Friday, April 4, 2014

အရိုးရှင်းဆုံး စေတနာများ

== အရိုးရှင်းဆုံး စေတနာများ ==
နင်တို့ကျောင်းသားတွေကလဲ ဒီကျည်ဆံလေး တဘောက် နှစ်ဘောက်နဲ့ ရှေ့တန်းကို ဆင်းလာရတယ်လို့ -- များများသယ်လာပါလား။ ငါအားမရလိုက်တာဟယ် -- ဟို စစ်တပ်မှာဆိုရင် ကျည်ဆံတွေများလွန်းလို့ ပေါ်တာတွေနဲ့တောင် သယ်လာကြတယ် -- တဲ့။
အမေရယ် သူတို့မှာက ကျည်ဆံ၊ သေနတ်ထုတ်တဲ့ စက်ရုံတွေ၊ ကြီးပြားထုတ်တဲ့ စက်ရုံတွေရှိတာကိုး လို့ -- ကျနော်က ပြောတော့၊
နင်တို့မှာရော မရှိဘူးလားတဲ့ --
ဘယ်ကလာ ရှိရမှာလဲ အမေရယ် -- ဆိုတော့။
ဒီကျည်ဆံနဲနဲလေးနဲ့ ဟိုက ပစ်ရင် နင်တို့ သေကုန်မှာပေါ့တဲ့ -- စိတ်ညစ်ပါတယ် -- နင်တို့အတွက် ရုပ်သီးလို အပင်စိုက်လို့ရရင် ငါ့တောင်ယာ တပြင်လုံး စိုက်ထားပါတယ်အေတဲ့ -- ကျနော်တို့ကို အားမရတဲ့ ရှေ့တန်းက အမေတယောက်ရဲ့ စေတနာ။။။။။။။။။။။

သားတို့ တချက်တည်းနဲ့ ဒီကောင်တွေ တတပ်လုံးပြုတ်မဲ့ လက်နက်ဝယ်ကွာ၊ အဘ ကျွဲတရှဉ်းပေးမယ်၊ မလောက်ရင် လယ်ကွက်ပါရောင်းပေးမယ်တဲ့။ ကျနော်တို့ကို အားပေးတဲ့ ရှေ့တန်းက အဘရဲ့စေတနာ။။။။။။
ဒီကောင်တွေ အင်အားအရမ်းများတယ် -- သွားမတိုက်နဲ့ မင်းတို့ခံရမယ် --လှေဆိပ်မှာ အဘလှေရှိတယ် -- ယူသွား -- ရှောင်သွား။။။။။။
အခြေအနေကြည့်ပြီး အဘထမင်းလာပို့မယ် -- အရက်တွေဘာတွေလဲ သိပ်မသောက်ကြနဲ့အုံး -- ဒီကောင်တွေ ရွာထဲကထွက်ရင် အဘ ၀က်တကောင်သတ်ပြီး မင်းတို့ကို ကျွေးအုံးမယ်တဲ့။။။။။။
နင်တို့ဟာ ငါ့သားတွေ ဟောဒီမှာ ထမိန်အထက်ဆင်လေးတွေ ငါ အားလုံးအတွက် ဖြတ်လာတယ် -- ငါ ဥပုဒ်စောင့်တုံးက တခါပဲ့ဝတ်ရသေးတယ်-- လျှော်ပြီးသား -- နင်တို့ လည်ပင်းမှာ မ၀တ်ချင်တောင် လက်မှာဝတ်ထား ဆိုပြီး ကျနော်တို့ကို စိုးရိမ်ပူပန်တဲ့ ရှေ့တန်းက အမေ။။။။။
ဟောဒီမှာ သိမ်ဝင်ပစ္စည်း၊ ဒီမှာက သေနတ်ပီးတယ်-- ယူသွား -- ကိုယ်နဲ့ အမြဲဆောင်ထားနော် -- ဆိုတဲ့ ရှေ့တန်းက ကျနော်တို့ရဲ့ အကိုတွေ၊ ဦးလေးတွေ၊ အဘတွေ။။။။။
ရွာထဲကို ဒီကောင်တွေဝင်လာတာ အဘ နှီးတချောင်းကို တယောက် နှုန်းနဲ့ ဖြာထားတာ အားလုံး ၂၂၆ ယောက်ရှိတယ် -- အရပ်မြင့်မြင့် ဗိုက်ရွဲ့ရွဲ့နဲ့အကောင်က စစ်ကြောင်းမှူးဖြစ်မယ် -- အဲဒီ အကောင်ကိုသာ သေသေချာချာ ချိန်ပစ်လိုက် -- ဒီကောင်ကြီးကျသွားရင် ဒီကောင်တွေအားလုံး လှန်ပြီ လို့ ကျနော်တို့ကို ရန်သူသတင်းပေးရှာတဲ့ ရှေ့တန်းက အဘ။။။။။။
အမေအိမ်ကို သိတယ်ဟုတ်။ သားတို့အားလုံး ငတ်တဲ့အချိန်လာစား -- စားချင်တာ ပြော အမေ ချက်ထားမယ် -- ဟိုအကောင်တွေလာတုံးက အဖွားကြီး ဒီတခါ ကျောင်းသားတွေလာလို့ ထမင်းကျွေးရင် အိမ်ကို မီးရှို့မယ်တဲ့ -- ငါဂရုမစိုက်ဘူး -- နင်တို့ဟာ ငါ့သားးးးးးးးဆိုတဲ့ အမေတွေ။။။။။။။။
နင်တို့ ရဲဘော် ၂ယောက်ကျသွားတယ်ဆို -- ကျနော်က မဟုတ်ပါဘူးအမေရယ်ဆိုတော့ -- ငါကြားပြီးပြီနော -- မလိမ်နဲ့ -- ကဲဒါဆို ဘယ်မှာလဲ အင်စိုး နဲ့ ရွေဦး ဆိုပြီးကျဆုံးသွားတဲ့ ရဲဘော်တွေကို မေးပြီး ငိုပါလေရော-- ခဏကြာတော့ ငါ့သား အငယ်ကောင် နောင်နှစ်ဆိုရင်သေနတ်ကိုင်နိုင်ပြီ၊ ရွာထိပ်က အေးတင် သားလေးလဲ သူ့အဖေက နင်တို့ကျောင်းသားထဲထည့်မယ်လို့ ပြောနေတယ် -- နင်တို့ လုံးဝ စိတ်ဓါတ်မကျနဲ့ ဆိုတဲ့ တပ်သားသစ် စုဆောင်းပေးတဲ့ အမေ။။။။။။။
နင်တို့ နေပူမရှောင် မိုးရွာမရှောင် ပြေးလွှား သွားလာနေရတာ ငါသနားလိုက်တာ နင်တို့လိုချင်တဲ့ ဒီမိုကရေစီကို ငါဓနိတောရောင်းပြီးဝယ်ပေးလိုက်ချင်တယ်ဆိုတဲ့ အမေမုဆိုးကြီးးးးးး ရဲ့ စေတနာ။။။။။
။။။။။ဗိုလ်အောင်ကျော်ကျဆုံးတော့ အောင်ကျော်လို သားမျိုး ထပ်မမွေးနိုင်မှာကို ၀မ်းနဲ့လို့ငိုတဲ့ အောင်ကျော်မေမေလို။။။။။
ကျနော်တို့ရဲ့(၂၀၃)တပ်ခွဲမှူးဝင်းရှိန် တိုက်ပွဲမှာကျတော့ ရဲဘော်အားလုံး ယူကျုံးမရဖြစ် ၀မ်းနဲကြေကွဲနေတုံး ၀င်းရှိန်မေမေက ဘာပြောလဲသိလား။ ငါ့သားတို့ နင်တို့တပ်ခွဲမှူးကျလို့ ဘာမှ စိတ်ဓါတ်မကျနဲ့ -- အမေ ၀င်းရှိန်လိုသားမျိုး နောက်တယောက်ထပ်မွေးပြီး ဒီကောင်တွေကို တိုက်ခိုင်းအုံးမယ်တဲ့ -- အဲဒီလို ရဲရဲတောက်အမေကို ကျနော်တို့ မျက်ရည်တွေနဲ့ ငေးကြည့်နေမိတယ်။။။။။။
မကဒတ ကျောင်းသားတပ်မတော်ရဲဘော်ဆိုရင် ချစ်ခင်အားပေးတဲ့ အမေတွေ၊ အဘတွေ၊ အကိုတွေ၊ အမတွေက လာမဲ့ ဧပြီလ (၆)ရက်နေ့မှာ (၂၅)နှစ်အတွင်း တောင်ပိုင်းဒေသတိုက်ပွဲအသီးသီး၌ ကျဆုံးသွားသော သူတို့ရဲ့ သားအရင်းအပါအ၀င် သားအာဇာနည်အပေါင်းအား ရေစက်သွန်းချ အမျှပေးဝေ ပါတော့မည်။။။။။။။။။
မှတ်ချက်။ ။(ဘိတ်အခေါ်) ရုပ်သီး = ငရုပ်သီး။ ကြီးပြား = ပိုက်ဆံ
ရဲဘော်အားလုံးကို ဦးညွှတ် အလေးပြုလျှက်
ခွန်တာဇံ (မကဒတ)
၎၊ ၄၊ ၂၀၁၄။

No comments: