Saturday, April 12, 2014

နေပြည်တော်တွင်းတိရိစ္ဆာန်ရုံထဲက ကေသရာဇာများ


ကိုကိုဦး(၈၈သူပုန်မျိုးဆက်)

တစ်ခါက တောဘုရင်ကေသရာဇာခြင်္သေ့မင်း
သူဟိန်းလိုက်ရင် ရှိရှိသမျှသတ္တ၀ါအပေါင်းက လာရောက်ခစားရတယ်၊
အားလုံးကလည်း တရိုတသေ တောဘုရင်ကို ဖူးမျှော်ခယကြရတယ်၊

တစ်နေ့တော့ တောဘုရင်ကြီး တောလယ်လမ်းမှားပြီး
မုဆိုးထောင်ဂျောက်ထဲကိုသက်ဆင်းရရှာတယ်၊
မုဆိုးကျော်ကြီးကလက်ဆောင်ပုဏ္ဍာအတွက် ဘုရင်ကြီးကိုဆက်သရှာတယ်၊
မှူးကြီးမတ်ရာတွေက ဘုရင်ကြီးနဲ့မိဖုရား မင်းသားမင်းသမီးတွေ
အလှကြည့်ဘို့အတွက် နေပြည်တော်တွင်းတိရိစ္ဆာန်ရုံထဲထည့်ပြီး
ခြံခတ်လှောင်ထားလိုက်တယ်၊

ဘုရင်ကြီးစိတ်ကြိုက် အကောင်းဆုံး အလှဆုံးဖြစ်နေဘို့အတွက်
ကောင်းကောင်းမွန်မွန်ကျွေး ကောင်းကောင်းမွန်မွန်ထားကာ
ပျော်တော်ဆက်ဘ၀ကို ရောက်ရရှာတယ်၊

ကေသရာဇာမှန်ရင် မြက်မစားသည်မှန်သော်လည်း
အခုတော့သင်ဟာ သခင်ကြီးကျွေးတာစား ခိုင်းတာလုပ်
သေမဲ့နေ့ကိုလှောင်အိမ်ထဲကစောင့်နေရှာသလားကွယ်၊
ကေသရာဇာတို့ရဲ့မာန်မာနတွေ ဘယ်ရောက်ကုန်ပြီလဲ၊

အို တစ်ခါက တောဘုရင်တောသခင်
အခုတော့ကြောင်ငယ်လေးတစ်ကောင်မျှအစွမ်းအစမရှိတော့ပြီ၊
ဟိန်းခြင်းဟောက်ခြင်း အလျှင်းမရှိ
သူကြီးစိုးခဲ့ရာ မဟာမြိုင်တောကြီးကိုလည်း စွန့်လွတ်ခဲ့ရပြီ၊

အို သိပါလေစ အသင်ကေသရာဇာခြင်္သေ့မင်း
သင့်အမှားအတွက် သင့်ဘ၀ပေးခဲ့ရပြီ၊ မတန်ပါလေ၊

No comments: