Friday, April 4, 2014

ဦးဆောင်ဆရာတော် မေတ္တာရပ်ခံထားသောဥပဒေ လွှတ်တော်သို့မတင်ခင် ဆွေးနွေးရန် မရှိဟု ဒေါ်အောင်ဆန်းစုကြည်ပြော


04 April 2014
မျိုးစောင့်ဥပဒေကြောင့် နိုင်ငံရေးအရ မဲများရနိုင်သလို
အကြမ်းဖက်မှုများပါ ဖြစ်လာနိုင်ဟု သုံးသပ်မှုရှိ
ကိုယ်ဖြစ်ချင်တာတွေကိုပဲ ပြောနေကြတာ။ ပြဿနာကို မူဝါဒနဲ့ပဲ ဖြေရှင်းလို့ရရင် မူဝါဒနဲ့ပဲနေရတယ်။ အဲဒီလို လုပ်ပုံကိုင်ပုံမျိုး လွှတ်တော်မှာလည်း သိပ်မတွေ့ရဘူး။ အစိုးရအဖွဲ့မှာလည်း သိပ်မတွေ့ရဘူး . . .


http://thandawsint.files.wordpress.com/2014/04/24.jpg




24
အင်းစိန်ရွာမဆရာတော်ကြီး၏မွေးနေ့တွင် ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကိုတွေ့ရစဉ်။ ဓာတ်ပုံ-ချမ်းမြေ့ခိုင်

ရန်ကုန်၊ ဧပြီ (၃)
ဥပဒေပြဋ္ဌာန်းပေးရန် ဦးဆောင်တောင်းဆိုခဲ့သော အင်းစိန်ရွာမ ဆရာတော်ကြီးက သက်တော်(၇၅) နှစ်ပြည့် စိန်ရတုမွေးနေ့ အခမ်းအနား၌ အခမ်းအနားသို့ တက်ရောက်လာသော သာသနာရေး ပြည်ထောင်စု ၀န်ကြီး၊ ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည် တို့ကို လာမည့်သက်တော် (၇၆)နှစ် မြောက်မွေးနေ့တွင် ဥပဒေရေးဆွဲ ပြဋ္ဌာန်းပြီးခြင်းအား မွေးနေ့ လက်ဆောင် အဖြစ်ပေးအပ်ရန် မေတ္တာ ရပ်ခံထားမှုရှိသည့် မျိုးစောင့်ဥပဒေနှင့် ပတ်သက်၍ လွှတ်တော်သို့ မတင်ပြ လာသေးမီတွင် မည်သည်ကိုမှ ဆွေးနွေးမှု ပြုလုပ်ရန်မရှိသေးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ သဘောထားကို မတ်လ နောက်ဆုံးပတ်အတွင်း ဖွင့်ဟပြောကြားခဲ့သည်။
““မျိုးစောင့်ဥပဒေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ အစိုးရဌာနများက ရေးဆွဲနေတာ ဖြစ်ပါတယ်။ အဲဒီတော့ ဒီဟာကို လွှတ်တော်ကို မရောက်သေးမီ ဘာမှဆွေးနွေးစရာ မရှိပါဘူး””ဟု ဒေါ်အောင်ဆန်းစုကြည်က မတ်လ(၂၆) ရက်နေ့က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် နာယကနှင့် ၎င်းတို့၏ပူးတွဲ သတင်းစာ ရှင်းလင်းပွဲတွင် မျိုးစောင့် ဥပဒေကြောင့် ပဋိပက္ခများ ပိုမိုဖြစ်ပွားနိုင်ခြင်း ရှိ၊ မရှိ မေးမြန်းမှု တစ်ရပ်ကို ဖြေကြားလိုက်ခြင်း ဖြစ်သည်။
မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းနိုင်ရေးကို အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို) ဥက္ကဋ္ဌဖြစ်သည့် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တတိ လောကာဘိဝံသ အင်းစိန်ရွာမ ဆရာတော်ကြီး ကိုယ်တိုင် ဦးဆောင်ကာ ရဟန်းသံဃာ၊ လူပုဂ္ဂိုလ် တစ်သန်းသုံးသိန်းကျော် လက်မှတ်ရေးထိုး၍ ၂၀၁၃ ခုနှစ် ဇူလိုင်လ (၉) ရက်နေ့က နိုင်ငံတော်သမ္မတထံ တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။ တောင်းဆိုရာတွင် ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်း ဆိုင်ရာဥပဒေ၊ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေ၊ လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေတို့ကိုမဖြစ်မနေ ပြဋ္ဌာန်းပေးရန်တို့ ဖြစ်သည်။ နိုင်ငံတော်သမ္မတက ယင်းဥပဒေလေးရပ် ပြဋ္ဌာန်းပေးရေးအတွက် ပြည်ထောင်စု လွှတ်တော် နာယကထံသို့ ဖေဖော်ဝါရီလ(၂၅) ရက်နေ့က သ၀ဏ်လွှာ ပေးပို့ခဲ့ရာ ပြည်ထောင်စု လွှတ်တော်က ဥပဒေ ပြဋ္ဌာန်းနိုင်ရေး သက်ဆိုင်ရာ ၀န်ကြီးဌာနက ဥပဒေမူကြမ်း ရေးဆွဲကာ ပြည်ထောင်စု အစိုးရအဖွဲ့၏ စိစစ် ချက်ဖြင့် လွှတ်တော်သို့ တင်ပြရန် သ၀ဏ်လွှာ ပေးပို့ပြီး နှစ်ရက် အကြာတွင် အစိုးရသို့ တာဝန်ပြန်လည်ပေး အပ်ခဲ့သည်။ ထို့အတွက် လွှတ်တော်နှင့် အစိုးရအပေါ် ဥပဒေပြဋ္ဌာန်းရေး တာဝန်ခံမှု မပြုရဲကြခြင်းအဖြစ် ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။
မျိုးစောင့်ဥပဒေနှင့် ပတ်သက်၍ လွှတ်တော်နှင့် အစိုးရ၏ တာဝန်ခံမှု မပြုရဲကြဆိုသော သုံးသပ်မှုများ ထွက်ပေါ်စေသည့် အထက်ပါ ဖြစ်ရပ်မပေါ်ပေါက်မီကပင် ယင်းဥပဒေ ပြဋ္ဌာန်းနိုင်ရေး လှုပ်ရှားမှုအား သဘောထား အမြင်အမျိုးမျိုး ကွဲပြားမှုများ ရှိနေကြပြီး နိုင်ငံ၏ ဘာသာသာသနာ၊ လူမျိုးကာကွယ်ရေး ရှုထောင့်ဖြင့် ထောက်ခံမှုများရှိသလို နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းများဖြင့် ယှဉ်ကာ လက်သင့် မခံနိုင်သူများလည်း ရှိခဲ့ကြသည်။ ထို့ပြင် ယင်းဥပဒေ ပြဋ္ဌာန်းလိုက်ပါက ဘာသာမတူသည့် လူ့အဖွဲ့အစည်း နှစ်ရပ်ကြား တည်ငြိမ်မှုမရှိသော သမိုင်းကြောင်းအရ ပဋိပက္ခဆောင်နေမှုသည် ပိုမိုမြင့်မားလာကာ နိုင်ငံတွင်း အကြမ်းဖက်မှုများ ဖြစ်ပေါ်လာနိုင်ရေးကို စိုးရိမ်ပူပန် ချင့်ချိန်မှု ရှိနေကြသည်။ မျိုးစောင့်ဥပဒေ ကိစ္စရပ်သည် အစိုးရ၊ လွှတ်တော်များအတွင်း ပါဝင်နေသော နိုင်ငံရေးပါတီများ၏ လာမည့် ရွေးကောက်ပွဲအတွင်း လူ့အဖွဲ့အစည်း နှစ်ရပ်က ထားရှိမည့် မဲဆန္ဒ သဘောထားအပေါ် သက်ရောက်နိုင်ကြောင်း သုံးသပ်မှု များလည်း ရှိနေသည်။
ပြီးခဲ့သည့် စစ်တပ် အစိုးရ၏ နိုင်ငံရေး အသွင်ကူပြောင်းမှုအစ ဖြစ်သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လက်ခံကာ ၂၀၁၀ ရွေးကောက်ပွဲသို့ နိုင်ငံရေး ပါတီများ ပါဝင်ရေး သဘောထားပြု တိုက်တွန်းခဲ့သည့် ထိုအသွင်ကူးပြောင်းရေး ဖြစ်ပေါ်ရေး ပါဝင်ပတ်သက်မှုများ ရှိခဲ့ကြောင်း သုံးသပ်ချက်များ ရှိနေသော ပြည်ပ အခြေစိုက် ဗဟုအဖွဲ့ တည်ထောင်သူ တစ်ဦးဖြစ်သည့် ဦးတင်မောင်သန်းက ““ဒီဟာနဲ့ နွှယ်ပြီးတော့ အကြမ်းဖက်မှု အန္တရာယ်တွေကလည်း သက်ရောက်မှု ရှိသွားနိုင်လား ဆိုတဲ့ကိစ္စတွေ ပါတယ်။ မျိုးစောင့် ဥပဒေဟာ မဲတွေတင် မကဘူး၊ ဗုံးတွေပါ သီးလာနိုင်တယ်။ မဖြစ်ဘူးလို့ ပြောနိုင်မလား။ အာမခံနိုင်လား။ ဆိုလိုတာက အကြောင်းအရာ ပြဿနာတစ်ခုကို ဖြေရှင်းတဲ့အခါမှာ ပါဝင်ပတ်သက်လာတဲ့ ကိစ္စတွေက များလာလေ အန္တရာယ် အတိုင်းအတာက ကြီးမားလာလေ။ ပိုပြီးဒီဥပဒေ ပြဋ္ဌာန်းဖို့ အချိန်ယူရလေ၊ ဂရုစိုက် ရလေ၊ အကျေအလည် ညှိနှိုင်း ဆွေးနွေးဖို့ လိုလေပေါ့။ ဒီဥပဒေ ထွက်ပေါ်လာခြင်းကိုက အစ္စလာမ် ဆန့်ကျင်ရေး ဖြစ်တယ်ဆိုတဲ့ အမြင်ရှိတယ်။ နိုင်ငံတကာ ဆက်ဆံရေး အသိုင်းအ၀ိုင်းမှာရော ဘယ်လိုသ ဘောထားသွားမလဲ။ ဒီပြဿနာက ဒေသဆိုင်ရာ ပြဿနာလား။ တစ်နိုင်ငံလုံးဆိုင်ရာ ပြဿနာလား။ ဒေသဆိုင်ရာ ပြဿနာကို တစ်နိုင်ငံလုံးဆိုင်ရာ ပြဿနာအနေနဲ့ ချဉ်းကပ်မှာလား။ အခုထက်ထိ ကိုယ်တို့ မြန်မာနိုင်ငံမှာ အသေခံ ဗုံးဖောက်ခွဲတယ်ဆိုတာ မရှိသေးဘူး။ မဖြစ်ဘူးလို့ အာမခံနိုင်သလား။ အလားအလာ ကရော ဘယ်လောက်ရှိသလဲ။ အကျိုးဆက်တွေအထိ အကုန်လုံးက စဉ်းစားဖို့လိုတယ်။ ကျွန်တော် ကတော့ ဥပဒေတစ်ခု စဉ်းစားတဲ့အခါမှာ အခုလုပ်နေ ကြတာထက် ပိုပြီး အလေးအနက် ထားစေချင်တယ်။ ဒါမျိုးတွေမှာ ကျွန်တော် အားမရသေးဘူး။ ဒါက အစိုးရရော လွှတ်တော်ရော ပတ်သက်တာပေါ့”” ဟုနိုင်ငံတကာ အတွေ့အကြုံ ရှုမြင်မှုအရ မြန်မာသံတော်ဆင့်သို့ ၎င်း၏ သုံးသပ်ချက်ကို ပြောကြားသည်။
မျိုးစောင့်ဥပဒေကြမ်း ဖြစ်ပေါ်ရေး တာဝန်ယူ ဆောင်ရွက်နေရသည့် အစိုးရဌာန တစ်ရပ်ဖြစ်သည့် သာသနာရေး ၀န်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး သရေစည်သူ ဦးဆန်းဆင့်ကမူ အင်းစိန်ရွာမ ဆရာတော်ကြီး၏ သက်တော် (၇၅)နှစ်မြောက် မွေးနေ့တွင် “ဥပဒေတစ်ရပ် အနေဖြင့် ရှိသင့်သည့် အချက်များဖြစ်သည်”” ဟူသော သဘောထားကို ဆရာတော်ကြီးထံ လျှောက်ထား တင်ပြခဲ့ခြင်းရှိသည်။
၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ ပြည်ပရောက် လွှတ်တော် ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းခဲ့ပြီး နိုင်ငံတကာက မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားမှု အင်အားစုအဖြစ် အသိအမှတ်ပြုထားသလို ကုလသမဂ္ဂတွင် မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် လက်ခံထားသော စင်ပြိုင်အစိုးရခေါ် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွှန့်ပေါင်း အစိုးရ၏ ကုလသမဂ္ဂ ကိုယ်စားလှယ်ဟောင်း ဒေါက်တာသောင်းထွန်းက ဗုဒ္ဓဘာသာသည် ငြိမ်းချမ်းစွာ နေထိုင်ရေးကို အခြေခံထားသည့် ဘာသာ ဖြစ်သော်လည်း မိမိနိုင်ငံ၏ လုံခြုံရေးနှင့် ဘာသာလူမျိုး အချုပ်အခြာ အာဏာ ထိပါးလာနိုင်သည့် အရေးများအတွက်မူ လုံခြုံရေးကို သေချာစွာ ကာကွယ် ဆောင်ရွက်သင့်ကြောင်း မြန်မာသံတော်ဆင့်သို့ မှတ်ချက်ပြုပြောကြားသည်။ သို့သော် ထိုသို့လုံခြုံရေး ဆောင်ရွက်ရာတွင် နည်းလမ်း မှန်ကန်ဖို့ လိုကြောင်းနှင့် သေချာစွာ ဆောင်ရွက်သင့်ကြောင်းလည်း ၎င်းကပြောသည်။
ယခုအခါတွင် မျိုးစောင့်ဥပဒေကြမ်း ရေးဆွဲရေးအတွက် သာသနာရေးဝန်ကြီးဌာန အနေဖြင့် မျိုးစောင့် ဥပဒေပြဋ္ဌာန်းရေး ဆောင်ရွက်နေမှုအပေါ် ဗဟုအဖွဲ့ တည်ထောင်သူ ဦးတင်မောင်သန်းက ““မျိုးစောင့်ဥပဒေ ဆိုပြဿနာတွေ အများကြီး၊ မျိုးစောင့်ဥပဒေကို နိုင်ငံတော်က ဥပဒေတစ်ခုနဲ့ ပြဋ္ဌာန်းတော့မယ် ဆိုရင် ဥပဒေဆို တာက မူဝါဒနဲ့ ကွဲသွားတာက ဘာလဲဆိုရင် နိုင်ငံတော် အာဏာဆိုတဲ့ သဘောမျိုး ပါလာတယ်။ နိုင်ငံသား အခွင့်အရေးဆိုတဲ့ သဘောမျိုးပါလာတယ်။ အဲဒီတော့ ဥပဒေအဆင့်ကို ရောက်သွားပြီဆိုရင် နိုင်ငံတော် အာဏာရဲ့ အတိုင်းအဆ၊ နိုင်ငံတော်သည် အာဏာကို ဘယ်လောက် အတိုင်းအဆအထိ ကျင့်သုံးမှာလဲ။ လူထုကလည်း ကြည့်ရမှာက နိုင်ငံတော် ဆိုတာက တို့ရဲ့ ဘ၀ကိစ္စတွေ အပေါ်မှာ ဘယ်လောက် အာဏာအထိ ကျင့်သုံးခွင့် ပေးမှာလဲဆိုတာ ကြည့်ရမယ်။ အဲဒီလို နားလည်တာကလည်း လူထုဘက်မှာတော့ အတော်လေး အားနည်းတယ်။ ဦးဆောင်လှုပ်ရှားနေတဲ့ ဘုန်းတော်ကြီးတွေဘက်မှာ ဆိုရင်တော့ ပိုပြီးတော့တောင် အားနည်း မလားတောင် မပြောတတ်ဘူး။ ကိုယ်ဖြစ်ချင်တာတွေကိုပဲ ပြောနေကြတာ။ ပြဿနာကို မူဝါဒနဲ့ပဲ ဖြေရှင်းလို့ ရရင် မူဝါဒနဲ့ပဲ နေရတယ်။ အဲဒီလို လုပ်ပုံကိုင်ပုံမျိုး လွှတ်တော်မှာလည်း သိပ်မတွေ့ရဘူး။ အစိုးရအဖွဲ့မှာလည်း သိပ်မတွေ့ရဘူး”” သတိပေး ပြောကြားသည်။
သို့သော် သာသနာ့ပါလက ဂဏ၀ါစကသံဃာ့အဖွဲ့(၉၆၉) အတွင်းရေးမှူး မြနန်းဆရာတော် အရှင်သဒ္ဓမ္မကမူ မျိုးစောင့် ဥပဒေကြောင့် အကြမ်းဖက်မှုများ ဖြစ်ပေါ်လာရန် မရှိဟု အခိုင်အမာပြော သုံးသပ်ပြောကြားသည်။
““မျိုးစောင့် ဥပဒေကြောင့် အကြမ်းဖက်မှုကတော့ လုံးဝမဖြစ်နိုင်ဘူး။ မျိုးစောင့်ဥပဒေ ပေါ်လာရင်သာ ပြည်တွင်းမှာ အနေများတဲ့ ဗုဒ္ဓဘာသာဝင်တွေအတွက်လည်း လုံခြုံသွားမယ်။ ကျန်တဲ့ဘာသာက လူတွေလည်း လုံလုံခြုံခြုံဖြစ် သွားမယ်။ ကျန်တဲ့ဘာသာကိုလည်း မထိခိုက်စေရဘူး။ ဒါကြောင့် မျိုးစောင့်ဥပဒေဟာ ငြိမ်းချမ်းရေးကိုပဲ ဦးတည်သွားလိမ့်မယ်””ဟု အတွင်းရေးမှူး ဆရာတော်က မြန်မာသံတော်ဆင့်သို့ မိန့်ကြားသည်။
မျိုးစောင့်ဥပဒေနှင့် ပတ်သက်၍ ဥပဒေကြမ်း ရေးဆွဲရန် လွှတ်တော်မှ အစိုးရသို့ ပြန်လည် တာဝန် ပေးအပ်ပြီးနောက် ပြည်ထောင်စု အစိုးရပိုင်းမှ ပြန်လည် သုံးသပ်မှုများ ပြုလုပ်လျက် ရှိကြောင်း နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က မြန်မာသံတော်ဆင့်သို့ ပြောကြားထားသည်။

လင်းယုန်
မြန်မာသံတော်ဆင့် http://www.dawnmanhon.com/2014/04/blog-post_2551.html#sthash.Ui2DebsA.dpuf

No comments: