Tuesday, April 8, 2014

သူရဦးရွှေမန်းရဲ့ လိုလားချက်

ဒီဆောင်းပါးကို ကျေးဇူးပြုပြီးဖတ်ကြပါ။
Sithu Aung Myint ရေးသည်။

သူရဦးရွှေမန်းရဲ့ လိုလားချက်ကတော့ အရင်စစ်အစိုးရ ဖန်တီးခဲ့တဲ့ နိုင်ငံ့အာဏာရယူရေးမှာ တပ်မတော်ကို မဏ္ဍိုင်ပြုပြီး ပြည်ခိုင်ဖြိုးပါတီ က ၀န်းရံပေးရေး ဆိုတဲ့ နေရာမှာ ပြည်ခိုင်ဖြိုးပါတီကို မဏ္ဍိုင်ပြုပြီး တပ်မတော်က ၀န်းရံရေး ဆိုတာမျိုး ပြောင်းချင်တဲ့ ရည်ရွယ်ချက်က အဓိက ကျပါတယ်။ သူထုတ်ဖော်ပြောဆိုထားတဲ့ သမ္မတ ဖြစ်လိုတဲ့ ရည်ရွယ်ချက်ကို အကောင်အထည် ဖော်လိုတဲ့ သဘောလည်း ဖြစ်ပါတယ်။
ဖွဲ့စည်းပုံ ပြင်ရေး မူသုံးမူ ကွဲပြားနေတာ ပြေလည် နိုင်ပါ့မလား
စည်သူအောင်မြင့်
ဒီမိုကရေစီ တူဒေး သတင်းစာ၊ မွန်းတည့်နေ ဂျာနယ်။ ၇-၄-၁၄။

ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပါတ်သက်ပြီး အခုနောက်ဆုံး သဘောထား ထုတ်ပြန်ကြေငြာလာသူကတော့ သမ္မတ ဦးသိန်းစိန်ပဲ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံပြင်ရေးနဲ့ ပါတ်သက်ပြီး သမ္မတ ဦးသိန်းစိန်က အပိုင်းသုံးပိုင်းကို အခြေခံပြီး စဉ်းစားတယ်လို့ ဆိုပါတယ်။ ပထမ ပိုင်းကတော့ တိုင်းရင်းသားတွေနဲ့ တည်ဆောက်နေတဲ့ ငြိမ်းချမ်းရေး၊ ဒုတိယ အနေနဲ့ ဒီမိုကရေစီ အရေး၊ တတိယ အနေနဲ့ နိုင်ငံရေး ဦးဆောင်မှုဆိုင်ရာ အရည်အချင်း သတ်မှတ်မှု စတဲ့ အပိုင်း သုံးပိုင်းခွဲခြားပြီး ပြုပြင်လိုတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်နေ့က ကျင်းပတဲ့ သမ္မတ နဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံတဲ့ပွဲမှာ သမ္မတ က ခုလို ပြောလိုက်တာပါ။ ဒီ့မတိုင်ခင်ကတော့ ဖွဲ့စည်းပုံပြင်ရေးနဲ့ ပါတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ လွှတ်တော် နာယက သူရဦးရွှေမန်းတို့ရဲ့ ပြောဆိုချက် လမ်းညွှန်ချက်တွေ ရှိနှင့်ပြီးပါပြီ။ ဖွဲ့စည်းပုံပြင်ရေး သူတို့ (၃) ယောက်ရဲ့ မူ ဘာတွေ ကွာခြားနေသလဲ၊ ဖွဲ့စည်းပုံပြင်ရေး ဘယ်လို လုပ်ကိုင်ဆောင်ရွက်နေကြသလဲ၊ နောက်ထပ် ဘာတွေ ဆက်ပြီး ဖြစ်လာနိုင်မလဲ ဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။
လတ်တလော ဖွဲ့စည်းပုံပြင်ရေး သမ္မတရဲ့ ပြောဆိုချက်ကတော့ ရိုးရှင်းပါတယ်။ လောလောဆယ် အခြေအနေဟာ ပြည်တွင်းမှာ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး လုပ်နေတဲ့ အချိန်၊ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး ရအောင် တည်ဆောက်နေရချိန်မို့ အဲဒီ အခြေအနေတွေနဲ့ လိုက်လျောညီထွေ ရှိမယ့် ဖွဲ့စည်းပုံ ပြင်ရေး လို့ဆိုပြီး ပြောလိုက်တာပါ။ အသေးစိတ် အချက်အလက်တွေ ထုတ်မပြောပေမယ့် လက်ရှိ အငြင်းပွားနေတဲ့ ပုဒ်မ ၅၉(စ) လိုမျိုးကိုလည်း တတိယပိုင်းမှာ ရည်ညွှန်းထားတာ တွေ့နိုင်ပါတယ်။ “ နိုင်ငံရေး ဦးဆောင်မှုဆိုင်ရာ အရည်အချင်း သတ်မှတ်မှုနဲ့ ပါတ်သက်ပြီး သူ့တစ်ဦးချင်း သဘောထား အနေနဲ့ မည်သည့် နိုင်ငံသား တိုင်းရင်းသား တစ်ဦးကိုမျှ မြန်မာနိုင်ငံကို နိုင်ငံရေးအရ ဦးဆောင်နိုင်ခွင့်ကို ကန့်သတ် တားမြစ်မှုမျိုး မဖြစ်စေလိုသည့် စေတနာ ရှိသလို တစ်ဖက်ကလည်း အမျိုးသား အကျိုးစီးပွားနှင့် အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးကို မထိပါးစေမည့် သင့်တင့်လျောက်ပတ်သည့် အကာအကွယ်ပေးနိုင်သည့် အခြေခံမူများလည်း ရှိရန်လည်း လိုလားသည်” လို့ ဆိုထားပါတယ်။ ပြောရရင် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ မဖြစ်နိုင်အောင် ထည့်သွင်းထားတဲ့ အချက်ကို ပြင်ပေးလိုတယ်လို့ အဓိပ္ပါယ် ကောက်မယ်ဆိုလည်း ကောက်နိုင်ပါတယ်။ ဒါပေမယ့် ဖွဲ့စည်းပုံကို ပြင်ဆင်မယ့် နည်းနာနဲ့ ပါတ်သက်လို့ကတော့ ပုဒ်မ ၄၃၆ ပါ အချက်အတိုင်း ပြင်ရမယ်လို့တော့ ကနဦး မိန့်ခွန်းတွေမှာ ပြောဆိုထားပြီးဖြစ်ပါတယ်။ လိုရင်းကတော့ တပ်မတော်နဲ့ ညှိနှိုင်းပြီး တပ်မတော်ဘက်က သဘောတူမှ ပြင်ပါ လို့ ဆိုလိုတာပါ။
ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ ဖွဲ့စည်းပုံ ပြင်ရေးကတော့ “ ကျွန်မ သမ္မတ ဖြစ်ဖို့ မဟုတ်ဘူး၊ ပြည်သူတွေအတွက်၊ နိုင်ငံတော်အတွက် လုပ်နေတာ ဖြစ်ပါတယ်။” “ တပ်မတော်ဟာ ပြည်သူနဲ့ တသွေးတည်း တသားတည်း မဟုတ်ပဲနဲ့ သီးသန့်ရပ်တည်တယ် ဆိုရင် တပ်မတော်အတွက်လည်း မကောင်းပါဘူး၊ နိုင်ငံအတွက်လည်း မကောင်းပါဘူး။ ဒါကြောင့်မို့လို့ တပ်မတော်ကို သီးသန့်ရပ်တည်နေတဲ့ ပုံစံ ဖြစ်စေတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အားလုံးဝိုင်းပြီးတော့ ပြုပြင်ပြောင်းလဲပေးဖို့ လိုတယ် လို့ ကျွန်မတို့ယူဆ ပါတယ်။” ဆိုပြီး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့က မိုးကုတ် ပြည်သူလူထုနဲ့ တွေ့ဆုံစဉ် ထုတ်ဖော်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ ပြင်ရေးအတွက်လည်း တပ်မတော်က သဘောတူမှ ပြင်နိုင်မယ့် ပုဒ်မ ၄၃၆ ကို အရင်ပြင်လိုတယ်လို့ ဆိုပါတယ်။ ဖွဲ့စည်းပုံ ပြင်ဆင်ရေးမှာ တပ်မတော် ဘက်က သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ ပြင်နိုင်မယ့် အခြေအနေမျိုး လိုချင်တယ်ဆိုတာမျိုး ဖြစ်ပါတယ်။
လွှတ်တော်နာယက သူရဦးရွှေမန်းကတော့ သူ့သဘောထားကို “လွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည် ဖော်မှု ကော်မတီ” ဆီ ပို့တဲ့ လမ်းညွှန်ချက်မှာ အချိန်ဇယားနဲ့တကွ ဖော်ပြခဲ့ပါတယ်။ အဲဒီဖော်ပြချက်တွေထဲမှာ အချက်အလက် အများစုဟာ ယေဘူယျ အချက်တွေပဲ ဖြစ်နေပြီး “လိုအပ်ပါက ပြင်ဆင်နိုင်ရန် လေ့လာသုံးသပ်ခြင်း” ဆိုတာလောက် ဖော်ပြထားပါတယ်။ တကယ် တိကျတဲ့ လမ်းညွှန်ချက်ကတော့ တစ်ချက်ပဲ ပါပါတယ်။ အဲဒါကတော့ “ နိုင်ငံတော် သမ္မတ၊ ဒုတိယ သမ္မတ များနှင့် ပြည်ထောင်စုဝန်ကြီးအဆင့် အုပ်ချုပ်ရေးဆိုင်ရာ ပုဂ္ဂိုလ်များအဖြစ် ခန့်အပ်တာဝန်ပေးရာ၌ ရွေးကောက်ခံ ပြည်သူ့ကိုယ်စားလှယ်များကိုသာ ခန့်အပ်ခြင်းဖြင့် ဒီမိုကရေစီ ဖော်ဆောင်ရေးနှင့် ညီညွတ်မှု ရှိစေရေး ” ဆိုတဲ့ အချက်ဖြစ်ပါတယ်။ သူရဦးရွှေမန်းရဲ့ လိုလားချက်ကတော့ အရင်စစ်အစိုးရ ဖန်တီးခဲ့တဲ့ နိုင်ငံ့အာဏာရယူရေးမှာ တပ်မတော်ကို မဏ္ဍိုင်ပြုပြီး ပြည်ခိုင်ဖြိုးပါတီ က ၀န်းရံပေးရေး ဆိုတဲ့ နေရာမှာ ပြည်ခိုင်ဖြိုးပါတီကို မဏ္ဍိုင်ပြုပြီး တပ်မတော်က ၀န်းရံရေး ဆိုတာမျိုး ပြောင်းချင်တဲ့ ရည်ရွယ်ချက်က အဓိက ကျပါတယ်။ သူထုတ်ဖော်ပြောဆိုထားတဲ့ သမ္မတ ဖြစ်လိုတဲ့ ရည်ရွယ်ချက်ကို အကောင်အထည် ဖော်လိုတဲ့ သဘောလည်း ဖြစ်ပါတယ်။ သမ္မတဦးသိန်းစိန် ပြောတဲ့ ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ လိုက်လျောညီထွေမှုရှိတဲ့ ပြောင်းလဲမှု ဆိုတာမျိုး မဟုတ်သလို ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုနေတဲ့ တပ်မတော် ပရော်ဖက်ရှင်နယ် ဖြစ်ရေး၊ စစ်တန်းလျားပြန်ရေး လည်း မဟုတ်ပါဘူး။ သုံးယောက်၊ သုံးမူ လို့ ဆိုရမလို ဖြစ်နေပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဖွဲ့စည်းပုံပြင်ရေး လုပ်ငန်းစဉ်ကတော့ လွှတ်တော်နာယက သူရဦးရွှေမန်း လက်ထဲ ရောက်နေပါတယ်။ သမ္မတ ဦးသိန်းစိန် လက်ထဲမှာ တပ်မတော်သားအမတ် ၂၅ ရာခိုင်နှုန်း ရှိသလို ဒေါ်အောင်ဆန်းစုကြည်ဆီမှာတော့ ပြည်သူလူထု ထောက်ခံမှုပဲ ရှိပါတယ်။ သူရဦးရွှေမန်း လက်ထဲ ရောက်နေတဲ့ ဖွဲ့စည်းပုံပြင်ရေး လုပ်ငန်းစဉ်မှာ ဆွေးနွေးမှုတွေကို လျှို့ဝှက်ထားရမယ်၊ အငြင်းပွားမှုတွေကို များရာ ဆန္ဒမဲနဲ့ ဆုံးဖြတ်ရမယ် ဆိုတာတွေဟာ ပြသနာ ပြေလည်စေမယ့် နည်းလမ်းတွေ မဟုတ်ပါဘူး။ ဒါ့အပြင် သူရဦးရွှေမန်း သတ်မှတ်ပေးထားတဲ့ လမ်းညွှန်ချက်မှာ အချိန်ဇယားနဲ့ ပါတ်သက်ပြီး “ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မကျင်းပမီ အနည်းဆုံး ၆ လ အလိုတွင် ပြင်ဆင်သင့်သည့် အကြောင်းအရာများကို ဥပဒေပြု၍ ပြင်ဆင်ပြီးဖြစ်အောင် လုပ်ငန်း အစီအစဉ်ပြ အချိန်ဇယား သတ်မှတ်ဆောင်ရွက်ရန်” ဆိုတာကလည်း ပြသနာကို ပိုပြီး ခက်ခဲ ရှုတ်ထွေးစေမှာ ဖြစ်ပါတယ်။ အကြောင်းကတော့ ရွေးကောက်ပွဲ မတိုင်ခင် အဲဒီ ဥပဒေ ထွက်လာပေမယ့် အများပြည်သူက လက်မခံနိုင်တဲ့ ပြင်ဆင်မှု အဆင့်ပဲ ဖြစ်နေရင် မတည်ငြိမ်မှုတွေ ဆက်ပြီး ဖြစ်ပေါ်နိုင်ပါတယ်။ ၂၀၁၅ နှစ်ကုန် ကျင်းပမယ့် ရွေးကောက်ပွဲကိုလည်း သွားပြီး ထိခိုက်နိုင်ပါတယ်။
ဒီအတွက် ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုတဲ့၊ သူရဦးရွှေမန်းကလည်း ထောက်ခံထားတဲ့ ဖွဲ့စည်းပုံပြင်ရေး လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲ လက်ခံရင် အကောင်းဆုံး ဖြစ်ပါတယ်။ သမ္မတ ဦးသိန်းစိန်နဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့ဘက်ကလည်း အမျိုးသားပြန်လည်ရင်ကြားစေ့ရေး လုပ်နေတဲ့ ဒီကနေ့လို အရေးကြီးတဲ့ အချိန်မျိုးမှာ အရင် ခေတ်ဟောင်း ခေတ်ဆိုးတုန်းကလို တွေ့ဆုံဆွေးနွေးရေးကို အကြောင်းအမျိုးမျိုးပြပြီး ငြင်းပယ်ဖို့ မသင့်တော့ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
စည်သူအောင်မြင့်။

No comments: