Tuesday, April 8, 2014

မင်္ဂလာပွဲလက်ဖွဲ့လား လာဘ်လာဘလားဆိုတာ ခွဲခြားဖို့ ဥပဒေလိုနေပြီ၊


ကိုကိုဦး(၈၈သူပုန်မျိုးဆက်)

မဆလခေတ်မှာကတည်းက ၀န်ကြီးတွေ၊ အစိုးရအရာရှိကြီးတွေ၊
စစ်ဗိုလ်ချုပ်သားသမီးတွေမင်္ဂလာပွဲဆောင်ရင် တိုက်လက်ဖွဲ့တဲ့သူနဲ့
ကားလက်ဖွဲ့တဲ့သူနဲ့ ပြောစမှတ်ဖြစ်လောက်အောင်ဟိုးလေးကျော်ပါတယ်၊
ဒီနေ့ဒီမမိုတမိုအချိန် ခရိုနီကြီးစိုးထားတဲ့စီးပွါးရေးကာလအချိန်တွေမှာ
ဒီလိုကြီးကြီးကျယ်ကျယ်လက်ဖွဲ့တာတွေက ပိုပြီးဆိုးလာပါတယ်၊

ကိုယ်တိုင်မျက်မြင်မဟုတ်တောင် လူတိုင်းကြားဘူးကြမှာပါ၊
အထင်ရှားဆုံးကတော့ စိန်စီသောညလို့တင်စားတဲ့ အာဏာရှင်
ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့သမီးငယ် သန္တာရွှေရဲ့ မင်္ဂလာပွဲကတော့
အပြိုင်အဆိုင်လာဘ်ပေးပွဲကြီးကိုလုပ်နေတဲ့အတိုင်းပါဘဲ၊

အမှန်တော့ဒါတွေဟာ မိရိုးဖလာအစဉ်အလာကိုကျော်ပြီး
အာဏာပါဝါရှိသူတွေကို မိမိတို့လိုအင်ဆန္ဒရှိသောအကျိုးကိုမျှော်ကိုးပြီး
လာဘ်ပေးလာဘ်ယူလုပ်တဲ့သဘောမျှသာဖြစ်တယ်၊
ဒါတွေကိုဆက်ပြီးခွင့်ပြုထားမယ်ဆိုရင် လာဘ်ပေးလာဘ်ယူပပျောက်ရေး
ဆောင်ရွက်ချက်တွေဟာလည်း ရယ်စရာမျှသာဖြစ်ပါလိမ့်မယ်၊
တကယ်ဆိုရင် ဒီလိုဟနေတဲ့နေရာ ဥပဒေအရကိုယ်တွယ်လို့
မရတဲ့အားနည်းချက်တွေကို ဥပဒေပြဌါန်းပြီး
လုံးဝထိန်းသိမ်းဖို့ နိုင်ငံတော်ဥပဒေပြုအဖွဲ့မှာတာဝန်ရှိပါတယ်၊

မြန်မာနိုင်ငံမှာ လာဘ်များများပေးနိုင်သူတွေက အခွင့်ရေးများများရပြီး
မွဲနေတဲ့လူထုက ရမဲ့အခွင့်အရေးတွေကို လာဘ်မပေးနိုင်လို့
ဆုံးရှုံးနေခဲ့ရတာကြနေပါပြီ၊ လူထုတွေရဲ့ရပိုင်ခွင့်အခွင့်အရေးတွေကို တားဆီးပေးနိုင်ဘို့အတွက်သော်၎င်း၊တိုင်းပြည်အတွက်အမှန်တကယ်
လိုအပ်နေတဲ့ ဥပဒေများကိုပြဌါန်းရန်သော်၎င်း တာဝန်ရှိနေကြတဲ့
ခေါင်းပေါင်းဝတ် အမတ်မင်းတို့အနေနဲ့ ဒီနေ့အချိန်အခါနဲ့
လုံးဝမကိုက်ညီတော့တဲ့ တန်ဖိုးကြီးလက်ဖွဲ့ပေးကမ်းမှုတွေကို ဥပဒေတစ်ခု
ဖြစ်လာဘို့အတွက် အဝေးတစ်နေရာကနေ ဆော်သြလိုက်ရပါတယ်၊

No comments: