Wednesday, April 16, 2014

မှတ်ချက်။ ပါးပါးလေးမျှသာဖေါ်ပြထားပါတယ်

ကိုယ်တိုင်ရေးပုံတူ။
မဟာသင်္ကြန်နဲ့ပတ်သက်လို့ ဘ၀တစ်သက်တာ မမေ့နှိုင်တဲ့ အတွေ့အကြုံ။
မပြောချင်လို့ကြည့်နေတာ ကြာပြီ။
၁၆-၄-၂၀၁၄
နံနက် (၉း၂၇)နာရီ။

နာဂစ်ဖြစ်အပြီး နေက်တစ်နှစ်မဟာသင်္ကြန်ကာလဖြစ်တဲ့ ၂၀၀၉ ခုနှစ်၊ မဟာသင်္ကြန်ကာလ။
အဲဒီကာလမှာ ကျွန်တော်ဟာ နေပြည်တော် မိုးလေ၀သဌာနရဲ့ အကြီးအကဲရာထူးကို ထမ်းဆောင်နေဆဲ ကာလပေါ့။

မှတ်မှတ်ရရ သင်္ကြန်မတိုင်မီတစ်ပတ်လောက်မှာကပ်ပြီး မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ ကျင်းပတဲ့ အာဆီယံမိုးလေ၀သအစည်းအဝေးကိုတက်ရပါတယ်။ ဖြစ်ချင်တော့ အစည်းအဝေးပြီး လို့ ရန်ကုန်ပြန်ရောက်တော့ တိုက်တိုက်ဆိုင် မဟာသင်္ကြန်ရုံးပိတ်ရက် ရှည်ကြီးက စနေပြီဖြစ် လို့ ရုံးပိတ်ရက်ကြီး ပြန်ရောက်လာပါတယ်။
ဒီမှာ မိုးလေ၀သအလုပ်ကို ဘ၀တစ်သက်လုံး လုပ်လာခဲ့လေတော့ အသွေးအသားထဲက မသိစိတ်တွေက နှိုးဆော်လာပါတယ်။ ဒါကတော့ "ဟာ မနှစ်ကမှ နာဂစ်ကဖြစ်ပြီးကာစ။ ဧပြီလဆိုတာကလည်း မုန်တိုင်းအန္တရာယ်က မသေချာဘူး။ ဒါ့အပြင် ဒီလိုသင်္ကြန် ကာလ ကြိးဆိုရင် ရုံးကလူသိပ်ရှိမှာ မဟုတ်ဘူး။ တော်ကြာ အငိုက်မိနေမှဖြင့်အခက်။ သွားကြည့်ဦးမှဘဲလေ" ဆိုပြီး ကမ္ဘာအေးရုံးကို သွားကြည့်ပါတယ်။ နိုင်ငံခြားကပြန်ရောက်
ပြီးနောက် တစ်ရက်ပါ။ ရုံးက တာဝန်ကျတွေကိုတွေ့ရပါတယ်။ ကျွန်တော့တပည့်တွေ တာဝန်ကျေကြပါတယ်။ ဒါပေမယ့် လူအင်အားကတော့ တာဝန်ကျအရာရှိငယ်တွေကလွဲရင် အထူးသဖြင့် အကြီးပိုင်း decision makers တွေကတော့ တော်တော်နည်းနေတာတွေ့ ရပါတယ်။

ထင်ထားတဲ့အတိုင်းပါဘဲ။ ရုံးကိုရောက်လို့ မိုးလေ၀သဂြိုဟ်တုတိမ်ပုံတွေ၊ မိုးလေ၀သမြေပုံတွေ ကို ယူကြည့်လိုက်တော့ ဘင်္ဂလားပင်လယ်အော်ထဲမှာ လေထုအခြေအနေ မတည်မငြိမ်ဖြစ်နေ တာ ကိုတွေ့နေရပါတယ်။ အတွေကအကြုံအရ နောက်(၄၈)နာရီအကြာ မှာ လေဖိအားနည်း ရပ်ဝန်းတစ်ခုကနေ မုန်တိုင်းငယ်တစ်ခုဖြစ်လာနှိုင်တဲ့ သံသယရှိမှုကိုတွေ့နေရပါတယ်။ ဒါနဲ့ မဖြစ်ချေဘူး ဆိုပြီး နေပြည်တ်ာမှာကလည်း ခန့်မှန်းရေးရုံးက မပြောင်ရွှေ့ရသေးလေတော့ ကျွန်တော် သင်္ကြန်ရုံးပိတ်ရက်ကြီးမှာ ခန့်မှန်းရေးဂျူတီကို တာဝန်ကျတပည့်တွေနဲ့အတူ ဆင်းရ ပါတော့တယ်။ နောက်ြ့ပီး နာဂစ်ဖြစ်ပြီးကာစ ကာလဆိုတော့ တပည့်တွေနဲ့ လွှတ်ထားလို့ စိတ်မချတာလည်း ပါပါတယ်။
ထင်တဲ့အတိုင်းပါဘဲဗျာ။ မဟာသင်္ကြန်ရက်ကြီးမှာဘဲ လေဖိအားနည်းရပ်ဝန်းလေးကစပြီး မုန်တိုင်းငယ်တစ်ခုဖြစ်လာပါတယ်။ ဖြစ်တဲ့နေရာကလည်း ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်း၊ အချိန်ကာလကလည်း မိုးကြိုကာလ ဧပြီလ။ မြန်မာနိုင်ငံရဲ့ ပထမ မုန်တိုင်းရာသီ။ နောက်ပြီး ၀န်ကြီးဌာနကလည်း ခင်ဗျားတို့ အခုကြားကြားနေရတဲ့ မုန်တိုင်းသတိပေးချက်တွေမှာ အရောင်စံနစ်တွေ စတင်အသုံးပြုဖို့ သတ်မှတ်ထားပြီးနောက် ပထမဆုံးဖြစ်တဲ့ မုန်တိုင်း။
ကျွန်တော်တွေးပူမိတဲ့အတိုင်း တာဝန်ကျ ခန့်မှန်းရေးမှူးတွေက အဲဒီအရောင်သတ်မှတ်ချက်တွေ ကို ဘာမှ မညွှန်ကြားသေးတော့ ဘာမျှ မသိကြသေးပါဘူး။ သူတို့ကိုညွှန်ကြားရအာင်ကလည်း ညွှန်ကြားရမယ့် ကျွန်တော်ကလည်း ဘာမျှ မသိရသေးပါဘူး။ အကြောင်းကတော့ ကြယ်ငါးပွင့်ရုံးမှာ စည်းဝေးပြီး ဒီအရောင်တွေကို သတ်မှတ်တဲ့ အစည်းအဝေးကို ကျွတော် မတက်ရပါဘူး။ ဒီအစည်းအဝေးကို ကျွန်တော့ရဲ့ ဒုတိယ ညွှန်ကြားရေးမှူးချုပ်က ၀န်ကြိးဌာနရဲ့ လမ်းညွှန်ချက်နဲ့ တက်ရပါတယ်။ သူကလည်း သူ့အထက်က ကျွန်တော့ကို ဘာမျှ အစီရင်ခံ မထားပါဘူး။ အစီရင်မခံဆိုတာကလည်း သူကလည်း ပထမတစ်ရက်လောက်သာ ကိုယ်တိုင်တက်ပြီး နောက်ရက်တွေမှာ အောက် ကတပည့်(၂)ယောက်လောက်ကို လွဲပြောင်းတက်ထားစေပါတယ်။ ကြည့် ခင်ဗျားတို့ ကျွန်တော့ရဲ့ အနေအထား။။ ကျွန်တော်ပေါ့လို့ကတော့ အကွဲဘဲ။ ဒါနဲ့ ကြယ်ငါးပွင့်ရုံးကို ဖုံးဆက်ပြိး နိုင်ငံခြားမသွားမှီလေး ကမှ တောင်းထားတဲ့ အစီရင်ခံစာကို ထုတ်။ သေသေချာကြည့်။
အဲဒါနဲ့ အဲဒီ ၂၀၀၈ ခုနှစ်၊ ဧပြီလမှာ နောက်ပိုင်းဆိုင်ကလုန်းမုန်တိုင်းဖြစ်လာခဲတဲ့ Cyclone BIJLI မုန်တိုင်းမှာ ၀န်ကြီးဌာနက သတ်မှတ်ပေးထားခဲ့တဲ့ အရောင်စံနစ်ကို ကျွန်တော်ဦးစီးပြီး စတင် အသုံးပြုခဲ့ရပါတယ်။(နောက်ပိုင်းမှာ အခုလက်ရှိဝန်ကြိးဖြစ်ဖြစ်လာတဲ့ အဲဒီတုံးက ဒုတိယ၀န်ကြိးက အရောင်သုံးတာနဲ့ ပတ်သက်ပြီး တအံ့တသြနဲ့ ခေါ်မေးလို့ အဲဒီမုန်တိုင်း အရောင်သတ်မှတ်တဲ့ စံနစ်ပါတဲ့ အစီရင်ခံစာကြိးကို သက်သေအဖြစ်နဲ့ ကျွန်တော် ကိုယ်တိုင် ထုတ်ပြခဲ့ရပါသေးတယ်။)
ဆိုကြပါစို့ဗျာ။ နာဂစ်တုံးက လူတွေပြောကြတဲ့ အချက်တွေကို သင်ခန်းစာယူပြီး မုန်တိုင်းသတိပေးချက်တွေမှာ ယခင်ပေးနေကြပုံစံကိုကျော်လွန်ပြီး မုန်တိုင်းအကြံပြုချက်တွေ Advisory တွေကို ပထမဆုံးအကြိမ်အဖြစ် ထည့်သွင်းကြေငြာပေးခဲ့ပါတယ်။ အဲဒါ သင်္ကြန်အတွင်း ကာလတစ်ခုလုံးပါဘဲ။ ရုံးပြန်မဖွင့်မှီ တစ်ရက်အလိုမှဘဲ မုန်တိုင်းဟာ ရခိုင်ပြည်နယ် မောင်းတော နဲ့ ဘင်္ဂလားဒေ့ရှ်နိုငငံ ချစ်တကောင်းမြို့ကြားမှ ဖြတ်ကျော်ကာ ကုန်းတွင်းကို ၀င်သွားခဲ့ပါတယ်။
ဒီမုန်တိုင်းကိုပြန်ကြည့်တဲ့အခါ မိုးလေ၀သဌာနရဲ့ မုန်တိုင်းသတင်းထုတ်ပြန်မှုမှာ သမိုင်းဝင်အဖြစ်
(၁) ပထမဆုံးအကြိမ်အဖြစ် အရောင်စံနစ်ကိုသုံးခဲ့တယ်။
(၂) မုန်တိုင်းသတင်းမှာ မုန်တိုင်းအကြံပြု ချက်ကို ထည့်သွင်းဖေါ်ပြနှိုင်ခဲ့တယ်။
(၃) မုန်တိုင်းသတိပေးချက် နဲ့ပတ်သက်ပြီး လူထုတွေ၊ သတင်းမီဒီယာတွေ၊ ဒေသ ခံတွေ၊ ဒေသအာဏာပိုင်တွေရဲ့ သဘောကျနှစ်ခြိုက်မှုကို ခံယူခဲ့ရပါတယ်။

နိုင်ငံပိုင်သတင်းစာကြိး(၂)စောင်ကလည်း Bijli မုန်တိုင်းသတိပေးချက်နဲကပတ်သက်ပြီး မိုးလေ၀သာနရဲ့ ဆောင်ရွက်ပုံကြောင့် အပျက်အစီး အသေအပျောက်တွေ ရှောင်ရှားနှိုင် ခဲ့ပြိး ပြည်သူအများကလည်း ၀မ်းမြောက်ကျေ နပ်လျက်ရှိကြောင်း နောက်ကျောဖုံးသတင်းအဖြစ်
ချီးကျူးရေးသားခဲ့ပါတယ်။

ကျွန်တော်လည်း ကျေနပ်ပိတိတွေစားပြီး နာဂစ်အကြွေးတစ်ခုတော့ ဆပ်နှိုင်ခဲ့ပြီ၊ ဌာနနဲ့ ၀န်ကြီးဌာနအတွက် ဂုဏ်ယူစရာလုပ်နှိုင်ခဲ့ပြိလို့ အမှန်ဘဲ ၀မ်းမြောက်ကြည်နူးမိခဲ့ပါတယ်။
ဒါနဲ့ မုန်တိုင်းကိစ္စအပြိး သင်္ကြန်ရုံးပတ်ရက်နောက်ဆုံးနေ့မှာ တာဝန်ကျရာနေပြည်တော်ကို ရုံးဖွင့်ရက်အမှီ ပြန်လာခဲ့ပါတယ်။

နေပြည်တော်ရောက်အပြီး (၃)(၄)ရက်အကြာမှာ ၀န်ကြီးဌာနရဲ့ PE (Primary Enquiry) ပြုလုပ်ခံရပါတယ်။
အကြောင်းကတော့ "မဟာသင်္ကြန်ရုံးပတ်ရက်မှာ နေပြည်တ်ာကိုပြန်မလာဘဲ ရန်ကုန်မှာ ရှိနေလို့" ပါတဲ့။ ရီစရာကောင်းတာက ကျွန်တော်ရန်ကုန်မှာ ဘာလုပ်နေတယ်တိုတာ ကလည်း ညာလို့ မရပါဘူး။ ဘာပြုလို့လည်း ဆိုတော့ BIJLI ရဲ့ မုန်တိုင်းသတိပေးချက်အားလုံးကို ကျွန်တော် ကိုယ်တိုင် လက်မှတ်ရေးထိုး ထုတ်ခဲ့လို့ပါဘဲ။
ပိုပြီး ရီစရာကောင်းတာက နေပြည်တော်မှာ တာဝန်ကျတဲ့ ၀န်ကြီး၊ ဒုတိယ၀န်ကြိး နဲ့ DG, MD (၆)ဦးလုံး ဘယ်သူမျှ သင်္ကြန်ရုံးပိတ်ရက်မှာ နေပြည်တော်မှာ ရှိမနေခဲ့ကြပါဘူး။

ဘာဘဲပြောပြော အဲဒီနှစ် ဧပြီလ(၂၉)ရက်နေ့မှာ ကျွန်တော် ဌာနဆိုင်ရာအလုပ်က အနားယူခဲ့ပါတယ်။ ခက်တာက မိုးလေ၀သလုပ်ငန်းလုပ်နေရတိုင်း အပြစ်ရှိတယ်လို့ ဘယ်တုံးကမှ ကျွန်တော်မယူဆခဲ့ မိပါဘူး။
သြော် သင်္ကြန်...သင်္ကြန်..။
ဒီနှစ်တော့ အဲဒီ စိုးရိမ်ကြောင့်ကြရမှု ၀ဋ်ဒုက္ခဘေးက ကျွတ်ပါပြီဗျာ။

မောင်ထွန်းလွင်(မိုးလေ၀သ)
(မှတ်ချက်။ ပါးပါးလေးမျှသာဖေါ်ပြထားပါတယ်။)

No comments: