Friday, April 4, 2014

“တန်ခူးလေနှင့် လျှောတော့သည်”

          သည်နှစ်တော့ စောစောစီးစီး သင်္ကြန်မုဒ်ဝင်နေတယ်လို့ ပြောရမလား မသိပါဘူး။ နားထဲမလည်း မြူးကြွတဲ့တေးသံ ပျံ့လွင့်လို့နေသပ။ ဖေ့စ်ဘုတ်ပေါ် တက်ကြည့်လိုက်ရင်လည်း “သင်္ကြန်ဘာအစီအစဉ်ရှိလဲ” ပဲ အမေးခံရတယ်။ ရေပက်မဏ္ဍပ်တွေတောင် ဆောက်တဲ့သူက ဆောက်ကုန်ပြီ။ အင်္ဂလိပ်လို နံမည်ပေးလို့ကတော့ အများကြီးကို ဒဏ်ရိုက်ပလိုက်မယ်လို့ သတင်းလွှင့်တဲ့သူတွေကလည်း လွှင့်ကုန်ပြီ။ ဦးမာဃကြီးလည်း ခုလောက်ရှိ “ကျောက်ပျဉ်ကြီးရယ်နှင့် မှန်ဘီးကို ယူခဲ့ပါ့ ညိုနွဲ့ရဲ့လေး” လို့ သင်္ကြန်ဖက်ရှင် ပြင်လှရော့မယ်။ “အောင်စည်ရွမ်းသံ ကြားရင်ဖြင့် ပြည်တော်ဝင်မယ်လေ။” ဆိုတဲ့သူတွေက လေယာဉ်လက်မှတ်ဖြတ်ကုန်သလို  ရုံးပိတ်ရက်ရှည်ကလေးရသခိုက် ယာဉ်အမီ ရီရီပြုံး ပြန်ချင်တဲ့သူတွေကလည်း “ရထားဆိပ်ကားဂိတ်နားက နာရီစင်ကြည့်ရင်း မင်းပစ်သွားတာ လေးငါးခြောက်လကြာ” လို့ အိမ်ပြန်လမ်းကို ခြေလှမ်းပြင်ကုန်ကြပြီ။ ကိုယ်ကိုယ်တိုင်လည်းပဲ ငေးရင်းငိုင်ရင်းက မီးပွိုင့်စိမ်းသွားမှန်းမသိလို့ နောက်ကားတွေက “ဘာလုပ်မှာလဲ ပြော။” ဆိုရင် ဘယ့်နှယ်ဖြေရမှန်း မသိသေးပါဘူး။ ကိုယ့်စိတ်ကိုယ့်ကိုယ် တစ်ခုတည်း မဟုတ်တော့ အိမ်ကသားအမိက ဘာလုပ်ချင်မှန်းမသိ၊ ဆေးရုံဂျူတီက ဘယ်လိုယူရမှန်းမသိသေးတာကြောင့် ခုထက်ထိ သောင်မတင်ရေမကျပဲ ရှိသေးတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ရာသီခါမီ သင်္ကြန်စာကလေး တစ်ပုဒ်လောက်တော့ ရေးထားတာ မမှားပါဘူးလေ။ သည်နှစ်သင်္ကြန် နောင်နှစ်သင်္ကြန်တွေ မရေရာတာ အသာထား။ လွန်လေပြီးသော သင်္ကြန်ပေါင်းများစွာအကြောင်းကို ထောင်းလမောင်းကျေအောင် လှန်လှောရေးသားလိုက်မှာပေါ့။ သင်္ကြန်ဆိုတာ ဘယ်သူကရေးရေး ဘယ်အခါမှာရေးရေး ပျော်စရာလေးတွေ လွမ်းစရာလေးတွေ အောင့်မေ့တသစရာကလေးတွေ မပါပဲ ဘယ်ရှိပါ့မလဲနော့။

          သင်္ကြန်ကို အစောဆုံးမှတ်မိနေတာကတော့ ရေပက်တာလေ လို့ ပြောရင် နောက်ပြောတာ မဟုတ်ပါဘူး။ နှစ်နှစ်သားအရွယ်လောက်မှာ သင်္ကြန်ကျတော့ အမေမရှိဘူး။ ဆေးရုံမှာ ညီမလေး သွားမွေးနေတယ်။ သင်္ကြန်တွင်းကြီးကျမှ အိမ်ပြန်လာတာ။ အိမ်နားက အဒေါ်ကြီးတွေက ရေခွက်ကလေးနဲ့ ဆော့ဖို့ပေးရင်း မင့်ညီမကလေးက ဘယ်လိုနေသလဲ။ ဘာလဲ မေးတယ်။ အိမ်မှာကလေးလေး နီတာရဲတစ်ယောက် ရောက်လာတာပျော်လို့ ရေတွေလိုက်ပက်တယ်။ ကိုယ့်အိမ်မှာ ကလေးပေါက်စနနဲ့မို့ အိမ်နီးနားချင်းတွေက ရေပက်ကစားခိုင်းပြီး ခေါ်ထိမ်းပေးထားတာကိုး။ ဒီ့ထက်စောတဲ့သင်္ကြန်တော့ ဘယ်မှတ်မိနိုင်ပါ့မလဲ။ ကိုယ့်ဘ၀ရဲ့ အစောဆုံးမှတ်ဥာဏ်တွေထဲမှာ သင်္ကြန်ပါနေတယ်။ အဲသည်နောက်နှစ်တွေမှာတော့ ရေပြွတ်ကလေးနဲ့ ပက်တတ်လာပြီ။ သင်္ကြန်နားနီးမှ ခေါင်းပေါက်သွားတာမို့ ချုပ်ရိုးပတ်တီးကလေးနဲ့ ရေလိုက်ပက်ဖူးတယ်။ အဖွားက ချော်လဲမှာစိုးလို့ ကလေးစီး စင်ကြယ်ဘိနပ်ကလေး ၀ယ်ပေးတာ မှတ်မိတယ်။ နောက်တစ်နှစ်သင်္ကြန်ကို အညာမှာပြန်ကျတယ်။ မုန့်တွေအများကြီး စားရလို့ ရွာမှာ ပျော်သွားတယ်။ ရေလောင်းရတာတော့ မကြိုက်ဘူး။ ခြေထောက်ပြန်ပြန်ဆေးရတာနဲ့ မကာမိဘူး လို့ ထင်တယ်။ အဲသည်နောက်နှစ်တွေမှာ ရွယ်တူကစားဖော်ကလေးတွေ ရလာပြီမို့ သင်္ကြန်ဟာ ပိုပိုပျော်စရာကောင်းလာတယ်။

          ကိုယ့်အိမ်မှာလည်း ညီလေး ညီမလေးတွေ တိုးတိုးလာသလို အိမ်နားဝန်းကျင်မှာလည်း အရွယ်ချင်း မတိမ်းမယိမ်း ကစားဖော်တွေ တိုးတိုးလာပြီ။ သင်္ကြန်ကျလို့ ရေမပက်ပဲ နေတဲ့ကလေးဆိုတာ ဘယ်အိမ်မှာမှ မရှိဘူး။ (ခုတော့ ကိုယ့်အိမ်မှာ တစ်ယောက်ရှိနေပြီပေါ့လေ) အိမ်ကလူကြီးတွေက အိမ်ရှေ့မှာ စည်ပိုင်းပြတ်ကလေးနဲ့ ရေဖြည့်ထားပေးပြီး မျက်စိအောက်တင် ရေကစားခိုင်းတယ်။ ကားလမ်းမဆင်းရဘူး။ နှုတ်ခမ်းလေးတွေ လက်ဖျားကလေးတွေ ပြာလာပြီး လူကြီးတွေက အိမ်ပေါ်မတက်ခိုင်းမချင်း ကစားတယ်။

           နောက်နှစ်တွေကျတော့ အိမ်ရှေ့တည့်တည့်မှာ ရခိင်မဏ္ဍပ်ကြီး လာဆောက်လို့ ရေပက်သူကနေ ပွဲကြည့်သူအဖြစ် ပြောင်းသွားတယ်။ အဲဒီတုန်းက ရန်ကုန်မှာ ကိုယ်တို့အိမ်ရှေ့က ရခိုင်ရိုးရာ ရေကစားမဏ္ဍပ်က အကြီးဆုံးပဲ။ လောင်းလှေကြီးတွေနဲ့ ရခိုင်အမကြီးတွေ ရေလာကစားတယ်။ ၀ီစီမှုတ်လိုက်ရင် အကိုကြီးတွေက ၀ါးလုံးတန်းကလေးရှေ့က တန်းစီဝင်လာတယ်။ လက်ထဲမှာ မောင်းထောင်ချိုင့်ကလေးတွေနဲ့ ဖလားသေးသေးလေး တစ်လုံးစီ ပါလာတယ်။ နောက်ခရာတွတ်တော့ အမကြီးတွေက လှေထဲကရေတွေကို အကိုကြီးတွေ လက်ထဲကမောင်းထောင်ချိုင့်ထဲ ဖြည့်ပေး၊ နောက်ခရာတစ်ချက်ထပ်တွတ်တော့ အပြန်အလှန် ရေပက်ကြ။ ခရာသံကြားမှ ရပ်ကြတယ်။ ဦးစီးဦးဆောင်လုပ်တာက အိမ်နားက ဓည၀တီဦးစောဖြူဆိုတဲ့ ရခိုင်ဆေးဆရာကြီး မိသားစုက လုပ်တာ။ ဒါပေမယ့် ဘာလို့မှန်းမသိပါဘူး။ ကိုယ်တို့အိမ်ရှေ့လာလုပ်ပြီး ဧည့်သည်တွေ တနေကုန် ၀င်လိုက်ထွက်လိုက်နဲ့ တစ်အိမ်လုံး တုပ်တုပ်ရွှဲအောင် လူအ၀င်အထွက်များတယ်။ ရခိုင်မုန့်တီတို့ ကြာဆံလက်သုပ်တို့ ငှက်ပျောသီးပေါင်း၊ ဘိလပ်ရည်တွေနဲ့ ဧည့်ခံတာ။ ကိုယ်ကတော့ ကလေးဆိုတော့ အစပ်မစားနိုင်လို့ မကြိုက်ပါဘူး။ တစ်လုပ်နှစ်လုပ် သူတို့ခွံ့လို့ ၀င်စားကြည့်ရင် မျက်ရည်တွေလည်နေအောင် စပ်တာ။ ရခိုင်သီချင်းတွေ သံချပ်တွေကို အဲသည်အရွယ်မှာကတည်းက နားယဉ်သွားတယ်။ ပိုးဝါနတ်သမီးလည်းသိတယ်။ “အသူကကေ လှပါရေ။ အပုချေကရေ သျှင်ဒိုင်လှပါရေ။” ဆိုတာလည်း အဲသည်အရွယ်ကတည်းက ဆိုတတ်သွားရော။ အိမ်ကအမြဲသွားတဲ့ မင်္ဂလာရာမဘုန်းကြီးကျောင်းကလည်း ရခိုင်ကျောင်းဆိုတော့ ကလေးကတည်းက ရခိုင်စကားကို ပြောသာ မပြောတတ်တာ။ သူများပြောသမျှတော့ အကုန်နားလည်တယ်။ ဒါပေမယ့် ဘုန်းကြီးသီလပေးလို့ “ဗုဒ္ဓသရဏံ ဂိုက်ဆာမိ” လို့ ကြားရင်တော့ ကိုယ့်ဘာသာကိုယ် “ဂစ္ဆာမိ” ပလိုက်တာပဲ။

          နေ့ဘက်မှာ ရခိုင်မဏ္ဍပ်က ကြိတ်ကြိတ်တိုးစည်သလို ညဘက်ကျတော့ ဆုပေးမဏ္ဍပ်တွေကို လိုက်မော့စရာ ကိုယ်တို့အိမ်နားမှာ နှစ်ခုတောင် ရှိပါသလေ။ တစ်ခုက ၄၆လမ်းထိပ်က ဗမာသစ် ရေကစားမဏ္ဍပ်။ နောက်တစ်ခုက အိမ်နဲ့မျက်စောင်းထိုး အောင်ဇေယျတုဆေးတိုက်ရှေ့က မဏ္ဍပ်။ အလှပြကားကြီးတွေနဲ့ သံချပ်တွေ လိုက်ပြိုင်ကြတယ်။ ကလေးဆိုတော့ သံချပ်တွေကို နားမလည်သေးပါဘူး။ မင်းသမီး မင်းသားကလေးတွေ ခုနှစ်ထွေအကတို့၊ ယိုးဒယားအကတို့ ကပြရင်တော့ အရမ်းကြိုက်တယ်။ ရယ်စရာတွေလုပ်ပြရင်တော့ အူတက်နေအောင် သဘောကျတယ်။ ရယ်ရတဲ့အဖွဲ့ကို သားသား အကြိုက်ဆုံးပေါ့။

           ဒါပေမယ့် မှတ်မိမှတ်ရာ ဘာတွေမှန်းမသိ မှတ်မိနေတာတွေ အများကြီးပဲ။ သံချပ်အဖွဲ့တွေတိုင်းက ပြည်သူ့ဆိုင်အကြောင်း ပြောကြတယ်။ ဆိုင်းသမားတွေတီးတဲ့ ရွှေပလောင် ငွေပလောင်ဆိုတဲ့ နတ်သီချင်းကို “ဥက္ကဋ္ဌ တော်တော်ထောင်သည်။ ဥက္ကဋ္ဌ တော်တော်ထောင်သည်။ သားရေကွင်းနဲ့ ပစ်ချင်သည်။” လို့ဆိုတာကို အဲသည်တီးလုံးသံကြားတိုင်း မှတ်မိတယ်။ စံတော်ချိန်တီးလုံးအတိုင်း “ကိုသန်းဝင်းနဲ့ မအေးမြင့်နဲ့ ရန်ဖြစ်ကြတယ်လေ။ ကိုသန်းဝင်း နဲ့ မအေးမြင့်နဲ့ ရန်ဖြစ်ကြတယ်လေ။” ဆိုတာလည်း ဘာလို့ မှတ်မိနေမှန်းကို မသိဘူး။ အခုနံမယ်ကြီးနေတဲ့ ကိုမေတ္တာတို့၊ ဦးကုသိုလ် လို့ခေါ်တဲ့ မောင်မောင်မြင့်သိန်းတို့ဆိုတာ သင်္ကြန်မှာတော့ အရမ်းကို နံမယ်ကြီးတဲ့၊ ရယ်လည်းရယ်ရတဲ့ ပြည်တော်ချစ် သံချပ်တိုင်သူကြီးတွေလေ။ တီဗီမှာ ဦးဇာဂနာ မပေါ်ခင်ကတည်းက အဲသည်လူကြီးတွေကို ကောင်းကောင်းမှတ်မိတယ်။ ၀င်းဦးဆိုတဲ့ မြန်မာရှုခင်းသီချင်းကို အင်္ဂလိပ်လိုဆိုပြမယ်ဆိုပြီး “Green Grass Grass, swing dance သလိုကွယ်၊ old plant young plant တို့အလယ်။ See my beloved tourist ကြီးရယ်။” လို့ ဆိုတော့ ရယ်လိုက်ရတာ အူတွေကိုနာရော။ တောက်မယ့်မီးခဲ တရဲရဲတဲ့။ ကလေးပေါက်စနကတည်းက သင်္ကြန်ပြီးသွားတဲ့အခါ ဘယ်အဖွဲ့က သံချပ်ဘယ်လိုထိုးပြီး ဟာသဘယ်လို သရုပ်ဖော်တာ၊ ဘယ်လူကြီးက ဘယ်လိုကပြတော့ ဘယ်လိုရယ်စရာကောင်းတာ ဖွဲ့ဖွဲ့နွဲ့နွဲ့ ပြန်ပြန်ပြောတာ သိပ်ဝါသနာပါတာပဲ။ ပွဲကြည့်ကြည့် ရုပ်ရှင်ကြည့်ကြည့် ပြန်လာရင် စားမြုံ့မပြန်ရလို့ကတော့ အစာကိုမကြေဘူး။ ကိုယ်တို့အိမ်နီးနားချင်းတွေဟာ သည်ငပေါကလေး အလေနတော ပြောပြောသမျှတွေကို သည်းညည်းခံနားထောင်ပေးခဲ့လို့ စကားပြောစွမ်းရည်တွေ တက်လာတာ။ သူတို့ကျေးဇူးက နည်းမှမနည်းပဲကိုးလို့ တွေးမိတယ်။

           ရှစ်တန်းလောက်ရောက်တော့ အတန်းထဲက သူငယ်ချင်းတွေက မော်တော်ကားနဲ့ ရေပက်ခံထွက်တာ လိုက်ခဲ့ဖို့ ခေါ်တယ်။ နေ့တိုင်းတော့ မလိုက်နိုင်ပါဘူး။ တစ်ရက်လည်ရင် ၃၅ကျပ်ကြီးတောင် ပေးရတာကိုး။ သူတို့ကတော့ အကြိုနေ့ကတည်းက ဒလဘက်ကိုကူးပြီး ဂျစ်ကားကို အတက်နေ့အထိ ပုတ်ပြတ်ငှားထားပြီးသား။ ခွက်စောင်းခုတ်ခံရတာရယ်၊ မီးသတ်ပိုက်နဲ့အထိုးခံရတာရယ်။ ချမ်းလည်းချမ်းတာရယ်ကြောင့် သိပ်မလိုက်ချင်ဘူး။ ဒါပေမယ့် သူငယ်ချင်းတွေက အတင်းခေါ်တာနဲ့ လိုက်ရတယ်။ သူတို့က မချမ်းအောင် အချမ်းပြေဆေးပေးတယ်။ ဒါပေမယ့် ကိုယ်က မသောက်တတ်သေးဘူး။ ဘီယာသံဗူးတစ်ဗူးကို လက်ထဲကိုင်ပြီး စွပ်ကယ်စွပ်ကယ်နဲ့ တနေကုန်အောင် သောက်ယူရတယ်။ အဲဒါတောင် ညကျတော့ တစ်ကိုယ်လုံးယားတာ အိပ်လို့ကို မရဘူး။ လူဆိုတာ သည်လိုပဲ အရိုင်းကနေ အယဉ်ဖြစ်အောင် ကျင့်ရတာပေါ့။ ဆယ်တန်းအောင်ပြီးတဲ့နောက်မှ နင်ကပဲ ယားနိုင်မလား ငါကပဲ သောက်နိုင်မလားဆို ဓါတ်ကြမ်းတိုက်ပလိုက်တာ နောက် မယားတော့ဘူး။

            ဆေးလိပ် နဲ့ အရက်ကို ကိုယ်က ကြိုက်လှချည့် မဟုတ်ပေမယ့် သူငယ်ချင်းတွေကြားထဲမှာ လူတောမတိုးမှာစိုးလို့ အတင်းကို အကျင့်လုပ်ယူတာ သူတို့တွေက အဆွယ်ကောင်းလို့ မဟုတ်ပါဘူး။ ကိုယ့်စိတ်သဘောထားကိုက ကိုယ်နဲ့အတူတူတွဲတဲ့ သူငယ်ချင်းလုပ်တဲ့အလုပ်ကို တန်းတူလိုက်မလုပ်နိုင်ရင် လူစဉ်မမီဘူးလို့ ခံစားရတယ်။ မင်းတို့ထက်တောင် ပိုလုပ်နိုင်သေးတယ်ကွာ လို့ သေးသေးတင်ချင်တဲ့စိတ်ရှိတယ်။ ဒါကြောင့် ကိုယ့်ထက်အကြီးဆို မိန်းမသားတွေချည့်ပဲ ရှိတဲ့အိမ်မှာ မကြာခဏ တော်လှန်ရေးကြီး ဆင်နွှဲရတယ်။ ဒီလိုနဲ့ နောက်လာလေသော သင်္ကြန်များဟာ ကိုယ့်အတွက် အမူးသင်္ကြန် အမှောက်သင်္ကြန်တွေ ဖြစ်ကုန်ပါလေရော။ စတုန်းကတော့ မန္တလေးရမ်နဲ့ပဲ။ နောက်တော့ အာမီရမ်ဘ၀ရှော။ ပေါက်မြောက်လာတော့ အရက်ဖြူ ကို ဆေးပေါ့လိပ်နဲ့ မြည်းတာပေါ့။ တနေကုန်မူးမယ်။ ညနေစောင်းတော့ ဥသြဆွဲမယ်။ ညနက်လာတော့ ရီဝေရီဝေနဲ့ သံချပ်တွေ လိုက်နားထောင်မယ်။ အိမ်ကိုပြန်ဝင်တော့ နာရီပြန် တစ်ချက်နှစ်ချက်။ စိတ်ပူလို့ မအိပ်သေးပဲ စောင့်နေတဲ့ အဖွားနဲ့ဆို တကျက်ကျက်ပေါ့။ ကိုယ်ဆိုးသမျှ တေသမျှ ထူပေဒဏ်ပေခံတဲ့ သူငယ်ချင်းဆို အရမ်းချစ်။ သူငယ်ချင်းထက်ပိုချစ်ရမယ့် ရည်းစားသနာကလည်း ရှိမှမရှိပဲကိုး။

             ဒါပေမယ့်လည်း သင်္ကြန်ဆိုရင် ရင်ခုန်စရာ ဇာတ်လမ်းလေးတွေ ရှာချင်တဲ့ ရောဂါကလည်း အသက်အရွယ်အရရော၊ ဇီဝကမ္မသဘောတရားအရပါ တစ်နှစ်ထက်တစ်နှစ် ရင့်သထက်ရင့်လာပါတယ်။ ရှာပုံတော် မင်းသားကြီး မဏ္ဍပ်တကာလည်း ရောက်ခဲ့တာပဲ။ ပဲတွေများလိုက်ရတာကလည်း သူငယ်ချင်းအထီးတွေအကုန် တစ်ကောင်မှ ကိုယ့်ကြည့်မရ။ အခုလိုများ ကိုယ့်ကိုယ်ကိုယ် အပြင်ကနေထွက်ကြည့်တတ်ခဲ့ရင် ကိုယ့်ဘာသာကိုယ်တောင် တော်တော် အမြင်ကပ်မိမှာ မလွဲဘူး။ အီစကိုလေးဟာ လွန်စွာမှပင် သည်းညည်းခံနိုင်သော အသိုင်းအ၀ိုင်း သူငယ်ချင်းများအကြားတွင် လူလားမြောက်လာရသဖြင့် သည်အသက် သည်ဘ၀ ရောက်လာတာပေပဲ။ အကြောင်းမသိတဲ့သူတွေက အထင်တကြီး သင်္ကြန်ဇာတ်လမ်းတွေ ဖွတော့မယ် ထင်နေပါဦးမယ်။ ဖွစရာကို မရှိတာ။ အဲသည်အရွယ်က ကိုယ့်ပုံတွေပြန်ကြည့်ရင် နစ်ကီဘိုမင်းအောင်က ကိုယ့်ထက် ဆယ်ဆသာတယ်။ ဒါကြောင့် ကိုယ့်ရဲ့ သင်္ကြန်မှတ်ဥာဏ်တွေ ပြန်စစ်ဆေးကြည့်ရင် ရင်ခုန်စရာ အိပ်မက်များ လုံးဝမပါဘူး။

              ကံကောင်းတယ်လို့ပဲ ပြောရမလား မသိပါဘူး။ ကိုယ့်သူငယ်ချင်းတွေထဲမှာ အရက်သမားပါတယ်။ ဖဲသမားပါတယ်။ (ကိုယ်ချင်းကိုယ်ချင်း အပျော်ဆော့တာ အပျော်သောက်တာ ပြောတာနော်။) ဒါပေမယ့် ကြက်သမားတော့ မပါဘူး။ (အနည်းဆုံးတော့ အဖော်စပ်စပ်ပြီး မသွားကြဘူး) အဲ့ဒါကြောင့် လူငယ်သင်္ကြန်တွေက တဖြေးဖြေး အရက်သင်္ကြန် ကြက်သင်္ကြန် ဖြစ်လာတဲ့အချိန်မှာ ကိုယ်တို့အဖွဲ့က အဲဒီရေစီးကြောင်းထဲ ပါမသွားဘူး။ ကိုယ်တို့ကားဆို အမြဲတမ်း “၀ါရှာမပါဘူး။” လို့ အလှောင်ခံရတယ်။ သင်္ကြန်တွင်းတစ်တွင်းစာ အရက်ရောင်းအားရယ်၊ သင်္ကြန်တစ်ရာသီ အဲသည်မိန်းကလေးတွေရဲ့ ၀င်ငွေရယ် ဘယ်လောက်ရှိသလဲ သိလား။ ပြောပြလိုက်ရင် ယုံမှာတောင် မဟုတ်ဘူး။ အခါကြီးရက်ကြီးအတောအတွင်း PSI က ပစ္စည်းတွေ ဖြုန်းအား သူတို့ကိုသာ မေးကြည့်လိုက်ပါလေ။ မပြောချင်ဘူး။ မပြောချင်ဘူး။ ပြောကို မပြောချင်ဘူး။

              အဲလိုပြောတော့ ကိုယ်တို့ကို အသံကောင်းဟစ်တဲ့ ကြောင်သူတော်တွေလို့ ထင်နေပါဦးမယ်။ သည်စကားခင်းရတဲ့အကြောင်းက လူငယ်တွေအကြားမှာ ဆေးလိပ်သောက်တာနဲ့ အရက်သောက်တာကို လူလားမြောက်တဲ့ အမူအယာတစ်ခု၊ ယောင်္ကျားပီသတဲ့ အပြုအမူတစ်ခုလို့ ယူဆထားခဲ့တာ အမြစ်တွယ်နေပြီ။ ကိုယ်ကိုယ်တိုင်လည်း အဲသည်လမ်းကိုပဲ လျှောက်ခဲ့တာ။ ဒါပေမယ့် မိန်းမလိုက်စားတဲ့ အကျင့်ကိုတော့ မနေနိုင်လို့သာ သွားတဲ့သူကသွားတယ်။ အဲဒါ ဂုဏ်ဖော်ကြွားဝါစရာ၊ ဒါမှ ယောင်္ကျားပီသတာလို့တော့   မထင်သေးဘူး။ (တော်သေးတာပေါ့) အဲ့ဒါ အခု နည်းနည်းလေး ပြောင်းချင်နေပြီ။ ဗီဒီယိုဖိုင်တွေ ထွက်ထွက်လာတာကြည့်ရင် သိသာတယ်။ “ဒါ ဘာမှ ရှက်စရာ မဟုတ်ဘူး။ ငါမို့လို့ ဘုန်းကြီးနှမရတာ” လို့ တလွဲဆံပင်ကောင်း မျက်နှာပြောင်တိုက်လာပြီ။ “မီးက ဆက်ဆီပုံနဲ့မှ လိုက်တာမို့ အရွယ်လေးရှိတုန်း မှတ်တမ်းချန်တာ” လို့ ကာယကံရှင်ကိုယ်တိုင်က ပေထက်အက္ခရာတင်နေပြီ။ နောင်ဆို ယပက်လက်တွေလို သားလူပျို အရွယ်ရောက်ရင် အဖေကိုယ်တိုင် ဟိုအိမ်ခေါ်သွားတော့ ဘယ့်နှယ်လုပ်ကြမတုန်း။

           သင်္ကြန်ဟာ တစ်နှစ်ထက်တစ်နှစ် အရှိန်တက်တက်လာတာတော့ အမှန်ပဲ။ အတာကူးသောလ၊ ထန်းဖူးသောလ လို့ တင်တင်မြအသံနဲ့ နံရံဆေးရေးပန်းချီထဲက သင်္ကြန်ကနေ ကိုငြိမ်းမောင် နဲ့ ထားတို့ရဲ့ မြို့မသင်္ကြန်၊ သက်ထွေး နဲ့ ဝေတို့ရဲ့ နွေဦးကဗျာသင်္ကြန်ဟာ အခုဆို သူတို့အောက် မျိုးဆက်တစ်ဆက်ဆင်းကြရတော့မယ်။ အခုခေတ်သင်္ကြန်တွေကတော့ စပွန်ဆာသင်္ကြန်လို့ ပြောရမလားမသိပါဘူး။ ကြော်ငြာဝင်မယ့် ကုမ္ပဏီအကြီးကြီးတွေက ဆယ်လီဗျစ်တီတွေကို ချုပ်ထားလိုက်ပြီး အရပ်သားတွေကို လက်ပတ်ရောင်းစားကြတယ်။ ရေပိုက်တစ်ချောင်းရဲ့ တန်ကြေးက သိန်းဂဏန်းနီးနေပြီ။ သင်္ကြန်မတိုင်ခင်ကတည်းက ပုလင်းဝ ပဲလှော်တစ်သလို တစ်နေတဲ့ ကားတွေက မြို့ထဲကို ဘယ်လိုလှည့်ကြမလဲ။ ငယ်ငယ်တုန်းက သံချပ်ကားတွေကို စီးပွားရေး စီးပွားရေး လို့ အော်လာတဲ့သူတွေဆိုတော့ ခါတော်မီ သင်္ကြန်အခွေ စီစဉ်သူတွေ၊ မဏ္ဍပ်စပွန်ဆာတွေကိုလည်း အဲသလိုပဲ အော်ကြရကောင်းမလား မသိဘူး။

             သင်္ကြန်ကရင့်လာသလို ကိုယ့်အသက်ကလည်း ခေါင်ခိုက်လာတာ ပြောဦးမှပေါ့လေ။ ငယ်တုန်းကလို ဘယ်ပျော်နိုင်တော့မှာလဲ။ ဘုရားနဲ့ တရားနဲ့ နေရမယ့်အချိန် ရောက်လာမှကို။ ဒါလည်း နေခဲ့ဖူးပါတယ်လေ။ သင်္ကြန်တွင်း တရားစခန်းတွေ ၀င်ဖူးတယ်။ ဒုလ္လဘလည်း ၀တ်ဖူးတယ်။ အခါခါပဲ။ သူများတွေလို တရားထူးတရားမြတ်တွေရပြီး သောတာပန်တည်လာတယ်လို့ မပြောပါဘူး။ သမာဓိတောင် အနိုင်နိင် ထူထောင်ရတာ။ ဒါပေသိ ဘုရားရိပ် တရားရိပ် ဘယ်လောက်အေးချမ်းသလဲတော့ လက်တွေ့သိခဲ့တယ်။ စိတ်အညစ်အကြေးတွေ ကင်းစင်စေတတ်မှန်း နားလည်ခဲ့တယ်။ မဟာစည်၊ ရွှေတောင်ကုန်း၊ သဒ္ဓမ္မရံသီ၊ ဖားအောက်တောရ၊ နေရာတွေသာ ကွဲခဲ့တယ်။ တရားအရသာတော့ အတူတူပဲ။ အဲသည်နေရာတွေ မရောက်ဖူးရင် လူဖြစ်ရကျိုး နပ်မှာတောင် မဟုတ်ဘူး။ ကိုယ့်ဘ၀ကိုယ် တစ်ကပြန်စလို့ရရင် ကိုရင်ကလေးက ရဟန်းတက် တစ်သက်လုံး သာသနာ့ဘောင်မှာနေတာ အအေးချမ်းဆုံး လို့ တမ်းတမိတယ်။ (ပီနန်ဆရာတော်ကြီး နဲ့ မဟန အကြားသာ မ၀င်မိစေနဲ့ ငါ့ရှင်) သာသနာ့ဘောင် ၊ ရဟန်းဘောင်မှာ မပျော်ပိုက်နိုင်စရာ အကြောင်းတစ်ခုပဲ ကိုယ့်အတွက် ရှိတယ်။ အဲ့ဒါက သီချင်းသံကြားရင် ဘယ်လိုမှ မနေနိုင်ဘူး။ လိုက်လိုက်ဆိုမိတယ်။ သူများဆီက မကြားရင်တောင် ကိုယ့်ဘာသာတစ်ယောက်တည်း နားထဲကြားယောင်နေတတ်ပါတယ်ဆိုမှ။ ဟော အခုတောင် ပြောရင်းဆိုရင်း လက်တွေခြေတွေ ထိမ်းမရတော့ဘူး။ “တန်ခူးလေမှာ ပန်းရနံ့တွေ သင်းပျံ့စေမယ် စည်းချက်နဲ့ ကလိုက်ပါကွယ်…။” တဲ့။

No comments: