှစ်အချက်က ဒီမြစ်ဆုံစီမံကိန်းကြီးကို ကေအိုင်အေနဲ့ ကေအိုင်အိုတို့ကလည်း ကန့်ကွက်ထားတယ်။ ဒါကြောင့်ဆက်လုပ် နေမယ်ဆိုရင် အပစ်အခတ် ရပ်စဲရေးလုပ်ငန်းတွေ အဆင်မပြေနိုင်ဘူး။ ဒီလိုဆိုပြည်တွင်း စစ်ကလည်း တောက်လောင်နေဦးမှာပဲ။ ဒေသခံတွေကလည်း ဒီမြစ်ဆုံစီမံကိန်းကြီးကို လက်မခံဘူး။ အစ်ကိုတို့ နိုင်ငံသူ နိုင်ငံသားတွေကလည်း မနှစ်သက်ဘူး။ မနှစ်သက်ဘူး ဆိုတာက လူဦးရေသန်းပေါင်း ၆၅ သန်းနဲ့ အကျိုးစီးပွား သက်ဆိုင်နေတဲ့ အတွက်ကြောင့် မနှစ်သက်တာ။ ဒီမြစ်ဆုံစီမံကိန်းက ရရှိလာမယ့် အကျိုးစီးပွားက လက်တစ်ဆုပ်စာ လောက်တောင် မရှိဘူး။ ဘာမဟုတ်တဲ့ အကျိုးစီးပွားလေး အတွက်နဲ့ ပြည်သူတွေရဲ့ဘ၀ကို မစတေးနိုင်ဘူး။ အစ်ကိုတို့က မြစ်ဆုံစီကိန်းကြီးကို ထာဝရ ဖျက်သိမ်းချင်တယ်။ နှစ်အချက်ကတော့ ပြည်တွင်းငြိမ်းချမ်းရေးကို ဦးတည်နေတယ်။ သုံးအချက်ကတော့ ဒီစီမံကိန်းကို ဖျက်သိမ်းဖို့ လွှတ်တော်နဲ့ နိုင်ငံတော်သမ္မတကြီးမှာ တာဝန်ရှိပါတယ်" ဟု နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးဖြစ်ပြီး ဆန္ဒပြမှုကို ဦးဆောင်သူ ကိုရဲထွဋ္ဋ်ခေါင်က ပြောကြားသည်။
ယင်းဆန္ဒပြမှုတွင် မြစ်ဆုံစီမံကိန်း အပြီးအပိုင် ရပ်ဆိုင်းရေး ဒို့အရေး။ ဧရာဝတီမြစ် ဖျက်ဆီးသူ ဒို့ရန်သူ။ ဧရာဝတီ ကာကွယ်ရေး ဒို့အရေး စသောကြွေးကြော်သံများ ကြွေးကြော်ခဲ့ကြသည်။ အဆိုပါ မြစ်ဆုံစီမံကိန်း အပြီးအပိုင် ရပ်ဆိုင်းရေး ဆန္ဒပြသူများမှာ ဧပြီ ၃ ရက်တွင် အောင်လံမြို့မှတစ်ဆင့် တောင်တွင်းကြီးမြို့သို့ ဆက်လက် ထွက်ခွာသွားခဲ့သည်။
(မြစ်ဆုံစီမံကိန်း အပြီးအပိုင် ရပ်ဆိုင်းရေး လမ်းလျှောက်ဆန္ဒပြသူများနှင့် အောင်လံဒေသခံများ ဧပြီ ၂ ရက်က အောင်လံတွင် ဆန္ဒပြနေကြစဉ်)

No comments: