Tuesday, April 29, 2014

** စစ်တပ်ရဲ့ မလိမ္မာတစ်ခါမိုက်တဲ့ အရာရှိများ**


တပ်ကြပ်ကြီး နေမင်းသူ
++++++++++++++++++++++++++++++
အခုကျနော်တင်ပြပေးမှာက တပ်မတော် (ရေ) မှာဖြစ်ပျက်ခဲ့တဲ့ မထူးခြား သော်လည်း ဆန်းပြားတဲ့ ဖြစ်ရပ်ကလေး တစ်ခု အကြောင်းပါ။ မထူးခြားဘူးဆို တာက ဒီလိုကိစ္စမျိုးတွေက တပ်မတော်ထဲမှာ ထူးခြားဖြစ်စဉ် မဟုတ်ဘဲ ဖြစ်ရိုးဖြစ်စဉ် ဓမ္မတာ ဖြစ်ရပ်မျိုးတွေ ဖြစ်နေလို့ပါ။ သို့သော်လည်း ဆန်းပြား တယ်လို့ ဆိုလိုက် တာကတော့ ယခုဖြစ်စဉ်မှာ ပါဝင်ပတ်သတ် နေတဲ့ အရာရှိတွေ အပေါ်အရေးယူ ကိုင်တွယ် ဆုံးဖြတ်ချက် ချလိုက်ပုံက ကြားသိ လိုက်ရသူ အပေါင်းကို မအံ့ဩဘဲ မနေနိုင် လောက်အောင် ဆန်းကြယ် နေတဲ့ အချက်ကြောင့်ပါ။

ဖြစ်ပျက်ပုံကဒီလိုပါ။ ၂၀၀၁ ခုနှစ်အတွင်းတစ်ခုသောနေ့ လယ်ခင်းမှာ သတင်းအရ ရန်ကုန်မြို့အတွင်း မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချ နေတဲ့ အုပ်စု တစ်ခုကို ဖမ်ဆီးဖို့ ရန်ကုန်တိုင်း ဒုစရိုက် နှိမ်နှင်းရေး ရဲတပ်ဖွဲ့ (ဒန) တပ်ဖွဲ့ဝင်တွေ တပ်ဖြန့် လှုပ်ရှား နေပါတယ်။ အဲဒီအချိန်မှာ စားသောက်ဆိုင် တစ်ခုရှေ့မှာ ဆိုင်ကယ် တစ်စီး ထိုးရပ်လာပြီး ကျောပိုးအိတ်နဲ့ လူရွယ်တစ်ဦး ဆိုင်ထဲကို ၀င်ရောက် လာကာ စားပွဲဝိုင်းလွတ် တစ်ခုမှာ ထိုင်ရင်း တစ်စုံတစ်ဦးကို စောင့်ဆိုင်း နေပါတယ်။
ဆိုင်ထဲ မှာအသင့် စောင်ကြည့်နေတဲ့ ရဲထောက်လှမ်းရေး တွေက သူ့ကို မသကာင်္လို့ ရှာဖွေ စစ်ဆေးကြည့်တဲ့ အခါ ကျောပိုးအိတ် အတွင်းမှာ ဘိန်းဖြူထုပ် အချို့လျှို့ဝှက်ယူဆောင် လာတာကို ဖမ်းဆီး ရမိလိုက်ပါတယ် ဆက်လက်ရှာဖွေ ကြည့်တဲ့အခါ အဲဒီ လူရွယ် ကိုင်ဆောင်ထားတဲ့ Identity Card ဟာ တပ်မတော် အရာရှိ စီစစ်ရေး ကဒ်ပြား ဖြစ်နေပြီး အရာရှိ အသုံးအဆောင် ပစ္စည်း အချို့ကိုလည်း ထပ်မံ တွေ့ ရှိရတာကြောင့် ရဲထောက်လှမ်ရေးတွေ မျက်လုံးပြူး မျက်ဆံပြူး ဖြစ်သွားရပါတယ်။
ဒီလိုနဲ့ အမှုကိုရဲက ဆက်မကိုင်တော့ဘဲ နယ်မြေခံ စစ်ဘက် ထောက်လှမ်းရေး (ဗိုလ်တထောင်မြို့နယ် သံလျှက်စွန်း အခြေပြု အမှတ် (၁၄) စစ်ထောက်လှမ်းရေး တပ်ဖွဲ့) ကို လွှဲပြောင်း ပေးလိုက်ပါတယ်။ ထောက်လှမ်းရေး (၁၄) တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးထားတဲ့ လူရွယ်ကို သူတို့ရဲ့ စစ်ကြောရေး ဌာနသို့ ခေါ်ဆောင်သွားပြီး ဆက်လက်စစ်ဆေး မေးမြန်းပါတယ် ဖမ်းဆီး ခံလိုက်ရသူ လူရွယ်က သံလျင်မြို့နယ် ဆိပ်ကြီးမှာ ရှိတဲ့ ရေတပ် လေ့ကျင့်ရေး ဌာနချုပ် (ရလခ) ( ယခုအခေါ် အမှတ် (၁) ရေတပ် လေ့ကျင့်ရေးကျောင်း။ ရလရ – ၁) မှာဦးစီး အရာရှိ (တတိယတန်း) စစ်ရေး A3 တာဝန် ထမ်းဆောင်နေတဲ့ ဗိုလ်ကြီး နေလင်းအောင် ဖြစ်ပါတယ်။
ထောက်လှမ်းရေး တပ်ဖွဲ့ဝင်တွေက ရလခ အရာရှိရပ်သာ လူပျိုဆောင်မှာ ရှိတဲ့ ဗိုလ်ကြီး နေလင်းအောင်ရဲ့ အခန်းကို သွားရောက် ရှာဖွေ စစ်ဆေးတော့ အသုံးပြုပြီးသား ဆေးထိုးအပ် အချို့နဲ့ မသကာင်္ဖွယ် စီးကရက်တို အချို့ကို ထပ်မံ သိမ်းဆည်း ရမိတယ်လို့ ဆိုပါတယ်။
ဗိုလ်ကြီးနေလင်းအောင်ကို တစ်ရက်မျှ စစ်ကြောပြီးတဲ့နောက် အမှုနဲ့ ပတ်သတ်တဲ့ ကွင်းဆက်တွေ ထပ်မံ ပေါ်ထွက် လာပါတယ်။ နောက်တစ်နေ့ ညနေနဲ့ ည ပိုင်းမှာ ရေတ ပ်က အရာရှိသုံးဦးကို ထပ်မံ ဖမ်းဆီး လိုက်ပါတယ်။ သူတို့တတွေ ကတော့ သံလျင်မြို့သီလ၀ါ အခြေစိုက် ဗျူဟာစစ်ဆေး ယာဉ်စု အုပ်ချုပ်မှု လက်အောက်ခံ စစ်ရေ ယာဉ်- ၅၅၁ ရဲ့ စစ်ရေယာဉ်မှူးဖြစ်သူ ဗိုလ်မှူး ကံလှတင်ထွန်း ဗိုလ်တထောင်မြို့နယ် သံလျှက်စွန်းမှာရှိတဲ့ အမှတ်(၃၆) စစ်ရေယာဉ်စု- အကူ အုပ်မှူးဖြစ်သူ ဗိုလ်မှူး သိုက်စိုး အောင်နဲ့ သံလျှက်စွန်းမှာရှိတဲ့ ရေတပ် ပင်မပစ္စည်း ထိန်းတပ်၊ တပ်ခွဲ (၃) တပ်ခွဲမှူး ဗိုလ်ကြီး သက်လွင်တို့ ဖြစ်ပါတယ်။
ဗိုလ်မှူး ကံလှတင်ထွန်း ဆိုသူက ကာကွယ်ရေး ဦးစီးချုပ် (လေ) ဒုတိယ ဗိုလ်ချုပ်ကြီး တင်ထွန်းရဲ့သား ဖြစ်ပါတယ်။ ဗိုလ်မှူး သိုက်စိုးအောင်က သစ်တော ရေးရာ ဒုတိယ၀န်ကြီး ဗိုလ်မှူးကြီး သိုက်ထွန်းရဲ့သားလို့ သိရပါတယ်။ ဗိုလ်ကြီး သက်လွင်ကတော့ ရဲချုပ်ဟောင်း သူရဖေအောင်ရဲ့သား ဖြစ်ပါတယ်။ အမှုဖြစ် ပွားချိန်မှာ ရဲချုပ်သူရဖေအောင် ဆုံးပါး သွားတာ နှစ်ကာလ အတန်ကြာပြီ ဖြစ်ပေမဲ့ အာဏာပိုင် အသိုင်းအ၀ိုင်း အတွင်းမှာ သူ့ရဲ့ အရှိန်သြဇာ လွှမ်းမိုး အမြစ်တွယ်ဆဲပါ။
ကျနော်စောစောကပြောခဲ့သလို စစ်ခေါင်းဆောင်ကြီးတွေရဲ့ သားသမီးတွေ မူးယစ်ဆေးဝါး သုံးစွဲတယ်ဆိုတဲ့ ဖြစ်ရပ် သတင်းတွေဟာ စစ်တပ် အသိုင်း အ၀ိုင်းအတွင်းမှာ ထူးဆန်း ထွေတလာ ဋီကာချဲ့ပြီး ပြောစရာ မလိုတဲ့ ကြုံတွေ့နေကျ ကြားနေကျ သမရိုးကျ ကိစ္စရပ် တွေပါ။ လူကြီးသားသမီးတွေ မူးယစ် ဆေးဝါးသုံစွဲ မှုကြောင့် အိပ်ယာထဲမှာ အိပ်ပျော်နေရင်း သေဆုံးသွာတာတွေ၊ မတော်တဆ ယာဉ်တိုက်မှု ဖြစ်ပြီး သေဆုံးမှုတွေ၊ AIDS ဖြစ်ပြီး တပ်က အနားယူသွားရတဲ့ အရာရှိတွေ အကြောင်း မကြာခဏ ဆိုသလို ကြားကြား နေရပေမဲ့ မှုးယစ်ဆေး သုံးစွဲလို့ ဖမ်းဆီး အရေးယူ ခံရတာမျိုးတော့ မကြားဘူး သလောက်ပါပဲ။
စစ်တပ်မှာ အရာရှိ အသိုင်းဝိုင်းကို “ကျီးမျိုး” တွေလို့ ခေါ်ဝေါ်ကြ ပါတယ်။ တဦးချင်း အကျိုးစီးပွားအရ သူတို့အချင်းချင်း မတည့်ပေမဲ့ အကြောင်းကိစ္စ ရှိလာတဲ့ အခါ အားလုံး အသံတူ ၀ိုင်းအာကြပြီး အသွေးတူ အရောင်တူချင်း ဖေးမ ကာကွယ် ပေးတာကို ဆိုလိုတာပါ။ အထူးသဖြင့် လူကြီး တွေနဲ့ ပတ်သက်တဲ့ အသိုင်းအ၀ိုင်း ကြားမှာ ပိုပြီး ဆိုးပါတယ်။ ကျနော်တို့ ဟိုင်းကြီးကျွန်း ပမ္မ၀တီ ရေတပ် စခန်းဌာနချုပ်မှာ ရှိကတည်းက ဗိုလ်ကြီး သက်လွင် ဆေးစွဲနေ တာပါ။ အဲဒီတုံးက သူဟာ အမှတ်(၂၂) ရေတပ် ပစ္စည်းထိန်း တပ်မှာ ဒုတပ်မှုးတာဝန် ယူထားပြီး တပ်ကိစ္စတွေမှာ စိတ်ဝင်စားမှု အားနည်းတာကြောင့် တပ်မှူးဖြစ်သူက အားကိုးအားထား ပြုမရပဲ အလုပ်သမား ခေါင်းသဖွယ် သဘောထားအကြောင်း ပြောဆိုတာ ကြားဖူးပါတယ်။
တခါမှာတော့ အထက်ဌာနကိုပေးပို့တဲ့ စာတွေကို အမှားအမှန် မစစ်ဆေးဘဲ လက်မှတ် ထိုပေး လိုက်တာကြောင့် ဌာနချုပ်မှူးက ခေါ်ယူပြီး ဆူပူ ကြိမ်းမောင်း ပါတယ်။ ၎င်းအရာရှိ ဆေးစွဲနေတာကို သိကြောင်း၊ ဖခင်ဖြစ်သူ၏ မျက်နှာကို ထောက်ထား၍သာ အရေးမယူခြင်း ဖြစ်ကြောင်း၊ ဒီထက် ပိုပြီး ဆိုးလာပါက မဖြစ်မနေ အရေးယူရ တော့မယ် ဖြစ်ကြောင်း ခြိမ်းခြောက် ပြောဆိုပါတယ်။ ဗိုလ်ကြီး သက်လွင် ကတော့ သတိအနေအထားကို အနိုင်နိုင်ထိန်းကာ မျက်လုံကလေး အစင်းသားနဲ့ ခပ်မဆိတ် နားထောင်နေ ပါတယ်။
သြ၀ါဒပြီးဆုံးလို့ ဌာနချုပ်မှူးကို အလေးပြုပြီး နောက်လှည့်ပြန် အထွက်မှာ ကိုယ်ဟန် အနေအထား ယိမ်းယိုင် ပျက်ယွင်း သွားပြီး ခါးကြားမှာ ထိုးထားတဲ့ ၀ီစကီ ပုလင်းပြား ပြုတ်ကျမလို ဖြစ်သွား ရကြောင်း ဌာနချုပ်မှူး ရုံးခန်း အပေါက်စောင့် တပ်ထိန်း စစ်သည်က ကျနော် တို့ကို ပြောပြဖူးပါတယ်။ ဗိုလ်မှူး ကံလှတင်ထွန်းလည်း ဒီပုံစံပါပဲ။ အဲဒီတုန်းက သူဟာ ထောက်ပံ့ရေး ရေယာဉ် (၆၁၀) ရဲ့ စစ်ရေယာဉ်မှူးပါ။ ရဲဘော်တွေလဲ ပျော်သလိုနေ ငါလည်း ငါ့စည်းစိမ်ကို လွတ်လွတ် လပ်လပ် ခံစားမယ် ဆိုတဲ့ သဘောကြောင့် သူ့ သဘောင်္မှာ တာဝန်ကျတဲ့ စစ်သည်တွေ ကတော့ ပျော်ရွှင်ပုံရ ပါတယ်။
“ဗိုလ်ကံနဲ့ ဆိုရင် ငါတို့ဘ၀ ငြိမ်းချမ်းတယ်” ဆိုတဲ့ ပြောစကားတွေလဲ ကြားရပါတယ်။ အဲဒီ အချိန်က ဗိုလ်ချုပ်ကြီး တင်ထွန်းဟာ လက်ရှိ တာဝန်ထမ်းဆောင် နေဆဲမို့ သူ့ကိုတော့ ဌာနချုပ်မှူးက အထူးတလည် ခေါ်ယူ ဆုံးမတာ မတွေ့ရပါဘူး။ ရေတပ်ထဲ က ဆေးစွဲ အရာရှိ အုပ်စုထဲမှာ ဗိုလ်မှူး ကံလှတင်ထွန်းက ခေါင်ချုပ်လို့ ဆိုပါတယ်။ ယခုလို မူးယစ်ဆေးဝါး သုံးစွဲမှု၊ ဖြန့်ဖြူး ရောင်းချမှုနဲ့ ပတ်သက်လို့ တရားဝင် စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်ရတာဟာ တပ်မတော်ကြီး ထောက်လှမ်းရေးရဲ့ အစီ ရင်ခံစာ အထက်ဌာနကို ရောက်ရှိသွားပြီး မဖုံးနိုင် မဖိနိုင် အခြေအနေ ဖြစ်သွားလို့ပါ။
နို့မဟုတ်ရင် ပိုနေမြဲကျားနေမြဲ အခြေအနေတိုင်း ဘယ်လောက်ကြာအောင် စခန်း သွားနေမလဲ မပြောနိုင်ပါ။ ခုတော့ အရာရှိ လေးဦးကို သံလျှက်စွန်း ရေတပ်အရာရှိ ရိပ်သာမှာ အကျယ်ချုပ်နှင့် ထားပြီး အမှုစစ်ဆေး နေရပေပြီ။ အမှုကလည်း သက်သေ ထင်ရှား ခိုင်လုံနေပြီမို့ တစ်ဦးလျင် ထောင်ဒဏ် ဘယ်နှစ်နှစ် ကျခံရနိုင်တယ် ဆိုတဲ့ ကောလဟာလ ခန့်မှန်း ပြောဆိုသံတွေလည်း ပြန့်လွင့် နေပေပြီ။ အားလုံးက စိတ်ဝင်တစားနဲ့ စောင့်ကြည့် အကဲခတ် လေ့လာနေပြီး ထင်မြင်ချက်၊ ဝေဖန်ချက်တွေ အမျိုးမျိုး ပေးနေတဲ့ အမှုကိစ္စကြီးဟာ စုံစမ်း စစ်ဆေးမှုကာလ ပြီးဆုံးသွားတဲ့ အခါမှာ တိကျပြတ်သားတဲ့ ဆုံးဖြတ်ချက် တစ်ရပ် ထွက်ပေါ် လာပါတယ်။
အဲဒါကတော့ ပထ မဆုံး ဖမ်းဆီးခံရသူ ဗိုလ်ကြီးနေလင်းအောင် တစ်ယောက်သာ ထောင်ဒဏ်ချမှတ် ခံရပြီး ကျန်အရာရှိ သုံးဦးကိုတော့ တပ်မတော်တွင် ဆက်လက် စစ်မှု ထမ်းဆောင်ရန် မသင့်လျော်သဖြင့် မိဘများထံ ပြန်လည် အပ်နှံလိုက်ကြောင်း စစ်တရားရုံး အဖွဲ့က ဆုံးဖြတ် လိုက်ခြင်းပါ။ တပ်မတော်(ရေ)မှာ ကြုံတောင့် ကြုံခဲ စစ်ဆေး စီရင်တဲ့ အမှုကနေ မလျော်ကန် ကျော်မကောင်း ကြားမကောင်း ထွက်ပေါ်လာတဲ့ ဆုံးဖြတ်ချက်ကြောင့် ကြားရသူအပေါင်း ပါးစပ် အဟောင်းသားနဲ့ တအံ့တသြ ဖြစ်ကုန် ကြရပါတယ်။
အမြင်မတော်တာ ကြုံတွေ့ရတိုင်း ဒိုးကနဲဒေါက်ကနဲ ဒဲ့တိုး ပြောဆိုတတ်သူ ဧရာဝတီရေ တပ်စခန်း ဌာနချုပ် ဒုဌာနချုပ်မှူး ဗိုလ်မှူးကြီး သာဆန်းကတော့ အော က်ပါ အတိုင်း မှတ်ချက်ပြုပါတယ်- “ကောင်းရောကွာ… ရဲဘော်လေးတွေ ဆေးခြောက် ရှူတာမိရင် ထောင်ချပြီး ထုတ်ပစ်တယ်။ အခုအရာရှိတွေ ဘိန်းဖြူချတာမိတော့ မိဘရပ်ထံ ပြန်လည်အပ်နှံ တယ်တဲ့။ အဲဒီ အရာရှိတွေဟာ အသက်(၁၈)နှစ် ပြည့်ပြီးလို့ တပ်ထဲ ၀င်လာပြီး အရာရှိ လုပ်သက်တောင် ဘယ်နှစ်နှစ် ရှိနေပြီလဲ ဒီလိုမျိုး လုပ်လို့ ရစတမ်းဆိုရင် ငါလည်း ဘိန်းဖြူချမယ် ငါ့မိဘလက်ထဲ အရောက် ပြန်ပို့ပေးမလား” တဲ့..
ဒီလိုဒီလို မကျေမနပ် ပေါက်ကွဲသံ၊ တိုးတိုးကြိတ်ကြိတ် ဝေဖန်သံတွေနဲ့တ ဖြည်းဖြည်း ဝေးကွာသွားတဲ့ အရာရှိ သုံးဦးကတော့ မိဘရဲ့ အေးမြတဲ့ မေတ္တာရိပ် အောက်မှာ တည်တည်ငြိမ်ငြိမ်နဲ့ ဘ၀ ရှေ့ရေးအတွက် အားမာန်တွေ မွေးမြူရင်း ……………….။
တပ်ကြပ်ကြီး နေမင်းသူ============

No comments: