ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ ပုလဲကွန်ဒို တည်ဆောက်ခဲ့သည့် Asia Express ကုမ္ပဏီက ကွန်ဒိုအခန်းများ ရောင်းရငွေ ကျပ် ၂၆ ဘီလျံကျော်အား နိုင်ငံတော်သို့ ပေးသွင်းရန် ကျန်ရှိနေကြောင်း ဧပြီ ၂၄ ရက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပြောကြားသည်။
"ရန်ကုန်တိုင်း ဒေသကြီးအတွင်း တရားဥပဒေစိုးမိုးရေးကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် လွှတ်တော်နှင့်အစိုးရ ပေါင်းစပ်ညှိနှိုင်း၍ စီမံချက်များ ချမှတ်အကောင်အထည်ဖော်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်းအဆို" တင်သွင်းရာတွင် ဒေါက်တာညိုညိုသင်းက အထက်ပါကဲ့သို့ ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။
ပုလဲကွန်ဒိုအား ၁၉၉၉ ခုနှစ်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် Asia Express ကုမ္ပဏီတို့ အကျိုးတူ ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ကွန်ဒိုမှတိုက် A,B,C,D အား ကုမ္ပဏီကရရှိပြီး တိုက် E,F အား ရန်ကုန်မြို့တော်စည်ပင်က ခွဲတမ်းရရှိခဲ့ကြောင်း၊ ကုမ္ပဏီက ခွဲတမ်းရရှိသည့် တိုက်များအပြင် တိုက် E ရှိ အခန်းပေါင်း ၁၀၀ ကို မိမိသဘောနှင့် ရောင်းချခဲ့ပြီး ယင်းသို့ရောင်းချမှုမှ ငွေကျပ်သိန်းပေါင်း ၃၀၀၀၀ ကျော်ရရှိခဲ့ပြီး ယင်းငွေများအား အစိုးရသို့ ပြန်သွင်းပေးရမည်ဖြစ်ကြောင်း၊ သို့သော် ကျပ်သိန်းပေါင်း ၅၀၀၀ ကျော်ကိုသာ ပြန်သွင်းခဲ့ပြီး ကျပ်သိန်းပေါင်း ၂၆၀၀၀ ကျော် (၂၆ ဘီလျံ)ကို ယနေ့ထိ ပြန်သွင်းခြင်းမရှိကြောင်း ဒေါက်တာညိုညိုသင်းက ပြောကြားသည်။
အဆိုပါကိစ္စအား ပြည်ထောင်စု တရားလွှတ်တော်ရှေ့နေချုပ်ထံတွင် မေးမြန်းခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှ အရေးယူဆောင်ရွက်ရမည့် ကိစ္စဖြစ်ကြောင်း ပြောကြားခဲ့ရာ ယခုအချိန်အထိ ယင်းငွေကြေးများ ဘာကြောင့်ပြန်မရခဲ့သည်မှာ မေးခွန်းထုတ်စရာ ဖြစ်နေကြောင်း ဒေါက်တာညိုညိုသင်းက အဆိုတင်သွင်းရာတွင် ပြောကြားခဲ့သည်။
"အဲဒီကုမ္ပဏီက နိုင်ငံတော်ကိုပေးရမယ့်ငွေ ကျပ် ၂၆ ဘီလျံဆိုတာ ရန်ကုန်တစ်ဖက်ကမ်းက မဖွံ့ဖြိုးသေးတဲ့ ဒလတို့၊ ကြည့်မြင်တိုင်တို့ဘက်ကို ကူးသန်းဖို့ တံတားတွေတောင် ဆောက်လို့ရနိုင်ပါတယ်။ ဒါတွေက ပြည်သူ့ဘဏ္ဍာ အများကြီးနစ်နာပါတယ်" ဟု ဒေါက်တာညိုညိုသင်းက ဆိုသည်။
ယင်းကုမ္ပဏီမှာ အခြားနာမည်ဖြစ်သည့် National Land ဆိုသည့် အမည်ဖြင့် ပြည်လမ်းရှိ ဒိုင်းမွန်းကွန်ဒို ဆောက်လုပ်ခဲ့ပြီး မီတာတစ်လုံးလျှင် ပြင်ပပေါက်ဈေး ကျပ်ခြောက်သောင်း၊ ခုနစ်သောင်း ကုန်ကျချိန်တွင် ဒိုင်းမွန်းကွန်ဒိုတွင် နေထိုင်သူများက မီတာတစ်လုံးကို ကျပ်ခြောက်သိန်းကျော် ခုနစ်သိန်းအထိ ပေးခဲ့ရကြောင်း၊ အဆိုပါကိစ္စများမှာ မည်သူ့တွင် တာဝန်ရှိသနည်းဟု ဒေါက်တာညိုညိုသင်းက မေးခွန်းထုတ်ခဲ့သည်။

No comments:
Post a Comment