Wednesday, April 16, 2014

“စစ်ကိုင်းတောင် / ကိုအံ့ကြီး”

          ဖေ့စ်ဘုတ်သူငယ်ချင်းတယောက် မနေ့က စစ်ကိုင်းချောင်မှာ ကထိန်သွားခဲ့တဲ့ ဓါတ်ပုံကလေးတွေ မြင်လိုက်တဲ့အခါ စစ်ကိုင်းချောင်တွေကို လွမ်းသွားမိတာနဲ့ ဒီသီချင်းကလေးကို ရှာပြီးတင်မိပါတယ်။ ခုခေတ်မှာ စစ်ကိုင်းဆိုတာ မန္တလေးနဲ့ ဧရာဝတီမြစ်ကြီး ခြားနေတာကလွဲရင် ရန်ကုန် သန်လျင် လို တဆက်တည်းနီးနီး ခရီးပေါက်နေတာမို့ စိတ်ကူးပေါက်ရင် ခနမဆိုင်း ကူးလို့သန်းလို့ ရနေပါပြီ။ ဒါပေမယ့် မြစ်တဘက်ကို ကူးလိုက်တာနဲ့ မြင်ကွင်းတွေက လုံးဝပြောင်းလဲသွားပါလိမ့်မယ်။ မန်းလေးရွှေမြို့တော်ကြီးနဲ့ ယှဉ်ရင်တော့ စစ်ကိုင်းဆိုတာ တော ပေါ့နော်။ ဒါပေမယ့် မြောက်လေမနှောသေးတဲ့ မြန်မာ့ယဉ်ကျေးမှုစစ်စစ်၊ အညာဟန် အညာဓလေ့စစ်စစ်ကို စစ်ကိုင်းမှာမှ ပိုပီပီပြင်ပြင် တွေ့နိုင်ပါလိမ့်မယ်။ စိမ်းစိမ်းလန်းလန်း ငြိမ်းငြိမ်းချမ်းချမ်း ရှိလို့ “သူတော်စင်များ တရားရှာတဲ့မြေ” လို့လည်း ဇေယျာရွှေမြေ သီချင်းထဲမှာ မဌေးဌေးမြင့်ဆိုခဲ့တာပေါ့။ “ပုထိုးဘုရားစေတီ ဘိုးဘွားအမွေတည် တိုးပွားစေရည်” လို့ ဒေါ်ရီသန့်ကလည်း ဆိုခဲ့တာပဲ။ ခုဆို စစ်ကိုင်းတံတားကြီး နှစ်စင်းနဲ့ဆိုတော့ အိမ်ဦးနဲ့ကြမ်းပြင် ကူးသန်းနေကြတဲ့ ဇေယျာသူဇေယျာသားတွေ ပျားပန်းခတ်နေကြရော့မယ်။ မန္တလေးမြို့ရဲ့ လက်ဝဲရံလက်ယာရံ မြို့နှစ်မြို့အနက်မှာ စစ်ကိုင်းကိုတော့ မြန်မာမှုမြန်မာဟန် မြန်မာဆန်လွန်းလို့ ပိုနှစ်ချိုက်မိပါတယ်။ မေမြို့လောက်မအေးပေမယ့် မန္တလေးထက်စာရင် သစ်ရိပ်ဝါးရိပ် တောရိပ်တောင်ရိပ် ခိုစရာပေါတော့ သာသာယာယာပါပဲ။ ဘုရားရိပ် တရားရိပ်နဲ့ဆိုတော့ ရင်ထဲက အပူကိုပါ အေးစေတာပေါ့။ ရှေးကတော့ အပျိုကြီး လူပျိုကြီးများကို အသက်ကြီးရင် စစ်ကိုင်းချောင်ပို့မယ် လို့ ကျီစယ်လေ့ရှိကြတယ်လေ။ ခုတော့ ပို့တော့ပါဘူး။ အိမ်မှာပဲ တူ တူမတွေ ထိမ်းခိုင်းရမှာ။  
          တကယ်တော့ စစ်ကိုင်းကို တောလို့ပြောရင် ရွှေကိုင်းသားများက စိတ်ဆိုးကြမှာ။ သူတို့က မန္တလေးထက်အရင် မင်းနေပြည် ဖြစ်ခဲ့တာလေ။ ပုဂံပျက်တော့ အသင်္ခရာစောယွန်းက စစ်ကိုင်းမှာ မြို့တည်နန်းစံခဲ့တာဆိုတော့ အများကြီးစောတာပေါ့။ သမိုင်းတလျှောက် မင်းနေပြည်များနဲ့ ပူးတုံခွာတုံ ဆက်နွယ်ပတ်သက်ခဲ့ရာမြို့လည်း မှန်ပါတယ်။ ဒါကြောင့် မြို့ရိုးပြအိုး နန်းတော်ရာများ မရှိတော့ပေမယ့် အင်မတန်ရှေးကျတဲ့ မြို့ဟောင်းနေရာလို့ ပြောလို့ရပါတယ်။ နန်းစိုက်နန်းတည် နေရာအစီအရင်တွေ ရွေးတဲ့အခါ စိစစ်စံနစ်ကျလွန်းတဲ့ မြန်မာပဒေသရာဇ်များ စိုးစံခဲ့တဲ့နေရာဆိုတော့ အရပ်အနေ ဗေဒင်ကိန်းခန်း သင့်တော်စံကိုက်ပုံရပါတယ်။ တဘောင်ကိန်းခန်းအရ အသက်လေးရယ် ရှည်စေလို မြနန္ဒာရေညိုသန်း မန်းတောင်ရိပ်ခို လို့ဆိုကြပေမယ့် တကယ်တမ်း အရေးကြုံလာတော့ အပြေးအလွှားခိုကြရတာ စစ်ကိုင်းတောင်မှာပါ။ စစ်ပြေးဒုက္ခသည် ထောင်သောင်းသိန်းသန်းကို လက်ခံကျွေးမွေးနိုင်ခဲ့ပါတယ်။ သိပ္ပံမောင်ဝတို့ လေပါတီမြရင်တို့ စစ်ကိုင်းဘက်သာ ခိုခဲ့ရင် ဒီလိုအဖြစ်ဆိုးကြုံရမှာမဟုတ်လို့တောင် အောင့်မေ့မိတယ်။ ရေရှားတတ်တယ် ဆိုတာကလွဲလို့ ကပ်သုံးပါးလွတ်တယ်လို့ ပြောနိုင်ပါတယ်။ မြို့မမောင်တွေများ တောင်ရိုးတန်း ခိုနေရင်းကနေ “စစ်ကိုင်းမှာပဲ စိတ်ကစွဲ နတ်ပြည်” လို့ သီချင်းကလေးတွေ ရေးခဲ့ဖွဲ့ခဲ့နိုင်ပါသေးတယ်။ စင်စစ်တော့ စစ်ကိုင်းဆိုတာ မန္တလေးအတွက် တကယ်ပင် ငယ်ကပေါင်းတဲ့ လက်ဟောင်းမမြရင် လို့ ဆိုရမှာပေါ့နော်။    
          သီချင်းထဲမှာ ကိုအံ့ကြီးက စေတီပုထိုးဘုရား မိုးဖျားမြင့်သီခေါင်ဘွေ လို့ ၀င့်ကြွားထားပြန်တော့ စစ်ကိုင်းမှာ တန်ခိုးကြီးဘုရားတွေ လက်ညိုးထိုးမလွဲ တည်ထားကိုးကွယ်ခဲ့တာကိုလည်း ထည့်မပြောလို့ မဖြစ်ပြန်ဘူး။ လူသိအများဆုံးကတော့ ဆွမ်းဦးပုညရှင်ပေါ့။ နတ်ဒေ၀တာတွေ အာရုဏ်ဆွမ်းဝတ်ဖြည့်လေ့ရှိတာမို့ ဘယ်တော့မှ ဆွမ်းဦးတင်ခွင့်မရနိုင်ဘူး လို့ နံမည်ကျော်ပါတယ်။ ဘုရားရဲ့ တည်နေရာမြင်ကွင်းကိုက ကြည်ညိုစရာအပြင် ဂမ္ဘီရဆန်တဲ့ အငွေ့အသက်ကိုပါ ခံစားနိုင်ပါတယ်။ ငယ်ငယ်က ဖတ်ခဲ့ဘူးတဲ့ မြစကြာ ၀တ္ထုထဲက ဆရာကြီးနဲ့ မောင်အေးတို့  ဥစ္စာစောင့်မကလေးတွေနဲ့ တွေ့တဲ့နေရာလို့ မှတ်မိနေပါတယ်။ စစ်ကိုင်းတခွင်ကို သိုက်နန်းရှင်တို့ရဲ့ နယ်မြေအဖြစ် မြန်မာလူမျိုးတွေက ယုံစားထားတာကိုး။ ဆရာနန်းတော်ရှေ့ကတောင် “သိန်းသန်းကုဋေ မရေနိုင် တို့ပိုင်ဥစ္စာကြွယ် စစ်ကိုင်းအနောက်ဘက် တောင်တွေမယ် တို့ပစ္စည်းတွေရှိနေတယ်။ နိဗ္ဗာန်ရောက်အောင် ဆောင်ယူဖွယ်” လို့ သူဌေးဝါဒထဲမှာ မနိုင်နိုင်ရာနဲ့ ကြွားခဲ့ပါသေးတယ်။ ဥစ္စာစောင့်ဆိုတာ နောင်ပွင့်မယ့်ဘုရားရှင်ကို ရည်စူးလှူတန်းထားတဲ့ ရွှေငွေစည်းစိမ်တို့ကို အစောင့်အရှောက်ဖြစ်နေရတဲ့ ဘုမ္မိယနွယ်ဝင်နတ်တမျိုးလို့ ယုံကြတာ။ ပုံပြင်တထောင့်တညမက ဇာတ်လမ်းကလေးတွေက ဆွတ်ပျံ့လွမ်းမော ခြောက်ခြားဖွယ်တွေရှိခဲ့ပါတယ်။ ငယ်ငယ်က ပန်တျာကြည်လင်ကတဲ့ဇာတ်ထဲမှာ သိုက်ဆရာက “ဟေ.. မြစိမ်း” ဆို  အသံနက်ကြီးနဲ့ အော်လိုက်ရင် ကိုယ်ပါ တုန်တုန်သွားတာ။ ကိုဘုန်းကြွယ်တို့သားအဖ ရှင်ပြုကြတော့ မောင်ရင်လောင်းကလေးကို တကာကြီးခေါ်ခိုင်းရင်း သားအဖနှစ်ယောက် သွားလေသူကို တတော့ ငိုလိုက်ကြတာတပွဲလုံးပဲ။ မယုံဘူးသွားပြောရင် အဟုတ်ကို ရိုက်လွှတ်ကြမှာ။ မျက်စိမှတ်သာယုံလိုက်။ ဒါမှ ပွဲကြည့်ရတာလည်း အရသာရှိတာ။ ကောင်းမှုတော် ရောက်ပြန်တော့ အရသာကတမျိုးပြောင်းသွားရော။ ကျယ်ကျယ်ဝန်းဝန်း လင်းလင်းချင်းချင်းနဲ့။ စောင်းတန်းထဲမှာ သနပ်ခါးသည်တွေ ပေါချက်များကတော့ မပြောနဲ့။ စစ်လည်းစစ် ဈေးလည်းသက်သာ၊ အခေါက်အပွေးထူထူကြီးတွေနဲ့ ခေါင်ဆိုတဲ့ဟာတွေ ခေါင်းခေါက်ဝယ်လို့ရတယ်။ အကျော်တို့ ကရမက်တို့ နံသာဖြူ တောင်နံကြီး စတဲ့ သစ်မွှေးတွေကလည်းစုံလို့။ သစ်တိုသစ်စလေးတွေ ချိန်ခွင်နဲ့စက်ရောင်းတာ တခြားဘယ်မှာမြင်ဖူးမလဲ။ ခုခေတ်လူတွေက သနပ်ခါးတောင် လိမ်းလေ့မရှိကြတော့ သနပ်ခါး ဘယ်နှစ်မျိုးရှိမှန်းလည်း မသိကြတော့ပါဘူး။ ဥမင်သုံးဆယ် ရောက်တော့ ရှုခင်းက တမျှော်တခေါ်။ အင်မတန် သာယာပါပေတယ်။ အဲကွန်းတွေ စိမ့်အောင်လွှတ်ထားတဲ့ အအေးဓါတ်နဲ့ ဘုရားရိပ် တရားရိပ်က လေပြေလေညင်းကလေးရဲ့ အအေးဓါတ် ဘာမှမဆိုင်အောင် ကွာခြားလွန်းပါတယ်။ ရှိသမျှဘုရား စုံအောင်ဖူးချင်ရင်တော့ စစ်ကိုင်းမှာ တပါတ်လောက်နေမှရမယ်။ ဒါတောင် ချောင်တွေ ကျောင်းတွေ မနှံ့သေးဘူးဗျား။
          စစ်ကိုင်းချောင်တွေ အကြောင်းပြောလိုက်ရင် ချစ်သက်ဝေ ဇာတ်ကားထဲက ကြည်ကြည်ဌေး နဲ့ သာဂေါင်ကြီး ကို ပြေးပြေးမြင်ပါတယ်။ ဆိုင်းထမ်းကြီး နဲ့ ဆွမ်းတော်သိမ်းလာတဲ့ ကိုရင်သာဂေါင် ရယ် စက်ပန်းထိုးလိုက် ဆွမ်းချိုင့်ပို့လိုက်လုပ်လေ့ရှိတဲ့ ရွှေကြည်ရယ် စစ်ကိုင်းတောင်ရိုက်ကွင်းတွေ တော်တော်ပါတာကိုး။ ခက်တာက အေ၀မ်းသူဌေးတွေဟာ ဒီလောက်လှတဲ့ စစ်ကိုင်းတောင်မှာ လာမရိုက်ပဲ စတီရီယိုထဲတင် ဆက်တင်ကြီးတွေနဲ့ ရိုက်ကြတာ အံသြပါရဲ့။ စစ်ကိုင်းမှာ ရိုက်စရာ ရှုခင်းတွေ ပေါလွန်းလို့ မန္တလေးသား ဓါတ်ပုံဆရာမှန်သမျှ စစ်ကိုင်းတက်မရိုက်ဖူးတဲ့သူ မရှိဘူး။ ရုပ်ရှင်တွေ ဗီဒီယိုတွေလည်း ဒီလိုပဲ။ ဘယ်နားလဲတော့ သေချာမမှတ်မိလိုက်ဖူး။ တရုတ်စကားပင်တွေ တောကြီးဖြစ်နေတဲ့ ကျောင်းတကျောင်းရောက်ခဲ့ဖူးတယ်။ အရွယ်ညီညီ ပင်ချင်းရှက်နေတဲ့ စကားတောထဲမှာ လှလိုက်တာ အေးလိုက်တာများ မပြောပါနဲ့တော့။ စစ်ကိုင်းတခွင် ပတ်ဝန်းကျင် ဘယ်ရွာစပ်သွားသွား စိမ်းစိမ်းစိုစို အညာရှုခင်းစစ်စစ် တွေ့ရမယ်။ ဖုန်ကလေး တလုံးလုံးတော့ ရှိတာပ။ ဘုန်းကြီးကျောင်းတွေ မှန်သမျှကလည်း နောက်ပေါက်ပေါ်ပင် တကျောင်းမှမပါဘူး။ အားလုံး ကိုယ့်မိဘ ဘိုးဘွားမတိုင်ခင်က ရှိခဲ့တာတွေချည့်ပဲ။ မြန်မာတနိုင်ငံလုံးမှာ အထူထပ်ဆုံး သာသနာ့နယ်မြေပေါ့။ သီလရှင်တိုင်းပြည်ဆိုလည်း မမှားဘူးဗျ။ မသုဓမ္မစာရီ ပြန်ဖတ်ကြည့်။ စစ်ကိုင်းက။
          အစားအသောက်နဲ့ ပတ်သက်လို့ကတော့ စစ်ကိုင်းမှာ ဘာဓါတ်များရှိသလဲ မဆိုနိုင်ဘူး။ သူ့ဆီကဟာတွေ အကုန် စားကောင်းတယ်။ သာသနာ့နယ်မြေဆိုတော့ သားငါးပေါ်မစားဘူး။ ဆရာလေးတို့ချက်တဲ့ သက်သတ်လွတ်ဟင်းလျာများဟာ ကိုယ့်ကိုယ်ကို သက်သတ်လွတ် စားနေတာပါလား ဆိုတာမေ့သွားလောက်အောင် ကောင်းတယ်။ ကိုယ်တိုင်အညာသားဖြစ်ပါလျက် လက်ပံခေါင်းချည်ရေ ကို စစ်ကိုင်းရောက်မှ စားဖူးတယ်။ လျှာကိုလည်ရော။ မြူရွက်သုပ်ဆိုတာလည်း ကောင်းမှကောင်း။ အသားမစားရမနေနိုင်လို့ တရုတ်ဟင်းလျာကိုမှ စားချင်ပါတယ်ဆိုရင် ဟိုးတုန်းကတော့ ရွာထောင်မှာ သူဇာ ဆိုတဲ့ တရုတ်စားသောက်ဆိုင်ရှိသဗျ။ လိုချင်တာ အကုန်ရတယ်။ စားလို့လည်းမြိန်တယ်။ စပ်တာတော့ မတရားစပ်တယ်။ ဈေးတော်တော် သက်သာတယ်။ ထမင်းလေးစားပြီး ဘုန်းကြီးများလို အချိုအချဉ် သစ်သီးဝလံကလည်း မရှားဘူး။ မြန်မာသွားရည်စာ အကုန်ရှိတယ်။ အခုထက်ထိ မမေ့ပဲ စွဲနေတာတစ်ခုရှိတယ်။ စစ်ကိုင်းမှာ ရောင်းတဲ့ သူတို့အခေါ် ရေခဲပလုတ်တုတ်။ ရေခဲခြစ်အလယ်မှာ အုန်းသီးခြစ်ကလေးတွေရယ်၊ ကျောက်ကျောတုံးမဲမဲလေးတွေရယ်နဲ့ အချိုရည် ရောင်စုံလေးတွေ ဆမ်းထားတာ။ ရန်ကုန်ကလို ဆေးသကြားအချိုရည်မဟုတ်ပဲ လေးလေးပင်ပင်နဲ့ ချိုတာဗျား။ ပြောနေရင်းနဲ့တောင် စားချင်လာပြီ။ အခုပြောသွားတာတွေ အားလုံးက လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်က စစ်ကိုင်းပေါ့နော်။ ဒီကနေ့ အခြေအနေကိုတော့ လက်လှမ်းမီတဲ့သူများက ပြန်မျှကြပါဦး။ ရန်ကုန်သားများ သူများရပ်ရွာ အလည်သွားပြီးရင် စားကောင်းသောက်ကောင်း တယ်လည်းလေဖောင်းတတ်သကိုးလို့ မအောင့်မေ့ပါနဲ့။ ကိုသန်းထွန်းလေး ဆိုသလို အညာဌာနီ တခါလာမည် ကျွန်တော့်အဖို့်တော့ မေ့မရပါလေပြီ မို့ပါ။ နော့။


ပုညရှင်စေတီအပါး စစ်ကိုင်းတောင် အထက်နားဆီက အရှေ့တလွှားရှုလိုက်ရင်လေ။ ဧရာဝတီ၊ ဒုဋ္ဌာဝတီ၊ နတ်ပန်းချီဆေးစုံကွန့်ရော့လေသလား။ ၀ဲလက်ယာအတွန့်အတွန့်တွေနဲ့ အလွန့်အလွန် သာယာပါပေသည်။ တနှစ်ကူးလို့ တနှစ်ကျူးပြန်တော့ အသစ်ဖူးခဲ့ရပြန်ချေ။ တောတောင်ရေမြေ ကုန်းနေရေနေ သက်ရှိသက်မဲ့ သတ္တ၀ါတွေ လောကဓါတ်ကြီးတခုလုံး သစ်လို့မို့ ဒီနှစ်တွင်လည်း ချစ်ချစ်ခင်ခင် ရွှင်ရွှင်ပျော်ပျော်နေ။

သမိုင်းပြောင်မညှိုး စစ်ကိုင်းတောင်တော်ရိုးမှာလေ မြူခိုးရှက်ဆိုင်း အုံ့မှိုင်းပြာရီဝေ မှုန်မှုန်ရီဝေ စေတီပုထိုးဘုရား မိုးဖျားမြင့်သီခေါင်ဘွေ တောင်တွေစိမ့်စမ်း ချောင်တွေ သိန်းသန်း ခေမာသောင်ကမ်း တက်လှမ်းအောင်မြင်မြေ မေဓာဝီလေး တောမှီသုံးးတဲ့ ယောဂီထုံးရှာပေ။
ရောက်ကြဖူးသလား ဇေယျာရွှေမြေ မြစ်ရေခွေဝန်းလျှမ်း ရှုဆန်းဖြာတွေ စစ်ကိုင်းတောင်ခြေ အရောက်သွား တရားရှာချေ။ ဗုဒ္ဓဘာသာ မြန်မာတတွေ အတာကူးတဲ့ နှစ်ဦးဂိမ္မာန်နွေ။

(ကံ့ကော်ဝတ်မှုန် သင်းတဲ့ရဂုံ စုံတောခြေ င်္သဂီပွင့်ချပ် ရင်ကပ်သရဖီ ကြိုင်လို့မွှေး) ၂ ။ ဖူးငုံဝေ ပုရစ်တံစီ ညီတယ်လေ တဝေေ၀ လေပြေလေညှင်းသွေးတော့ အေးရနံ့ထုံနေ ရွက်သစ်လောင်းလို့ ဟောင်းရွက်ညှာကြွေ အခါပေ ရော်ငြမ်းရွက်ကြင် နီလွင်မောင်းပြေပြေ။
ရောက်ကြဖူးသလား ဇေယျာရွှေမြေ မြစ်ရေခွေဝန်းလျှမ်း ရှုဆန်းဖြာတွေ စစ်ကိုင်းတောင်ခြေ အရောက်သွား တရားရှာချေ။ ဗုဒ္ဓဘာသာ မြန်မာတတွေ အတာကူးတဲ့ နှစ်ဦးဂိမ္မာန်နွေ။

မြစ်မင်းဧရာ ခွေကာဝိုင်းလို့ စစ်ကိုင်းအောင်ချာမြေ ရေလှိုင်းလေးတွေ သွင်သွင်မြူးတော့ ငွေရောင်ဖြူးကာလေ ရွှေတောင်ဦးမှော် ရှုမျှော်ခင်းနဲ့ မြစ်တွင်းသာယာပေ ချစ်ခြင်းသံသာလေ ဟင်္သာစင်ရော် ကြင်ဖော်တွဲလို့ သဲကမ်းပါးယံ ၀ဲပျံကာနေ။

(ရောက်ကြဖူးသလား ဇေယျာရွှေမြေ မြစ်ရေခွေဝန်းလျှမ်း ရှုဆန်းဖြာထွေ စစ်ကိုင်းတောင်ခြေ အရောက်သွား တရားရှာချေ။ ဗုဒ္ဓဘာသာ မြန်မာတတွေ အတာကူးတဲ့ နှစ်ဦးဂိမ္မာန်နွေ) ၂ ။

သီချင်းနားထောင်ရန် ။       ။ http://soundcloud.com/user8265829/mmasingss-channel7

No comments: