Tuesday, April 29, 2014

တရားဝင်တင်ပို့ခွင့် မပြုသောကြောင့် တံဆိပ်မပါသည့် အိတ်များဖြင့် မြန်မာ့ဆန်များ တရုတ်သို့ တင်ပို့နေရ



တရားဝင်တင်ပို့ခွင့် မပြုသောကြောင့် တံဆိပ်မပါသည့် အိတ်များဖြင့် မြန်မာ့ဆန်များ တရုတ်သို့ တင်ပို့နေရ
တရုတ်ဘက်မှ ၀ယ်လိုအား ကောင်းနေသည့်အတွက် မူဆယ်နယ်စပ်မှတစ်ဆင့် တင်ပို့မှုများလျက်ရှိကြောင်း၊ သို့သော်လည်း မြန်မာ့ဆန်ကို တရုတ်သို့ တင်ပို့ရာ၌ တရုတ်ဘက်မှ ဖမ်းဆီးမှုအချို့ ရှိနေသည့်အတွက် မြန်မာကုန်သည်များ အနေဖြင့် တံဆိပ်မပါသည့် အိတ်များဖြင့် တရုတ်ဈေးကွက် အတွင်းသို့ တင်ပို့နေရကြောင်း မူဆယ်နယ်စပ်ရှိ ဆန်ကုန်သည်များထံမှ သိရသည်။
မြန်မာ့လယ်ယာထွက်ကုန်များ တရုတ်နိုင်ငံသို့ တင်ပို့ရာ၌ မြန်မာဘက်မှ တရားဝင်တင်ပို့ခြင်း ဖြစ်သော်လည်း တရုတ်ဘက်မှ တရားဝင်တင်ပို့ခွင့် မပြုသေးသဖြင့် ယင်းကဲ့သို့ ရံဖန်ရံခါ ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်လေ့ရှိကြောင်း သိရသည်။
"မြန်မာ့ဆန်ကတော့ တရားဝင်သွားတာပါ။ ဒါပေမဲ့ ဟိုဘက်ရောက်ရင် သူတို့က တရားဝင်တင်ပို့ခွင့် ပြုထားတာ မဟုတ်တဲ့အတွက် သူတို့ဖမ်းချင်တဲ့အချိန် ကောက်ဖမ်းတာ။ ကိုယ့်ဘက်က တံဆိပ်ပါတဲ့ အိတ်တွေနဲ့ပို့ရင် မြန်မာကလာမှန်း တန်းသိတယ်လေ။ တံဆိပ်မပါတော့ ဘယ်ကလာတယ်ဆိုတာ သူတို့အလွယ်တကူ မသိနိုင်ဘူး။ ဒီတော့ အဖမ်းမခံရဘူး။ ဒါကြောင့် ဆန်ကုန်သည်တွေကို တံဆိပ်မပါတဲ့ အိတ်တွေနဲ့ပို့ကြဖို့ ကျွန်တော်တို့ သတိပေးထားပါတယ်" ဟု မူဆယ်မှ ဆန်ကုန်သည်တစ်ဦးက ပြောကြားသည်။
ယင်းကဲ့သို့ မြန်မာ့ဆန် တရုတ်သို့တင်ပို့ရာ၌ ဖမ်းဆီးစစ်ဆေးခံရမှုများကို အစိုးရနှင့်သက်ဆိုင်ရာ ၀န်ကြီးဌာနများမှ နှစ်နိုင်ငံ တာဝန်ရှိသူများ ညှိနှိုင်းပေးမှသာ အဆင်ပြေမည်ဖြစ်ကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှလည်း မြန်မာ့လယ်ယာ ထွက်ကုန်များ တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့ခွင့် ရရှိရေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ယခုရက်ပိုင်းအတွင်း တရုတ်ဘက်မှ ၀ယ်လိုအား ကောင်းလာသည့်နည်းတူ ပြည်တွင်းလက်လီဈေးကွက် အတွင်းမှလည်း ၀ယ်လိုအားကောင်းနေမှုကြောင့် ပြည်တွင်းဆန်ဈေးနှုန်းများ မြင့်တက်လျက်ရှိကြောင်း ရန်ကုန်မြို့ရှိ ဆန်ကုန်စည်ဒိုင်မှ သိရသည်။
"ဒီရက်ပိုင်း ဆန်ဈေးတက်လာတာက တရုတ်ဘက်က ၀ယ်လိုအားကောင်းနေတယ်။ ပြည်တွင်းလက်လီ ဈေးကွက်ကလည်း ၀ယ်လိုအားကောင်းနေတယ်။ သင်္ကြန်တုန်းက စုဆောင်းထားတဲ့ လက်ကျန်တွေကုန်တော့ သင်္ကြန်ကျော်ကာလမှာ ၀ယ်အားကောင်းနေတာပါ" ဟု ၀ါးတန်းဆန်ကုန်စည်ဒိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ရန်ကုန်မြို့ရှိ ၀ါးတန်းဆန်ကုန်စည်ဒိုင်သို့ ဧရာဝတီတိုင်း ဒေသကြီးအတွင်းမှ ဆန်များ အ၀င်များလျက်ရှိပြီး တစ်နေ့လျှင် ပျမ်းမျှ အိတ်ရေ ၆၀၀၀၀ ကျော် ကုန်အ၀င်ရှိနေကြောင်း၊ ဆန်ချောတစ်အိတ်လျှင် ယခင်ကထက် ကျပ် ၅၀၀ ခန့်နှင့် ဆန်ကြမ်းများမှာ တစ်အိတ်လျှင် ပျမ်းမျှ ကျပ် ၃၀၀ ခန့်မြင့် တက်လာကြောင်း သိရသည်။
"၀ါးတန်းကုန်စည်ဒိုင်ကို တနင်္လာလို နေ့မျိုးဆိုရင် ပုံမှန်အားဖြင့်တစ်နေ့ကို အိတ်ရေ ၆၀၀၀၀ ကျော်၊ ၇၀၀၀၀ လောက် ကုန်အ၀င်ရှိတယ်။ ခုရက်ပိုင်းမှာ တနင်္လာတင်မကဘူး။ တခြားနေ့တွေမှာ ဆိုရင်လည်း ဆန်အ၀င် များနေပါတယ်" ဟု ရန်ကုန်မြို့ရှိ ၀ါးတန်းဆန်ကုန်စည်ဒိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဧပြီ ၂၅ ရက်က ၀ါးတန်းဆန်ကုန်စည်ဒိုင်သို့ နွေဆန်အိတ်ရေ ၂၅၀၀၀ ကုန်အ၀င်ရှိပြီး ကျပ် ၁၅၈၀၀ နှင့် ၁၆၈၀၀ ရှိကြောင်း၊ ဧပြီ ၂၂ ရက်က နွေဆန်အိတ် အ၀င် ၂၀၀၀၀ ရှိပြီး ကျပ် ၁၅၈၀၀ နှင့် ၁၆၅၀၀ ဈေးကြားရှိခဲ့ကြောင်း သိရသည်။
(တရုတ်သို့တင်ပို့မည့် ဆန်အိတ်များအား မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းတွင် တွေ့ရစဉ်)

No comments: