Monday, April 7, 2014

တပ်မတော်က အခွင့်အရေးမယူဘူးတဲ့လား။


Flower ဂျာနယ်မှာပါတဲ့ကျွန်တော့်ဆောင်းပါးကိုမျှဝေလိုက်ပါတယ်။
ကျွန်တော်တို့ငယ်စဉ်က မတ်လ (၂၇) ရက်ကို တော်လှန်းရေးနေ့လို့ စွဲစွဲမြဲမြဲခေါ်ခဲ့ကြပြီး ဦးဝိစာရလမ်းရှိ ကျွန်တော် မွေးဖွားခဲ့ရာ အိမ်ကြီးရှေ့က ပန်းခြံကြီးကို တော်လှန်ရေးပန်းခြံလို့ ခေါ်လာခဲ့ရာကနေ တော်လှန်ရေးကောင်စီက သူတို့ကို တော်လှန်မှာကြောက်ပြီး တပ်မတော်နေ့လို့ ပြောင်းလဲသတ်မှတ်လိုက် ပြန်တော့တယ်။ ဒါနဲ့ တော်လှန်ရေး ဆိုတဲ့စကားပျောက်သွားပြီး တပ်မတော်နေ့ဖြစ်လာတာ မဆန်းပါဘူး။ တပ်မတော်ကို ကိုယ်ကျိုးစီးပွား အတွက် သုံးနေသူတွေအနေနဲ့ ကြောက်တာမဆန်းဘူးပေါ့။ တော်လှန်ရေးနေ့ကို တော်လှန်ရေးပန်းခြံမှာ နှစ်စဉ် လုပ်လာရာက ၁၉၉၀ ကျော်နှစ်များအတွင်း နေပြည်တော်ကို ပြောင်းပြီး ပြုလုပ်ခဲ့ကြပြန်တယ်လေ။ နေပြည်တော်ဆိုတော့ လူသူနဲ့ဝေးတဲ့နေရာပေါ့။ ခေါင်းဆောင်ကြီးများအတွက်တော့ အတော့ကိုလုံခြုံတဲ့နေရာပေါ့။
၆၉ နှစ်မြောက် တပ်မတော်နေ့ကို နေပြည်တော် ဇေယျသီရီမြို့နယ်က တပ်မတော်စစ်ရေးပြကွင်းမှာ ကျင်းပရာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က "နိုင်ငံတကာပဋိပက္ခတွေ ချုပ်ငြိမ်းဖို့ဆိုရင် ငြိမ်းချမ်းရေးကို လိုလားသူတွေတိုင်း အဆင့်ဆင့် လိုက်နာဆောင်ရွက်သွားဖို့ လိုအပ်သလို အရေးကြီးဆုံးအချက်ကတော့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးပဲ ဖြစ်တယ်၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးတွေ ဦးစွာမဆောင်ရွက်ပဲ နိုင်ငံရေးဆွေနွေးပွဲတွေ ဆောင်ရွက်လေလေ သဘောထားချင်း မတိုက်ဆိုင်တာနဲ့ အချိန်ကြန့်ကြာနိုင်သလို အချင်းချင်းကြား ညှိနှိုင်းသဘောတူညီချက်တွေပါ ပျက်ပြယ်သွားနိုင်ပြီး လက်နက်ကိုင် ပဋိပက္ခတွေဆီကိုပဲ ပြန်လည်ဦးတည်နိုင်တယ်ဆိုတာ သတိထားရမှာဖြစ်တယ်" လို့ဆိုသွားတာကို ကျွန်တော်အပြည့်အဝ သဘောတူပါတယ်။
ဟုတ်ပါတယ် ပစ်ခတ်တိုက်ခိုက်နေပြီး ဆွေးနွေးနေတာထက် အပစ်ရပ်ပြီးမှ ဆွေးနွေးတာက ပိုပြီး သဘာဝကျပါတယ်။ ဆွေးနွေးတယ်ဆိုတာလည်း အပစ်ရပ်ပြီးမှ ဆွေးနွေးကြတာပဲလေ၊ အခုမြန်မာပြည်မှာ အပစ်ရပ်သဘောတူထားတာ နှစ် ၂၀ နီးပါးရှိတဲ့ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေ ရှိနေပြီဖြစ်သလို အနှစ် ၂၀ ကျော်တဲ့အဖွဲ့တွေလည်းရှိနေပြီး ဘာနိုင်ငံရေး ဆွေးနွေးပွဲတွေမှ မလုပ်ဘဲ အပစ်ပဲရပ်ထားခဲ့တာ တွေ့ရတယ်။ ဘာကြောင့်လဲလို့ မေးစရာရှိတယ်။ လက်နက်ကိုင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေကလည်း နိုင်ငံရေးဆွေးနွေးပွဲတွေကသာ ထာဝရ ငြိမ်းချမ်းရေး ရနိုင်မယ်။ နှစ်ပေါင်းများစွာ ပြည်တွင်းရှိ ညီနောင်အချင်းချင်း သတ်ဖြတ်နေတဲ့ ပြည်တွင်းစစ်မီးကိုလည်း ငြိမ်းနိုင်မယ်လိုဆိုကြပါတယ်။ ဒါလဲမှန်ပါတယ်။ သွေးထွက်အောင်ကို မှန်ပါတယ်။
ဒီနေရာမှာ တစ်ခုသတိထားရမှာက တစ်ဖက်နဲ့တစ်ဖက် ကလိမ်ကကျစ်မကျဘဲ ရိုးသားစွာ ငြိမ်းချမ်းရေးရဖို့ ဦးတည်ပြီး စိတ်ထားမှန်မှန်နဲ့ ဆွေးနွေးကြဖို့ ဖြစ်ပါတယ်။ ဆွေးနွေးနေစဉ် တပ်မတော်ကနေ တိုင်းရင်းသား လက်နက်ကိုင်နယ်မြေတွေကို တိုးချဲ့နေရာယူလာတာတွေ၊ သတ်မှတ်ထားတဲ့စည်းကနေ ကျူးကျော်လာတာတွေကို မလုပ်ဖို့ လိုသလို တိုင်းရင်းသားလက်နက်ကိုင်တွေဖက်ကလည်း မျှတတဲ့တောင်းဆိုမှုတွေ ပြုလုပ်နိုင်ဖို့လိုပါတယ်။ နှစ်ဖက်ဆွေးနွေးမှုမှာ တတိယအင်အားစုအဖြစ် နိုင်ငံရေးရေချိန်ရှိတဲ့သူတွေကလည်း လေ့လာသူတွေအဖြစ် ပါဝင်ဖို့လိုပြီး တန်းတူ ဆွေနွေးနိုင်ဖို့ လိုပါမယ်။ နောက်အရေးကြီးတဲ့အချက်က ဘယ်ဖက်က ဘာအကြောင်း အရာတွေကို မျှတစွာ တောင်းဆိုတယ်၊ မတောင်းဆိုဘူးဆိုတာတွေကို ပြည်သူတွေကို ချပြပြီး ပြည်သူရဲ့ သဘောထားကို ခံယူဖို့လည်း လိုပါတယ်။ ငါသိ၊ ငါတတ်၊ ငါ့သဘော ပြည်သူဆိုတာ ငါ့လောက်နားမလည်ဘူး၊ ပြည်သူဆိုတာ ဂရုစိုက်စရာမလိုဘူးဆိုတဲ့ အာဏာရှင်ခေတ် မဟုတ်တော့ဘူးဆိုတာ သတိရှိဖို့လိုပါတယ်။
ဒါ့အပြင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ "တစ်ဦးချင်းအတွက်၊ ပါတီတစ်ခုအတွက်၊ အဖွဲ့အစည်းတစ်ခုအတွက်၊ တိုင်းရင်းသား လူမျိုးစုတစ်ခုအတွက်၊ တပ်မတော်အတွက် ရေးဆွဲပြဋ္ဌာန်းထားတဲ့မူမဟုတ်ဘူး၊ ဒါ့ကြောင့် ထောက်ခံဆန္ဒမဲပေးသူ ၉၂.၄၈ ရာခိုင်နှုန်းရဲ့ ဆန္ဒကို လေးစားရမှာဖြစ်တယ်၊ နိုင်ငံတော်ရဲ့ အချုပ်အချာအာဏာခက်မ သုံးဖြာတို့ကို နည်းလမ်းတကျ တိုင်းထွာ သုံးစွဲခြင်းနဲ့ ပြန်လှန်ထိန်းကျောင်းခြင်းကို အဟန့်အတားဖြစ်စေမဲ့ကိစ္စတွေ အခြေအနေအချိန်အခါအရ အခြေခံလို အပ်ချက်များနဲ့ သဟဇာတ မဖြစ်ပါစေ၊ ဖြစ်ပါစေ ပြင်ဆင်ဖို့ လိုအပ်လာရင်လည်း အခန်း ၁၂ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ခြင်းအခန်းမှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်သွားရမှာဖြစ်တယ်"။
ဒီနေရာမှာတော့ ဗိုလ်ချုပ်မင်းအောင်လှိုင်ပြောတာကို ဆန့်ကျင်ဆွေးနွေးဖို့ လိုလာပါတယ်။ ၂၀၀၈ အခြေခံဥပဒဟာ ထောက်ခံဆန္ဒမဲပေးသူ ၉၂.၄၈ ရာခိုင်နှုန်းက အတည်ပြုခဲ့တယ် ဆိုတာမှန်ရဲ့လား? ဘာများမှားနေလဲ။ စစ်ဦးစီးချုပ် တစ်ယောက်အနေနဲ့ သေသေချာချာ စဉ်းစားပြီး ပြောစေချင်ပါတယ်။ လူ ၁၀၀ မှာ ၉၂ ယောက်လောက်က အတည်ပြုခဲ့တယ်ဆိုတာ လူတိုင်းစေ့နီးပါး သဘောတူတယ်ဆိုတဲ့ သဘောပေါ့။
၁။ ဒီအခြေခံဥပဒေအတည်ပြုတဲ့အချိန်က မြန်မာပြည်မှာ နာဂစ်မုန်တိုင်းကြီးတိုက်ပြီး မြစ်ဝကျွန်းပေါ်မှာ လူသိန်း နဲ့ချီသေပြီး သန်းနဲ့ချီ အိုးမဲ့အိမ်မဲ့ဖြစ်နေတုံး ဒုက္ခရောက်နေသူတွေကို နိုင်ငံခြားတိုင်းပြည် ပြင်သစ်နဲ့ အမေရိကန်က လာကူပါ့မယ်ဆိုတာတောင် အကူအညီမယူဘဲ ကိုယ့်လူမျိုးတွေသေပါစေ အခြေခံဥပဒေဆန္ဒခံယူပွဲကိုတော့ ရက်မရွှေ့နိုင်ဘူးလို့ လုပ်ခဲ့တာကို ၉၂.၄၈ က ထောက်ခံခဲ့ပါတယ်လို့ ပြောရဲတာကတော့ အရှက်ကင်းမဲ့တဲ့ စကားပဲလို့ ယူဆမိပါတယ်။
၂။ ဒီနေ့ အခြေခံဥပဒေပြောင်းလဲပေးရေးကို မြို့နယ်တွေ၊ တိုင်းတွေ၊ပြည်နယ်တွေမှာ ဘာလို့ ပြည်သူတွေက အုံးအုံးကြွက်ကြွက် တက်တက်ကြွကြွ တောင်းဆိုနေကြလဲ? သူတို့ထောက်ခံမဲပေးလို့ အတည်ပြုခဲ့ပါတယ်ဆိုရင် ဒီလူတွေက ဆန့်ကျင်ဆန္ဒပြကြပါ့မလား? ဆန္ဒခံယူပွဲလုပ်တုံးက အခုလို မိမိဆန္ဒကို လွတ်လပ်စွာထုတ်ဖေါ်ခွင့် ရှိခဲ့လို့လားလို့ တပ်ချုပ်ကို မေးချင်ပါတယ်။
၃။ အခြားမပြောလိုပါဘူး တပ်ချုပ်ကြီးကို မေးလိုက်ချင်ပါတယ်။ ပြည်သူကြားမှာ မပြောနဲ့။ တပ်တွင်းမှာပဲ အခန်းတွေကို လုံလုံခြုံခြုံကာပြီး ချိမ်းခြောက်မှုမပါဘဲ အခြေခံဥပဒေကို ပြင်သင့် မပြင်သင့် ဆန္ဒမဲခံယူကြည့်ပါ။ စစ်တပ်က ရဲဘော်တွေ တပ်သားတွေက ဘယ်လိုဆန္ဒမဲပေးကြမလဲဆိုတာ တပ်ချုပ်ကြီး မျက်ဝါးထင်ထင် တွေ့ရပါလိမ့်မယ်။ ရဲဘော်တွေကအစ ပြည်သူတွေအဆုံး ဘယ်လိုဆန္ဒရှိနေကြတယ်ဆိုတာ ဖေါ်ထုတ်ကြည့်ပါလို့ အကြံပြု လိုက်ပါတယ်။
၂၀၀၈ အခြေခံဥပဒဟာ တစ်ဦးချင်းအတွက်၊ ပါတီတစ်ခုအတွက်၊ အဖွဲ့အစည်းတစ်ခုအတွက်၊ တိုင်းရင်းသား လူမျိုးစုတစ်ခုအတွက်၊ တပ်မတော်အတွက် ရေးဆွဲပြဋ္ဌာန်းထားတဲ့မူ မဟုတ်ဘူးလို့ တပ်ချုပ်ကပြောပေမဲ့ ဒါဟာ လုံးဝမှားပါတယ်။ လူတွေ၊ အဖွဲ့အစည်းတွေကို ရည်ရွယ်ပြီး ရေးခဲ့တာပါ။ ၅၉ (စ) ဟာ ဒေါ်စုကို ပစ်မှတ်ထား ရေးဆွဲ ထားတာဟာ ကလေးကအစသိတဲ့ကိစ္စ။ ဒါ့အပြင် တပ်မတော်ရဲ့ ဦးဆောင်မှုကို ထိပ်တန်းတင်ထားတဲ့ အခြေခံဥပဒေဆိုတာ လူတိုင်းသိပါတယ်။ ဘယ်နိုင်ငံရဲ့ အခြေခံဥပဒေမှာမှ မပါတဲ့ တပ်မတော်က ၂၅ ရာခိုင်နှုန်း လွှတ်တော်ထဲမှာ ပါရမယ်ဆိုတာဟာ အရွေးမခံရဘဲ လွှတ်တော်ထဲမှာ ဝင်ထိုင်ခွင့် ပေးထားတာဟာ တပ်မတော်ကို ဦးစားပေးရေးထားတာ မဟုတ်ရင် ဘာလဲ? ။ အထူးအခွင့်အရေး ပေးထားတာမဟုတ်ဘူးလို့ တပ်ချုပ်က ငြင်းချင်သေးသလား မေးလိုက်ပါ့မယ်။ တပ်ချုပ်ကြီးက လိုအပ်ပါက အစိုးရအာဏာကို တရားဝင် လွှဲပြောင်းယူနိုင်ခွင့် (တရားဝင် အာဏာသိမ်းခွင့်) ပြည်ထဲရေး၊ နယ်စပ်ရေးရာ၊ ကာကွယ်ရေးဝန်ကြီးတွေကို တပ်ချုပ်ကသာ ခန့်ပိုင်ခွင့်ရှိတယ်ဆိုတဲ့ ဥပဒေတွေဟာ ဘယ်သူတွေကို ဦးစားပေးရေးဆွဲထားခဲ့တာလဲ?။ သမ္မတရဲ့အာဏာကို တပ်ချုပ်ကဝင်ပြီး ဖဲ့ယူနေတဲ့ဥပဒေကို ဗိုလ်ချုပ်မင်းအောင်လှိုင် ကြိုက်တာမဆန်းဘူးလို့ ထင်ပါတယ်။ နောက်ပြီး နိုင်ငံတော်ရဲ့ အချုပ်အချာအာဏာခက်မ သုံးဖြာတို့ကို နည်းလမ်းတကျ တိုင်းထွာသုံးစွဲခြင်းနဲ့ ပြန်လှန်ထိန်းကျောင်းခြင်းကို အဟန့်အတားဖြစ်စေမဲ့ကိစ္စတွေဆိုတာ ဘာကို ဆိုလိုပါသလဲ? မေးလိုက်ပါတယ်။ တရားစီရင်ရေးကို အစိုးရကကြိုးကိုင်ထားတယ်။ ဥပဒေပြုရေးကိုလည်း ထိုနည်းလည်းကောင်း စစ်တပ်နောက်ခံ ထားတဲ့ အာဏာရပါတီက ကိုင်ထားပြန်တယ်။ လွှတ်တော်မှာလည်း လူအများစု ယူထားတယ်။ အစိုးရကလည်း စစ်ခေါင်းဆောင် အများစုပါတဲ့အစိုးရဆိုတော့ အဲဒီ့အဟန့်အတား ဖြစ်စေမဲ့အရာတွေဆိုဟာ စစ်တပ်လွှမ်းမိုးမှုများကို လျော့ချဖို့ဖျက်သိမ်းဖို့တောင်းဆိုနေတာကလွဲလို့ အခြားမရှိပါဘူး။
“အခြေအနေအချိန်အခါအရ အခြေခံလိုအပ်ချက်များနဲ့ သဟဇာတ မဖြစ်ပါစေ၊ ဖြစ်ပါစေ ပြင်ဆင်ဖို့ လိုအပ်လာရင်လည်း အခန်း ၁၂ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းအခန်းမှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်သွားရမှာဖြစ်တယ်" ဒီနေရာမှာ ချိန်းခြောက်မှုလေးတွေ ပါလာသလို ခံစားလိုက်ရတယ်။ ဗိုလ်ချုပ်မင်းအောင်လှိုင်က တိုင်းပြည်အခြေခံလိုအပ်ချက်များနဲ့ သဟဇာတ ဖြစ်ဖြစ် မဖြစ်ဖြစ် ပြင်ဆင်ဖို့လိုလာရင် ဆိုတော့ သဟဇာတဖြစ်တဲ့အရာတွေကို ဘယ်သူကကော အချိန်ကုန်ခံပြီး ပြင်နေမှာတုံး၊ ဒါပေမဲ့ တိုင်းပြည် လိုအပ်ချက်နဲ့ သဟဇာတ မဖြစ်တော့ဘူးဆိုရင်တော့ ပြင်ရမှာပဲ။ အဲဒီလိုပြင်တဲ့နေရာမှာ အလွန်ခက်ခဲအောင် လုပ်ထားပြီး ပြင်လို့မရအောင်ကို ညစ်ထားတာကိုက ပြည်သူတွေက ရေးဆွဲခဲ့တဲ့ အခြေခံဥပဒေ မဟုတ်လို့ပေါ့။
၁၉၉၀ ရွေးကောက်ပွဲ မလုပ်ခင်က ဗိုလ်ချုပ်စောမောင်က ရွေးကောက်ပွဲပြီးရင် ဘားတိုက်ပြန်သွားမယ်။ နိုင်တဲ့ပါတီက ဆက်လက်ပြီး အုပ်ချုပ်သွားလို့ပြောခဲ့တယ်။ ရွေးကောက်ပွဲကို အဖွဲ့ချုပ်က မဲအပြတ်အသတ်နဲ့ နိုင်လိုက်တော့ အခြေခံဥပဒေ မရှိသေးလို အာဏာမလွှဲနိုင်သေးဘူးလို့ ပြောတယ်။ ၁၉၉၀ ရွေးကောက်ပွဲဟာ အခြေခံဥပဒေ ရေးဆွဲပေးဖို့တဲ့။ တစ်ခါ ဒီရွေးကောက်ပွဲနိုင်တဲ့ အမတ်တွေကို အခြေခံဥပဒေရေးဆွဲရာမှာ ဦးစီးရေးဆွဲခွင့်မပြုဘဲ တပ်ကပဲဦးစီး၊ တပ်ကပဲ သူကြိုက်သူရွေးပြီး ရေးဆွဲခဲ့တဲ့အတွက် ပြည်သူတွေ ဆန္ဒမပါဘူး။ ပြည်သူတွေက တင်မြှောက်လိုက်တဲ့ ကိုယ်စားလှယ်တွေက ရေးဆွဲတာမဟုတ်လို့ အမှန်ပြောရရင် တရားဝင်တဲ့ အခြေခံဥပဒ တစ်ခုမဟုတ်ပါဘူး။ ဒါကြောင့်ဒီ မတရား တစ်ဖက်သတ်ရေးဆွဲပြီး အတင်းအဓမ္မအတည်ပြုခဲ့တဲ့ အခြေခံဥပဒေဟာ တကယ်တော့ အနှစ်သာရကင်းမဲ့တဲ့ ဥပဒေတစ်ခုပါ။
တပ်ချုပ်ကြီးက “အခန်း ၁၂ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်းအခန်းမှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်သွားရမှာဖြစ်တယ်” ဆိုတာ ၇၅ ရာခိုင်နှုန်း ထက်ကျော်တဲ့ ထောက်ခံမှုရှိမှ ပြင်လို့ရမယ်ဆိုတဲ့ ၄၃၆ (က) ကို ဆိုလိုတယ်လို့ ထင်တယ်။ ၇၅ ရာခိုင်နှုန်းက ထောက်ခံရင်တောင် ငါသဘောတူမှရမယ့် စစ်တပ်ကိုယ်စားလှယ်တစ်ဦးရဲ့မဲဟာ ငါ့လက်ထဲမှာပဲရှိတယ်၊ ငါ့သဘောထားပေါ်မှာပဲ မူတည်တယ်ဆိုပြီး ချိမ်းခြောက်လိုက်တာလို့ ယူဆမိတယ်။ ဒါကြောင့် ဘယ်လိုဥပဒေလဲ တရားဥပဒေလား? မတရားဥပဒေလား? ဆိုတာ မိမိကိုယ်ကို ပြန်မေးသင့်တယ်။ ဘယ်လို ဥပဒေနဲ့အညီလို့ ပြောတာလဲ။ တရားတာပဲဖြစ်ဖြစ် မတရားတာပဲဖြစ်ဖြစ် ငါကတော့ ဒီဥပဒေကြီးကို စောင့်ရှောက်ရမှာပဲ ဘာကြောင့်လဲဆိုတော့ ငါ့အတွက် အခွင့်အလမ်းတွေ အများကြီး ပေးထားတယ်လေဆိုတဲ့ အတွေးမျိုးတွေဟာ လူတစ်ယောက်ကို ဖေါက်ပြန်စေခဲ့တယ်လို့ ထင်တယ်။ နဝတ/ နအဖခေတ်မှာ အခွင့်အရေးတွေပေးပြီး လူတွေရဲ့အကျင့်စာရိတ္တကို ဖျက်စီးခဲ့တယ်။ စိတ်မကောင်းစရာက မြန်မာဗိုလ်ချုပ်တွေဆီမှာ အာဏာရူးရောဂါတွေ အထက်လူကြီးတွေဆီကနေ အဆင့်ဆင့် ကူးစက်လာတာ ကုသဖို့ ဆေးမရှိသလို ဖြစ်နေတာ တိုင်းပြည်နဲ့ ပြည်သူတွေအတွက် ရင်လေးစရာပါ။
ထွန်းအောင်ကျော် (၇၄ မျိုးဆက်)
April 7, 2014 at 11:40am

No comments: